ဦးနှောက်နှင့် ကိုယ်လက်လှုပ်ရှားခြင်း

လားရှိုးမြို့၌ မတ်လအတွင်းက ပြုလုပ်သော ကလေးစာပေပွဲတော်တွင် ကလေးငယ်များ ပျော်ရွှင်စွာ ကစားနေကြစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)

ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာဝင်ဒီဆူဇူကီက အသက် ၄၀ ပတ်ဝန်းကျင်အရွယ်မှာ သူမရဲ့ဘ၀ကို ပြောင်းလဲဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီအချိန်မှာ သူမက နယူးရောက်တက္ကသိုလ်မှာ လက်ထောက်ပါမောက္ခ ဖြစ်နေပါပြီ။ တစ်နိုင်ငံလုံးက အသက် ၄၀ အောက်က အထူးချွန်ဆုံး သုတေသနပညာရှင်တွေကိုပေးတဲ့ ဆုတစ်ခုကိုလည်း ရရှိထားပါတယ်။ သူမက ပညာရပ်ဆိုင်ရာဘက်မှာ အလွန်အောင်မြင်နေသူတစ်ဦး ဖြစ်ပေမယ့် သူမရဲ့ခန္ဓာကိုယ်က ရှိသင့်တဲ့အလေးချိန်ထက် ပေါင် ၂၀ ကျော်ပိုများနေပါတယ်။ ဒါ့အပြင် သူမပါဝင်ခဲ့တဲ့ ပီရူးနိုင်ငံက မြစ်ထဲလှေငယ်အပျော်စီးတဲ့ ခရီးစဉ်တစ်ခုမှာ သူမကအားမရှိဆုံးသူ ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ ပါဝင်သူတွေထဲမှာ ၁၆ နှစ်အရွယ်တွေရှိသလို ၆၀ ကျော်တွေလည်း ရှိပါတယ်။ သူတို့တစ်တွေက သူမထက် ပိုမိုသန်စွမ်းနေကြောင်း တွေ့ရှိရတဲ့အခါ သူမက ကျန်းမာသန်စွမ်းဖို့ တစ်ခုခုလုပ်မှဖြစ်တော့မယ်လို့ စဉ်းစားဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီနောက်မှာ သူမကအနီးဆုံးမှာရှိတဲ့ အားကစားခန်းမကိုသွားပြီး သင်တန်းတစ်ခုမှာ စာရင်းသွင်း တက်ရောက်ခဲ့ပါတယ်။ အရင်က အားကစားသင်တန်းတွေ တက်ခဲ့ဖူးပေမယ့် ရေရှည်တက်ဖို့ ကြိုးစားလို့မရခဲ့ပါဘူး။ ဒီတစ်ကြိမ်မှာတော့ သူမတက်ခဲ့တဲ့ သင်တန်းက သူမကို အဲဒီသင်တန်းကို မသွားရမနေနိုင်အောင် ဆွဲဆောင်နေခဲ့တာမို့ ရေရှည်တက်ဖြစ်ခဲ့ပါတယ်။

သူမတက်ခဲ့တဲ့ သင်တန်းက အားကစားဆရာမ ပက်ထရစ်ရှာမာရီနိုရဲ့ IntenSati ဆိုတဲ့သင်တန်းပါ။ အားကစားဆရာမ ပက်ထရစ်ရှာမာရီနိုက မိမိကိုယ်တိုင်အတွက် လိုအပ်လို့ စတင်ဖန်တီးခဲ့တဲ့ သင်တန်းကလေး ဖြစ်ပါတယ်။ သူမက ကိုယ်လုံပညာနဲ့ ပေါင်းစပ်ထားတဲ့ အေရိုးဘစ် လေ့ကျင့်ခန်းတွေကို နှစ်များစွာ သင်ကြားပို့ချခဲ့သူပါ။ သူမရဲ့ ကိုယ်အလေးချိန် တက်လာမှု၊ အစားအသောက်ပုံစံ ပျက်ယွင်းမှု၊ မူးယစ်ဆေးစွဲမှု စတဲ့ပြဿနာတွေကို ဖြေရှင်းဖို့ စမ်းသပ်ရေးဆွဲခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ အစပြုသင်ကြားပေးခဲ့တဲ့ လေ့ကျင့်ခန်းကလေး ဖြစ်ပါတယ်။

