မျိုးဆက်

အဋ္ဌမတန်းဘက်စုံပညာ ထူးချွန်လူရည်ချွန် မောင်မယ်များ မေလဆန်းက ပုဂံဒေသလေ့လာရေးခရီး လည်ပတ်စဉ် (ဓာတ်ပုံ - ကိုနော်)

ပြီးခဲ့တဲ့ ကဆုန်လပြည့်နေ့က နယ်မှာရှိတဲ့ မိဘတွေလုပ်တဲ့အလှူကို မိသားစုလိုက် သွားခဲ့ကြပါတယ်။ သားကြီးဖြစ်သူ ပါလာတာ မတွေ့တော့ သူ့အဘိုးအဘွားက မေးကြပါတယ်။ “အဖေတို့၊ အမေတို့မြေးက အားကိုးနေရပြီ။ ရန်ကုန်မှာ သူ့ကျူရှင်လည်းရှိနေတော့ ကျူရှင်တက်ရင်း ဆိုင်ကောင်တာ ထိုင်ခိုင်းထားတယ်” လို့ ရှင်းပြရပါတယ်။ “ဟဲ့ ကလေးကအခုမှ အငယ်လေးရှိသေးတယ်။ ကလေးကို ခိုင်းနေကြပြီလားလို့” လို့ သူ့အဘွားက ဆိုပါသေးတယ်။ “အမေရယ်၊ ကလေးဆိုတာ ငယ်စဉ်ကတည်းက ပညာရေးရော၊ စီးပွားရေးပါတွဲပြီး တဖြည်းဖြည်းကျွမ်းကျင်အောင် လေ့ကျင့်ပေးသွားမယ်။ သင်ပြပေး သွားမယ်ဆိုရင် သူ ၁၀ တန်းအောင် ဘွဲ့ရတဲ့အခါ သူများတွေထက် ဘ၀မှာနှာတစ်ဖျား သာတာပေါ့လို့” ဆက်ရှင်းပြလိုက်မှ သူ့ဘွားအေက “အေးဒါလည်း ဟုတ်တာပါပဲ။ တချို့ ကလေးတွေဆို ဘွဲ့တွေသာရသွားကြတာ၊ ယောင်ကန်းကန်းနဲ့ ၁၀၉/ ၁၁၀ တွေ ဖြစ်နေကြတာ။ ဒါဟာလည်း မိဘတွေနဲ့ သက်ဆိုင်တာပဲ” လို့ ထောက်ခံပြောဆိုသွားပါတယ်။

လူမျိုးခြားတွေ တော်တော်များများဟာ သူတို့မျိုးဆက်တွေအနေနဲ့ သူတို့ရဲ့လုပ်ငန်းတွေကို နောင်တစ်ချိန် ဦးစီးနိုင်အောင် ငယ်စဉ်ကတည်းက အောက်ခြေသိမ်းအလုပ်တွေကို ပညာရေးတစ်ဖက်နဲ့အတူ ကျွမ်းကျင်ပိုင်နိုင်အောင် ဆောင်ရွက်ခိုင်းလေ့ရှိပါတယ်။ စားသောက်ဆိုင်ပိုင်ရှင်တွေက သူတို့သားသမီးတွေကို အောက်ခြေသိမ်းအလုပ်တွေကို ကျွမ်းကျင်ပိုင်နိုင်မှဆိုင်ကို ဦးစီးခိုင်းသလို အခြားသောနယ်ပယ်တွေမှာလည်း အောက်ခြေသိမ်းအလုပ်တွေ ကျွမ်းကျင်ပိုင်နိုင်မှ လုပ်ငန်းတွေကို ဦးစီးဦးဆောင်လုပ်ခိုင်းလေ့ရှိပါတယ်။ အထူးသဖြင့် ပညာရေးနဲ့အတူ ဟန်ချက်ညီညီ သားသမီးတွေကို လမ်းညွှန်မှုတွေ ပြုစုပျိုးထောင်ပေးနိုင်မှုတွေကြောင့်လည်း သူတို့မျိုးဆက်တွေဟာ လမ်းမှာရောက်တာနည်းပြီး ဘွဲ့လည်းရ လုပ်ငန်းခွင်ထဲမှာလည်း ဦးဆောင်နိုင်တဲ့ အရည်အချင်းရှိတဲ့သူတွေ အောင်မြင်ကြီးပွားတဲ့ အခြေအနေတွေ ဖြစ်နေကြခြင်း ဖြစ်ပါတယ်။
ဘ၀မှာ ပညာတတ်ကြီးဖြစ်ဖို့ထက် အသက်မွေးဝမ်းကျောင်းပညာရပ် တစ်ခုခုကို ကျွမ်းကျင်ပိုင်နိုင်အောင် တတ်မြောက်ထားဖို့ လိုပါတယ်။

