မျက်နှာနဲ့ စာအုပ်

မော်လမြိုင်မြို့တွင် မတ်လအတွင်းက ပြုလုပ်သော ကလေးစာပေပွဲတော်၌ စာအုပ်စာပေများ ခင်းကျင်းရောင်းချနေစဉ် (ဓာတ်ပုံ - ဘိုဘိုမြင့်)

ပြီးခဲ့သည့် သင်္ကြန်တွင်းက အပေါင်းအသင်း အသိမိတ်ဆွေအများစုတို့က နေရပ်ပြန်တဲ့သူက ပြန်ကြသည်။ သဘောတူရာစုပြီး အပန်းဖြေခရီးထွက်သူက ထွက်ကြသည်၊ ရိပ်သာဝင်တဲ့သူက ၀င်၊ ဒုလ’ဘ၀တ်သူက ၀တ်ပြီး အနည်းငယ်ကတော့ ရေပက်ခံထွက်ကာ ပျော်သူက ပျော်ကြသည်။ သည်အထဲတွင် မိမိက ဘယ်ကိုမှမသွားဖြစ်၊ ရွာလည်းမပြန်ဖြစ်၊ ခရီးလည်းမထွက်ဖြစ်၊ သင်္ကြန်တွင်းတစ်ခုလုံး အိမ်တွင်းပုန်းအဖြစ်ဖြင့် ပျင်းရိငြီးငွေ့စွာ ဖြတ်သန်းရလေသည်။

အမှန်တကယ် စိတ်ကူးထားခဲ့မိသည်က သင်္ကြန်တွင်းမှာ အေးဆေးအနားယူကာ ဇိမ်ရှိရှိ ဖြင့်နှပ်ကာ စာဖတ်မည်ဟု စီစဉ်ကာ ဖတ်ချင်သည့် စာအုပ်အချို့ကို ရှာဖွေထားခဲ့တာ ဖြစ်သည်။ သို့သော်လည်း သင်္ကြန်တွင်း တစ်ခုလုံးစာက ဟုတ်တိပတ်တိ မဖတ်ဖြစ်ခဲ့ပေ။ စာအုပ်နှင့် မျက်နှာနှင့်ချိတ်ဆက်၍ ထင်သလောက် မရခဲ့ပေ။ မျက်နှာနှင့် အချိန်အများစု တွေ့ဆုံနေမိသည်က မှန်ပြင်လေးထဲက Facebook ဆိုတဲ့ မျက်နှာစာအုပ်တစ်အုပ် လူမှုကွန်ရက် စာမျက်နှာတစ်ခုပဲ ဖြစ်လေသည်။ ထိုစာမျက်နှာလေးထဲက တက်လာသည့်သတင်းတွေ၊ ဓာတ်ပုံတွေ၊ ဘယ်သူတွေကတော့ ဘယ်ကမ်းခြေမှာ ရောက်နေတယ်၊ ဘယ်မြို့မှာ၊ နယ်မှာ ရွာမှာ စသည်ဖြင့် ကိုယ်ရောက်လေရာအရပ်မှာ ဓာတ်ပုံရိုက်ပြီး တင်ကြသော အပေါင်းအသင်း မိတ်ဆွေတို့၏ ပို့စ်တွေ လိုက်ဖတ်နေရတာနဲ့ပဲ အချိန်က ကုန်သွားသည်။ စာက ဘာမှသေချာမဖတ်ဖြစ်လိုက် ဖြစ်သွားတော့သည်။ Facebook လို့ ဆိုတဲ့အတိုင်း မျက်နှာနှင့် ခွာဖို့အတော်ခက်သည့် အရာပါလားဟု သဘောပေါက်လိုက်ရတော့သည်။

သေချာပြန်စဉ်းစားကြည့်မိတော့ မိမိအနေဖြင့်သည် Facebook ကို တွင်တွင်ကျယ်ကျယ် စသုံးမိကတည်းက စာကို ကောင်းကောင်းမွန်မွန် မဖတ်ဖြစ်တော့သည်ကို သတိထားမိတော့သည်။ တစ်လောက အသိမိတ်ဆွေ စာရေးဆရာတစ်ယောက်နှင့် တွေ့တော့သူက အခုခေတ် လူငယ်တွေကို စာဖတ်ကြဖို့ တိုက်တွန်းနေရပေမယ့် ကျွန်တော်တို့ စာရေးဆရာတွေတောင် “ဒီ Facebook စသုံးမိကတည်းက စာကို အရင်လောက် မဖတ်ဖြစ်တော့ဘူးဗျ”  ဟု ဆိုပါသည်။ သည်တော့မှသည် Facebook က လူကြီး လူငယ်မရွေး သုံးစွဲမှုကို စွဲလန်းစေသော အရာပါလားဟု အောက်မေ့မိတော့သည်။