IntenSati ဆိုတာက Intention နဲ့ Sati ဆိုတဲ့စကားလုံးနှစ်ခုကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ Sati ကပါဠိလို ‘သတိကပ်ခြင်း’ (Mindfulness) ဖြစ်ပါသတဲ့။ Intention ကတော့ ရည်ရွယ်ချက်လို့ အနီးစပ်ဆုံးပြန်လို့ရမယ် ထင်ပါတယ်။ ရည်ရွယ်ချက်ရှိရှိတဲ့ သတိကပ်ဆောင်ရွက်တဲ့ လေ့ကျင့်ခန်းတွေလို့ ပြန်ဆိုနိုင်မယ် ထင်ပါတယ်။ လေ့ကျင့်ခန်းရဲ့ အဆုံးသတ်မှာ သတိကပ်ရတဲ့ အပိုင်းကလေး ပါဝင်ပါတယ်။ လေ့ကျင့်ခန်းထဲမှာ ထူးခြားတာက Affirmation လို့ခေါ်တဲ့ မိမိကိုယ်မိမိ အတည်ပြုပြောဆိုတဲ့ စကားလုံးတွေကို ထည့်သွင်းအော်ဟစ်ရတာပဲ ဖြစ်ပါတယ်။

ဥပမာပြောရရင် လေ့ကျင့်ခန်းတစ်ခုကိုလုပ်နေရင်း ပါးစပ်က ‘ငါကသန်စွမ်းတယ်’ လို့အော်ရတာမျိုး ဖြစ်ပါတယ်။ အရှေ့ကဆရာမက အော်တာကို သင်တန်းသားတွေက လိုက်အော်ရတာမျိုးပါ။ ပါဝင်တဲ့လေ့ကျင့်ခန်းတွေက အက၊ ကိုယ်လုံပညာ၊ ယောဂစတာတွေကို ပေါင်းစပ်ဖန်တီးထားခြင်း ဖြစ်ပါတယ်။

ဒေါက်တာဝင်ဒီက အဲဒီသင်တန်းကို တက်ပြီးတိုင်းမှာ အလွန်ကို ပျော်ရွှင်တက်ကြွသွားလေ့ ရှိပါတယ်။ ကိုယ်တိုင်က တက္ကသိုလ်ဆရာမတစ်ဦး ဖြစ်တာမို့ သူမရဲ့ကျောင်းသား၊ ကျောင်းသူတွေကိုလည်း သူမရဲ့အတန်းတက်ပြီးတိုင်း အဲဒီလိုခံစားရအောင် လုပ်ပေးနိုင်ရင် သိပ်ကောင်းမှာပဲလို့ စဉ်းစားမိခဲ့ပါတယ်။ သင်တန်းကို ရေရှည်ဆက်တက်ဖြစ်တဲ့အတွက် သူမရဲ့ ကိုယ်အလေးချိန်ကလည်း တဖြည်းဖြည်း ကျလာပါတယ်။ သင်တန်းက သူမကိုသန်စွမ်းလာတယ်လို့ ခံစားရစေတဲ့အပြင် စိတ်ပျော်ရွှင်မှုကိုလည်း မြင့်မားလာစေပါတယ်။ အဲဒါတွေအပြင် ကြိုတင်မျှော်လင့်မထားတဲ့ ရလဒ်တစ်ခုကို သူမတွေ့ရှိခဲ့ရပါတယ်။ အဲဒါက သူမရဲ့မှတ်ဥာဏ်၊ အာရုံစူးစိုက်နိုင်စွမ်းနဲ့ ဆက်စပ်နိုင်စွမ်းတွေ ပိုမိုထက်မြက်လာခြင်း ဖြစ်ပါတယ်။ သူမရဲ့လုပ်ငန်း သဘာဝအရ သူမကစာတွေ အများကြီးရေးရပါတယ်။ အားကစားသင်တန်း တက်ပြီးနောက်ပိုင်းမှာ သူမရဲ့စာအရေးအသားတွေ ပိုမိုအားကောင်းလာတာကို သူမသတိပြုမိပါတယ်။ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ပေးလိုက်ရပေမယ့် အလုပ်ကို ပိုမြန်မြန်ဆန်ဆန် လုပ်နိုင်လာတဲ့အတွက် လေ့ကျင့်ခန်း မလုပ်ခင်ကထက် အားလပ်ချိန်တွေ ပိုထွက်လာတာကို တွေ့ရပါတယ်။ ဦးနှောက်နဲ့ အာရုံကြောကို နှစ်များစွာ အထူးပြုလေ့လာခဲ့သူမို့ သူမရဲ့ပြောင်းလဲလာမှုကို အခြေခံပြီး သုတေသနပြုလုပ်ဖို့ စဉ်းစားဖြစ်ခဲ့ပါတယ်။

