ဆေးဆိုးပန်းရိုက်များနှင့် လောက၀န်းကျင်

အညာဒေသ လယ်ယာလုပ်ငန်းခွင်တစ်ခု မြင်ကွင်း (ဓာတ်ပုံ - သက်ထိန်ဝင်း)

ကျောင်းဝေယျာဝစ္စ လာလုပ်ပေးတဲ့ လူငယ်တစ်ယောက်ကို စာဖတ်ဖို့ တိုက်တွန်းရပါတယ်။ ဖတ်ပြီးတော့လည်း မှတ်စုမှတ်ရာတွေ လုပ်ဖို့ပေါ့။ တစ်ခါတစ်ခါမှာ သဘာဝပတ်ဝန်းကျင်အကြောင်း၊ ပိုးသတ်ဆေးတွေ အကြောင်း၊ ရာသီဥတုဖောက်ပြန်ရခြင်း အကြောင်းတွေပါပြောပြရရဲ့၊ သူကဖုန်းပဲ ကလိနေတာဆိုတော့ အချိန်တွေအလဟဿကုန် ကုန်သွားလို့ပါ။ ဒါက သူတစ်ယောက်တည်းတော့ မဟုတ်ဘူးရယ်။

လူကြီးလူငယ်အတော် များများဖြစ်နေတာကလား။ ရောဂါတစ်မျိုးလိုကို စွဲကပ်နေတော့တာရယ်။ သူ့ခေတ်နဲ့သူလို့ ဆိုရမလားမသိပါဘူး။ လူငယ်ကို တစ်နေ့သား ပြောဖြစ်တာက-
“ရွှေကြာငုံရွာမှာ ဦးသောင်းစိန်၊ ဒေါ်ကျော့ဆိုတာ ရှိတယ်ကွ။ သူတို့ကမျိုးရိုးစဉ်ဆက် တောင်သူယာလုပ်၊ ဓားမခုတ်တွေရယ်။ သူတို့မှာ သားသမီးတွေ ကိုးယောက်တောင်ပွား စည်းတယ်။ လယ်ပိုင်ယာပိုင်ဆိုပေမယ့် တောင်သူကြီးတွေတော့ မဟုတ်ရှာဘူးပေါ့။ ဒီတော့ သိပ်ဖွံ့ဖွံ့ဖြိုးဖြိုး မရှိကြဘူးရယ်။ သူတို့မှာ တစ်ခုကံကောင်းတာက ဥယျာဉ်ခြံတစ်ခု ပိုင်ဆိုင်တာပဲ။ အကြီးဆုံးသမီးက ဥယျာဉ်ခြံက ထွက်တဲ့သစ်သီးဝလံတွေကို နံနက်စောစော စလင်းဈေးကြီးထဲ သွားရောင်းတယ်။ လူအားက လည်းမြိုင်တော့ တက်ညီလက်ညီအလုပ်နဲ့ လက်နဲ့မပြတ်ကြဘူးပေါ့။

ဒါပေမဲ့ လူးလည်လူးလည်နဲ့ သိပ်မပိုလျှံကြဘူး။ မိသားစုကလည်းများ ပေသကိုး။ သားသမီးတွေထဲမှာ ကျောင်းသူကျောင်းသားတွေလည်း ပါသပေါ့နော်။ ဒါပေမဲ့ ချို့ချို့တဲ့တဲ့ကြီးတော့ မဟုတ်ရှာပါဘူး။ ဦးသောင်းစိန်ဆိုတာက ဘုန်းကြီးကျောင်းထွက်ဆိုပေမယ့် စာနဲ့ပေနဲ့ မဝေးလှဘူးရယ်။ ပြောရရင် ဗဟုသုတရှာမှီးတယ်။ ဗဟုသုတရှိတဲ့လူနဲ့ပေါင်းတယ်။ နမေ နကေမနေဘူး။ ငါဘာလုပ်နိုင်မလဲ၊ ဘာလုပ်ရင် ကောင်းမလဲဆိုတာ အမြဲတွေးနေတယ်လေ။ ဒီလိုနဲ့ တစ်နေ့အတွေးတစ်ခုရပြီး သူ့စိတ်ကူးသူ့အတွေးကို အကောင်အထည်ဖော်ပါလေရော။

