ကျေးဇူးဆပ်လေ မွေးရပ်မြေ

လိပ်တင်ရွာလမ်း ဖောက်လုပ်မှုမြင်ကွင်း

မကြာသေးမီ ရက်များအတွင်းက အင်တာနက်ပေါ်မှာ တပည့်တစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ ၀န်းကျင်လောက်က ဒဂုံတက္ကသိုလ်မှာ အလုပ်လုပ်စဉ်က ဆုံခဲ့ရတဲ့ တပည့်ဟောင်းတစ်ဦးပါ။ သူက ရုက္ခဗေဒ အထူးပြုဘာသာရပ်နဲ့ တက်နေတဲ့ ကိုဆန်းဝင်း ဖြစ်ပါတယ်။ အခု သူဟာ ဂျပန်ပြည်မှာ အလုပ်လုပ်ရင်း မွေးရပ်ဇာတိမြေကို သာယာစည်ပင်လာအောင် လုပ်နေတဲ့အကြောင်း သူပြောပြတဲ့အတိုင်း စာဖတ်သူများကို ပြန်လည်ဖောက်သည်ချလိုက်ပါတယ်။

ကျွန်တော့် မွေးရပ်မြေက လိပ်တင်ရွာလို့ ခေါ်ပါတယ်။ ကျောက်ဖြူမြို့နယ် မင်းရပ်အုပ်စုထဲမှာ ရှိတယ်။ ရွာမှာက အားလုံးက တောင်သူလယ်သမားချည်းပဲ။ တော်တော်လေးလည်း အေးချမ်းတယ်။ ရွာမှာ သူငယ်တန်းကနေ လေးတန်းအထိနေခဲ့တယ်။ အရင်ကရွာမှာ အစိုးရကျောင်းမရှိသေးတော့ ဆရာတွေကိုငှားပြီး စာသင်ရတယ်။ ၁၉၇၉ - ၈၀ မှာ အစိုးရကျောင်းရလာတယ်။ ပထမဆုံး ကျလာတာက ဆရာဦးဖိုးသန်းနဲ့ ဆရာမ ဒေါ်စန်းစန်းတဲ့။ ဇင်ချောင်းရွာက။ သူတို့နှစ်ယောက်က ကျွန်တော်တို့ကို အေဘီစီဒီ စသင်ပေးတာပေါ့။ ကျွန်တော့်အတွက် အစိုးရကျောင်းအနေနဲ့ လက်ဦးဆရာပေါ့။ လေးတန်းအောင်ပြီးနောက် ၁၉၈၁ မှာ ရန်ကုန် တာမွေမှာရှိတဲ့ ဓမ္မသုခကျောင်းကို စရောက်တယ်။ ရန်ကုန်မှာ ငါးတန်းစတက်တယ်။ ဓမ္မသုခကျောင်းမှာပဲ နှစ်ပေါင်း ၂၂ နှစ်တိတိ နေခဲ့တယ်။ တော်တော်လေး ရုန်းကန်လှုပ်ရှားခဲ့ရတယ်။ ပညာတတ်မှဖြစ်မယ်ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုထားရှိခဲ့တယ်။ ဦးရီးတော်တဲ့ ဆရာတော် ဦးတေဇ၀န္တက သိပ်တန်ဖိုးရှိတဲ့ စကားတစ်ခွန်းနဲ့ ဆုံးမခဲ့ဖူးတယ်။ အဲဒီစကားတစ်ခွန်းက ကျွန်တော့်ဘ၀အတွက် အကြီးအကျယ်တန်ဖိုးရှိတယ်။ ၁၀ တန်းအောင်တဲ့နှစ်ကပါ။

