ကမ္ဘာ့ဂျာနယ်လစ်များ ဆွေးနွေးပွဲ ၂၀၁၇ နှင့် Fighting၊ ကင်မ်ချီ (၁)

တောင်ကိုရီးယား ဒုတိယနိုင်ငံခြားရေး ၀န်ကြီး Mr. Ahn Chong-ghee

ပက်ကွမ်ဟီး၊ မြောက်ကိုရီးယား နျူးကလီးယားနဲ့ တောင်ကိုရီးယားရဲ့ နွေဦးရာသီ

သမ္မတအဖြစ်ကနေ အကျဉ်းသားနံပါတ် ၅၀၃ ဖြစ်သွားရသူ ရာထူးမှဖြုတ်ချခံခဲ့ရတဲ့ သမ္မတဟောင်း ပက်ကွမ်ဟီးကို ဆိုးလ်မြို့က ထိန်းသိမ်းရေးစခန်းတစ်ခုမှာ တစ်ဦးတည်း ချုပ်ထားလိုက်ပြီဆိုတဲ့သတင်း၊ မြောက်ကိုရီးယား နျူးကလီးယားအရေးနဲ့အတူ တောင်ကိုရီးယားရဲ့ နွေဦးရာသီက နိုင်ငံပေါင်း ၅၀ ကျော်မှ ဂျာနယ်လစ် ၁၀၀ ကျော်ကို စိတ်ဝင်စားမှုများစွာနဲ့ ကြိုဆိုနေပါတယ်။

ဒါပေမဲ့ ၂၀၁၇ ခုနှစ် ကမ္ဘာ့ဂျာနယ်လစ်များ ဆွေးနွေးပွဲ ခုနစ်ရက်တာ အစီအစဉ်တွေမှာ လတ်တလော နိုင်ငံရေးဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ လေ့လာမေးမြန်းဖို့ အခွင့်အရေးနည်းပါးနေပါတယ်။ ဧပြီ ၂ ရက်နဲ့ ၃ ရက်နေ့ နှစ်ရက်ပြီးရင် ကမ္ဘာကစိတ်ဝင်စားနေတဲ့ ပက်ကွမ်ဟီးရဲ့ဖြစ်စဉ်နဲ့ နာမည်ကျော် အိမ်ပြာတော်ရှိရာ ဆိုးလ်မြို့ကို ဂျာနယ်လစ်တွေ နှုတ်ဆက်ရဦးမှာပါ။ ကြိုတင်စီစဉ်ထားမှုတွေအရ ဆိုးလ်ပြီးရင် Gangwon-do, Gyeonggi-do, Busan Incheon စတဲ့ဒေသတွေကို ဆက်လက်သွားရောက်ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဧပြီ ၃ ရက် နံနက်ပိုင်းမှာပြုလုပ်တဲ့ World Journalist Conference 2017 ဖွင့်ပွဲအစီအစဉ်တွေကို ဂျာနယ်လစ်တွေအားလုံး စိတ်ဝင်စားနေကြပါတယ်။ အဖွင့်နေ့မှာ The Role of The Media For World Peace ဆိုတဲ့ခေါင်းစဉ်နဲ့ ဂျာနယ်လစ်တွေ၊ ပရော်ဖက်ဆာတွေ ဆွေးနွေးမယ့် အစီအစဉ်အပြင် တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးရဲ့ အထူးအစီအစဉ် ပါဝင်နေလို့ပဲဖြစ်ပါတယ်။