ကနဦးအနေနဲ့ နယူးယောက်တက္ကသိုလ်မှာ ‘လေ့ကျင့်ခန်းက သင့်ဦးနှောက်ကို ပြောင်းလဲစေနိုင်သလား’ ဆိုတဲ့အတန်းကလေးကို စတင်ဖို့စီစဉ်ခဲ့ပါတယ်။ အတန်းမစခင်မှာ အတန်းတက်မယ့် ကျောင်းသား၊ ကျောင်းသူတွေကို IntenSati လေ့ကျင့်ခန်းတွေကို လုပ်စေပြီးမှသင်ရင် လေ့ကျင့်ခန်းရဲ့ အကျိုးကျေးဇူးကို ကိုယ်တိုင်ခံစားသိရှိရတဲ့အတွက် ပိုမိုထိရောက်မယ်လို့ မြင်မိပါတယ်။ ဒါကြောင့် တက္ကသိုလ်ရဲ့ စီမံခန့်ခွဲရေးကို IntenSati သင်တန်းဆရာငှားဖို့ ပိုက်ဆံတောင်းတော့ စီမံခန့်ခွဲရေးက ငါတို့က မင်းကိုဒီအတန်းသင်ဖို့ ပိုက်ဆံပေးထားပြီးပြီ၊ ပိုက်ဆံထပ်မပေးနိုင်ဘူးလို့ ဆိုပါတယ်။ အဲဒါနဲ့သူမက IntenSati ဆရာဖြစ်သင်တန်းတက်ပြီး ကျောင်းသား၊ ကျောင်းသူတွေကို ကိုယ်တိုင်သင်ကြားခဲ့ပါတယ်။ စက်တင်ဘာ ၉ ရက်၊ ၂၀၀၉ ခုနှစ်မှာ စတင်ခဲ့တဲ့အတန်းဖြစ်ပါတယ်။