“ဟေ့ကောင် ဆန်းဝင်း၊ မင်းကိုယ့်အရပ် မှာနေရင် လေးတန်းတော့ အောင်ရင်အောင်မယ်။ ရှစ်တန်းအောင်ပါ့မလား။ မအောင်ပါ။ ကိုးတန်းအောင်မလား။ မအောင်နိုင်ဘူး။ ၁၀ တန်းအောင်နိုင်မလား။ မအောင်နိုင်ဘူး။ အေး၊ ရန်ကုန်ကိုရောက်လို့ ဒီလိုနေရာမျိုးမှာ နေခွင့်ရလို့ ၁၀ တန်းအောင်တာ။ ကြိုးစား၊ ခုနေမင်းဟာ တောမှာဆိုရင် ဗွက်တော နွံတောထဲမှာ တုံးနေမှာ သေချာတယ်။ ဒါကို သေချာမှတ်ထား။ ဘ၀ဆိုတာ ကိုယ်တိုင် ရုန်းရတယ်။ ကိုယ်တိုင်ကြိုးစားရတယ်။ ပညာသင်ရမယ်။ ပညာတတ်ဖို့လိုတယ်။ ပညာမတတ်ရင် လူ့အောက်ကျမယ်” လို့ ဆုံးမခဲ့တယ်။
ကျွန်တော်လေးတန်းက ကျွန်တော်တို့ ရွာကျောင်းက ၁၁ ယောက်ဖြေတာ ကိုးယောက်အောင်တယ်။ ဒီအထဲက ၁၀ တန်းအောင်တာ သုံးယောက်ရှိတယ်။ ကျွန်တော်ရယ်။ ရွာမှာ ကျောင်းဆရာလုပ်နေတဲ့ ဦးဆန်းဝင်း (ခ) ဘလှိုင်နဲ့ လှရွှေအောင်တို့ပါပဲ။

ကျွန်တော်က ရန်ကုန်မှာ အနေများတယ်။ ကျောင်းပိတ်တဲ့အခါ တစ်ခါတလေရွာကို ပြန်ဖြစ်တယ်။ သက္ကရာဇ် ၂၀၀၀ မှာ ရွာကို ညီညီညွတ်ညွတ်ဖြစ်စေချင်လို့ ကြိုးစားလုပ်ဆောင်ခဲ့တာ တစ်ခုရှိတယ်။ ကျွန်တော်တို့ရွာမှာရှိတဲ့ ချောင်းဝနဲ့ ချောင်းဖျားက မတည့်ကြဘူး။ ကိုယ့်ရွာသားအချင်းချင်း တည့်စေချင်တယ်။ စည်းလုံးစေချင်တယ်။ ကိုယ်က ရန်ကုန်မှာ အနေကြာလာတော့ အမြင်ကျယ်လာတာလည်း ဖြစ်ချင်ဖြစ်မယ်။ သက္ကရာဇ် ၂၀၀၀ မှာ ‘ရွှေလိပ်ဖလား’ ဆိုပြီး ဘောလုံး ပြိုင်ပွဲတစ်ခုပြုလုပ်ဖို့ စီစဉ်တယ်။ ဘောလုံးပြိုင်ပွဲလုပ်တာ ၁၂ ရက်ကြာတယ်။ အောင်မြင်ပါတယ်။ ဘာပြဿနာမှမဖြစ်ခဲ့ဘူး။ အဲဒီပြိုင်ပွဲမှာ ကျွန်တော်တို့ လိပ်တင်အသင်းကပဲ ဗိုလ်စွဲခဲ့ပါတယ်။

ကျွန်တော်တို့ရွာက ဘောလုံးအသင်း နှစ်သင်းထွက်တယ်။ ဘောလုံးသမား အယောက် ၅၀ ရှိတယ်။ ဒီလူတွေအတွက် အကျွေးအမွေးတာဝန်ကို ရွာမှာခွဲတန်းချတယ်။ မနက်စာ ညစာကျွေးပေါ့။ အဲဒီလိုလုပ်တော့ ရွာကလူတွေလည်း ၀မ်းသာကြတယ်။ အရင်ကနဲ့ ဘယ်လိုမှမတူအောင်ကို စည်းလုံးညီညွတ်လာကြတယ်။

ဒီညီညွတ်တာကိုမြင်ရတော့ ဒါကိုအကြောင်းပြုပြီး ရွာမှာ စာကြည့်တိုက်တစ်ခု တည်ထောင်စီစဉ်တယ်။ ဒါပေမဲ့ စာကြည့်တိုက် အဆောက်အအုံတော့ မရှိသေးဘူး။ ရန်ကုန်က စာအုပ်တွေ အလှူခံပြီး ရွာကိုပို့ပေးတယ်။ ပီနံအိတ်ကြီး လေးအိတ်လောက် ပို့လိုက်တယ်။ ဒါပေမဲ့ စာကြည့်တိုက်က မအောင်မြင်ခဲ့ဘူး။ စနစ်တကျ ထိန်းသိမ်းမယ့်လူမရှိတော့ ပျက်သွားတယ်။

