ဘဏ္ဍာနှစ်အား အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်သို့ ပြောင်းလဲကျင့်သုံးရန် လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့မည်ဖြစ်ပြီး လွှတ်တော်က အတည်ပြုပါက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စတင်ကျင့်သုံးမည်

ဘဏ္ဍာနှစ်အား အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်သို့ ပြောင်းလဲကျင့်သုံးရန် လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့မည်ဖြစ်ပြီး လွှတ်တော်က အတည်ပြုပါက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စတင်ကျင့်သုံးမည်
Published 23 September 2017

ဘဏ္ဍာနှစ်အား အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်သို့ ပြောင်းလဲကျင့်သုံးရန် လွှတ်တော်သို့ သဝဏ်လွှာပေးပို့မည်ဖြစ်ပြီး လွှတ်တော်က အတည်ပြုပါက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စတင်ကျင့်သုံးမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောကြားသည်။

နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနတွင် စက်တင်ဘာ ၂၂ ရက်က ပြုလုပ်သော ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းနှင့် ဥပဒေပြုစုရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့် ညွှန်ကြားရေးမှူးချုပ်များက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဘဏ္ဍာနှစ် ပြောင်းလဲမည် ဖြစ်သည့်အတွက် ဘတ်ဂျက်ပြောင်းလဲရေးဆွဲရာတွင် ခြောက်လအတွက် ရေးဆွဲရမည် သို့မဟုတ် ၁၈ လအတွက် ရေးဆွဲရမည်ကို ဆုံးဖြတ်ရန် ကျန်နေကြောင်း၊ ထို့ကြောင့် စီမံကိန်းများအတွက် စဉ်းစားရာတွင် တစ်နှစ်နှင့် ခြောက်လတာ အတွက်လည်း စဉ်းစားပေးစေလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။

“တချို့ တချို့သော လုပ်ငန်းတွေက ခြောက်လတစ်ဖြတ်လည်း ရတယ်။ ကိစ္စမရှိဘူး။ တချို့လုပ်ငန်းတွေကျတော့ ၁၈ လစာကို ကြိုစဉ်းစားပြီးတော့ သွားရမယ့် ကိစ္စတွေ ဖြစ်တဲ့ အတွက်ကြောင့် စီမံကိန်းတွေကို အဆိုပြုရင် ၁၈ လစာကို စဉ်းစားပေးဖို့ပဲ ပြောခြင်း ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့လည်း အကြီး အကဲတွေကို မနေ့ကပဲ တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဘတ်ဂျက် အနေအထားကတော့ ဒီလိုသွားလို့ရတယ်။ စီမံကိန်းရဲ့ အနေအထားကျတော့ ခြောက်လတစ်ဖြတ်တည်းနဲ့ Report လုပ်ဖို့ ကိစ္စတွေ ပြန်လည်သုံးသပ်ဖို့ ကိစ္စတွေ တချို့ဟာတွေက စရုံပဲ ရှိသေးတယ်။ စီမံကိန်း ခြောက်လကို လွှတ်တော်ရဲ့ အတည်ပြုချက်အရ သွားမှာ ဖြစ်ပေမယ့် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ ခြောက်လနဲ့ မပြည့်စုံတဲ့အတွက် ၁၈ လစာကို ရည်မှန်းပြီးတော့ သွားဖို့ဆိုလိုခြင်းပဲ ဖြစ်ပါတယ်။ အကြီးအကဲကိုလည်း မနေ့က ကျွန်တော် တင်ပြခဲ့ပြီးပါပြီ” ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။

လက်ရှိ ဘဏ္ဍာနှစ်ကို ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အထိ သတ်မှတ်ခဲ့ကြောင်း၊ ယခုအခါ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစ၍ အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ပြောင်းလဲသတ်မှတ်ရန်အတွက် ၂၀၁၇ ခုနှစ် စက်တင်ဘာ ၇ ရက်က ပြုလုပ်သော ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၁၇/၂၀၁၇ က သဘောတူညီခဲ့ပြီးဖြစ်ကြောင်း သိရသည်။