ပညာတတ်ကြီးဖြစ်ပြီး အသက်မွေးဝမ်းကျောင်းပညာရပ်ပါ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်နိုင်ရင်တော့ အတိုင်းထက်အလွန် ဖြစ်မှာပါ။ မိမိတို့နိုင်ငံက ပညာရေးကို ထင်သလောက်အားကိုးလို့ မရသေးပါဘူး။ ဆိုလိုတာက ပညာတတ်ဘွဲ့ရတာနဲ့ အလုပ်အကိုင်တွေ ချက်ချင်းမရရှိ သေးတာကို ဆိုလိုတာပါ။ မိဘတွေအနေနဲ့ မိမိတို့ မျိုးဆက်တွေကို တစ်ဖက်က ပညာအမွေပေးရင်း သူ့ဘ၀ ရေရှည်ရပ်တည်နိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်တွေကိုပါ ငယ်စဉ်ကတည်းက သင်ကြားပေးသွားကြဖို့ လိုပါတယ်။

စာရေးသူတို့ လူမျိုးအများစုက လူလတ်တန်းစားနဲ့ အခြေခံလူတန်းစားအများစု ဖြစ်ပါတယ်။ မိမိတို့မျိုးဆက်တွေကို ကုမ္ပဏီပိုင်ရှင်တွေဖြစ်ဖို့၊ စက်ရုံအလုပ်ရုံတွေ၊ စားသောက်ဆိုင်တွေ၊ ဟိုတယ်၊ မိုတယ်တွေကို ဦးစီးဆောင်ရွက်စေဖို့ လက်လှမ်းမမီကြပေမယ့် အခြေခံကျတဲ့ ဘ၀ရပ်တည်မှုအတွက် မည်သည့်အသက်မွေးဝမ်းကျောင်း လုပ်ငန်းမဆို သင်ကြားတတ်မြောက်စေဖို့ လိုပါတယ်။ ၁၀ တန်းအောင် ဘွဲ့ရရင် သူများကုမ္ပဏီမှာ ၀န်ထမ်းလုပ်ခိုင်းမယ်။ ဖုန်းဆိုင်မှာ အလုပ်ဝင်လျှောက်မယ်။ ဘဏ်မှာ စာရေးမလုပ်မယ်။ အဖေအမေကို တက္ကစီဝယ်ခိုင်းပြီး တက္ကစီမောင်းစားမယ်။ မော်ဒယ်လိုလို၊ မယ်တော်လိုလို၊ မင်းသားလိုလို၊ လူကြမ်းလိုလို လုပ်ကြမယ်ဆိုတဲ့ အတွေးတွေက ခပ်များများ ဖြစ်နေကြပါတယ်။

ငါတို့မျိုးဆက်တွေကို ငယ်စဉ်ကတည်းက ရည်ရွယ်ချက်ကြီးကြီးမားမားထားပြီး ဘယ်သူ့ဝန်ထမ်းမှ အဖြစ်မခံဘူး။ အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုခုကို မဖြစ်မနေ တတ်မြောက်အောင် သင်ပေးပြီး လုပ်ငန်းသေးသေးကြီးကြီး ဦးစီးဦးဆောင် လုပ်ခိုင်းမယ်ဆိုတဲ့ စိတ်ဓာတ်မျိုး နည်းပါးနေကြပါတယ်။ ငယ်စဉ်ကတည်းက မိမိတို့ ခြေထောက်ပေါ် မိမိတို့ ရပ်တည်ချင်တဲ့ စိတ်ဓာတ်မျိုးတွေ ထားနိုင်အောင်၊ မိမိတို့ရဲ့ မျိုးဆက်တွေကို ပုံစံသွင်းပေးထားကြဖို့ လိုပါတယ်။ လူငယ်လူရွယ်တွေဆိုတာ ဖယောင်းလိုပါပဲ၊ လိုသလို ပုံသွင်းလို့ရပါတယ်။ ပုံသွင်းမှားသွားရင် မိဘတွေအတွက်လည်း မကောင်းသလို သားသမီးတွေရဲ့ ဘ၀ရှေ့ရေးအတွက်လည်း မကောင်းနိုင်ပါဘူး။