အဲဒီလိုနဲ့ ၂၀၀၉ လောက်ကထင်တယ်။ မောင်ထွေးနဲ့ ဝေကျော်အောင်က ပျက်နေတဲ့ သင်းပုတ်ပြိန်တံတားကို ပြန်ပြင်ကြမယ်လို့ စီစဉ်ကြတယ်။ ဒီလိုလုပ်ဖို့အတွက် ရွာကလူတွေရဲ့ သဘောထားကိုလည်း စနည်းနာတဲ့ အနေနဲ့ပေါ့။ သူတို့ကစပြီး လုပ်ငန်းတစ်ခုကို အကောင်အထည်ဖော်ကြည့်တာပေါ့။ ကြီးကြီးမားမား အနှောင့်အယှက် ပြဿနာတစ်စုံတစ်ရာတော့ မရှိဘူး။ အောင်မြင်ခဲ့တယ်။

၂၀၀၄ ခုနှစ် စက်တင်ဘာလမှာ ကျွန်တော်ဂျပန်ကို လာခဲ့တယ်။ လာစကတော့ ကြွေးတစ်ပုံ မြေတစ်ပုံနဲ့ပေါ့။ ရွာကိုလည်း လှည့်မကြည့်နိုင်။ နောက်ပိုင်း ကြွေးတွေမြီတွေကျေပြီး နည်းနည်းပါးပါး အဆင်ပြေလာတဲ့အခါမှာတော့ မွေးရပ်မြေကို ပြန်ပြီးလှည့်ကြည့် ချင်လာတယ်။ မွေးရပ်မြေအတွက် ဘာလုပ်ရမလဲ။ ကျွန်တော် လုပ်နိုင်မယ့်ဟာကို အရင်လေ့လာကြည့်တယ်။ ကိုယ့်ဥာဏ်မီသလောက် တွေးကြည့်မိပြန်တော့လည်း မွေးရပ်မြေကို ဖွံ့ဖြိုးတိုးတက်အောင် တစ်ဖက်တစ်လမ်းက ကူညီဆောင်ရွက်ခြင်းဟာ မွေးရပ်မြေကို ကျေးဇူးဆပ်ခြင်းပဲလို့လည်း နားလည်လာတယ်။

“မွေးရပ်မြေမြတ် ကျေးဇူးဆပ်” ဆိုတဲ့စကားကို ဆရာတော်ကြီးတွေက တရားဟောတဲ့အခါမှာ ထည့်ထည့်ဟောတာကို တွေ့ရတယ်။ ပညာတတ်ကြီးတွေ ဆရာတော်ကြီးတွေလည်း မွေးရပ်မြေကို တတ်နိုင်တဲ့ဘက်က ဆောင်ရွက်ပြီး ကျေးဇူးဆပ်ကြတာကိုလည်း တွေ့ဖူးတယ်။ ဒါကိုကျွန်တော် အတော်လေး သဘောကျတယ်။ ဒါကြောင့် ရွာမှာကျောင်းဆရာ လုပ်နေတဲ့ ယောက်ဖချေကျော်လှဖြူကို ရွာမှာဘာလုပ်ရင်ကောင်းမလဲ။ ဘာလိုအပ်နေလဲဆိုပြီး လှမ်းမေးတယ်။ သူက ရွာကစာသင်ကျောင်း အခြေအနေကို ပြောပြတယ်။ စာသင်ကျောင်းက ဓနိမိုးကျောင်းတိုင်ကတော့ အုပ်ဖိနပ်ခံထားတယ်။ စာသင်ကျောင်းက သိပ်မကောင်းဘူး။ ဒါကို ပြုပြင်ဆောက်နိုင်ရင် ဒါမှမဟုတ် အသစ်ဆောက်နိုင်ရင် ကောင်းမယ်လို့ ဆိုတယ်။