မနက်အိပ်ရာနိုးလို့ မထသေးခင် အိပ်ရာထဲမှာပဲ အရင်ဆုံးလုပ်မိသည့် အလုပ်က နံဘေးက ဖုန်းကိုဆွဲယူပြီး Facebook ကို ဖွင့်ကြည့်ရတဲ့အလုပ်ပဲ ဖြစ်လေသည်။ ကိုယ်တင်ထားတဲ့ပို့စ်ကို ဘယ်သူတွေက ဘာတွေများ မန့်ထားလဲ၊ ဘယ်သူတွေကများ ရှယ်ထားလဲ၊ ဘယ်သူတွေက လိုက်ပေးထားလည်း စသည်ဖြင့် ကြည့်ရသည်။ နောက်တော့မှ ဘယ်သူတွေက ဘာတွေတင်ထားလဲ၊ ဘာတွေထူးခြားလည်း စသည်လိုက်ကြည့်ရသည်။ ထိုအရာတို့သည်ကပင်လျှင် Facebooj သုံးစွဲရခြင်း၏ အရသာ ဖြစ်လေသည်။ အသိမိတ်ဆွေ တစ်ယောက်ကတော့ တကယ်လို့များ အခုနေ ဒီ Facebook ဆိုတာများ ဖျက်သိမ်းသွားရင် ဘယ်လိုနေရမယ်မသိဘူး၊ အတော်ပျင်းစရာ ကောင်းမှာပဲဟု ဆိုလေသည်။ ကိုယ်ကများ ပို့စ်လေးတစ်ခု ၊ ပုံလေးတစ်ပုံ တင်ထားလိုက်ပြီဆိုရင် အဲဒီနေ့ကတော့ မကြာခဏ ဖွင့်ဖွင့် ကြည့်နေချင်တော့တာပဲဟု ဆက်ဆိုပြန်သေးသည်။

သူ့အဆိုကိုမိမိလည်း ထောက်ခံမိပါ သည်။ မိမိကိုယ်တိုင်လည်း ကျန်တဲ့အချိန်တွေမှာ အပျင်းပြေရုံ သုံးစွဲမိပေမယ့် ကိုယ်က ကဗျာတစ်ပုဒ် ၊ စာလေးတစ်ပုဒ်၊ ပုံလေးတစ်ပုံ တင်ထားမိပြီဆိုလျှင် မကြာခဏ ဖွင့်ကြည့်နေမိတတ်တာ ဖြစ်သည်။ ကိုယ်တင်ထားတဲ့ ပို့စ်ကို ဘယ်သူတွေ လိုက်ပေးသလဲ၊ ဘယ်သူတွေ ဘာမန့်သလဲကြည့်ကာ ပြန်မန့်ရတာကိုက အလုပ်တစ်ခု ဖြစ်နေတော့သည်။ Facebook မှာ ပို့စ်တင်သူတွေကလည်း အမျိုးမျိုး အထွေထွေပဲ ဖြစ်လေသည်။ တချို့က ဗဟုသုတ ရဖွယ်စာကိုပဲ တင်သည်။ တချို့က ရင်တွင်းဖြစ်စာတွေ၊ ကဗျာတွေ တင်သည်။ တချို့က အလှဓာတ်ပုံကိုပဲ တင်သည်။ တချို့က အရေးကြီးတဲ့ သတင်းဆောင်းပါးတွေ တင်သည်။ တချို့ကတော့ မိမိက ဘာမှမတင်ဘဲ သဘောကျနှစ်သက်တာတွေကို ရှယ်သည်။ တချို့က အသိမိတ်ဆွေရှာကာ ချက်တင်ထိုင်သည်။ ထိုအရာတို့ကပဲ Facebook သုံးစွဲခြင်းကို စွဲလန်းစေတာ ဖြစ်ပေလိမ့်မည်။

သိပ်မကြာသေးခင်ကပဲ Facebook မှာ Facebook သုံးခြင်းနှင့် စိတ်ရောဂါများ ဆိုတဲ့ပို့စ်တစ်ခု ဖတ်လိုက်ရသေးသည်။ မိမိပုံကို Facebook မှာ တင်သည့်အခါ ပုံကို နည်းပညာဖြင့် ပြင်ဆင်ကာ ချောမွတ်အောင် လုပ်ပြီး တင်လေ့ရှိသူတို့၏အကြောင်းကို ရေးထားလေသည်။ ထိုကဲ့သို့ လုပ်ဆောင်ခြင်းသည် မိမိကိုယ်မှာရှိတဲ့ အားနည်းချက်တို့ကို ဖျောက်ကာ လူအများတို့၏ ချီးမွမ်းခြင်းနှင့် အလေးပေးခြင်းတို့ကို ခံယူလိုခြင်းဆိုသော စိတ်ရောဂါတစ်မျိုးဟု ဆိုလေသည်။ ထိုကဲ့သို့ မိမိပုံကိုပြုပြင်ကာ တင်ပြီဆိုကတည်းက ကိုယ့်ရှိရင်းစွဲဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဖြစ်ကာ တစ်နည်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်ခြင်းတစ်မျိုး ဖြစ်စေသည် ဆိုသည်။