တခြားဟုတ်ပါရိုးလား။ နွေအခါဘာမှ မလုပ်ဘဲ ပစ်ထားတဲ့လယ်မြေတချို့ကို အအားမထားဘဲ သခွားပင်တွေ စိုက်တော့တာပါပဲ။ စမ်းသပ်မှုလည်း လုပ်သင့်သလောက် ပြီးနေမှကိုး။ အဲဒီတုန်းက ပါတီကောင်စီလက်ထက် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဦးနေ၀င်း အုပ်ချုပ်နေချိန်ဆိုတော့ ပြီးခဲ့တဲ့နှစ်ပေါင်း ၄၀ ၀န်းကျင်လောက်ကပေါ့။ ခုလို စပါးနှစ်သီး စားမလုပ်ကြရဘူး။ မိုးစပါးစိုက်ပျိုးရိတ်သိမ်းပြီး ကုလားပဲပက်မလား၊ နေကြာလို၊ ပြောင်းလိုကြဲမလား ဒါ့ထက်မပိုဘူးရယ်။

အဲဒီတုန်းက ခုခေတ်လို ခြွေလှေ့စက်တွေ၊ ရိတ်သိမ်းစက်တွေ မပေါ်သေးဘူး။ လူအားကိုး၊ နွားအားကိုးနဲ့ပေါ့။ မိုးလေ၀သကလည်း ထိုက်သည့်အားလျော်စွာမှန်တယ်။ မိုးတစ်သီးနဲ့လည်း အဆင်ပြေသင့်သလောက် ပြေတယ်လေ။ ဦးသောင်းစိန်က သခွားစိုက်တော့ ရေတွင်းတူးပြီး ရေလောင်းတယ်။ မိသားစုကလည်း အပြိုင်းအရိုင်းဟာကိုး။ သူကိုယ်တိုင်က မခိုမကပ် ရှေ့ဆောင်တာဆိုတော့ သားသမီးတွေကလည်း မခိုမကပ်ကြရှာဘူးပေါ့။ ဒီလိုနဲ့ အားစိုက်တိုးချဲ့လာလိုက်တာ သခွားသီးတွေဆိုတာ လှည်းနဲ့တိုက်ရောင်း ရတဲ့ထိအောင်ပေါ့နော်။

နွေအခါဆိုတော့ ဈေးကောင်းကလည်းရတယ်။ ဦးသောင်းစိန်လို ရေလောင်းအပင် ပန်းခံပြီးတော့လည်း ဘယ်သူမှ ဒီဘက်မှာ မလုပ်ကြဘူးရယ်။ ၀င်ငွေကောင်းမှကောင်း။ သခွားသီးမှည့်ချိန်လည်း ရောင်းကောင်းတာပါပဲ။ ငွေတွေရလာတော့ ဦးသောင်းစိန်က အလှူအတန်းတွေလုပ်တယ်။ မြေတွေဝယ်တယ်။ ရွှေစုတယ်။ ဒီဘက်မှာ လုံ့လစိုက်သလောက် အကျိုးဖြစ်ထွန်းမှန်း သိနေမှကိုး။ ဒီတော့လုပ်အားရှိသွားပြီပေါ့နော်။ နောက်တစ်ခု ကံကောင်းတာက သူ့မှာသားသမီးတွေ နောက်လိုက်ကောင်းလို့ပေါ့။ ဒါမျိုးဆိုတာ ရှေ့ဆောင်ဘယ်လောက်ကောင်းကောင်း ၊ နောက်လိုက်မကောင်းရင် အဆင်မပြေနိုင်ဘူး မဟုတ်လား။ ဦးသောင်းစိန်နဲ့ ဒေါ်ကျော့တို့ဆုံးပါးခဲ့တာ နှစ်ပေါင်း ၃၀ လောက်ရှိသွား ပြီလေနော့။ သားသမီးတွေ လူ့အောက်မကျ သူ့အောက်မကျ ထားခဲ့နိုင်တယ်။ သူတို့မရှိ တော့ပေမယ့် ခုချိန်ထိ ဦးသောင်းစိန် အမြော်အမြင်ကြီးမှု၊ ရှေ့ဆောင်ကောင်းမှု သူမတူတဲ့ လုံ့လနဲ့ ရှာဖွေစုဆောင်းပုံ ၊လှူဒါန်းပုံ တီထွင်ပုံတွေ၊ ရာဇ၀င်ကျန်ရစ်နေလေရဲ့။ ပုံရိပ်တွေ နမူနာအဖြစ် ပြောနေကြလေရဲ့”
စကားဆုံးတော့ လူငယ်ကို မေးလိုက်တယ်။ ရွှေကြာငုံရွာက ဦးသောင်းစိန်ဆိုတာ သိလားလို့လေ။ ဒီတော့ သူကမသိဘူးလို့ ဖြေရှာတယ်။ ဦးသောင်းစိန်ဆိုတာ တခြားဟုတ်ပါရိုးလား။ မင်းအဖေရဲ့အဖေ၊ မင့်အဘိုးပေါ့ဆိုတော့ မျက်လုံးအ၀ိုင်းသားနဲ့ စာရေးသူကို မော့ကြည့်နေလေရဲ့။ သူက သူ့အဘိုးကို ဘယ်လိုလုပ်သိမှာတုန်း။ သူ့အသက်ကခုမှ ၁၆ နှစ်၊ သူ့အဘိုးဆုံးသွားတာက အနှစ် ၃၀ လောက်ရှိနေမင့်ဟာကိုး။
“မင်းလည်း မင်းအဘိုးလို ဥာဏ်သုံးပြီး ၀ီရိယစိုက်ပေါ့။ မပျင်းနဲ့။ အလကားမနေနဲ့။ အချိန်တွေမဖြုန်းနဲ့။ မင့်အဘိုးက မင်းတို့လို ၁၀ တန်းတွေ၊ ဘာတွေရောက်တာ မဟုတ်ဘူးရယ် ။ ဘုန်းကြီးကျောင်းထွက်၊ ဒါပေမဲ့ သူများမလုပ်တဲ့ အလုပ်လုပ်တယ်။ စမ်းသပ်တီထွင်တယ်။ ၀ီရိယစိုက်တယ်ဆိုတာပဲကွ။ ကြိုးကြိုးစားစား ရှာဖွေသမျှ ရလာတာနဲ့ အသောက်အစား လောင်းကစားတွေနဲ့ ဖြုန်းမပစ်ဘူး။ လှူတယ်တန်းတယ်။ တိုးအောင်ပွားအောင် ကြံစည်တယ်။ ဒါကို သင်ခန်းစာယူရမယ်။ အေး.. ဒါပေမဲ့ အဲဒီခေတ်က ခုခေတ်လို ချဲတွေဘာတွေလည်း မပေါ်သေးဘူး။ ဓာတုဆေးတွေ ဘာတွေလည်း မသုံးဘူး။ ဒါတော့ သတိပြုရလိမ့်မယ်နော့”