ကျောင်းကိုပြင်မယ်။ အုတ်နံရံကပ်ကြမယ်ဆိုရင် ဘယ်ရွေ့ဘယ်မျှ ကုန်ကျမယ်လို့ သူကပြောပြတယ်။ ဒါဖြင့်ရင် မင်းငါ့ဆီကို ဓာတ်ပုံတွေပို့ဖို့ မှာလိုက်တယ်။ စာသင်ကျောင်း ဓာတ်ပုံရယ်၊ ပြီးတော့ မသာဇရပ်ဓာတ်ပုံ အပါအ၀င် ရွာဝန်းကျင်တစ်ခုလုံးက ပုံတွေပေါ့။ ရွာပတ်ပတ်လည်ကို ကြည့်ချင်တယ်။ ရွာကိုပြန်မရောက်တာလည်း ဆယ်စုနှစ်တစ်ခုနီးပါး ရှိပြီမဟုတ်လား။ ဓာတ်ပုံတွေ အများကြီးပို့ပေးလာကြတယ်။ ဒီအခါ ဘာကိုစလုပ်ရမလဲ၊ ဘာတွေကိုပြုပြင်ရမလဲဆိုတာကို သိလာတယ်။

ပြိုပျက်နေတဲ့ စာသင်ကျောင်းကို မြင်လာတော့ ဒါလုပ်ကိုလုပ်ရမယ်ဆိုတဲ့ စိတ်ဓာတ်ဖြစ်လာတယ်။ ဒါကြောင့် မလေးရှားနဲ့ ယိုးဒယားမှာရှိနေတဲ့လူတွေကို ဆက်သွယ်တယ်။ အခြေအနေ ဒီလိုရှိနေတယ်။ စာသင်ကျောင်းကို အရင်ဆုံးပြုပြင်ရမယ်။ ငါတို့အားလုံး ပူးပေါင်းဆောင်ရွက်ကြရအောင်ဆိုပြီး တိုက်တွန်းလှုံ့ဆော်တာပေါ့။ အဲဒီက စတာပေါ့။ အုတ်ဖုတ်မယ်ဆိုပြီး ပိုက်ဆံကောက်ကြတယ်။ ကျွန်တော်က အရင်ဆုံးစပြီး သုံးသိန်းလားတော့ မမှတ်မိတော့ဘူး။ မ,တည်ပေးလိုက်တယ်။ ယိုးဒယားနဲ့ မလေးရှားက လူတွေကလည်း တစ်သိန်းထည့်တဲ့လူ၊ ငါးသောင်းထည့်တဲ့လူ စသဖြင့် ထည့်ကြတယ်။

အုတ်ဖုတ်ဖို့ကိစ္စ ပြီးမြောက်သွားချိန်မှာ ရွာကလူကြီးတွေက အခုလက်ရှိစာသင်ကျောင်းက နေရာလည်းကျဉ်းတယ်။ ချောင်လည်းကျတယ်။ ဒါကြောင့် နေရာသစ်မှာ ပြောင်းဆောက်ရင် မကောင်းဘူးလားဆိုပြီး ဆွေးနွေးကြတယ်။ ပြောင်းရင်ကောင်းမယ်လို့ သဘောထားပေးကြတယ်။ ရွာထဲက စာသင်ကျောင်းမြေနေရာဟောင်းနဲ့ အသစ်ဆောက်တဲ့ ကျောင်းနေရာမြေကို လဲကြတယ်။ အဲဒီနှစ်မှာ စာသင်ကျောင်းဆောက်လုပ်ဖို့ ငွေရှစ်သိန်း၊ ကိုးသိန်းလောက် ထည့်ဝင်ခဲ့ကြတယ်။

စာသင်ကျောင်းတိုင် ထူပြီးတဲ့နောက်မှာ အမိုးမိုးဖို့သွပ်လိုတဲ့အတွက် ရန်ကုန်မှာရှိတဲ့ လူတွေကိုတစ်ခါ နှိုးဆော်ရပြန်တာပေါ့။ နိုင်ငံခြားရောက်နေသူတွေကိုချည်း အားမကိုးကြနဲ့။ ရန်ကုန်မှာရှိတဲ့လူတွေရော ရွာကလူတွေကလည်း ၀ိုင်းဝန်းပြီးလုပ်ကြ။ ထည့်ဝင်ကြလို့ ဆော်သြရတာပေါ့။ အဆောက်အအုံဖြစ်လာတော့ အစိုးရဆီကလည်း ထောက်ပံ့တဲ့ ပိုက်ဆံတွေ ဘာတွေရတယ်လို့ ကြားတယ်။ ပြောရရင် စာသင်ကျောင်းသစ် အောင်အောင်မြင်မြင် ဆောက်နိုင်ခဲ့တယ်ပေါ့။

