ကမ္ဘာ၊ လူသားနဲ့ အနာဂတ်

ကဆုန်လပြည့်နေ့က ရွှေတိဂုံစေတီတော်သို့ ဘုရားဖူလာရောက်ကြသူများအား တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)

လူသားတို့သည် အမှန်တရားကိုသိအောင် ရှာကြံကြရမည်။ အမှန်တရားကိုသိလျှင် အမှားကို မည်သူမျှပြုကြတော့မည်မဟုတ်။

(ဆိုကရေးတီး)

ယခုလထုတ် သတင်းစာမှာ သိပ္ပံပညာရှင် စတီဖင်ဟော့ကင်းရဲ့ ကမ္ဘာကြီးနဲ့ လူသားမျိုးနွယ်တို့ အနာဂတ်အကြောင်း ဖတ်ရတယ်။ သူကကမ္ဘာမှာ မှီတင်းနေထိုင်ကြတဲ့ လူသားမျိုးနွယ်အတွက် လာမည့်အနာဂတ်ဟာ အလားအလာ မကောင်းတော့ဘူး။ စိုးရိမ်သောက ရောက်စရာတွေ၊ အန္တရာယ်တွေ ကြုံလာနိုင်တယ်။ ကမ္ဘာကြီးရဲ့ အနာဂတ်လူသားတွေမှာ နေချင်စရာမကောင်းတော့တဲ့ ကမ္ဘာကြီးကိုသာ ပိုင်ဆိုင်ရတော့မယ်။ လူသားတွေကို ပျော်ရွှင်ချမ်းသာမှုတွေ ပေးနိုင်တော့မှာ မဟုတ်ဘူး။ နှစ် (၁၀၀) အတွင်းမှာ ကမ္ဘာမြေကနေ ထွက်ခွာရှောင်ပြေးသင့်တယ်။ တစ်နေ့နေ့မှာ (Big Bang) မဟာစကြ၀ဠာ ပေါက်ကွဲမှုကြီး ဖြစ်လာနိုင်တယ်လို့ ဟောကိန်းထုတ်ကြောင်း ပါရှိလာတယ်။

သူကဆက်ပြောတယ်။ အနာဂတ် ရာစုနှစ်တွေမှာ လူသားမျိုးနွယ်တွေ ပျက်သုဉ်းသွားနိုင်တယ်။ (၁) ကောင်းကင်ကကျလာတဲ့ ဂြိုဟ်ပဲ့ကြီးများကြောင့်၊ (၂) ကူးစက်ရောဂါတွေကြောင့်၊ (၃) လူဦးရေအဆမတန်ထူထပ် သိပ်သည်းလာသောကြောင့်၊ (၄) ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့လတွေတုန်းကလည်း တစ်ခါဖတ်ရပါသေးတယ်။ သက်ရှိတွေ အစုလိုက် အပြုံလိုက် မျိုးသုဉ်းပျောက်ကွယ်မှု ဖြစ်စဉ်တစ်ရပ် မပေါ်ပေါက်မီ ကမ္ဘာဂြိုဟ်ပေါ်က လူသားတွေ အသက်ရှင်နေထိုင်ခွင့် ရရှိမယ့်အချိန်ဟာ နှစ်ပေါင်း (၁၀၀၀) ပင်မရှိတော့ဘူး။ ကမ္ဘာကြီးရဲ့ တိုးတက်ပြောင်းလဲလာသော နည်းပညာကြောင့် တစ်ကမ္ဘာလုံး အတိုင်းအတာအရ နိုင်ငံရေး၊ လူမှုရေး၊ မငြိမ်သက်မှုတွေ ဖြစ်လာနိုင်တယ်လို့လည်း ခန့်မှန်းချက်ထွက်ခဲ့ပါသေးတယ်။ သူပြောသလို ဖြစ်မဖြစ်ဆိုတာထက် လူသားတွေလက်ခံရမယ့် အချက်တွေတော့ ပါတယ်။ ရောဂါတွေ၊ လူဦးရေ ထူထပ်သိပ်သည်းတာတွေ၊ ရာသီဥတုပြောင်းတာနဲ့ နိုင်ငံရေး၊ လူမှုရေးမငြိမ်မသက် ဘောင်ဘင်ခတ်တာကတော့ လက်တွေ့ဖြစ်ပါတယ်။

ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီးရဲ့ ခန့်မှန်းတွက်ချက်မှု (ဟောကိန်း) နှစ်ခုကို ယှဉ်ထိုးလေ့လာကြည့်တဲ့အခါ နှစ်ပေါင်း (၁၀၀) နဲ့နှစ်ပေါင်း (၁၀၀၀) ဆိုတဲ့အရေအတွက် ကွာခြားနေပေမယ့် အနာဂတ်လူသားတွေအတွက် မျှော်လင့်ချက်မကောင်း၊ အနာဂတ်မလှတာတော့ တူညီနေတယ်။ ဒီတူညီချက်ကို ကြည့်ခြင်းအားဖြင့် စတီဖင်ဟော့ကင်းဟာ အနာဂတ်လူသားနွယ်တွေ ကြုံရဆုံရ ရင်ဆိုင်ရမယ့် ဒုက္ခတွေ၊ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေပေါ်မှာ အလွန်အမင်း စိုးရိမ်ပူပန်မှုရှိတယ်ဆိုတာ ထင်ရှားပါတယ်။ လူသားမျိုးနွယ်ဟာ ဘယ်လိုပင်ဖြစ်ဖြစ်၊ ဘယ်လိုကြောင့်ဖြစ်ဖြစ် အနာဂတ် (ရာစုနှစ်) မှာအန္တရာယ်ကြီးတွေ ကြုံရမယ်။ အသက်ရှင်ရပ်တည်ရေး ခက်ခဲမယ်။ တဖြည်းဖြည်းနဲ့လည်း နေချင်စရာ၊ ပျော်စရာမကောင်းတဲ့ လူသားတွေဖြစ်လာမယ် ဆိုတာကိုတော့ သူ့အနေနဲ့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချထားပုံ၊ တွက်ချက်သိရှိထား ပုံပေါ်ပါတယ်။

သူခန့်မှန်းတွက်ချက်ထားတဲ့ လူသားမျိုးနွယ် ပျောက်ကွယ်မယ့်အရေးမှာ ကောင်းကင်ကကျလာတဲ့ ဂြိုဟ်ပဲ့ကြီးတွေကြောင့်ကလွဲလို့ ကူးစက်ရောဂါတွေ၊ လူဦးရေများတာတွေ၊ ရာသီဥတုဖောက်ပြန်တာတွေ၊ နည်းပညာ ပြောင်းလဲမှုတွေကြောင့် လူသားနဲ့ကမ္ဘာကို ထိခိုက်စေမယ့်အရာတွေဟာ သဘာဝဖြစ်စဉ် (ကံတရား) ကြောင့်မဟုတ်ဘဲ လူသားတွေနဲ့သာ ပတ်သက်ဆက်နွှယ်နေတာကို တွေ့ရပါတယ်။ လူသားတို့ပြုခဲ့သမျှ ပြန်ခံစားရလို့ ကမ္ဘာနဲ့လူသားတွေ ထိခိုက်ပျက်စီးတာတော့ ဘာမှလုပ်လို့မရပါဘူး။ ဒါကတော့ ကမ္ဘာမြေနဲ့ လူသားသက်ရှိသတ္တ၀ါတွေရဲ့ ကံအကြောင်း သက်သက်သာဖြစ်ပါတယ်။

