မြို့ချစ်စိတ်၊ နိုင်ငံချစ်စိတ်

မဟာသင်္ကြန်​ ပွဲတော်ကာလအတွင်း နေရပ်သို့ ခေတ္တလာရောက်သော မြန်​မာ​ရွှေ့ပြောင်းလုပ်​သားများ ဧပြီ ၁၉ ရက်က မြ၀တီ-မဲ​ဆောက်​လမ်းမှ လုပ်​ငန်းခွင်​ရှိရာ ထိုင်းနိုင်​ငံသို့ ပြန်​လည်​ထွက်ခွာရန် ပြင်ဆင်နေသည်ကို ချစ်ကြည်ရေးတံတားအနီး တွေ့ရစဉ် (ဓာတ်ပုံ-ကိုရွှေသိန်း)

လူတိုင်းလူတိုင်းသည် ဘယ်နေရာမှာပဲ မွေးဖွားခဲ့သည်ဖြစ်စေ ကိုယ့်မြို့နှင့်ပတ်သက်သော မြတ်နိုးနှစ်သက်စရာ၊ ဂုဏ်ယူစရာများဖြင့် စိတ်ထဲကျေနပ်နေကြလိမ့်မည် ထင်ပါသည်။ ဂုဏ်ယူကျေနပ်စရာတစ်ခုခု ရှာဖွေနေတတ်ကြသော ကျွန်တော်တို့လူသားများမှာ ကိုယ့်ကိုမွေးဖွားခဲ့သော မိသားစု၊ ရပ်ရွာ၊ မြို့၊ နိုင်ငံ၊ လူမျိုးတို့နှင့် ပတ်သက်ပြီး အခြားသူတို့က ကိုယ့်ထက်သာလွန်သည်ဖြစ်စေ၊ နိမ့်ကျသည်ဖြစ်စေ ကိုယ့်တစ်ကိုယ်ရေ စိတ်အတွင်းသားများထဲတွင်တော့ ဂုဏ်ယူကျေနပ်နေကြလေ့ ရှိပါသည်။

တစ်ခါက အဆင့်မြင့်ဘာသာရေး ကျမ်းစာများနှင့် သာမန်လူတို့ ဖတ်ရန်အတွက် ရည်ရွယ်ပြီး ကျမ်းစာအုပ်ပေါင်း မြောက်မြားစွာ ရေးသားခဲ့သော အမရပူရမြို့၊ မဟာဂန္ဓာရုံ ဆရာတော်က ရွှေဘိုသားဇာတိဖြစ်သူပီပီ ကျောင်းဝင်းထဲရှိ သစ်ပင်များကို ရှင်းလင်းရေးလုပ်ရာ ကျောင်းထဲမှ ကိုရင်ငယ်ကိုခေါ်ပြီး ငှက်ပျောပင်ကို လက်ညှိုးထိုးညွှန်ပြကာ ရွှေဘိုသားကွလို့အော်ပြီး တစ်ချက်တည်းနဲ့ အပြီးခုတ်ကွာဟု ပြောဆိုကြောင်း စာအုပ်များထဲတွင် ဖတ်ရှုခဲ့ရပါသည်။ ကျွန်တော်တို့အားလုံးမှာ ကိုယ့်မြို့က နိုင်ငံရေးသမား၊ လူမှုကူညီရေး လုပ်ငန်းများလုပ်သူ၊ စာပေဂီတ အနုပညာလုပ်ငန်းများ အစရှိသော နယ်ပယ်အသီးသီးမှ ထူးချွန်ပေါက်မြောက်သော သူများနှင့်ပတ်သက်ပြီး ဂုဏ်ယူကျေနပ်လေ့ ရှိကြပါသည်။ ကိုယ့်ရှေ့မှ ထူးချွန်ထက်မြက်ကြသူများ၏ လုပ်ရပ်များကိုကြည့်ကာ နောက်မျိုးဆက်လူငယ်များမှာ ထိုထူးချွန်ပေါက်မြောက်ခဲ့ကြသော သူများကိုအတုယူကာ ကြိုးစားလေ့ရှိကြပါသည်။ တကယ်တော့ ကျွန်တော်တို့ လူသားအားလုံးအတွက် အတုယူစရာအဖြစ် လူ့အဖွဲ့အစည်းကို ကိုယ်စွမ်းနိုင်ရာ နည်းလမ်းတို့ဖြင့် ကျေးဇူးပြုခဲ့ကြသူတို့၏ သမိုင်းသည် လိုအပ်သည်သာ ဖြစ်ပါသည်။ ထိုသို့အတုယူစရာ၊ ဂုဏ်ယူစရာဖြစ်ရပ်များ၊ လုပ်ရပ်များရှိနေမှသာလျှင် နောက်မျိုးဆက်အပေါ် ဂုဏ်သိက္ခာရှိသော လွှမ်းမိုးမှုရှိနေပြီဖြစ်ပြီး ထိုသြဇာသက်ရောက်မှုကသာလျှင် ယဉ်ကျေးပြီး လူ့အဖွဲ့အစည်းကို ကောင်းကျိုးပြုသော နောက်မျိုးဆက်တို့ကို မွေးထုတ်ပေးနိုင်မည် ထင်ပါသည်။