World Journalists Conference 2017 ကို လာရောက်ကြသည့် ဂျာနယ်လစ်အချို့

ဧပြီ ၃ ရက် ဆိုးလ်မြို့၊ Korea Press Center

“တဖြည်းဖြည်း ပိုမိုကြီးထွားလာတဲ့ မြောက်ကိုရီးယား နျူကလီးယား ခြိမ်းခြောက်မှု ပြဿနာဟာ ကျွန်တော်တို့ရဲ့ အမျိုးသားလုံခြုံရေးအတွက် အဓိကပြဿနာတစ်ရပ် ဖြစ်လာခဲ့ပါတယ်။ နျူကလီးယား တိုက်ခိုက်မှု အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ဘယ်နိုင်ငံမဆို ငြိမ်းချမ်းစွာ နေထိုင်နိုင်မှာ မဟုတ်ပါဘူး။ ကိုရီးယားနိုင်ငံလို လူဦးရေသိပ်သည်းတဲ့နိုင်ငံအဖို့ ကသောင်းကနင်း အခြေအနေတွေ ဖြစ်ပေါ်လာနိုင်တယ်ဆိုတာကလည်း ဆိုဖွယ်ရာမရှိပါဘူး။ အဲဒီခြိမ်းခြောက်မှု အန္တရာယ်ဟာ မြောက်ကိုရီးယားရဲ့ အိမ်နီးချင်းနိုင်ငံတွေအတွက် သာမကဘဲ မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည် ပစ်ခတ်နိုင်မှုအကွာအဝေး ပိုမိုများပြားလာတာနဲ့အမျှ အခြားသော ကမ္ဘာ့နိုင်ငံတွေ အနေနဲ့လည်း အဲဒီခြိမ်းခြောက်မှုကို ရင်ဆိုင်လာရပြီ ဖြစ်ပါတယ်”

တောင်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Ahn Chong-ghee ရဲ့ မြောက်ကိုရီးယား နျူကလီးယားဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ပြောကြားမှုတွေအပေါ် ဂျာနယ်လစ်တွေအားလုံး အာရုံစိုက်နားထောင်နေကြပါတယ်။ ဧပြီ ၂ ရက်ကနေ ၈ ရက်အထိ မြို့တော်ဆိုးလ်အပါအ၀င် ဘူဆန်၊ ဆိုဝမ်၊ အင်ချွန်းနဲ့ ဂမ်နန်၊ ပြုံချမ်း စတဲ့ဒေသအသီးသီးမှာ လေ့လာရေးအစီအစဉ်တွေ ထည့်သွင်းထားတဲ့ ၂၀၁၇ ခုနှစ် ကမ္ဘာ့ဂျာနယ်လစ်များ ဆွေးနွေးပွဲအဖွင့်နေ့မှာ အထူးအစီအစဉ် တစ်ရပ်အနေနဲ့ ကိုရီးယားနိုင်ငံခြားရေး ဒုတိယ၀န်ကြီးက လာရောက် ဆွေးနွေးပြောကြားခဲ့တာ ဖြစ်ပါတယ်။ မီဒီယာတွေအပေါ် သဘောထား၊ မီဒီယာတွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍတွေအပြင် လတ်တလောမှာ တစ်ကမ္ဘာလုံးက စိတ်ဝင်စားနေတဲ့ မြောက်ကိုရီးယား နျူးကလီးယားဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားရဲ့ သဘောထားကို လာရောက်ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“အခြေအနေတွေကို ပိုမိုဆိုးရွားစေခဲ့တာကတော့ မြောက်ကိုရီးယားဟာ မကြာသေးမီကာလအတွင်း ကြောက်မက်ဖွယ်ရာ အရှိန်နှုန်းနဲ့ နျူကလီးယား လက်နက်တီထွင် ထုတ်လုပ်မှုတွေကို တိုးမြှင့်လုပ်ဆောင်လာခဲ့တာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်တည်းမှာတင် နျူကလီးယား စမ်းသပ်မှုနှစ်ကြိမ်နဲ့ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှုပေါင်း ၂၄ ကြိမ်အထိ လုပ်ဆောင်ခဲ့ပါတယ်။ ယခုနှစ်မှာလည်း ဒုံးကျည်စမ်းသပ်မှု သုံးကြိမ်အထိ ပြုလုပ်ထားပြီး ဖြစ်ပါတယ်။

အဲဒီအပြင် မြောက်ကိုရီးယားဟာ ခြောက်ကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုကို လုပ်ဆောင်သွားမယ့် အလားအလာမျိုးလည်း ရှိနေပါတယ်။ နျူကလီးယား စမ်းသပ်မှုနဲ့ ဒုံးကျည်ပစ်လွှတ်မှု တစ်ကြိမ်စီတိုင်းမှာလည်း အကြီးအကျယ် ထိခိုက်ပျက်စီးစေနိုင်တဲ့ နည်းပညာတွေကို ပိုင်နိုင်ကျွမ်းကျင်ဖို့ ပိုမိုနီးစပ်လာပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ရဲ့ အဖေတူအမေကွဲ အစ်ကိုတော်စပ်သူကိုလည်း တတိယနိုင်ငံတစ်ခုမှာ နေ့ခင်းဘက်အချိန်မျိုးမှာ အလွန်ပြင်းထန်တဲ့ ဓာတုလက်နက်ဖြစ်တဲ့ VX အဆိပ်ဓာတ်ငွေ့နဲ့ လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပေါ်ခဲ့ပါတယ်။