“ဘဏ္ဍာနှစ် ပြင်ဆင်သတ်မှတ်နိုင်ရေး ကိစ္စကို ပြည်ထောင်စုလွှတ်တော်ကို သဝဏ်လွှာ ပေးပို့သွားမှာပဲ ဖြစ်ပါတယ်။ ဘဏ္ဍာနှစ် ပြင်ဆင်သတ်မှတ်ရေး ကိစ္စကို ပြည်ထောင်စုလွှတ်တော်က သဘောတူပါက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကနေ စတင်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီတော့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ စတင်ရေးဆွဲရင် ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်ကနေ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ခြောက်လ ဘတ်ဂျက် စတင်ရေးဆွဲမယ်။ ဒါမှမဟုတ်ရင် ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်ကနေ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ တစ်နှစ်နဲ့ ခြောက်လ ဘတ်ဂျက်ရေးဆွဲဖို့ကို ဆုံးဖြတ်ဖို့အတွက် စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်” ဟု ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နွဲ့နွဲ့ဝင်းက ပြောကြားသည်။

ဘဏ္ဍာနှစ်ကို ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အထိ သတ်မှတ်ထားရာမှ လက်ရှိတွင် တည်ဆောက်ရေးလုပ်ငန်းများနှင့် စီးပွားရေးပုံသဏ္ဌာန် ပြောင်းလဲလာမှုများကြောင့် ဘဏ္ဍာနှစ်ကို ပြောင်းလဲသတ်မှတ်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း စီမံကိန်းရေးဆွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်တင့်က ပြောကြားသည်။

“တိုင်းပြည်ရဲ့ တည်ဆောက်ရေး လုပ်ငန်းတွေ လုပ်တဲ့အခါ လမ်းဖောက်တာတို့၊ အဆောက်အအုံတွေ ဆောက်တာတို့၊ တံတားဆောက်တာတို့ အဲဒီအခါမှာ ကျတော့လည်း ပွင့်လင်းရာသီမှာ ပိုပြီး လုပ်ဆောင်ရတာတွေ ရှိလာတယ်။ ပွင့်လင်းရာသီမှာ လုပ်ဆောင် ရတဲ့အခါကျတော့ ဦးတို့က ဧပြီ ၁ ရက်မှာ လုပ်ရတဲ့ အခါကျတော့ မိုးရာသီကာလက ခြောက်လလောက် ဖြစ်နေတယ်။ ဖြစ်နေတော့ အကောင်အထည်ဖော်တဲ့ကာလနဲ့ ဘတ်ဂျက်နှစ်က လိုက်လျောညီထွေ မရှိဘူး။ မရှိတော့ အများပြည်သူရဲ့စိတ်ထဲမှာ အကောင်အထည်ဖော်တဲ့ အချိန်အတိုင်းအတာ ကန့်သတ်ချက်တွေက တချို့လုပ်ငန်းတွေက သတ်မှတ်တဲ့ အချိန်အတွင်းမှာ ပြီးအောင် မဆောင်ရွက်နိုင်ဘူးဆိုတဲ့ အနေအထားလေးတွေ ရှိတယ်။ နောက်ပြီး အကောင်အထည်ဖော်ရတဲ့ ဌာနတွေမှာလည်း ရာသီဥတုရဲ့ ကန့်သတ်ချက်တွေကြောင့် လုပ်ဆောင်ရတာ အခက်အခဲ တွေ့တယ်။ အချိန်ကာလနဲ့ လိုက်လျောညီထွေဖြစ်တဲ့ အစီရင်ခံစာတွေ ပြုစုရတာ၊ စာရင်းစစ်ဆေးရတာ၊ စာရင်းပြုစုရတာကအစ အခက်အခဲတွေ ပြေလည်ဖို့အတွက် ဘတ်ဂျက်နှစ်ကို အောက်တိုဘာ ၁ ရက်ကနေ စက်တင်ဘာ ၃၁ ရက် ဆိုပြီးတော့ ပြောင်းဖို့ ဆောင်ရွက်ထားတာ ဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်တင့်က ပြောကြားသည်။

Most Read

Most Recent