မိမိကိုယ်မိမိ နေ့စဉ်စိစစ်ပါ

တောင်ကြီး မိုးကုတ်တရားရိပ်သာတွင် သင်္ကြန်ကာလအတွင်း တရားအားထုတ်နေသူများကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သာ)

ငါ၌ တရားရှိမရှိ။

ငါသိတာ မှန်မမှန်။

ငါကြံတာ ဟုတ်မဟုတ်။

ငါလုပ်တာ လျော်မလျော်။

ငါသူတော်ကောင်း မကောင်း။

အကြောင်းနှင့်တကွ နေ့စဉ်စိစစ်ပါ။

(သတ္တမ ကျော်အောင်စံထားဆရာတော်၏ သြ၀ါဒ)

သတ္တမ ကျော်အောင်စံထား ဆရာတော်ကြီး၏ မိမိကိုယ်မိမိ စိစစ်စူးစမ်းဖို့ အခြေခံငါးချက်သည် နေ့တိုင်းဆောင်ရွက်ရန်လို၏။ ဘာကြောင့်လိုသနည်း။ အစဉ်အမြဲ စိစစ်စဉ်းစားစူးစမ်းနေရန် သတိထားနေရသောကြောင့်ပင်။

သတိထားရန် သတိရှိရ၏။ သတိရှိအောင် သတိကိုအမြဲမပြတ် မိမိမှာရှိနေရအောင် ပွားများကျင့်ပြုလုပ်ရ၏။ အကျင့်မလုပ်ဘဲ လွှတ်ထားလိုက်သည်နှင့် သတိသည် ပျောက်ဆုံးသွား၏။ သတိစွဲမြဲနေအောင် သတိဆောင်ထားနိုင်အောင် သတိရှိနေရန် အမြဲမပြတ် လေ့ကျင့်ပေးဖို့လို၏။

ငါ၌ တရားရှိမရှိ

တိတိကျကျ စူးစမ်းလေ့လာသည့်အခါ ချွတ်ယွင်းချက်၊ အားနည်းချက်၊ မေ့လျော့ ပေါ့ဆချက်တို့သည် ထွက်ပေါ်လာ၏။ စာရင်းချ ရေတွက်ကြည့်သောအခါ မိမိကိုယ်မိမိ မိမိမှာဤမျှအားနည်း ချွတ်ခြံကျနေသည်ကို ထိတ်လန့်တုန်လှုပ်ရလောက်သည်ထိ တွေ့ရှိလာ၏။ သတိကင်းမဲ့နေသည့်အချိန် တိတိကျကျ သတိမပြုမိသည့်အချိန်တွင် လေမှာလွင့်ပါလာသော ချေး (ဂျီး) တို့မိမိကိုယ်တွင်း တစ်စတစ်စ ကပ်ငြိသွားသည်ကိုပင် သတိမပြုနိုင်သကဲ့သို့ အမှန်တကယ် ရှာဖွေလေ့လာ စူးစမ်းကြည့်မှသာ သိရှိရ၏။

ပညာရှင်တွေကတော့ မိမိကိုယ်ကိုယ် စစ်ဆေးခြင်းသည် မိမိကိုယ်ကိုယ် ဂရုစိုက်ခြင်း၊ အလေးထားခြင်းဟု ထောက်ညွှန်ပြသကြ၏။ စင်စစ် မိမိကိုယ်ကိုယ် စိစစ်လေ့လာ သတိထားခြင်းသည် မိမိကိုယ်မိမိ ချစ်ခြင်းမည်၏။

တကယ်ချစ်ပါ

မိမိကိုယ်ကိုယ် ဂရုစိုက်ခြင်းသည် မိမိကိုယ်ကိုယ် မိမိအထူးလေးစားခြင်းပင်။ လေးစားခြင်းကြောင့် ဂရုစိုက်၏။ ဂရုစိုက်ခြင်းသည် ချစ်ခြင်းမည်၏။ မိမိကိုယ်ကိုယ် ချစ်မြတ်နိုးခြင်းသည် ကောင်းမှုဖြစ်၍ သူတစ်ပါးကိုလည်း ပွားများကမ်းလင့်နိုင်၏။