အခုတော့ ဒီကျောင်းသစ်ကိုပဲတွဲဖက် အလယ်တန်းကျောင်းအဖြစ် ဆက်လက်မြှင့်တင်ပြီး ရှစ်တန်းထိ သင်ကြားပေးနေတယ်လို့ သိရတယ်။ ရွာပညာရေးနဲ့ ပတ်သက်လို့ အတန်အသင့် လုပ်ဆောင်ခဲ့ပြီးတဲ့နောက်မှာ ပညာရေးဘက်ကနေ အခြားဘက်ကို နည်းနည်းလှည့်လိုက်ကြတယ်။
ကျွန်တော်တို့အရပ်တွက လမ်းပန်းဆက်သွယ်ရေး ခက်ခဲတယ်။ လမ်းတစ်ခုဖောက်ကြရင် မကောင်းဘူးလားဆိုပြီး စဉ်းစားနေကြတဲ့အချိန်မှာ ဓမ္မသုခဆရာတော်ကြီးက လည်းရွာကိုကြလာချိန်နဲ့ တိုက်ဆိုင်နေခဲ့ တယ်။ ဆရာတော်ကို ရွာမှာ လမ်းဖောက်မယ့် အကြောင်း လျှောက်ထားကြွတော့ ဆရာတော်က ကောင်းတာပေါ့။ ငါလည်းထည့်ဝင် မယ်လို့ဆိုတယ်။ ဆရာတော်က တစ်သိန်း ကျွန်တော်က တစ်သိန်း၊ နေပြည်တော်မှာ ရောက်နေတဲ့ ကိုထွန်းနိုင်က တစ်သိန်း။ လမ်း ဖောက်ဖို့အတွက် လိပ်တင်သားတွေက တစ်သိန်းတစ်သိန်းစီ မတည်ထည့်ကြတယ်။

ကျောက်ကလေရွာနဲ့ လိပ်တင်ရွာကြားက လမ်းကိုဖောက်ကြတယ်။ ပထမတစ်ကြိမ်မှာ အကြမ်းတော့ပြီးသွားတယ်။
နောက် နှစ်နှစ်လောက်ကြာသွားတယ်။ အဲဒီအချိန်မှာ ကျောက်ကလေသားတွေက အမျိုးမျိုး အသံတွေထွက်လာတယ်။ လမ်းဖောက်တော့ မြေတွေပါကုန်တာလည်း ရှိတာပေါ့။ ဒါကို မနည်းရှင်းယူရတယ်။ မြို့နယ်စည်ပင်ကပါ လာရှင်းပေးရတယ် ကြားတယ်။ လမ်းအနေအထားလာပြီး သတ်မှတ်ပေးတယ်။ လမ်းအကြမ်းပြီးသွားတဲ့နောက်မှာ လမ်းကိုအချောဖြစ်အောင် စီစဉ်ကြမယ်ဆိုပြီး တစ်ခါလုပ်ရပြန်တာပေါ့။ ကိုယ်ထူကိုယ်ထ စနစ်နဲ့ ဆက်လုပ်ကြတယ်။ စက်ကြီးတွေ ငှားပြီး တောင်ကိုဖြိုကြတယ်။ တစ်ရက်ကို ရှစ်သိန်းပေးရတယ်။ သုံးရက်ဖြိုကြတယ်။

မက်စောက်နေတဲ့တောင်ကို သုံးရက်လောက် ဖြိုချလိုက်တော့ လမ်းကသွားလို့လာလို့ရအောင် အတော်လေး ပြေပြစ်လာတာကိုတွေ့ရတယ်။ ကားသွားလို့ရလာတယ်။ ထော်လာဂျီသွားလို့ ရလာတယ်။
ဒီလိုအခြေအနေတွေ တိုးတက်လာတာကို ဓမ္မသုခဆရာတော်ကြီးက မြင်တွေ့လာရတော့ လက်ရှိ ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးကျော်ခင်ကို အကူအညီတောင်းတယ်။ ဦးကျော်ခင်က သူတတ်နိုင်တဲ့ဘက်က ကူညီမယ်လို့ ဆရာတော်ကို ကတိပေးတယ်။ ဒါနဲ့စကားမစပ် ဗိုလ်ချုပ်မောင်လှဆိုတာ ကျွန်တော်တို့ရွာသား ဖြစ်ပါတယ်။ န၀တခေတ်က ဗိုလ်ချုပ်ပေါ့။ ဗိုလ်ချုပ်မောင်လှဟာ ဦးကျော်ခင်ရဲ့ဆရာလို့ ပြောကြတယ်။