လူအများအပြား သေကျေပျက်စီးမှုကို ဖြစ်ပေါ်စေတဲ့ လက်နက်တွေနဲ့ မဆင်မခြင် အသုံးပြုခဲ့တဲ့ဖြစ်စဉ်တွေဟာ အင်မတန်ကြီးမားတဲ့ ဘေးအန္တရာယ်ဆိုးတွေ ဖြစ်ပေါ်လာစေမယ့် အကြောင်းရင်းတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။

လွန်ခဲ့တဲ့နှစ် ၂၀ ကျော်က အပြန်အလှန် သဘောတူညီမှုတွေဖြစ်တဲ့ ၁၉၉၄ သဘောတူညီရေး မူဘောင်၊ ၂၀၀၅ ခုနှစ် စက်တင်ဘာ ၁၉ ရက် ပူးတွဲသဘောတူကြေညာချက်၊ ၂၀၁၂ ခုနှစ် Leap Day သဘောတူညီမှုတွေ အားလုံးဟာ မြောက်ကိုရီးယားရဲ့ ကတိဖောက်ဖျက်မှုနဲ့ ပရိယာယ်တွေကြောင့် အောင်မြင်မှုမရရှိခဲ့ပါဘူး။

မြောက်ကိုရီးယားဟာ ၂၀၀၆ ခုနှစ်မှာ ပထမဆုံးအကြိမ် နျူကလီးယား ဖောက်ခွဲစမ်းသပ်မှုကို လုပ်ဆောင်ခဲ့တာကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ စုစုပေါင်းသဘောတူ ကြေညာချက် ခြောက်ကြိမ်အထိ ချမှတ်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်က မြောက်ကိုရီးယားရဲ့ စတုတ္ထနဲ့ပဉ္စမမြောက် နျူကလီးယား စမ်းသပ်မှုတွေကို တုံ့ပြန်အရေးယူတဲ့အနေနဲ့ ချမှတ်ခဲ့တဲ့သဘောတူ ကြေညာချက် ၂၂၇၀ နဲ့ ၂၃၂၁ တွေကတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အပြင်းထန်ဆုံး ဒဏ်ခတ်အရေးယူမှုတွေပဲ ဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ နျူကလီးယား စမ်းသပ်မှုရဲ့ နောက်ဆုံးအဆင့်ကို ရောက်ရှိဖို့ နီးစပ်နေပြီ ဖြစ်တာကြောင့် စိုးရိမ်ဖွယ်ရာ အခြေအနေတစ်ရပ်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒါကြောင့်လည်း လူအများအပြား သေကျေပျက်စီးစေနိုင်တဲ့ နျူကလီးယား လက်နက်တီထွင်မှုကို တစိုက်မတ်မတ် လုပ်ဆောင်နေတဲ့ မြောက်ကိုရီးယားကို တားဆီးဖို့အတွက် နိုင်ငံတကာ အသိုက်အ၀န်းရဲ့ သဘောထားနဲ့ တစ်စိတ်တစ်ဝမ်းတည်းဖြစ်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ အဲဒီလိုမှမဟုတ်ရင်တော့ နောင်တများစွာနဲ့ အချိန်အခါ နှောင်းသွားမှာဖြစ်ပါတယ်။ ဒါကြောင့် မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်ဖျက်သိမ်းရေး အစီအစဉ်အတွက် နိုင်ငံတကာ အသိုက်အ၀န်းရဲ့ ခိုင်မာတဲ့ အားပေးထောက်ခံမှုကို အားကိုးအားထားပြုရမှာ ဖြစ်ပါတယ်”