မိမိမိတ်ဆွေ မောင်မြက သူထံသို့ နက်ဖြန်နံနက်လာရန် ချိန်းဆို၏။ ထိုသွားရမည့် နံနက်တွင် မိမိခေါင်းမူးနေ၏။ မအီမသာ ဖြစ်နေ၏။ သွားချင်စိတ်မရှိ။ လဲလျောင်းနေချင်၏။ ထိုအချိန် မောင်မြထံသို့ လက်ကိုင်ဖုန်းဖြင့် အကြောင်းကြားရ၏။ မျှော်လင့်နေသော မောင်မြသည် မိမိလာမည်ကို စောင့်စားနေရာ မိမိမလာမှန်းသိ၍ မိမိနှင့်တိုင်ပင် နှီးနှောမည့်ကိစ္စကို ပယ်ဖျက်လိုက်ရ၏။ မိမိနှင့် မောင်မြတို့ အကျိုးတူပြုလုပ်ရန် မောင်မြစီစဉ်ထားမှုသည် မိမိ၏ပျက်ကွက်မှု၊ မလာရောက်နိုင်မှုကြောင့် ပယ်ဖျက်လိုက်ရ၏။

စင်စစ် အသေးအဖွဲမျှဖြစ်သော ခေါင်းမူးခေါင်းကိုက် ရောဂါကြောင့် မိမိအတွက် အကျိုးတူကိစ္စတစ်ရပ် စွန့်လွှတ်လိုက်ရခြင်းပင်။ သေသေချာချာ ချိန်းထားပါလျက် ခေါင်းမူးခေါင်းကိုက်သည်ဆိုကာ မလာရောက်ခြင်းအပေါ် မောင်မြစိတ်ထဲမှာ မိမိအပေါ် အထင်သေးစရာလို ဖြစ်သွား၏။

နောက်တစ်ကြိမ် မောင်မြချိန်းပြန်၏ မိမိမှာမောင်မြချိန်းသော အချိန်တွင် ရုတ်တရက် အရေးပေါ်ကိစ္စတစ်ခု ပေါ်လာ၍ ဖျက်လိုက်ရပြန်၏။ မောင်မြစိတ်ထဲတွင် အချိန်းအချက်ကို မလေးစားသူအဖြစ် မိမိအပေါ် အထင်အမြင်မှားသွားလေပြီ။ မိမိအပေါ် ယုံကြည်စိတ်ချမှု လျော့နည်းသွားလေပြီ။

စင်စစ်ကတိမတည်အောင် အသေးအဖွဲရောဂါ ခေါင်းမူး၊ ခေါင်းကိုက်ဝင်မှု၊ အရေးပေါ်ကိစ္စပေါ်မှုတို့သည် စင်စစ်နှစ်ကြိမ်တွင် တစ်ကြိမ်တော့ တည်သင့်၏။ မိမိမတည်။ မိမိဘက်မှ ပျက်ကွက်မှု အမှန်ဖြစ်နေပြီ။ တတိယအကြိမ် မမျှော်လင့်ဘဲ ထပ်မံပျက်ကွက်ပါက မိမိသည် ယုံကြည်ထိုက်သူ မဟုတ်တော့ပြီ။ ယုံကြည်ထိုက်သူ မိမိမဟုတ်မှန်း မိမိကိုယ်မိမိ အမှန်တကယ်သိဖို့ ပထမအရေးကြီးလေသည်။ မိမိမှာ တစ်ပါးသူ၏ ယုံကြည်ထိုက်မှုမရှိခြင်းသည်ပင် မိမိမှာတရားရှိမရှိကို အဖြေထုတ်ယူနိုင်၏။

မိမိက မိမိကိုယ်မိမိ လေ့လာသုံးသပ်စိစစ်ခြင်း ပေါ့လျော့လျက် မိမိကိုယ်မိမိ စစ်ဆေးခြင်းမရှိလျှင် မိမိမှာ တရားရှိနေသည်ဟုသာ မှတ်ထင်နေပေလိမ့်မည်။ တကယ်တိတိကျကျ မိမိကိုယ်မိမိ စိစစ်ကြည့်သောအခါတွင် မိမိပျက်ကွက်မှုကြောင့် ပေါ်ပေါက်လာသော တရားမရှိမှု၊ တရားရှိဟန်ထင်မှတ်ရမှုကို တွေ့လာရ၏။ ယင်းသည် စိစစ်မှု၏ အကျိုးပင်။