ဦးကျော်ခင်ဟာ ဆရာတော်ကို ကတိပေးပြီးတဲ့နောက် သူကိုယ်တိုင် ကျွန်တော်တို့ရွာသို့ အရောက်လာခဲ့တယ်။ သူနဲ့အတူတပည့်တွေ အလုပ်သမားတွေ ပါလာခဲ့တယ်။ သူ့လူတွေကို ဦးကျော်ခင်က ဒါဟာ ငါ့ဆရာရဲ့ရွာ၊ ဒါကြောင့် ငါ့ဆရာကို ကျေးဇူးဆပ်တဲ့ အနေနဲ့ လမ်းကိုကောင်းအောင် လုပ်ပေးကြလို့ မှာခဲ့တယ်တဲ့။ အဲဒီလိုနဲ့ ရွာလမ်းဟာ အခုအချိန်မှာ ကျောက်ချောလမ်းအဆင့်ကို ရောက်သွားပြီပေါ့။
လမ်းကိစ္စ အတန်အသင့် ခရီးပေါက်ပြီးပြီဆိုတော့ ယဉ်ကျေးမှုသင်တန်းကိစ္စကို ကျွန်တော်က အသေအချာ စဉ်းစားတယ်။ တိုင်ပင်နေတာ သုံးနှစ်ရှိနေပြီ။ ကျွန်တော်ကလုပ်ဖို့ အားပေးတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ အရပ်ဒေသက ကလေးတွေက ယဉ်ကျေးမှု ဘာသာရပ်နဲ့ပတ်သက်ရင် အရမ်းအားနည်းကြတယ်။ ဒါကြောင့် ထင်ပါရဲ့။ မလေးရှားကို ရောက်နေကြတဲ့ လူငယ်တွေဟာ အချင်းချင်းသတ်နေကြတယ်။ ဒါတွေကို ကျွန်တော်က ပြောပြတယ်။

ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုရင် ဒါဟာဘာသာရေး အခြေခံအားနည်းလို့ပဲ။ ဒီလို ဖြစ်နေရတယ်ဆိုတာကို နားလည်အောင် လူငယ်တွေကို ပြောပြတယ်။ ရွာတွေဆိုတာကလည်း သိတဲ့အတိုင်းပဲ လုပ်ချင်တာပဲရှိတယ်။ ဘယ်လိုလုပ်ရမလဲ မသိဘူး။ ဟိုလိုလိုဒီလိုလိုနဲ့။ အချင်းချင်း စည်းရုံးလို့မရဘူး။ ရွာမှာကလည်း လမ်းကိစ္စမှာ တော်တော်လေးလည်း ပင်ပန်းကြတယ်။ ကိုယ်ထူကိုယ်ထဆိုတော့ လုပ်အားလည်း ပေးရတာကိုး။ တောင်ကိုလည်း ကိုယ်တွေကိုယ်တိုင်ပဲ ဖြိုခဲ့ရတယ်လေ။

မနှစ်က တကယ်ပဲ မဖြစ်ရဘူးလားဆိုပြီး ဗလာစာအုပ်တွေ ၀ယ်ပြီးပို့လိုက်တယ်။ ဖြစ်ပါစေဆိုပြီး ကျွန်တော်က စပေးခဲ့ပေမယ့်လည်း လူတွေက အလုပ်မအားကြတော့ မလုပ်ဖြစ်ကြဘူး။ ဒီနှစ်ကျတော့ ကျွန်တော့်တူတော်တဲ့ ဓမ္မသုခကျောင်းက စာချဘုန်းကြီး ဦးထေရာဝံသနဲ့ အလိုတော်ပြည့် ဓမ္မာစရိယတက္ကသိုလ်က စာချဘုန်းကြီး ဦးသာသနာလင်္ကာရတို့က ဆက်သွယ်လာတယ်။ ရွာမှာ ယဉ်ကျေးလိမ္မာ ဘာသာရေး သင်တန်းဖွင့်ချင်တဲ့အကြောင်း။ ဒီတော့ ကျွန်တော်က ဘယ်သူဦးဆောင် လုပ်မလဲဆိုတော့ သူတို့လုပ်ကြမယ်ဆိုလို့ အရှင်ဘုရားတို့ လိုအပ်တာကိုမိန့်ပါ။ တပည့်တော်ဖြစ်အောင် စီစဉ်ပေးမယ် ထောက်ပံ့ပေးမယ်လို့ ကတိပေးလိုက်တယ်။ လိုအပ်တာတချို့တော့ ပြည့်စုံနေပါပြီ။