တက္ကသိုလ်မှာ စာသင်ကြားပေးတဲ့ ဆရာမနဲ့ အတူတူကိုယ်လက်လှုပ်ရှားဖို့ ဆိုတာက ကျောင်းသား၊ ကျောင်းသူတွေအတွက် ဘယ်တုန်းကမှ မကြုံဖူးခဲ့တဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပြီး ဆရာမကိုယ်တိုင်ကလည်း ဘယ်တုန်းကမှ အားကစားမသင်ကြားခဲ့ဖူးသူမို့ နှစ်ဦးနှစ်ဖက် စိတ်လှုပ်ရှား၊ ကြောက်ရွံ့မှုတွေနဲ့ စတင်ခဲ့ကြတဲ့ အတန်းကလေးက အောင်မြင်မှုရခဲ့ပါတယ်။ ဒေါက်တာဝင်ဒီရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦး သင်ကြားတဲ့ ဦးနှောက်အာရုံကြော သိပ္ပံအတန်းက ကျောင်းသား၊ ကျောင်းသူတွေကို ယှဉ်ကြည့်စရာအုပ်စု (Control Group) အနေနဲ့ သတ်မှတ်ပြီး သူမအတန်းက ကျောင်းသား၊ ကျောင်းသူတွေကို လေ့လာခဲ့ပါတယ်။ အတန်းမစမီနဲ့ ပြီးဆုံးချိန်တွေမှာ ကျောင်းသား ကျောင်းသူတွေကို မှတ်ဥာဏ်နဲ့ စိတ်ခံစားပျော်ရွှင်မှု အနေအထားတွေကို တိုင်းတာခဲ့ပါတယ်။

သင်ကြားမှုပုံစံက ကျောင်းသား၊ ကျောင်းသူတွေက သူမနဲ့အတူ IntenSati လေ့ကျင့်ခန်းတွေကို တစ်နာရီပြုလုပ်ကြရပြီး သုတေသနတွေမှာ တွေ့ရှိထားပြီးဖြစ်တဲ့ လေ့ကျင့်ခန်းနဲ့ ဦးနှောက်အကြောင်း သင်ခန်းစာပို့ချမှု၊ ဆွေးနွေးမှုတွေကို တစ်နာရီခွဲ ပြုလုပ်ကြရပါတယ်။ တစ်ပတ်မှာ တစ်ချိန်ပဲ သင်တဲ့အတန်း ဖြစ်ပါတယ်။ သူမအတန်းကိုတက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေက အတန်းထဲမှာ ဆွေးနွေးပြောဆိုမှု၊ စိတ်ပါဝင်စားမှုတွေ အလွန်မြင့်မားပါတယ်။ မေးခွန်းတွေကို ဖြေဆိုရာမှာလည်း အချိန်ယူရမှုနည်းပါးပြီး ပိုမိုလျင်မြန် သွက်လက်လာတာကို တွေ့ရှိရပါတယ်။ သိမြင်နားလည်မှု စွမ်းရည်တွေလည်း ပိုမိုအားကောင်းလာပါတယ်။

ဒေါက်တာဝင်ဒီ အထူးပြုလေ့လာတဲ့ ဦးနှောက်ရဲ့အပိုင်းက ဟစ်ပိုကမ်းပတ်စ်ဆိုတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ သူကဦးနှောက်တစ်ခြမ်းစီမှာ တစ်ခုစီရှိပြီး ရေရှည်မှတ်ဥာဏ်တွေကို သိမ်းဆည်းပေးတဲ့ နေရာဖြစ်ပါတယ်။ ဦးနှောက်ထဲမှာ ဆဲလ်အသစ်တွေ ဖြစ်ပေါ်နိုင်တဲ့ နေရာနှစ်ခုထဲက တစ်ခုလည်း ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ အေရိုးဘစ် လေ့ကျင့်ခန်းတွေ ပြုလုပ်ခြင်းက ဟစ်ပိုကမ်းပတ်စ်ထဲမှာ ဆဲလ်အသစ်တွေကို ဖြစ်ပေါ်စေပြီး အသစ်ဖြစ်ပေါ်လာတဲ့ ရေရှည်မှတ်ဥာဏ်တွေကို ပိုမိုကောင်းမွန်လာစေပါတယ်။ အေရိုးဘစ် လေ့ကျင့်ခန်းဆိုတာက အဆုတ်နဲ့ နှလုံးကို သန်စွမ်းလာအောင် လှုံ့ဆော်ပေးပြီး ခန္ဓာကိုယ်ရဲ့ အောက်ဆီဂျင် အသုံးပြုမှုကို ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်ပေးတဲ့ လေ့ကျင့်ခန်းတွေ အားလုံးကို ခြုံငုံခေါ်ဆိုတာ ဖြစ်ပါတယ်။ ဒါ့အပြင် အေရိုးဘစ် လေ့ကျင့်ခန်းတွေက ဦးနှောက်ရဲ့ အာရုံစူးစိုက်နိုင်စွမ်းကိုလည်း ပိုမိုကောင်းမွန်လာစေနိုင်ကြောင်း တွေ့ရှိထားပါတယ်။ အသက်အရွယ် ကြီးရင့်လာချိန်တွေမှာ ဖြစ်တတ်တဲ့ Dementia လို့ခေါ်တဲ့ ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်း ကျဆင်းပြီး မှတ်ဥာဏ်ချို့ယွင်းလာတဲ့ ရောဂါတွေဖြစ်နိုင်ခြေကိုလည်း လေ့ကျင့်ခန်းပြုလုပ်ခြင်းက လျော့ကျစေနိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားတဲ့ လေ့ကျင့်ခန်းတွေက မရှိသေး၊ မဖြစ်သေးတာတွေကို မြင်ယောင်ကြည့်နိုင်တဲ့ စွမ်းရည် (Imagination)၊ စိတ်ကူးဥာဏ် ကွန့်မြူးနိုင်တဲ့စွမ်းရည် (Creativity) တွေကိုလည်း ပိုမိုမြင့်မားစေနိုင်တာ တွေ့ရပါသတဲ့။ စိတ်ခံစားမှုပေါ်မှာလည်း ကောင်းမွန်တဲ့ သက်ရောက်မှုတွေ ရှိပါတယ်။