သူလေးက ကျောင်းကပ်ဖော်ရတာနဲ့ သွားလေရာလည်း ခေါ်ခေါ်သွားဖြစ်တယ်လေ။ မျက်စိပွင့် နားပွင့်ဖြစ်စေချင်လို့ပါ။ တစ်နေ့ ငှက်ပျောတောရွာသွားတော့လည်း ခေါ်သွားဖြစ်ရဲ့။ မင်းဟိုရောက်ရင် လမ်းဘေး ၀ဲယာစိုက်ခင်းတွေကြည့်နော်။ သူတို့နဲ့ ငါဘာတွေပြောသလဲဆိုတာတွေပါ အာရုံစိုက်နားထောင်။ ဒီရွာက စိုက်ပျိုးရေး အထူးပြုတဲ့ရွာမို့လို့ပါ။
“အခုလို နွေအခါမှာ ဘာတွေစိုက်ပျိုးကြလဲ”

“အရှင်ဘုရား လမ်းဘေးမှာတွေ့ခဲ့ရတာတွေပေါ့ဘုရား။ သံပရာပင်တွေ၊ အသီးတွေနဲ့တွေ့ရမယ်။ ရေလောင်းဆေးကူ စိုက်တာပါ။ ခုနေခါ ဈေးကောင်းရတာကလား။ ခြံထဲဈေးကို သံပရာသီးတစ်လုံး ၂၀၀ိ ၊ အလုံးကြီးတွေ လှမှလှ။ ကန်စွန်းခင်းရှိမယ်။ ဂေါ်ဖီရှိမယ်။ ငရုတ်ရှိမယ်။ ကြက်ဟင်းခါးရှိမယ်။ ခရမ်းချဉ်ရှိမယ်။ ပဲရှည်သီးတချို့ကလည်း ပဲလင်းမြွေလို့ခေါ်ရဲ့”
“ပဲရှည်သီးက ဘယ်အချိန်က စစိုက်တာတုန်း”
“ပြာသိုလကစိုက်တာလေ။ မိုးကောင်းရင် ကဆုန်ရောက်တာနဲ့သီးပြီး မိုးမကောင်းရင် နယုန်လကျမှ သီးတာရယ်။ ပေါ်ချိန်ဆိုရင် ပွဲစားတွေ ခြေချင်းထပ်လို့”
“တရုတ်နံနံတွေကော မြင်ခဲ့သလားလို့”
“ဒါတွေက အိမ်ဝိုင်းထဲတင်ကို စိုက်ကြတာ။ ရေလောင်းစိုက်တာ။ ရှားချိန်ဆိုတော့ အဆင်ပြေတယ်ဘုရား”
“ငရုတ်ကကော ဘာမျိုးတွေစိုက်ကြလဲ”
“ရွှေတစ်ဆုပ်မျိုး၊ ဒီမွန်မျိုး၊ သာမိုမျိုးတွေပါပဲ။ တချို့သီးကုန်ပြီ။ တချို့ရောင်းတောင်ကုန်ပြီ။ ရွှေတစ်ဆုပ်မျိုးက အတောင့်ကြီးတယ်။ သာမိုမျိုးက အတောင့်သေးပြီး အစပ်ကဲတယ်”
“ခရမ်းချဉ်မျိုးကရော”
“၉၀၉ မျိုးရယ် ၊ ၃၃၃ မျိုးရယ် ၊ ပလက်တီနမ်ခေါ် ရွှေဖြူမျိုးရယ် စိုက်ပျိုးရေးဆိုင်က၀ယ်ပြီး ပျိုးစိုက်ရောင်းတယ်လေ။ ခရမ်းချဉ်က သိပ်ပူလွန်းရင် မကြိုက်ဘူးရယ်။ စင်ခံပေးတော့သီးတယ်။ ခုနေခါ ဘာစိုက်စိုက်ဆေးကတော့ အတော်သုံးရတာကလား။ ဆေးဖိုးချည်းနင့်လို့။