တောင်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Ahn Chong-ghee ရဲ့အထူးအစီအစဉ် ပြောကြားချက်က မြောက်ကိုရီးယား နျူကလီးယားအရေးကိုပဲ အဓိကထား ဦးတည်သွားပါတယ်။ သူ့ရဲ့ပြောကြားမှုအပြီးမှာ အစီအစဉ်ကို ခေတ္တရပ်နားခဲ့ပါတယ်။ ကျွန်တော့်ကို မြန်မာနိုင်ငံက လာရောက်တဲ့အတွက် ၀မ်းသာပါကြောင်းစတဲ့ ပဋိသန္ဓာရ စကားပြောကြားခဲ့ပြီး ဂျာနယ်လစ်တွေရဲ့ သီးခြားမေးခွန်း မေးမြန်းမှုတွေကိုတော့ သူ့အနေနဲ့ အချိန်မရတာကြောင့်လို့ဆိုကာ အလိမ္မာနဲ့ နှုတ်ဆက် ထွက်ခွာသွားခဲ့ပါတယ်။

မီဒီယာတွေရဲ့ အခန်းကဏ္ဍအပေါ် ဂျာနယ်လစ်တွေရဲ့အမြင်

မွန်းလွဲပိုင်းမှာ မီဒီယာတွေရဲ့ ဆွေးနွေးပွဲ အစီအစဉ်ကို ဆက်လက်ပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲခေါင်းစဉ်က The Role of the Media for World Peace ပါ။ Moterator က ကိုရီးယားရုပ်သံဌာန တစ်ခုဖြစ်တဲ့ CBS ရဲ့ Editorial Writer, Park Chong-Ryul ပါ။ ပါဝင်ဆွေးနွေးသူတွေက Daegu University ရဲ့ President Mr.Duckryul Hong, တရုတ်ရဲ့ People's Daily သတင်းစာက Deputy Director Mr. Yong Zhang အမေရိကန် ဆန်တီယာဂိုက NBC 7 ရဲ့ Investigative Executive Producer Ms. Lynn Walsh, ဂျော်ဒန်သတင်းဌာနက အယ်ဒီတာချုပ် Safa Al-Khasawneh နဲ့ Chosun Daily သတင်းစာရဲ့ Deputy Editor of Strategic Planning News Desk ဖြစ်တဲ့ Mr. Woosuk Kenneth Choi တို့ဖြစ်ပါတယ်။

မတူညီတဲ့ ချဉ်းကပ်ပုံတွေနဲ့ သက်ဆိုင်ရာ နိုင်ငံအလိုက်၊ နယ်ပယ်အလိုက် အတွေ့အကြုံတွေပေါ် မူတည်ပြီး မီဒီယာတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ဆွေးနွေးမှုတွေ အားလုံးထဲမှာ တောင်ကိုရီးယား နာမည်ကျော် Chosun Daily သတင်းစာက Deputy Editor Mr.Woosuk Kenneth Choi ရဲ့သုံးသပ်မှုတွေအပေါ် အားလုံးသဘောကျ နှစ်ခြိုက်ခဲ့ပါတယ်။

သူ့ရဲ့ “ကျွန်တော်တို့ အလုပ်ကဘာလဲ။ သတင်းအချက်အလက်တွေ ပါဝင်ရဲ့လား။ အစိုးရပိုင်းကို စစ်ဆေးပြီး စောင့်ကြည့်ရဲ့လား။ ပြည်သူလူထုရဲ့ ထင်မြင်ယူဆချက်တွေကို ပေါ်လွင်အောင် ပုံဖော်နိုင်ရဲ့လား။ အကောင်းဆုံးသတင်းတွေကို ရှာဖွေနိုင်ရဲ့လား၊ ပြန်လည်မျှဝေနိုင်ရဲ့လား။ ခင်ဗျားတို့ရဲ့ မီဒီယာကိုအမြဲတမ်း အပြောင်းအလဲလုပ်ဖို့မမေ့ပါနဲ့။ Print ကနေ အွန်လိုင်းဂျာနယ်လစ်ဇင်ကို ကူးပြောင်းတာမျိုးပေါ့။ မိုဘိုင်းနည်းပညာတွေပေါ်မှာလည်း အခြေခံပါ။ ဘယ်လိုသတင်းတွေက အတုအယောင်တွေဆိုတာ သတိထားဖို့မမေ့နဲ့ဦး” ဆိုတဲ့ အစချီဆွေးနွေးမှုတွေကို အားလုံး နှစ်သက်ခဲ့ကြတာပါ...

Writer: 
ဝေဖြိုး