ကိုယ့်ကိုယ်ကိုယ် ဓာတ်ပုံရိုက်သူတို့သည် ကိုယ့်ပုံကိုကြည့်ပြီး ကိုယ့်ဟာကို အကျေနပ်ကြီး ကျေနပ်ကာ စိတ်ပညာအလိုအရတော့  Narcissists (ကိုယ့်ကိုယ်ကိုယ် လွန်ကဲစွာ စိတ်ဝင်စားသူ) ဖြစ်ပါသတဲ့။ Facebook က Selfie ရိုက်လို့ရအောင် လုပ်ပေးထားသည်ဆိုတော့ Facebook သည် ထိုရောဂါကို ပိုမိုတိုးပွားကြီးထွားစေလေသည်။ Facebook တွင် မိမိပုံကို တစ်စုံတစ်ယောက်က အရမ်းချောတာပဲဟု ကွန်မင့်လာပေးသည့်အခါ မိမိကိုယ်ကိုယ် အကျေနပ်ကြီးကျေနပ်ကာ ၀မ်းမြောက်ပျော်ရွှင်ကြည်နူးမှုဖြစ်ကာ ထပ်ကာထပ်ကာ Selfile စွဲချင်စိတ် ဖြစ်လေတော့သည်။ ထိုသဘောတရားကိုပဲ စိတ်ရောဂါ တစ်မျိုးဟု ဆိုလေသည်။

အမှန်တော့ Facebook သည် အကောင်းအဆိုး ဒွန်တွဲနေသောအရာတစ်ခု ဖြစ်သည်ဟု ဆိုရမည်။ အကျိုးရှိရှိသုံးစွဲလျှင် ကိုယ့်အတွက် အကျိုးရှိစေသော အရာဖြစ်လေသည်။ တချို့ဆိုလျှင် Facebook ကနေ ဘ၀တက်လမ်း ရှာကြသူတွေ ရှိသည်။ Facebook ကနေ လမ်းစရှာပြီး အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်သွားသူတွေလည်း ရှိသည်။ မိမိအနေဖြင့် ဘယ်ပုံစံဖြင့် Facebook ကို သုံးစွဲမလဲဆိုတာသာ ရွေးချယ်ဖို့ပဲ လိုလေသည်။

မိမိအနေဖြင့် ဟိုအရင်သည် Facebook မပေါ်ခင်က ကိုယ့်အခြေအနေကို ပြန်စဉ်းစား ကြည့်သည့်အခါ အချိန်ရတိုင်း အားလပ်သည့်အခါ စာဖတ်နေခဲ့သည်ကို တွေ့ရလေသည်။ အဲဒီအချိန်တုန်းက မိမိက မန္တလေး မှာပဲနေသည်။ မိမိနေတဲ့နေရာအနီးမှာ စာအုပ်အငှားဆိုင်လေး တစ်ဆိုင်ရှိသည်။ ထိုဆိုင်လေးမှာ လစဉ်ထွက်မဂ္ဂဇင်းစာအုပ် အစုံနီးပါးတင်သည်။ ကျန်သည့် စာအုပ်တွေလည်း အတော်လေးစုံအောင် တင်ထားသည်။ မိမိနေခဲ့တဲ့ သုံးနှစ်အတွင်းမှာ ထိုစာအုပ်အငှားဆိုင်လေးက စာအုပ်တွေ အကုန်နီးပါးလောက် ဖတ်ဖြစ်ခဲ့တာ ဖြစ်သည်။ ထိုစာအုပ်ဆိုင်လေးကပဲ ဆရာမြသန်းတင့်ရဲ့ စာအုပ်တွေ၊ ဆရာမမိုးမိုး (အင်းလျား)ရဲ့ စာအုပ်တွေ၊ ဆရာမဂျာနယ်ကျော် မမလေးစာအုပ်တွေ၊ အမေလူထုဒေါ်အမာရဲ့ စာအုပ်တွေ၊ ဆရာအောင်လင်းရဲ့ စာအုပ်တွေ၊ နောက်ဆရာ နတ်နွယ်၊ ဆရာငြိမ်းကျော်၊ ဆရာမင်းကျော်၊ ဆရာမောင်သာရ၊ ဆရာမနုနုရည် (အင်းဝ)၊ ဆရာသိန်းဖေမြင့်၊ ဆရာမ မစန္ဒာ၊ ဆရာမ ဂျူး၊ ဆရာကြီး ရွှေဥဒေါင်း စသည်တို့၏ စာအုပ်တွေ ဖတ်ခဲ့ရတာ ဖြစ်သည်။ ဒါက အခုလတ်တလော ပေါ်လာတဲ့ စာရေးဆရာတွေရဲ့ စာအုပ်တွေ စဉ်းစားမိသလောက် ဖော်ပြခြင်း ဖြစ်သည်။ တခြားဘာသာပြန်စာအုပ်တွေ အခြားစာရေးဆရာများစွာတို့၏ စာအုပ်တွေလည်း ဖတ်ခဲ့တာကြောင့် မိမိစာအတော်များများ ဖတ်ခဲ့တာက ထိုအချိန်က ဖြစ်သည်ဟု ဆိုရမည်။