လေ့ကျင့်ခန်းကို အနည်းဆုံးဘယ်လောက် လုပ်သင့်သလဲလို့ လူတွေက ဒေါက်တာဝင်ဒီကို မေးလေ့ရှိပါတယ်။ သူမရဲ့ သုတေသနတွေ့ရှိချက်အရ ကိုယ်လက်လှုပ်ရှားမှုပြုခြင်းတွေက ဘယ်လောက် အတိုင်းအတာပဲဖြစ်ဖြစ် အကျိုးရှိပါသတဲ့။ တစ်ခါမှ လေ့ကျင့်ခန်းမလုပ်ဖူးတဲ့ သူတွေဆိုရင် မိမိရဲ့ကျန်းမာရေး အခြေအနေကို ဆရာဝန်နဲ့ စစ်ဆေးတိုင်ပင်ပြီးမှ ပြုလုပ်ဖို့ အကြံပေးထားပါတယ်။ စတင်ချိန်မှာ အနည်းအကျဉ်းနဲ့ စပြီးခံနိုင်ရည်နဲ့ ကြာရှည်ချိန်ကို တဖြည်းဖြည်းချင်း မြှင့်တင်ဆောင်ရွက်သွားဖို့လည်း အကြံပြုထားပါတယ်။ မိမိကို နှိပ်စက်နေသလိုမဖြစ်ဘဲ ပျော်ရွှင်စေတဲ့ လေ့ကျင့်ခန်းမျိုးဆိုရင်တော့ ရေရှည်ပုံမှန်ဆောင်ရွက်ဖြစ်ဖို့ အခွင့်အလမ်း ပိုများပါလိမ့်မယ်။ IntenSati ကကောင်းမွန်တဲ့ ဥပမာတစ်ခုဖြစ်ပေမယ့် IntenSati လုပ်မှအကျိုးရှိတာတော့ မဟုတ်ပါဘူးတဲ့။ ကိုယ်လက်လှုပ်ရှားဖြစ်ဖို့ကသာ အဓိကဖြစ်ပါတယ်။ သတိပြုရမှာက လေ့ကျင့်ခန်းပြုလုပ်တဲ့ ပထမရက်မှာတင် ဦးနှောက်ရဲ့ ပြောင်းလဲမှုတွေကို တွေ့မြင်ချင်နေလို့ မဖြစ်နိုင်ပါဘူး။ ပြောင်းလဲမှုတွေဖြစ်ဖို့က အချိန်အတိုင်းအတာ တစ်ခုအထိ လိုအပ်ပါတယ်။ ရေရှည်ပုံမှန် ဆောင်ရွက်နိုင်မှုက အရေးကြီးပါတယ်။