ကံတရား (သဘာဝဖြစ်စဉ်) ကြောင့်မဟုတ်တဲ့ အခြားအကြောင်းတွေကတော့ လူတွေပေါ်မှာ မူတည်ပါတယ်။ လူတွေရဲ့ ကံ၊ ဥာဏ်၊ ၀ီရိယရယ် ကိုယ်စိတ်နှလုံး အပြုအမူတွေကြောင့် ဖြစ်လာတဲ့ လောဘ၊ ဒေါသ၊ မောဟ အကျိုးဆက်တွေ ဖြစ်ပါတယ်။ အဓိကအချက်ဖြစ်တဲ့ လူဦးရေအဆမတန် များပြားထူထပ်လာတာဟာ အခြားအကြောင်းတရား လေးမျိုးစလုံးနဲ့ ဆက်စပ်ဖြစ်စေပါတယ်။ ရေမြင့်လို့ကြာတင့်သလို လူများလာလို့ လိုအပ်ချက်တွေ များလာတယ်။ လောဘ၊ ဒေါသ၊ မောဟတရားတွေ ထူထပ်လာတယ်။ ရောဂါတွေ၊ ရာသီဥတုပြောင်းလဲမှုတွေ၊ နည်းပညာ တိုးတက်ပြောင်းလဲမှုကြောင့် နိုင်ငံရေး၊ လူမှုရေး မငြိမ်သက်မှုတွေဟာလည်း လူဦးရေတိုးပွားနှုန်းနဲ့ ဆက်စပ်နေပါတယ်။ လူတစ်စုပူမှုရယ် ဆယ်ကုဋေဆိုတဲ့အတွက် လူသန်းပေါင်းထောင်ချီလာတဲ့အခါ အပူတွေက ကုဋေပေါင်း မရေမတွက်နိုင်အောင်ဖြစ်လာတယ်။ အဲဒီအပူတွေအားလုံးကို ခါးစည်းခံရတာက ဒီကမ္ဘာမြေပဲ ဖြစ်ပါတယ်။

လူတစ်ယောက် အသက်ရှင်ရပ်တည်ဖို့ ဘ၀တစ်သက်တာ လိုအပ်ချက်တွေ များစွာရှိတယ်။ ၀မ်းကကျွတ်လို့ လူ့လောကထဲရောက်တာနဲ့ ဦးစွာလုပ်ရတာက အသက်ရှူရတယ်။ အသက်ရှူတယ်ဆိုတာ ကမ္ဘာကြီးမှာရှိတဲ့ လေ (အောက်ဆီဂျင်) ကိုစတင်အသုံးပြုတာပဲဖြစ်တယ်။ လူတစ်ယောက် အသက်တစ်ခါရှူပြီးရင် လေပြန်ထုတ်တယ်။ အဲဒီလေထဲမှာ (ကာဗွန်ဒိုင်အောက်ဆိုက်) ပါတယ်။ ကမ္ဘာ့လေထုထဲမှာရှိတဲ့ အောက်ဆီဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုက် အချိုးအဆကို သက်မဲ့သစ်ပင်တွေက ချိန်ညှိပေးရတယ်။ သစ်ပင်တွေက ကာဗွန်ကိုစုပ်ယူ အသုံးချတယ်။ အောက်ဆီဂျင်ပြန်ထုတ်တယ်။ သစ်ပင်များရင် လေထုထဲမှာ အောက်ဆီဂျင်များမယ်။ သစ်ပင်နည်းရင် ကာဗွန်တွေများမယ်။ ကားတွေ၊ စက်ရုံတွေများရင်၊ မီးဖိုချောင်တွေများလာရင်လည်း ကာဗွန်တွေတိုးလာတယ်။ အောက်ဆီဂျင်နည်းပြီး ကာဗွန်အချိုးများလာရင် လေထုသန့်ရှင်းမှုအဆင့် လျော့ကျလာမယ်။ နောက်ဆုံးရှူရတဲ့လူတွေအတွက် အသက်ရှူမ၀၊ အသက်ရှူကျပ်လာမယ်။