စာရေးသူနဲ့ မိဘလို ရင်းနှီးတဲ့သူတစ်ဦး ရှိပါတယ်။ သူ့ရဲ့သားသမီးတွေကို ပညာတတ်ကြီးတွေ ဖြစ်စေချင်လွန်းလို့ အကောင်းဆုံး ကျောင်းမှာထား၊ အကောင်းဆုံးကျူရှင် ဆရာမတွေကို အိမ်မှာခေါ်သင်ခိုင်းတယ်လို့ ပြောပါတယ်။ သူ့သားနဲ့ သမီးတွေကို ကျူရှင်ဆရာမတွေ ကောင်းကောင်းမသင်မှာစိုးလို့ ဆရာမတွေကို ကျူရှင်လခတွေအပြင် လက်ဆောင်ပစ္စည်းတွေလည်း ပေးတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ သူ့ရဲ့သားနဲ့ သမီးဟာ ကျောင်းပြေးတဲ့အပြင် ကျူရှင်ဆရာတွေလာရင်လည်း အကြောင်းအမျိုးမျိုးပြပြီး စာကောင်းကောင်း မသင်ကြလို့ နောက်ဆုံး ၁၀ တန်းတောင် တစ်ယောက်မှ မအောင်ကြဘူးလို့ ပြောပါတယ်။ အသက်မွေးကျောင်းပညာရပ် သင်ကြားပေးနိုင်တဲ့ ဓနအင်အားတွေ အရှိန်အ၀ါတွေ ရှိခဲ့ပေမယ့် သားသမီးတွေအပေါ် အလိုလိုက်လွန်းအားကြီးခဲ့လို့ ဘာအသက်မွေးဝမ်းကျောင်း ပညာရပ်မှ မတတ်ကြဘူးလို့ ဆိုပါတယ်။ သူများတွေ ကုမ္ပဏီပိုင်ရှင်တွေ၊ စက်ရုံပိုင်ရှင် ဖြစ်နေကြပေမယ့် သူ့သားသမီးတွေကတော့ ဟိုလိုလို ဒီလိုလိုဘ၀တွေနဲ့သာ ဘ၀မှာ ရေစုန်မျောနေတဲ့အကြောင်း ပြောပြပါတယ်။

စာရေးသူတို့ လူမျိုးအများစုဟာ မိမိတို့ သားသမီးတွေ (မျိုးဆက်) တွေအပေါ် သားသမီး သံယောဇဉ် အလွန်ကြီးမားကြပါတယ်။ သားအချစ် မြေးအနှစ်ဆိုသလို ဘိုးအေ၊ ဘွားအေတွေက ပိုဆိုးကြပါတယ်။ မိမိတို့သား သမီးတွေ အမှားလုပ်ခဲ့မိရင်တောင်မှ ငါ့သားကို မပြောနဲ့၊ ငါ့မြေးကို မထိကြနဲ့ဆိုကြတဲ့သူတွေ များနေခြင်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ထင်သလောက် မကြီးပွား၊ မတိုးတက်ကြဘဲ ဝေလေလေ ဖြစ်နေကြသူတွေ များနေခြင်း ဖြစ်ပါတယ်။ မိမိတို့ရဲ့သားသမီး မြေးမြစ်တွေကို ချစ်တတ်ကြဖို့ လိုပါတယ်။ အချစ်မှားသွားကြရင် မိမိတို့ရဲ့သားသမီး မြေးမြစ်တွေကို ချစ်ရာမရောက်ဘဲ နှစ်ရာရောက်သွားမှာ ဖြစ်ပါတယ်။

မိမိတို့မှာရှိနေတဲ့ ရာထူးအာဏာ၊ စည်း စိမ်းဥစ္စာဆိုတာ မတည်မြဲပါဘူး။ ဒီနေ့ဒီအချိန်မှာ မိမိတို့သားသမီးမြေးမြစ်တွေကို ရွှေပေါ်မြတင် ထားနိုင်ပေမယ့် နောင်တစ်ချိန် ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှ ကြိုတင်မသိ နိုင်ကြပါဘူး။ ယခုအချိန်ကတည်းက သားလည်း သားအလျောက်၊ သမီးလည်း သမီးအလျောက် မိမိတို့ တတ်နိုင်တဲ့ အသက်မွေး ၀မ်းကျောင်းပညာရပ်တစ်ခုခုကို အမွေပေးသွားကြဖို့လိုသလို မိမိကိုယ်ပိုင်ဘ၀နဲ့ ရပ်တည်လျှောက်နိုင်ဖို့ မိမိကိုယ်ကိုယ်မိမိ အားကိုးချင်စိတ်တွေ ရှိလာဖို့အတွက် ပြုစုပျိုးထောင် နည်းပေးလမ်းပြသွားကြဖို့ လိုပါတယ်။