ဟိုတလောက ရန်ကုန်မြို့ဆီ ပြန်ရောက်တာ မကြာသေးသော ကျွန်တော်က အငှားကားဖြင့် မြို့ထဲသို့သွားရာ ရွှေတိဂုံဘုရား တောင်ဘက်မုခ်ကဖြတ်သွားရာ ဦးဥတ္တမပန်းခြံဟု ထိုးထားသည်ကို တွေ့မြင်ခဲ့ပါသည်။ ကျွန်တော်တို့ငယ်ငယ်က ထိုပန်းခြံကို ကန်တော်မင်္ဂလာပန်းခြံဟုသာ တွေ့မြင်ခဲ့ရရာ ယခုလိုမြင်တော့ ရှေးခေတ်မြန်မာ့နိုင်ငံရေး သမိုင်းတွင် ဦးဥတ္တမ၏ လုပ်ရပ်များ၊ ကျေးဇူးတရားများကို ပြန်လည်တွေးတော စဉ်းစားမိပါတော့သည်။ လူ့အဖွဲ့အစည်းအတွက် ကိုယ်ကျိုးမငဲ့ကွက်ဘဲ အနစ်နာခံ ပြုစုလုပ်ကျွေးခဲ့ကြသူများကို သမိုင်းမှတ်တမ်းများက ထည့်သွင်းမှတ်တမ်းတင်ထားလေ့ရှိရာ လူသေသော်လည်း နာမည်မသေကြသော သူများအဖြစ် ကိုယ့်မြို့၊ ကိုယ့်နိုင်ငံကို ဂုဏ်မြင့်စေကြသောသူများအဖြစ် ကျွန်တော်တို့ အမှတ်ရလေ့ရှိပါသည်။ ကျွန်တော်တို့ သူငယ်ချင်းအများစုမှာ ကိုယ့်မွေးရပ်ဇာတိမြေကို စွန့်ခွာပြီး တစ်နယ်တစ်ကျေးမှာ လာရောက်နေထိုင်နေကြရပေမယ့် ကိုယ့်မြို့၊ ကိုယ့်ဒေသကို ချစ်မက်ကြသူများသာ ဖြစ်ပါသည်။ တစ်ယောက်နှင့်တစ်ယောက် မြို့၊ ဒေသ၊ ဇာတိမတူညီကြပေမယ့် ကိုယ့်မြို့ကိုယ့်ရွာကို ချစ်ခင်နှစ်သက်ကြတာချင်းတော့ တူညီနေကြပါသည်။ မန္တလေးမှ သူငယ်ချင်းတစ်ယောက် ပြောပြတာကတော့ ကျွန်တော်တို့မြို့ကလူတွေက တစ်နယ်တစ်ကျေးမှာ ရောက်နေပြီး အလုပ်များနေလို့ ကိုယ့်မြို့ကိုယ့်အိမ်ကို မပြန်ဖြစ်ကြပေမယ့် သင်္ကြန်ရောက်ရင်တော့ မပြန်ဘဲမနေနိုင်ကြဘူးဗျ။ ဘယ်နေရာရောက်ရောက် သင်္ကြန်ရောက်ရင်တော့ ကိုယ့်မြို့ကိုရောက်အောင် အများစုက ပြန်ကြတာချည်းပဲဗျဟု ဆိုပါသည်။