ငါသိတာ မှန်မမှန်

ရုတ်တရက် အမှန်ဟုတင်မှုတို့သည် နေရာတကာမှာရှိ၏။ ထမင်းစားပြီး ဆေးလိပ်ဖွာလိုက်ရသည်ကို ဟုတ်သလိုလိုထင်၏။ အရက်ကလေး တစ်ပက်နှစ်ပက်သောက်ပြီး ထမင်းစားကောင်းသည်ကို အမှန်ဟုထင်၏။ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေ၏။ အဆုတ်နာဖြစ်နိုင်၏။ ကင်ဆာကဲ့သို့ ရောဂါများရနိုင်၏။ ဆေးလိပ်စွဲသွားလျှင် ဖြတ်ဖို့အခက်အခဲရှိလာကာ ရောဂါပိုဆိုးအောင် လုပ်ရာရောက်၏။

အလားတူ အရက်သောက်ခြင်းသည်လည်း ရောဂါရ၊ ငွေကုန်ရ၊ သတိပျောက်နိုင်၍ မှောက်မှားမှုနှင့် အပြောမှားမှုဖြစ်စေ၍ အရက်သောက်ခြင်းသည်လည်း မှား၏။ ဤဆေးလိပ်နှင့် အရက်သောက်မှုတို့ မှားနေမှန်းကို စိစစ်သုံးသပ်မှ အမှန်ကိုမိမိသိ၏။ ဆေးလိပ်သောက်လျက် ဘိန်းမှိန်းသလို မှိန်းခြင်းနှင့် စားကောင်းသောက်ကောင်းဖို့ဆိုကာ အရက်သောက်ခြင်းတို့၏ အမှားကို အချိန်မီသိရှိ ပြုပြင်ခြင်းမရှိပါက မိမိအိမ်ထောင်မှာ စရိတ်ပိုကုန်လာခြင်းနှင့် မိမိ၏ကျန်းမာရေး ထိခိုက်လာခြင်းတို့ကို မလေ့လာမသုံးသပ်လျှင် မသိ၊ မရှိ ဟုတ်ယောင်နိုး ဆက်လုပ်နေမည်။ အမှန်တကယ် သုံးသပ်လျက် အမှားမြင် ဆင်ခြင်လိုက်လျှင် ငါသိတာမှန်မမှန်ကို ဧကန်သိလာမည်။ ဧကန်သိလာမှသာလျှင် ရှောင်ရှားနိုင်မည်ဖြစ်၏။

ငါလုပ်တာ လျော်မလျော်

အမှုမဲ့အမှတ်မဲ့နေသူသည် အကန်းနှင့်တူ၏။ မမြင်မစမ်း ဘ၀င်မြှင့် ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီဟု ထင်တတ်၏။ လျော်ကန်သည်ထင်ကာ တစ်စုံတစ်ယောက် သို့မဟုတ် အများနှင့် စကားပြောသည့်အခါ မိမိဘက်က လျော်ကန်သည် မှတ်လျက်အထင်ဖြင့် ငြင်းခုန်၏။ ဒေါသဖြင့် နင်ပဲငဆပြော၏။ တစ်ဖက်သား နစ်နာအောင် တစ်တစ်ခွခွပြော၏။ ယင်းတို့သည် ငါလုပ်တာ လျော်မလျော် သုံးသပ်ဆင်ခြင်မှု မပြနိုင်ခြင်းတို့ပင်။

သတင်းစာပါ သတင်းတစ်ပုဒ်ကို ကြည့်လျက် မိမိ၏တစ်ဖက်သတ်အမြင်ဖြင့် မလျော်မကန်ပြော၏။ မိမိ၏မှားယွင်းချွတ်ချော်မှုကို သတိမမူဘဲ အလွန်အကျွံ ဆိုးဆိုးရွားရွား ဝေဖန်၏။ မျှတချောမွေ့ခြင်းမရှိ၍ လူအများရွံ့ရှာ၏။ မုန်းတီး၏။ ယင်းသည် ငါလုပ်တာ ငါပြောတာ၊ ငါဝေဖန်တာ၊ ငါကောက်ချက်ဆွဲတာ ငါမစဉ်းစား မဆင်ခြင်တာ လျော်မလျော် မဆင်ခြင်မှု၏ အမှားပင်။

ငါလုပ်တာ လျော်မလျော်ကိုမလုပ်မီ အပြန်ပြန်အလှန်လှန် စဉ်းစားခြင်းမလုပ်မီ မပြောမီ မျှတစွာစဉ်းစားသုံးသပ်ခြင်း စာနာစိတ်ဖြင့် တစ်ဖက်သားအပေါ် ထိခိုက်နစ်နာမှုမရှိအောင် စောင့်စည်းခြင်းတို့သည် ငါလုပ်တာ လျော်မလျော်ကောင်းစွာ ကျင့်သုံးခြင်းပင်ဖြစ်၏။ ယင်းကို လက်ကိုင်ထားကာ သတိပွားများအပ်၏။