စာရေးသူဟာ လူမျိုးခြားတွေကို အထင်ကြီးတာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့တွေဟာ သူတို့မျိုးဆက်တွေအတွက် နောင်အရှည်သဖြင့်တွေးပြီး ဘ၀ရပ်တည်ချက်ခိုင်မာအောင်၊ အထူးသဖြင့် မိမိကိုယ်ကိုယ်မိမိ အားကိုးချင်စိတ်ရှိအောင်၊ သူတစ်ပါးအပေါ် မှီခိုချင်စိတ်မျိုး မမွေးအောင် ငယ်စဉ်ကတည်းက လေ့ကျင့်ပြုစု ပျိုးထောင်ပေးထားမှုတွေဟာ အထင်ကြီးစရာ ကောင်းပါတယ်။ စာရေးသူတို့လူမျိုးတွေကို မထောက်မညှာစတမ်း ဝေဖန်သုံးသပ်ရရင် တစ်ပါးသူအပေါ် မှီခိုချင်စိတ်ထားလွန်းလှပါတယ်။ သားသမီးတွေကလည်း ငယ်ရွယ်စဉ်ဘ၀ကနေ အိမ်ထောင်ကျသွားတဲ့အထိ မိဘတွေအပေါ် အားကိုးချင်စိတ် မွေးနေကြသလို နယ်ပယ်အသီးသီးမှာလည်း မိမိကိုယ် မိမိအားကိုးမှုထက် သူတစ်ပါးအပေါ် အားကိုးချင်တဲ့စိတ်တွေကြောင့် ထင်သလောက် မတိုးတက်မကြီးပွားကြခြင်း ဖြစ်ပါတယ်။

မိသားစုတစ်စုချင်းအလိုက် မိမိတို့သားသမီးတွေကို ငယ်စဉ်တောင်ကျေးကလေး ဘ၀ကတည်းက မိမိကိုယ်ကိုယ်မိမိ ယုံကြည်မှုတွေရှိလာအောင် ကိုယ်ပိုင်အစွမ်းအစတွေနဲ့ ဘ၀မှာရပ်တည်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ပေးသွားနိုင်ကြမှသာ မိမိတို့မျိုးဆက်တွေနဲ့အတူ နိုင်ငံရဲ့မျိုးဆက်သစ်တွေလည်း အခြားနိုင်ငံတွေရဲ့ မျိုးဆက်သစ်တွေနဲ့ ရင်ဘောင်တန်းနိုင်ကြမှာ ဖြစ်ပါတယ်။ အခြားတိုင်းပြည်တွေက အလယ်တန်းအဆင့် ပညာရေးအသိလောက် မိမိတို့နိုင်ငံ တက္ကသိုလ်ဘွဲ့ရ ပညာရေးအသိဟာ နည်းပါနေမယ်။ မိမိကိုယ်မိမိ ယုံကြည်မှုမရှိကြဘူးဆိုရင် မိမိတို့နိုင်ငံရဲ့ မိဘဆရာတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အားနည်းချက်တွေပဲ ဖြစ်နေပါလိမ့်မယ်။

မိမိတို့မျိုးဆက်တွေရဲ့ ပညာရေး၊ လူမှုရေး၊ ဘ၀ရှေ့ရေးတွေဟာ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ မိဘတွေအပေါ်မှာများစွာ မူတည်ပါတယ်။ မိဘတွေရဲ့ အကိုင်အတွယ်ပေါ်မှာ မူတည်ပြီး မိမိတို့ရဲ့ မျိုးဆက်တွေဟာ လမ်းကြောင်းအမှန်နဲ့ အမှားပေါ်မှာ ရပ်တည်ရှင်သန်နေကြမှာ ဖြစ်သလို နိုင်ငံခေါင်းဆောင်တွေရဲ့ အမြော်အမြင် ကြီးမားမှုအပေါ်မှာ မူတည်ကာ မိမိတို့နိုင်ငံရဲ့ မျိုးဆက်သစ်တွေရဲ့ အနာဂတ်ဟာ ရှင်သန်ရပ်တည်နေကြမှာပဲ ဖြစ်ပါတယ်။