အသက်ရှူပြီးရင် ဒုတိယလုပ်မှာက ငိုတယ်။ အစာတောင်းမယ်။ နို့တိုက်ရမယ်။ အဲဒီနို့ကို မိခင်ကထုတ်ပေးရတယ်။ ဒါမှမဟုတ်ရင်လည်း အစားထိုးနို့မှုန့်၊ နွားနို့စတာတွေ ကျွေးရမယ်။ မိခင်နို့ရဖို့အတွက် အမေက အစာစားရမယ်။ အာဟာရဖြစ်မှ နို့ထွက်မယ်။ မိခင်တစ်ယောက်ဟာ သာမန်လူတစ်ယောက်ထက် အစာအာဟာရ ပိုလိုတဲ့အတွက် အစာပိုစားရမယ်။ အစားအစာတွေဖြစ်တဲ့ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ဆန်စပါး၊ ဂျုံ စတာတွေက လေထဲက၊ ဓာတ်ခွဲခန်းထဲက ထုတ်ယူလို့ရတာမဟုတ်ဘူး။ ဓာတ်ခွဲခန်းကထုတ်တဲ့ ဆန်အတုဆိုတာကို စားလို့ရတာမဟုတ်ဘူး။ စားလို့ရတဲ့ ဆန်အစစ်ကို ကမ္ဘာမြေကြီးက ထုတ်လုပ်ပေးရတာ။ အသီးအနှံတွေကို မြေကြီးမှာစိုက်ရတယ်။ ရေလောင်းရတယ်။ အသားငါးအတွက်လည်း လိုအပ်တဲ့အစာကို ကမ္ဘာမြေနဲ့ရေက ထုတ်လုပ်ပံ့ပိုးပေးရတယ်။

လူတစ်ယောက် တစ်နေ့စာ၊ တစ်နှစ်စာ၊ တစ်သက်တာအတွက် လိုအပ်တဲ့စားရတဲ့ အစာအာဟာရဟာ နည်းနည်းနောနောမဟုတ်ဘူး။ တန်ပေါင်းများစွာ၊ ဂါလန်ပေါင်းများစွာ၊ အသက်ပေါင်းများစွာ လိုအပ်တယ်။ ဒါတွေကို ကမ္ဘာမြေကြီးနဲ့ ရေ၊ လေတို့က ထောက်ပံ့ပေးနေရတာဖြစ်တယ်။ ကမ္ဘာမှာ လူတွေများလာတာနဲ့အမျှ ကမ္ဘာမြေကြီးမှာ တာဝန်ပိုလာ၊ ပိလာပြီး ၀န်ထုပ်ဝန်ပိုး ကြီးလာမှာပဲဖြစ်တယ်။ လူနည်းရင် ကမ္ဘာကြီးအတွက် ၀န်ပေါ့မယ်။ ကမ္ဘာကြီးရဲ့ အဆီအနှစ်နဲ့ အရည်အသွေး လျော့နည်းပျက်စီးမှု နည်းလာမှာပဲဖြစ်တယ်။ ဒါကလူတစ်ယောက် လူသားတွေအတွက် ကမ္ဘာကြီးက ကျခံသုံးစွဲထောက်ပံ့ပေးနေရတာတွေ မပါသေးပါဘူး။