ဖြတ်သွားသော မိန်းကလေးသည် ရုပ်ရည်ချော၏။ မိမိဇနီးထက်သာ၏။ လှ၏။ စွဲမက်ဖွယ်ကောင်း၏။ ယင်းမိန်းမချောအပေါ် ငါ့ဇနီးဖြစ်လျှင် သိပ်ကောင်းမှာပဲဟူသောစိတ်ဖြင့် ပြစ်မှားခြင်းသည် စင်စစ်အကုသိုလ်မှုပင်။ မပြုထိုက်သော အမိုက်အမှားပင်။

ကိလေသာစိတ်၏ လှုံ့ဆော်မှုကြောင့် အကုသိုလ်စိတ်ကကြွ၏။ ရွ၏။ ထ၏။ မကောင်းမှန်းသိလျှင် ဆင်ခြင်ရ၏။ စိတ်မိုက်စိတ်ရိုင်းကို ဖယ်ရှင်းစွန့်ပစ်ရ၏။ ထိုအခါ စိတ်ကောင်းဝင်လာ၏။ စိတ်သည် ကြည်လင်သန့်စင်လာ၏။ ကုသိုလ်စိတ်သည် အားကောင်းလာ၏။ သတိရှိမှုကြောင့်ပင်။

ဘဏ်မှာ ငွေကြေးမြောက်များစွာကိုမြင်၏။ တွေ့၏။ ငါဒီငွေရလိုက်ရင် သိပ်ကောင်းမှာပဲဟု စိတ်ဖြင့် လောဘထွက်၏။ တစ်ဆင့်တက်၍ မတရားရယူစိတ်ဖြင့် ဆိုးစိတ်တို့ ယိုဖိတ်လာ၏။ ယင်းတို့သည် မလျော်ကန်ပါ။ သူတော်ကောင်းတို့ မပြစ်မှားအပ်မှုတို့ပင်။ ရှောင်ရ၏။ စိတ်ဖြင့်ပင် မပြစ်မှားရပေ။ ရှောင်ခြင်းသည် ငါသူတော်ကောင်းဖြစ်လျက် မရှောင်ခြင်းက သူတော်မကောင်းမှုအပေါ် မိမိတိမ်းညွတ်ခြင်းပင်။

သတိသမ္ပဇဉ်ဥာဏ်ဖြင့်ယှဉ်၍ ဆင်ခြင်စဉ်းစားပွားများနေမည်ဆိုပါက ကုသိုလ်စိတ်သာ သက်ရောက်လျက် အကုသိုလ်စိတ်တို့ ရောက်ရှိမလာပါ။ သူတော်ကောင်းရန် သူတော်ကောင်းစိတ် ပွားများရ၏။ သို့မှသာ ကုသိုလ်စိတ် အလျင်းအစဉ်ပွားများ နိုင်ပေလိမ့်မည်ဖြစ်၏။

ယင်းကြောင့် သတ္တမကျော်အောင်စံထား ဆရာတော်ဘုရားကြီး၏ ငါ၌တရားရှိမရှိ။ ငါသိတာမှန်မမှန် ငါကြံတာဟုတ်မဟုတ် ငါလုပ်တာ လျော်မလျော်။ ငါ သူတော် ကောင်းမကောင်းကို အကြောင်းနှင့်တကွ နေ့စဉ် စိစစ်ခြင်းအားဖြင့်

(က) မိမိယခုရရှိသော လူဘ၀သည် အကုသိုလ်ကင်းမည်။

(ခ) မိမိဘ၀ကို ဖောက်လွဲဖောက်ပြန် မဖြစ်အောင် တားဆီးနိုင်မည်။

(ဂ) မိမိတွင် ကုသိုလ်စိတ် အစဉ်ရှိနေ၍ အစစအရာရာ လွဲမှားမှုကို တားဆီးနိုင်မည်ဖြစ်ရာ ကောင်းကောင်းနေချင် ကောင်းကောင်းနေသော ယင်းကျင့်ထုံးကို နှလုံးမူလျက် သွားသတိလာသတိ စားသတိဖြင့် ကောင်းမှုမြတ်နိုး ကောင်းအောင်ပျိုးလျက် ကောင်းကျိုးကိုယ်၌ တည်ကြစေရန် ရည်သန်ဆောင်ရွက်နိုင်ကြမည် ဖြစ်ပါပေသတည်း။

Writer: 
မြေနီသစ္စာ