မိသားစုတစ်ခုချင်းအလိုက် မျိုးဆက်သစ်တွေကနေ နိုင်ငံနဲ့အ၀ှမ်း မျိုးဆက်သစ်တွေ လမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းနိုင်ပြီး မိမိကိုယ်မိမိ ယုံကြည်မှုတွေ တည်ဆောက်နိုင်အောင် မိသားစုတစ်စုချင်းမှာ အခြေခံပေမယ့် နိုင်ငံခေါင်းဆောင်တွေနဲ့ နိုင်ငံရဲ့ ပညာရေးအလုပ်အကိုင် အခွင့်အလမ်းတွေပေး နိုင်ရေးတွေအပေါ်မှာလည်း များစွာမူတည်လှပါတယ်။ မိမိတို့နိုင်ငံရဲ့ ပညာရေးစနစ် အားနည်းမှု၊ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးမှုတွေကြောင့် မိမိတို့နိုင်ငံရဲ့ မျိုးဆက်သစ်တွေဟာ အခြားနိုင်ငံတွေမှာ အောက်ခြေသိမ်းအလုပ်တွေ၊ သူများနိုင်ငံသားတွေ မလုပ်ချင်တဲ့ အလုပ်တွေကိုတောင်မှ အသက်နဲ့ရင်းပြီး လုပ်ကိုင်နေကြရတာဟာ ၀မ်းနည်းစရာ ကောင်းလှပါတယ်။

အမှန်တကယ်တော့ မိမိတို့နိုင်ငံရဲ့ မျိုးဆက်သစ်တွေ မိမိတို့ကိုယ်မိမိ ယုံကြည်မှုရှိ အောင် သူတစ်ပါးအပေါ် မှီခိုချင်စိတ်နည်းပါးအောင် ၊ မိမိခြေထောက်အပေါ် မိမိရပ်တည်နိုင်အောင် ပြုစုပျိုးထောင်ပေးဖို့ မိဘတွေအပေါ်မှသာ တာဝန်ရှိတာမဟုတ်ပါဘူး။ ပညာရေးစနစ်အပေါ် မူဝါဒကောင်းတွေ၊ ချမှတ်ပေးနိုင်တဲ့ နိုင်ငံခေါင်းဆောင်တွေ၊ ကလေးတွေရဲ့ စိတ်ဓာတ်ကိုလိုသလို ပုံသွင်းပေးနိုင်တဲ့ ဆရာ၊ ဆရာမတွေအပေါ်မှာ အများကြီးမူတည်ပါတယ်။ ထို့အတူပါပဲ။ နယ်ပယ်အသီးသီးမှာ ပတ်ဝန်းကျင်ကောင်းတွေ ဖန်တီးပေးဖို့လည်း လိုပါတယ်။ အရည်အချင်းကောင်းတွေ ပိုင်ဆိုင်ထားတဲ့ မျိုးဆက်သစ် တွေအနေနဲ့ ပတ်ဝန်းကျင်ကောင်းတွေ မရှိဘူးဆိုရင် သူများအပေါ် မှီခိုချင်တဲ့စိတ်မျိုးတွေ လွှမ်းမိုးပြီး ယုံကြည်မှုတွေ ပျောက်ဆုံးနေကြမှာ ဖြစ်ပါတယ်။

မည်သို့ပင်ဆိုစေကာမူ မိဘတွေရဲ့ ဆုံးမသွန်သင်ညွှန်ပြမှုတွေ၊ လမ်းညွှန်ပေးနိုင်မှုတွေအပေါ် မူတည်ပြီး မိမိတို့ရဲ့ မျိုးဆက်သစ်သား သမီးတွေရဲ့အနာဂတ်ဟာ အဆိုးနဲ့အကောင်း ဒွန်တွဲပြီး ရှင်သန်နေမှာဖြစ်သလို နိုင်ငံတော်ရဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ အဆင့်အတန်း တိုးတက်မြင့်မားလာမှုတွေ၊ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပတ်ဝန်းကျင်ကောင်းတွေ ဖန်တီးနိုင်မှုတွေ၊ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ အမြော်အမြင်ရှိမှုတွေအပေါ် မူတည်ပြီး နိုင်ငံ့မျိုးဆက်သစ်တွေရဲ့ အနာဂတ်ဟာ ရှင်သန်ရပ်တည်နေကြရမှာ ဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။

Writer: 
ကိုသိန်း(ကျောက်ကြီး)