ကမ္ဘာကြီးရဲ့ လူသားဦးရေဟာလည်း လျော့သွားတယ်မရှိဘဲ အရှိန်အဟုန်ကြီးကြီးနဲ့ တိုးပွားနေတာပဲရှိတယ်။ ဘယ်လောက်မှ မကြာသေးတဲ့ကာလတွေမှာ ကြောက်ခမန်းလိလိ များပြားလာနေတယ်။ ဒါတောင်မှ တချို့နိုင်ငံ၊ တချို့အဖွဲ့အစည်းတွေက လူဦးရေထိန်းချုပ်ရေး၊ သားဆက်ခြားရေးအစီအစဉ်တွေ လုပ်နေကြသေးတယ်။ တစ်မိသားစုတစ်ယောက်တို့၊ တစ်လင်တစ်မယားစနစ်ဆိုတာတို့နဲ့ ကန့်သတ်တားဆီး ကာကွယ်နေကြသေးတယ်။ ဒါပေမဲ့ လက်တွေ့ပကတိစာရင်းတွေအရ လူဦးရေကို ထိန်းချုပ်လို့မရသေးဘူး။ မရနိုင်ဘူးဆိုတာ ပေါ်လွင်နေတယ်။ ဘာကြောင့်လဲဆိုတာ လေ့လာသင့်ကြပါတယ်။ လူသားမျိုးနွယ်တစ်ခုလုံးအတွက် နိုင်ငံအားလုံး၊ လူသားအားလုံးက ၀ိုင်းဝန်းပါဝင်ဆောင်ရွက်ကြမှ ဖြစ်သင့်တာ ပြင်သင့်တာပြင်ကြမှ ဖြစ်လိမ့်မယ်။ ထိန်းသူကထိန်းပေမယ့် မထိန်းသူကများနေရင် အောင်မြင်မှာမဟုတ်ပါဘူး။ စတီဖင်ဟော့ကင်း စိုးရိမ်သောကဖြစ်တဲ့အထဲမှာ ဒီအကြောင်းတရားပါပါတယ်။ တစ်ကမ္ဘာလုံးက ထိုအသိ၊ ထိုအတွေးနဲ့ ကမ္ဘာမြေကြီးကို တန်ဖိုးထားတတ်၊ ချစ်တတ်၊ ထိန်းသိမ်းတတ်ဖို့က အရေးကြီးလှပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ အဖွဲ့တွေက ထိုရည်မှန်းချက်မှာ အားလုံးပါဝင်နိုင်အောင်၊ ပါဝင်လာအောင် နည်းလမ်း၊ အကြံတွေ ဖော်ထုတ်ရမှာပဲဖြစ်တယ်။

စားစရာရှိတာစားပြီး ရှင်သန်နေတဲ့လူတစ်ယောက်အတွက် နေစရာဆိုတာ လိုလာတယ်။ နေဖို့အတွက် အဆောက်အအုံတွေလိုတယ်။ သစ်သားအိမ်ဆိုရင် သစ်ပင်တွေ ခုတ်ပြီးသုံးရမယ်။ သစ်ရွက် (၀ါး၊ ဓနိ၊ သက်ကယ်) တွေမိုးရမယ်။ ကာရမယ်၊ ခင်းရမယ်။ ဒါတွေအားလုံးဟာ ကမ္ဘာမြေ ကမ္ဘာ့သစ်ပင်တွေက ထုတ်ပေးမယ်။ တိုက်အိမ်ဆိုရင် အဓိကမြေကြီးပေးရတယ်။ အုတ်ပါရတယ်။ ဘိလပ်မြေလုပ်ဖို့ ထုံးကျောက်တွေပေးရတယ်။ လျှပ်စစ်တွေပေးရတယ်။ သဲကျောက်စရစ်ပေးရတယ်။ သံချောင်းတွေ၊ ပလပ်စတစ်တွေ၊ မှန်တွေ၊ စတီးတွေ အားလုံးဟာလည်း အာကာသနဲ့ တခြားကမ္ဘာကရတာ မဟုတ်ဘူး။ ဒီကမ္ဘာမြေဆီကနေပဲ ထုတ်ယူသုံးစွဲရတာ ဖြစ်ပါတယ်။