မြို့တိုင်းဒေသတိုင်းမှာ ဂုဏ်ယူဝံ့ကြွားစရာ တစ်ခုခုတော့ ရှိနေကြမည်ထင်ပါသည်။ ပန်းတနော်မြို့က သူငယ်ချင်းကတော့ ငါကဦးသန့်မြို့ကကွဟု မကြာခဏဂုဏ်ယူဝံ့ကြွားစွာ ပြောဆိုလေ့ရှိပါသည်။ လူ့ပတ်ဝန်းကျင် လူ့အဖွဲ့အစည်း၏ ကောင်းကျိုးကို စွမ်းစွမ်းတမံ ဖြည့်ဆည်းလုပ်ဆောင်ခဲ့သော သူတို့ကြောင့် သူတို့မွေးဖွားခဲ့ရာ မြို့ရွာများရှိ နောက်မျိုးဆက်လူများမှာ ဂုဏ်ယူဝံ့ကြွားခွင့် ရှိကြပါသည်။ လူ့အဖွဲ့အစည်းကို ကောင်းကျိုးမပြုဘဲ ဆိုးကျိုးပြုခဲ့သူတို့ကြောင့် သက်ဆိုင်ရာမြို့ရွာများမှ လူတို့အရှက်ရစေတာမျိုးလည်း ရှိနေမည်ထင်ပါသည်။ ကျွန်တော်တို့အားလုံးသည် ၀မ်းမြောက်ဂုဏ်ယူစရာ ကိစ္စများကိုသာ ကြုံတွေ့ကြားသိလိုကြပြီး အရှက်ရစရာ၊ ဂုဏ်သိက္ခာ ကျဆင်းစရာ ကိစ္စရပ်များကို မကြားသိလိုကြပါ။ စိတ်အားတက်ကြွစရာ ဖြစ်ရပ်များကို တွေ့ကြုံမြင်တွေ့လိုကြပြီး စိတ်ဓာတ်ကျစရာ ကိစ္စရပ်များကို မကြားသိလိုကြပါ။

ကျွန်တော်သည် အသက်ဆယ့်သုံးနှစ်သားအရွယ်က ရန်ကုန်ကို စတင်ရောက်ရှိခဲ့ပြီး အချို့ကဘယ်နယ်ကလဲဟု မေးကြသည့်အခါ ကျွန်တော်က နတ်မောက်ကဖြစ်ကြောင်း ပြောပြကြသည့်အခါ သူတို့က ဟင်္သာတနယ်ဘက်က နတ်မှော်ကလားဟု ပြန်မေးကြပါသည်။ ဟင်္သာတမြို့နယ်ထဲတွင် နတ်မှော်ဟုခေါ်သော ရွာတစ်ရွာရှိပြီး ထိုရွာကိုလူအတော်များများက သိရှိနေကြပါသည်။ ကျွန်တော်က နတ်မောက်ကပါဟု ပြောလိုက်သည့်အခါ သူတို့မျက်နှာမှာ ၀မ်းသာကြည်နူးသွားသည့်မျက်နှာ၊ အံ့သြသွားသည့် ပုံစံမျိုးဖြစ်မည်ဟု ထင်ခဲ့သော်လည်း သူတို့က ကျွန်တော့်ရဲ့မြို့ကို မသိကြတာမျိုး မကြာခဏ ကြုံတွေ့ခဲ့ဖူးပါသည်။ ကျွန်တော်ငယ်ငယ်က ကျောင်းစာအုပ်များထဲတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သော ကဗျာတစ်ပုဒ်ကို သင်ယူခဲ့ရပြီး ထိုကဗျာထဲတွင် ဇာတိနတ်မောက် မကွေးခရိုင်၊ သိကြများခုတိုင်ဆိုသော စာသားပါခဲ့ရာ ကိုယ့်မြို့နယ်ကို လူအကုန်လုံး သိရှိနေလိမ့်မည်ဟု ထင်မြင်ခဲ့သော်လည်း တကယ့်လက်တွေ့မှာ မသိကြတာမျိုး ကြုံတွေ့ခဲ့ဖူးပါသည်။ ပြီးခဲ့သော ၂၀၁၅ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ အသက် ၁၀၀ ပြည့်နှစ်အဖြစ် ဂုဏ်ပြုပွဲများ ပြုလုပ်ခဲ့ကြရာ မီဒီယာများ၏ကျေးဇူးဖြင့် အဲဒီအခါကျမှ နတ်မောက်မြို့ဆိုသည်မှာ ဗိုလ်ချုပ်အောင်ဆန်း၏ ဇာတိမြို့ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးထဲတွင် တည်ရှိကြောင်း၊ မြန်မာပြည် အလယ်ပိုင်းတွင် တည်ရှိနေတာဖြစ်ကြောင်း လူအတော်များများ သိရှိသွားကြသည်ဟု ထင်မိပါသည်။ ကျွန်တော့်တို့ရွာသည် နတ်မောက်မြို့၏ အရှေ့မြောက်ဘက်တွင် တည်ရှိပြီး နတ်မောက်နှင့် ၁၀ မိုင်ခန့်ဝေးကွာပါသည်။ ယခုအခါ ကားနှင့်ရထားများ ပေါများလာသဖြင့် သွားလာဖို့ လွယ်ကူလာသော်လည်း ဟိုးယခင်ကတော့ လှည်းများဖြင့်သွားကြရတာရှိသလို အချို့မှာ ခြေကျင်လျှောက်ခဲ့ကြရတာလည်း ရှိခဲ့ဖူးပါသည်။

