တောင်ကိုရီးယားနိုင်ငံသူ ဆိုယောင်ယူ အမျိုးသမီးဂေါ့ဖ် ကမ္ဘာ့အဆင့် (၁) ကစားသမားဖြစ်လာ

ကမ္ဘာ့အဆင့် (၁) ကစားသမားဖြစ်လာသည့် ဆိုယောင်ယူ (Photo: AFP)

တောင်ကိုရီးယားနိုင်ငံသူ နာမည်ကြီးဂေါ့ဖ်ကစားသမား ဆိုယောင်ယူသည် ဇွန် ၂၅ ရက်က ကျင်းပပြီးစီးခဲ့သည့် Walmart NW Arkansas ပြိုင်ပွဲတွင် အနိုင်ရ ဗိုလ်စွဲပြီးနောက် ကမ္ဘာ့အဆင့် (၁) နေရာ လွှဲပြောင်းရယူနိုင် ခဲ့ကြောင်း သိရသည်။

ယင်းပြိုင်ပွဲမှာ အခြားပြိုင်ပွဲများနှင့်မတူဘဲ သုံးရက်သာ ယှဉ်ပြိုင်ရပြီး ဆိုယောင်ယူ (၂၆ နှစ်) သည် စုစုပေါင်းရိုက်ချက် ၁၉၅ ချက်၊ လျှော့ရိုက်ချက် ၁၈ ချက်ဖြင့် ပထမဆုံးအကြိမ် အနိုင်ရဗိုလ်စွဲပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် လျှော့ရိုက်ချက် အများဆုံး စံချိန်သစ်တင်ခဲ့သည်။

၎င်း၏နောက်တွင် အေမီယန်း (တောင်ကိုရီးယား) နှင့် မိုရီယာဂျူတာနူဂန် (ထိုင်း) က နှစ်ချက်အကွာဖြင့် ဒုတိယ၊ မစ်ရှယ်ဝီနှင့် စတေဆီလူးဝစ် (အမေရိကန်) က ငါးချက်အကွာဖြင့် တတိယရရှိခဲ့သည်။

ရာသီအဖွင့် ANA Inspiration ဂရင်းစလင်းပြိုင်ပွဲ အပါအ၀င် ဂရင်းစလင်း ချန်ပီယံဆု နှစ်ကြိမ်ရရှိထားသည့် ဆိုယောင်ယူသည် ယခုပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သောကြောင့် ထိုင်းနိုင်ငံသူ အာရီယာဂျူတာနူဂန်၊ နယူးဇီလန်နိုင်ငံသူ လီဒီယာကိုတို့ကို ကျော်ဖြတ်ကာ ကမ္ဘာ့အဆင့် (၁) နေရာကို ပထမဆုံးအကြိမ် ရယူနိုင်ခဲ့ကြောင်း သိရသည်။

ယခုတစ်ပတ် ကျင်းပသည့် အမျိုးသားပြိုင်ပွဲများအနက် PGA Tour ပြိုင်ပွဲတွင် ဂျော်ဒန်စပီးသ် (အမေရိကန်) နှင့် European Tour ပြိုင်ပွဲတွင် ရိုမဲရိုး (အာဂျင်တီးနား၊ ကမ္ဘာ့အဆင့် ၈၃၇) တို့ ဗိုလ်စွဲခဲ့သည်။