စားဖို့၊ နေဖို့ပြီးသွားပြန်တော့ ဒီမှာတင်ရပ်နေတာ မဟုတ်ပြန်ဘူး။ ခေါင်းစဉ်မျိုးစုံအတွက် ကမ္ဘာမြေဆီကနေ တောင်းယူထုတ်ယူနေတုန်းပဲဖြစ်တယ်။ လူ့အသုံးအဆောင်ပစ္စည်းတွေ၊ လက်ဝတ်တန်ဆာတွေအတွက် ဂုဏ်တု၊ ဂုဏ်ပြိုင်ကြွားကြဖို့အတွက် လိုလာပြန်တယ်။ မော်တော်ကား အကြီးအငယ်တွေ၊ မီးရထား၊ လေယာဉ်ပျံ၊ သင်္ဘောတွေအတွက် လိုအပ်တဲ့ ဆီ၊ တာယာ၊ ပစ္စည်းပစ္စယတွေ ကုန်ကြမ်းတွေကို အပြိုင်အဆိုင် အလုအယက် ကမ္ဘာမြေဆီကပဲ ယူကြတယ်။ ကြာလာတော့ ကမ္ဘာမြေကြီးခမျာ စိုက်ထည့်၊ ပြန်ဖြည့်ရတာ အလျင်မမီတော့ဘူး။ ပြန်လည်ပြည့်ဖြိုးမြဲဆိုတဲ့ သဘာဝစီမံချက်လည်း အနုတ်ပြလာတယ်။ အလျော့တွက်ပြလာတယ်။
လူတွေများပြား သိပ်သည်းလာတဲ့အတွက် လိုအပ်ချက်ကြီးမားလာတာတွေကို နည်းမျိုးစုံနဲ့ ဖြည့်ဆည်းဖို့ ကြိုးစားကြတယ်။ အသီးအနှံတွေကို မြန်မြန်သီး၊ မြန်မြန်ကြီး၊ မြန်မြန်မှည့်၊ ပိုပိုကြီး၊ ပိုပိုထွက်အောင် သမားရိုးကျမဟုတ်တဲ့ နည်းပညာတွေနဲ့ ဖန်တီးကြရတယ်။ သားငါးတွေဆိုရင်လည်း အစာရေစာတွေ ဆေးဝါးတွေထည့်စပ်ပြီး မြန်မြန်ကြီး မြန်မြန်စားလို့ရအောင် လုပ်ကြတယ်။ အဲဒီလိုလုပ်ငန်းနဲ့ သဘာဝအစားအစာတွေ ရှားပါးလာတယ်။ ၀ိသမလောဘကြောင့်လည်း စစ်မှန်စိတ်ချ အကျိုးများတဲ့ အစားအစာတွေ ရှားပါးလာတယ်။ ဒါတွေစားပြီး အသက်ရှင်ရတဲ့လူတွေမှာ ကိုယ်ခံစွမ်းအားတွေ ကျဆင်းလာတယ်။ ရောဂါဘယတွေ များလာတယ်။ ဈေးကွက် (စားမယ့်သူ) လိုအပ်ချက်ကြီးလေ သမားရိုးကျနဲ့ သဘာဝအစစ်တွေ နည်းလာမှာပဲဖြစ်တယ်။ လူတွေက ဖြတ်လမ်း၊ တိုးလမ်းကိုသာ လိုက်ကြမှာပဲဖြစ်တယ်။