ကျွန်တော်သည် နတ်မောက်မြို့နယ်ထဲမှ ရွာတစ်ရွာတွင် မွေးဖွားကြီးပြင်းခဲ့သော်လည်း ကိုယ့်ကိုယ်ကိုယ် နတ်မောက်သားဟု မိတ်ဆက်ရတာကို ဂုဏ်ယူခဲ့ပါသည်။ ဟိုးအရင်က ကိုယ့်ဇာတိကို မေးမြန်းတာမျိုး ကြုံလို့ပြောပြတဲ့အခါ သူတို့မသိတာကို စိတ်ထဲဘ၀င်မကျပေမယ့် ခုနောက်ပိုင်း သိရှိလာကြတာကိုတော့ စိတ်ထဲကြည်နူး ၀မ်းသာမိပါသည်။ ငယ်ငယ်က နယ်မြို့တစ်မြို့မှာ စာသင်နေရတဲ့အချိန် အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက် ရှိခဲ့ဖူးပါသည်။ ခုတော့ ထိုသူငယ်ချင်း ဘယ်ရောက်နေလဲ မသိတော့ပါ။ သူကရွှေဘိုနယ်ကဖြစ်ပြီး အားလုံးက သူ့ကိုအညာသား ဟုခေါ်ကြပါသည်။ ကျွန်တော်ကတော့ သူ့ကိုဦးအောင်ဇေယျ၊ တစ်ခါတစ်ရံ ရန်ကြီးအောင်ဟု ခေါ်လေ့ရှိပါသည်။ သူကထိုသို့ခေါ်တာကို သဘောကျပြီး တစ်ခါတစ်ရံ ဦးအောင်ဇေယျနှင့် ပတ်သက်ပြီး သူသဘောကျတာတွေကို ပြောပြသည့်အခါ လက်ဖက်ရည်ပင် လိုက်တိုက်ပါသေးသည်။ လူတစ်ယောက်ဟာ ကိုယ့်ဒေသမဟုတ်တဲ့ အခြားနေရာတစ်ခုဆီ ရောက်နေတဲ့အခါမျိုးမှာ ကိုယ့်ဒေသ ကိုယ့်ဇာတိကို ပြောပြရလေ့ရှိပြီး အခြားတစ်ဖက်လူက ကိုယ့်ဒေသလူထုအကျိုးကို ဆောင်ရွက်ခဲ့ဖူးသော နာမည်ကျော် လူတစ်ယောက်နှင့် ကိုယ့်မြို့ကို တွဲသိခြင်းသည် ဂုဏ်ယူဝမ်းမြောက်စရာကိစ္စ ဖြစ်ပါသည်။ သမိုင်းထဲတွင် အကောင်းရောအဆိုးပါ နှစ်ခုစလုံး မှတ်တမ်းတင်ထားကြတာ မှန်ပေမယ့် ကျွန်တော်တို့ လူ့အဖွဲ့အစည်းက လူ့အဖွဲ့အစည်းကို ဆိုးကျိုးပြုခဲ့သောသူများကို စက်ဆုပ်ရွံရှာလေ့ရှိပြီး ကောင်းသောသူများကို အားကျစိတ် ဖြစ်လေ့ရှိပါသည်။ ထို့ကြောင့်ပင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် နိုင်ငံနှင့် လူမျိုးအတွက် ကိုယ်ကျိုးမငဲ့ကွက်ဘဲ ဆောင်ရွက်ခဲ့ကြသော သူတို့နှင့်ပတ်သက်သော အခမ်းအနား၊ အထိမ်းအမှတ်ပွဲများကို တကူးတက ကျင်းပလေ့ရှိတာ ဖြစ်မည်ထင်ပါသည်။