လေ့ကျင့်ခန်းပြုလုပ်ခြင်းက သွက်လက်စွာ လှုပ်ရှားနိုင်သူတွေအတွက်ချည်းပဲ မဟုတ်ပါဘူး။ ဒေါက်တာဝင်ဒီက အသက် ၂၀ နဲ့ ၆၀ ကြားမှာရှိတဲ့ ဦးနှောက်ထိခိုက်ဒဏ်ရာရခဲ့သူတွေနဲ့ စမ်းသပ်ကြည့်ဖူးပါတယ်။ ဦးနှောက်ထိခိုက်ဒဏ်ရာ ရထားသူတွေမှာ လှုပ်ရှားမှုတွေ၊ တွဲဖက်ဆောင်ရွက်မှုတွေ၊ သိမြင်နားလည်မှုတွေ ချို့ယွင်းနေတတ်ကြပါတယ်။ သုတေသနမှာ ပါဝင်မယ့်သူတွေ ရရှိပြီးတဲ့အခါ ဒေါက်တာဝင်ဒီက သင်တန်းဆရာမတစ်ဦးငှားပြီး IntenSati သင်တန်းကို တစ်ပတ်နှစ်ကြိမ်၊ ရှစ်ပတ်ကြာ ပြုလုပ်လေ့လာခဲ့ပါတယ်။ သင်တန်းကိုပုံမှန် IntenSati သင်တန်းတွေထက် အလွန်နှေးနှေးနဲ့ အကွက်နည်းနည်းပဲ သင်ကြားဖို့ စီစဉ်ထားပါတယ်။ သင်တန်းစတဲ့နေ့မှာ သူမသွားရောက်တော့ သုတေသနမှာ ပါဝင်မယ့်သူတွေထဲက အိန်ဂျလီနာဆိုတဲ့ အမျိုးသမီးက ငိုမလိုမျက်နှာနဲ့ သူမနားကို ရောက်လာခဲ့ပါတယ်။ သူက ‘ငါကနင့်ရဲ့ သုတေသနမှာ တကယ်ကို ပါဝင်ချင်ပါတယ်။ ဒါပေမဲ့ အလင်းရောင်က စူးရှလွန်းတယ်၊ အသံတွေက ကျယ်လွန်းတယ်၊ လေ့ကျင့်ခန်းတွေကလည်း မြန်လွန်းတယ်’ လို့ဆိုပါတယ်။ အလင်းရောင်စူးတယ်လို့ ပြောတာသူတစ်ယောက်တည်း မဟုတ်ပါဘူး။ ဦးနှောက်ထိခိုက်ဒဏ်ရာ ရထားတဲ့သူတွေ အဲဒီလိုခံစားရတာက ပုံမှန်ဖြစ်ရပ်မို့ မစိုးရိမ်ဖို့ပြောပြီး အဲဒါတွေကို ပြင်ဆင်ပေးမယ်၊ လေ့ကျင့်ခန်းတွေကို နိုင်သလောက်သာ လိုက်လုပ်ပါလို့ အားပေးခဲ့ပါတယ်။ အားကစားဆရာမကိုလည်း အကျိုးအကြောင်းပြောပြပြီး အပ်နှံပေးခဲ့ပါတယ်။