စတီဖင်ဟော့ကင်း ပြောတဲ့အကြောင်းတွေကြောင့် နေချင်စရာမကောင်း၊ ပျော်စရာမကောင်းတဲ့ လူ့ကမ္ဘာမြေဖြစ်တာနိုင်တယ် ဆိုတာကတော့ မှန်နိုင်၊ ဖြစ်နိုင်ပါတယ်။ လူသားမျိုးနွယ် ပျက်သုဉ်းဖို့ဆိုတာကတော့ တွေးဆထောက်ချင့်စရာ အယူအဆများစွာ အကြောင်းများစွာ ရှိနေပါသေးတယ်။ ဗုဒ္ဓဘာသာအရ ကမ္ဘာကြီးပျက်ခြင်း သုံးမျိုးရှိပါတယ်။ မီးကြောင့်၊ ရေကြောင့်၊ လေကြောင့်ပျက်ခြင်းဖြစ်ပါတယ်။ စကြ၀ဠာမှာ နေတစ်စင်းသာရှိရာကနေ နေခုနစ်စင်းအထိ ဖြစ်လာမယ်။ အာကာသထဲမှာရှိတဲ့ အခြားဂြိုဟ် အစိုင်အခဲကြီးတွေရဲ့ ဓာတ်သဘာဝ ဖွဲ့စည်းပုံဖောက်ပြန်ပြောင်းလဲပြီး နေအဖြစ်ကိုရောက်လာမယ်။ ဒီအခါမှာ မီးကြောင့်ပျက်မယ်။ မီးကြောင့် ခုနစ်ကြိမ်ပျက်ပြီးရင် ရေကြောင့်တစ်ကြိမ်ပျက်မယ်။ အဲဒီလိုပျက်ခြင်း (၆၄) ကြိမ်မြောက်မှာ လေကြောင့် တစ်ကြိမ်ပျက်မယ်လို့ပါတယ်။ စတီဖင်ဟော့ ကင်းရဲ့လူသားမျိုးနွယ် ပျက်သုဉ်းခြင်းဟောကိန်းမှာ ကမ္ဘာပျက်ခြင်းမပါပါဘူး။ လူသားမျိုးနွယ်တွေရဲ့ အသက်ရှင်ခြင်းဆိုတာက ဓာတ်ကြီးလေးပါး (ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယော) နဲ့တည်ဆောက်ပြီး ကံစိတ်ဥတု အာဟာရပေါ် မူတည်နေပါတယ်။ ဒီအကြောင်းတရားတွေကတော့ ဖောက်ပြန်ပျက်စီးလာနေပါတယ်။

လူတို့ရဲ့အသက်အပိုင်းခြား (သက်တမ်း) ကိုအာယုကပ်လို့ခေါ်တယ်။ အနည်းဆုံး ဆယ်နှစ်ကနေ အသင်္ချေထိ အသင်္ချေကနေ ဆယ်နှစ်ထိရှိပါတယ်။ လူတို့ရဲ့သက်တမ်းဟာ လောဘ၊ ဒေါသ၊ မောဟတို့နဲ့ ပြောင်းပြန်အချိုးကျတယ်။ သီလအကျိုးက အသက်ရှည်ခြင်းကို ကျေးဇူးပြုပါတယ်။ လောဘ၊ ဒေါသ၊ မောဟတွေ ထူပြောရင် သက်တမ်းက ဆုတ်ယုတ်လာတယ်။ လောဘ၊ ဒေါသ၊ မောဟနည်းပါးရင် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာစတဲ့ ဗြဟ္မစိုရ်တရားတွေ ထွန်းကားလာပြီး လူ့သက်တမ်းပိုရှည်လာမယ်။ စတီဖင်ဟော့ကင်းရဲ့ တွက်ချက်မှုတွေဖြစ်သော လူသားမျိုးသုဉ်းမှုဖြစ်စဉ်မှာပါတဲ့ ရောဂါတွေ၊ လူများတာတွေ၊ ရာသီဥတုတွေ၊ နိုင်ငံရေး၊ လူမှုရေးမငြိမ်သက်မှုတွေက သဘာဝတရားကြောင့်မဟုတ်ဘဲ လူတို့ရဲ့ လောဘ၊ ဒေါသ၊ မောဟတို့ကြောင့် ဆက်စပ်ဖြစ်ပေါ် ပြောင်းလဲတာဖြစ်ပါတယ်။ ဒါကြောင့် သူပြောသလိုမဖြစ်ဖို့၊ မမှန်ဖို့ဆိုရင်တော့ ကမ္ဘာလူသားတွေဟာ လောဘ၊ ဒေါသ၊ မောဟတရားတွေ လျှော့ချ၊ ပါးကြမှ ဖြစ်ပါလိမ့်မယ်။

Writer: 
သန်းထိုက် (သာကေတ)