မည်သူမဆို အခြားမိသားစုများနှင့်စာလျှင် ကိုယ့်မိသားစုကို ပိုမိုချစ်ခင်ကြမှာဖြစ်သလို အခြားမြို့များနှင့် စာလျှင်လည်း ကိုယ့်မြို့ကို ပိုချစ်ခင်ကြလိမ့်မည် ထင်ပါသည်။ ထို့အတူပင် အခြားလူမျိုးနှင့်စာလျှင် ကိုယ့်လူမျိုးကို ပိုချစ်လေ့ရှိသလို အခြားနိုင်ငံနှင့်စာလျှင် ကိုယ့်နိုင်ငံကို ပိုချစ်လေ့ရှိသည်မှာ လူသားတို့၏ သဘာဝဟုပြောလျှင်ရမည် ထင်ပါသည်။ အင်္ဂလိပ်လူမျိုးဖြစ်သူ ကဗျာဆရာ ဂျော့ဂေါ်ဒန်ဘိုင်ရွန် (၁၇၈၈-၁၈၂၄) ကတော့ မိမိတိုင်းပြည်ကိုမချစ်သူသည် မည်သည့်အရာကိုမှ ချစ်နိုင်လိမ့်မည်မဟုတ်ဟု ဆိုပါသည်။ ကျွန်တော်နှင့် ရင်းနှီးသော အချို့စာရေးဆရာ၊ ကဗျာဆရာအများစုမှာ သူတို့ရေးခါစက သူတို့ရွေးချယ်ထားသော ကလောင်နောက်မှာ သူတို့မွေးရပ်ဇာတိဖြစ်သော မြို့နယ်၊ ရွာနာမည်ကို တပ်ရေးလေ့ရှိပါသည်။ နောက်ပိုင်း လူတဖြည်းဖြည်း သိသွားကြတဲ့အခါကျမှ သူတို့ကလောင်နာမည် နောက်မှာပါတဲ့ မြို့ရွာနာမည်များကို မထည့်ကြတာမျိုးလည်း ရှိကြပါသည်။ သူတို့အနေနဲ့ ကိုယ့်မြို့ကိုယ့်ရွာကို ချစ်ခင်နှစ်သက်သောစိတ်ဖြင့် ဂုဏ်ယူပြီး ထည့်ကြတာကိုလည်း ကျွန်တော်နားလည်မိပါသည်။

လူတိုင်းလူတိုင်းသည် ကမ္ဘာမြေကြီးပေါ်ရှိ ဘယ်နေရာမှာ မွေးဖွားသည်ဖြစ်စေ မြို့တစ်မြို့၊ နိုင်ငံတစ်ခုခုထဲတော့ အကျုံးဝင်နေတတ်ကြရာ ကိုယ်မွေးဖွားခဲ့သောမြို့၊ နိုင်ငံသည် ကိုယ့်ဘ၀ရဲ့ နယ်မြေဒေသနှင့် သက်ဆိုင်သော အစဖြစ်သလို အားကိုးဂုဏ်ယူစရာတစ်ခုလည်း ဖြစ်နေမည်ထင်ပါသည်။ ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ လူတစ်ယောက်ချင်းဆီမှာ အရည်အချင်း တစ်ခုစီရှိကြသလို နိုင်ငံတစ်ခုချင်း၊ မြို့တစ်ခုချင်းစီမှာလည်း ဂုဏ်ယူကျေနပ်စရာ တစ်ခုခုစီတော့ ရှိနေကြလိမ့်မည် ထင်ပါသည်။ အခြားသူများလိုပင် ကျွန်တော်သည်လည်း ကိုယ့်မြို့၊ ကိုယ့်ဒေသကို ချစ်မြတ်နိုးသူတစ်ယောက် ဖြစ်ပါသည်။

Writer: 
ဆောင်းဝေ (နတ်မောက်)