ဆိုလိုသည်မှာ ထိုစာအုပ်တွေကို အခုလိုအနေအထား Facebook သုံးနေမိပါက ဖတ်ဖြစ်တော့မည် မဟုတ်ပေ။ အကယ်၍ Facebook က သည့်ထက်သာစောပြီး ပေါ်ခဲ့လျှင်၊ ဖုန်းတွေလည်း လူတန်းစေ့ အခုထက် စောစောသုံးနိုင်ခဲ့လျှင် မိမိအနေဖြင့် ထိုစာအုပ်တွေကို ဖတ်ခဲ့မိဖို့ မသေချာလှပေ။ ကျွန်တော်တို့ရဲ့ နောက်မျိုးဆက်သစ်တွေကတော့ စကတည်းက Facebook  နှင့် ရင်းနှီးကြီးပြင်းလာသူတွေဖြစ်တာကြောင့် စာကို တစိုက်မတ်မတ်ဖတ်ဖို့ဆိုတာ အတော်လေး ခဲယဉ်းသွားသည်ဟု ဆိုရနိုင်သည်။ သို့သော်လည်းပဲ Facebook က ဖတ်သင့်ဖတ်ထိုက်တဲ့စာတွေ လိုက်ဖတ်ရင်းလည်းပဲ အကျိုးရှိတာပဲဟု ဆိုရမည်သာ ဖြစ်သည်။

နောက်လူငယ်တို့အနေဖြင့် Facebook သုံးခြင်းသည် စာတွေလိုက်ဖတ်ရင်းနှင့် ကိုယ်တိုင်စာတိုပေစ၊ ကဗျာတို ကဗျာစလေးတွေ ရေးတင်ကာ ကလောင်သွေးလို့ ရနိုင်သည်မို့ စာရေးစာဖတ် ၀ါသနာပါလျှင် လမ်းကြောင်းတစ်ခု ရှာဖွေလို့ရနိုင်သည်။ တချို့သူတို့ Facebook မှာ ရေးတင်သော စာတွေကိုစုကာ စာအုပ်အဖြစ် ထုတ်ဝေတာ ရှိသည်။ ဒါက Facebook ပေါ်လာခြင်းကြောင့် စာရေးဖို့ ၀ါသနာပါသူတွေ လေ့ကျင့်နိုင်သော အခွင့်အရေး တစ်ရပ်ဖြစ်သည်။

မိမိကတော့ ဟိုအရင် Facebook မပေါ်ခင်က စာအုပ်မျိုးစုံ ဖတ်ခဲ့တဲ့ အချိန်တွေကိုပဲ စဉ်းစားကာ အခုချိန်မှာ စာမဖတ်ဖြစ်မိတဲ့ မိမိကိုယ်ကိုယ် မချင့်မရဲဖြစ်နေမိတော့သည်။ အနည်းဆုံးတော့ တစ်လမှာ နှစ်အုပ် သုံးအုပ်လောက်တော့ မျက်နှာနှင့် ကပ်မိအောင် ကြိုးစားရဦးမည်။ ဖတ်ချင်စိတ်ဖြင့် ၀ယ်ထားပြီး မဖတ်ဖြစ်တဲ့ စာအုပ်တွေ အများကြီး ရှိသေးသည်။ ဘာပဲဖြစ်ဖြစ် ဖတ်ဖို့ဆိုပြီး ၀ယ်ထားတဲ့ စာအုပ်တွေကိုတော့ ကုန်အောင်ဖတ်ရမည်။ အခုလောလောဆယ်တော့ မျက်နှာနှင့် စာအုပ်ကပ်လိုက်ပါဦးမည်။ စာရွက်နဲ့ စာအုပ်တော့မဟုတ် Facebook ဆိုတဲ့ မျက်နှာစာအုပ်ကြီးနဲ့ပေါ့။

Writer: 
စိုးခိုင်ညိန်း