ကျန်နေတာကတော့ ကလေးတွေကို ကျွေးဖို့မွေးဖို့ကိစ္စလောက်ပဲတဲ့။ မပူနဲ့၊ တပည့်တော် တာဝန်ထားလို့ ပြန်လျှောက်လိုက်တယ်။
ဒါနဲ့ အမေရိကန်မှာရောက်နေတဲ့ သူငယ်ချင်း လှဟန်ဒေါင်းကို ပြောပြတယ်။ သူက မင်းနဲ့ငါနဲ့ တစ်ဝက်စီခံပြီး လုပ်ကြရအောင်ဆိုပြီး ပြောလာတယ်။ ဒီကောင်က ရေနံဒွိန်သား။ ကျွန်တော့်ရွာနဲ့ ရွာနီးပါးနားပဲ။ သူလည်း ပရဟိတလုပ်ငန်း ၀ါသနာပါတယ်။ ဒီနှစ်ရွာမှာ ယဉ်ကျေးမှုသင်တန်းတစ်ခု အောင်အောင်မြင်မြင် ပြီးသွားခဲ့ပြီပေါ့။ နှစ်ဆန်းတစ်ရက်နေ့က ဆုပေးပွဲတွေ ဘာတွေလုပ်ကြတယ်။ အခုအချိန်မှာတော့ အရင်ကလို ရွာသားတွေ စိတ်ဝမ်းကွဲပြားမှု သိပ်မရှိတော့ဘဲ ညီညီညွတ်ညွတ်နဲ့ ရှိလာတာကိုတွေ့ရလို့ အရမ်းဝမ်းသာတယ်။

ကျွန်တော်နေတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ မိုင်ပေါင်းများစွာ ဝေးကွာတဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့က ကျွန်တော့်တပည့် ကိုဆန်းဝင်းရဲ့ ၀မ်းသာပီတိအပြည်နဲ့ ပြောလာတဲ့စကားတွေကို ကြားရတာ တပည့်အတွက် ကျွန်တော် အရမ်းကို ဂုဏ်ယူမိပါတယ်။ ထူးချွန်ထက်မြက်တဲ့ တပည့်အတွက် ရပ်ကျိုးရွာကျိုးကို ဆောင်ရွက်နိုင်စွမ်းရှိတဲ့ တပည့်တစ်ယောက်အကြောင်းကို ကြားသိရတာဟာ ဆရာ့အတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ ကျောက်ကောင်းတစ်ပွင့်ကို ရလိုက်သလိုပါပဲ။

တကယ်တော့ တိုင်းပြည်တို့၊ နိုင်ငံတို့ ဆိုတာဟာ ရွာတွေ၊ မြို့တွေကို စုပေါင်းထားတဲ့ နယ်မြေကြီးပဲ မဟုတ်လား။ ကိုယ်နဲ့ဆိုင်ရာဆိုင်ရာ ရွာတွေမြို့တွေကို တိုးတက်အောင် စည်ပင်ဖွံ့ဖြိုးအောင် ဒေသခံတွေက စေတနာကောင်းကောင်း ရည်ရွယ်ချက်ကောင်းကောင်းနဲ့ တည်ဆောက်ကြမယ်ဆိုရင် တိုင်းပြည်ကောင်းမှာမှာ မလွဲပါဘူး။ ကျွန်တော့်တပည့်ကို ကိုယ့်ရပ်ကိုယ့်ရွာ အကျိုးမှသည် ဒီထက်မက ကြီးမြတ်သော တိုင်းကျိုးပြည်ကျိုး နိုင်ငံအကျိုးကို ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်သော သားကောင်းရတနာ ဖြစ်ပါစေဟုသာ ရင်ထဲမှာ တိတ်တခိုး ဆုတောင်းနေမိပါတော့တယ်။

Writer: 
ဌေးဝင်း