သင်တန်းနောက်ဆုံးရက်မှာ ပါဝင်သူတွေက သူမကိုလာကြည့်ဖို့ လှမ်းဖိတ်ကြတဲ့အတွက် သူမသွားရောက်ခဲ့ပါတယ်။ သူတို့နဲ့အတူတူ လေ့ကျင့်ခန်းဝင်လုပ်ဖို့ စဉ်းစားထားပေမယ့် ခပ်နှေးနှေးပဲဖြစ်မှာပါလို့တွေးပြီး အားကစားဝတ်စုံမ၀တ်ဘဲ ပုံမှန်အ၀တ်အစားနဲ့ပဲ သွားခဲ့ပါတယ်။ သင်တန်းကိုရောက်တဲ့အခါ သူမထင်ထားတာနဲ့ အလွန်ကိုကွာခြားနေတဲ့ အနေအထားကို တအံ့တသြ တွေ့ရပါတယ်။ လေ့ကျင့်ခန်းတွေက ပုံမှန် IntenSati အတန်းတွေရဲ့ မြန်နှုန်းအတိုင်းဖြစ်နေပြီး သင်တန်းသားတွေက လေ့ကျင့်ခန်းနဲ့အတူ အော်ရမယ့်စကားလုံးတွေကို ဦးဆောင်အော်ဟစ်နေတာ တွေ့ရပါတယ်။ ရှေ့ဆုံးမှာ တက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင် လေ့ကျင့်ခန်း လုပ်နေသူတစ်ဦးက သင်တန်းပထမနေ့မှာ သူမနဲ့စကားပြောခဲ့တဲ့ အိန်ဂျလီနာဖြစ်နေတာကို တွေ့ရပါတယ်။

သူမက အကျိုးအကြောင်း မေးကြည့်တဲ့အခါ အိန်ဂျလီနာက လေ့ကျင့်ခန်းတွေမှာ နိုင်သလောက် ပါဝင်ဆောင်ရွက်ရင်း သူမရဲ့အပေါ်ပိုင်းက တဖြည်းဖြည်း သန်စွမ်းလာပါသတဲ့။ လက်ကလေ့ကျင့်ခန်းတွေကို လိုက်လုပ်နိုင်လာပေမယ့် ခြေထောက်ကတော့ မလှုပ်နိုင်သေးပါဘူး။ ဒါပေမဲ့ မကြာခင်မှာပဲ ခြေထောက်ကို ပထမဆုံးအကြိမ်အဖြစ် ခံစားသိရှိလာရတယ်လို့ ဆိုပါတယ်။ အဲဒီနောက်ပိုင်းမှာ ခြေထောက်ကပါ လေ့ကျင့်ခန်းတွေကို လိုက်လုပ်နိုင်လာပြီး လက်ရှိအခြေအနေကို တဖြည်းဖြည်းချင်း ရောက်ခဲ့တာပါတဲ့။ ဒေါက်တာဝင်ဒီရဲ့ သုတေသနတွေမှာ အရင်က ဒီလိုအဖြစ်မျိုး တစ်ခါမှမကြုံခဲ့ဖူးပါဘူး။ သူမရဲ့ သုတေသန စမ်းသပ်ချက်ကနေ လူတစ်ဦးရဲ့ ဘ၀အခြေအနေ ပြောင်းလဲသွားမှုကို မြင်တွေ့ရတဲ့အတွက် သူမမျက်ရည်ကျတဲ့အထိ ကြည်နူးဝမ်းသာခဲ့ရပါတယ်။

ကိုယ်လက်လှုပ်ရှားခြင်းက ဦးနှောက်ရဲ့ စွမ်းဆောင်ရည်တွေကို သိသာစွာပြောင်းလဲစေနိုင်တယ်ဆိုတဲ့ တွေ့ရှိချက်က ပိုမိုကောင်းမွန်တဲ့ဘ၀၊ ပိုမိုကောင်းမွန်တဲ့ မိသားစု၊ ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ချင်သူတွေအတွက် များစွာအသုံးဝင်မယ်လို့ ယူဆမိတဲ့အတွက် ဒီဆောင်းပါးကလေးနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

(Ref: The Brain Power online course of Dr. Wendy Suzuki, TEDx talks of Dr. Wendy Suzuki, www.satilife.com)

Writer: 
ကျွန်း