ငွေရတာသာမြင်ကြတာ ၊ လူလည်း ပင်ပန်းတယ် ၊ အလုပ်သမားခကလည်း မနည်းဘူးပေါ့။ ခရမ်းချဉ်သီးက ခုနေခါ ဈေးမရှိဘူးရယ်။ တစ်ပိဿာမှ ၂၀၀ ကျပ်။ ရှေ့ဆက် ဒါ့ထက်ကျဦးမယ် ထင်တယ်။ အပြိုင်အဆိုင် ပေါ်နေပြီလေ။ နောက်တော့လည်း ရှားမယ်။ ဈေးကြီးမယ်။ အာလူးက ခုအချိန် တစ်ပိဿာ ၇၀၀ ကျပ်။ အလုံးကြီးတွေလှမှလှ ထွားမှထွား။ ကြက်သွန်နီက ၈၀၀ ကျပ်တဲ့။ ဒီဂေါ်ဖီထုပ်စိုက်တဲ့လူတွေ အဆင်ပြေတယ်။ တစ်ထုပ် ၅၀၀ ကျပ်၊ ၆၀၀ ကျပ်ကမကျဘူး။ ဈေးကတန်းနေတာ။ ဈေးကောင်းတာနဲ့ သိပ်မထုပ်တစ်ထုပ်တွေကို ရောင်းနေကြတာ။

အခင်းရှင်က ခုတ်ပေးစရာမလိုဘူး။ ပွဲစားပုတ်ပြတ်ရောင်းလိုက်ပြီး သူတို့ ဘာသာအငှား ခုတ်ကြတာရယ်။ မန်ကျည်းသီးမှည့်က တစ်ပိဿာ ၂၀၀၀ ကျပ် ခဏဖြစ်လိုက်ပြီး နောက်ပိုင်းဝယ်လို့တောင် မရတော့ဘူး။ ကုန်သည်တွေက ချောင်ကျကျရွာတွေအထိ လိုက်ဝယ်ကြတာ။ သူ့ကိန်းနဲ့သူဟာကိုး”
အပြန် လူငယ်ကို ဓာတုဆေးတွေအကြောင်း ၊ သဘာဝပတ်ဝန်းကျင်အကြောင်း၊ ရှောင်စရာ ဆောင်စရာတွေ ပြောပြရပါတယ်။ အထူးသဖြင့်လူတွေ အချိုမှုန့်နဲ့ မသန့်တဲ့ ဆီတွေကလည်း အနီးကပ်ဒုက္ခပေးနေတယ် ဆိုပြီးတော့ပေါ့လေ။ နောက်ပြီး သူ့ခေါင်းက ဆံပင်အနီဆိုးဆေးတွေအကြောင်းနဲ့ အဆုံးသတ်လိုက်ရတယ်လေ။ ဒါပေမဲ့ နောက်နေ့တွေလည်း ဒီအနီက ဒီအနီပါပဲ။ ဒါမှလှတယ်လို့ ထင်မှတ်နေတာကိုးလို့။

Writer: 
ဦးစန္ဒိမာ (စလင်း)