တစ်ကျော့ပြန်တိုက်ပွဲများနှင့် ယမ်းငွေ့မပြယ်သေးသော ကိုးကန့်မြေ

လောက်ကိုင်မြို့တွင်းတစ်နေရာတွင် လုံခြုံရေးရယူထားသူတစ်ဦးကို မတ် ၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဌေးလှအောင်)

(၁)

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်ခရိုင် လောက်ကိုင်မြို့တွင် မတ် ၆ ရက် နံနက်အစောပိုင်းက မြို့အတွင်းရှိ ဟိုတယ်နှင့် အဆောက်အအုံများ၊ ရဲစခန်းများအပြင် မြို့အနီးရှိ တပ်စခန်းအချို့ကို MNDAA (ကိုးကန့်အဖွဲ့) အပါအ၀င် လက်နက်ကိုင်အဖွဲ့များက ၀င်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြသည်။ ထို့သို့ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ရဲတပ်ဖွဲ့ဝင်များ အပါအ၀င် အပြစ်မဲ့အရပ်သားပြည်သူ ၂၀ ကျော်ခန့် အသက်ဆုံးရှုံးခဲ့ရသည်။ လောက်ကိုင်ဒေသမှာ လွန်ခဲ့သည့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအပြီး နှစ်နှစ်ပြည့်ပြီးချိန်တွင် တစ်ကျော့ပြန်လည်၍ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်း ဖြစ်သည်။

ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အတွင်း MNDAA အဖွဲ့၏ တစ်ကျော့ပြန် ထိုးစစ်ဆင် တိုက်ခိုက်လာမှုများကြောင့် သောင်းနှင့်ချီသည့် ဒေသခံအများအပြား တရုတ်နိုင်ငံနှင့် အခြားဘေးလွတ်ရာ ဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည့်အပြင် ဒေသအသီးသီးမှ ရွှေ့ပြောင်းလုပ်ငန်း လာရောက်လုပ်ကိုင်ကြသည့် ထောင်နှင့်ချီသော အလုပ်သမားအများအပြားတို့မှာလည်း စစ်ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ကြရသည်။ စစ်ပွဲအရှိန်ကြောင့် လောက်ကိုင်မြို့မှာ လူအသွားအလာ ပြတ်တောက်လျက်ရှိပြီး မြို့ပျက်တစ်ခုအလား တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။ လူသူကင်းမဲ့လျက်ရှိသည့် မြို့တွင်းလမ်းမများပေါ်တွင် တပ်မတော်၊ နယ်ခြားစောင့်တပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဒေသဆိုင်ရာ ရဲတပ်ဖွဲ့တို့က လက်နက်ခဲယမ်းအပြည့်အစုံဖြင့် လုံခြုံရေးဆောင်ရွက်ကာ လှည့်ကင်းများဖြင့် မြို့အတွင်း သွားလာလှုပ်ရှားနေကြသည်။

လောက်ကိုင်မြို့မှ မိုင် ၂၀ ကျော်ခန့်သာ ကွာဝေးပြီး တရုတ်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်သည့် ချင်းရွှေဟော်မြို့တွင်လည်း တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့က လုံခြုံရေးအထူးတင်းကျပ်စွာဖြင့် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ ထို့ပြင် ချင်းရွှေဟော်မြို့မှ လောက်ကိုင်မြို့သို့ သွားရောက်ရာ လမ်းတစ်လျှောက်တွင် တပ်မတော်စစ်ကြောင်းများက လုံခြုံရေးအပြည့်ချထားပြီး စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ လောက်ကိုင်မြို့သို့ သွားရာလမ်းတစ်လျှောက်ရှိ ကျေးရွာများမှာ လူသူကင်းမဲ့နေပြီး အချို့နေအိမ်များတွင် ယခင် ၂၀၁၅ ခုနှစ် လောက်ကိုင်တိုက်ပွဲကြောင့် မီးလောင်ပျက်စီးခြင်း၊ လက်နက်ကြီး ကျည်ထိမှန်ထားသည်ကိုလည်း တွေ့ရသည်။

လောက်ကိုင်မြို့သို့ သွားရာလမ်းတစ်လျှောက်တွင် တပ်မတော်က လုံခြုံရေးတင်းကျပ်စွာဖြင့် ထိန်းချုပ်ထားသည်ကို တွေ့ရပြီး ကြက်ခြေနီနှင့် လူမှုကူညီကယ်ဆယ်ရေးကားများ၊ နေရပ်စွန့်ခွာ တိမ်းရှောင်လာသူများမှလွဲ၍ လူသွားလူလာ ကင်းမဲ့ခြောက်ကပ်နေဆဲ ဖြစ်သည်။

“လမ်းတစ်လျှောက်မှာတော့ တပ်မတော်က လုံခြုံရေးအပြည့်ယူထားပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ လောက်ကိုင်ကိုသွားမယ် ဆိုရင်တော့ ခင်ဗျားတို့ လုံခြုံရေးကိုတော့ ဂရုစိုက်ပြီး သွားဖို့တော့လိုမယ်။ သွားလို့တော့ရတယ်။ တိုက်ပွဲက မြို့နဲ့သိပ်မဝေးတဲ့နေရာတွေမှာ ဖြစ်နေတာ။ နေ့တိုင်းလိုလိုပဲ” ဟု လောက်ကိုင်မြို့သို့ သွားရာလမ်းတွင် လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် တပ်မတော်အရာရှိတစ်ဦးက လက်ရှိတိုက်ပွဲဖြစ်ပွားနေမှု အခြေအနေနှင့်ပတ်သက်၍ လုံခြုံရေးကို သတိပေး ပြောကြားခဲ့သည်။

လားရှိုးမြို့မှ သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်မြို့များသို့ သွားရောက်ရာလမ်းတစ်လျှောက်တွင် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့များက လုံခြုံရေးတင်းကျပ်ထားပြီး စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး လောက်ကိုင်မြို့သို့ သွားရောက်မည့်သူများအား သေချာစိစစ်ပြီးမှသာ သွားလာခွင့်ပြုလျက်ရှိသည်ကိုလည်း တွေ့ရသည်။ လက်ရှိအချိန်အထိ လောက်ကိုင်မြို့နှင့် အနီးဝန်းကျင်ဒေသများတွင် တပ်မတော်နှင့် MNDAA ပါဝင်သည့် လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲများဆက်လက် ဖြစ်ပွားလျက်ရှိသည်။ တိုက်ပွဲများကြောင့် လောက်ကိုင်မြို့အနီးဝန်းကျင်ရှိ တောင်ကုန်းများပေါ်တွင် ကြံခုတ်လုပ်သားများစွာ ပိတ်မိနေဆဲဖြစ်ကြောင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ဒေသခံများက ပြောဆိုကြသည်။

မတ် ၆ ရက်က လောက်ကိုင်ဒေသအတွင်း တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားလာခဲ့သည့် တိုက်ပွဲများမှာ အစိုးရတပ်မတော်ကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းထက် လောက်ကိုင်မြို့အတွင်းရှိ ဟိုတယ်အများအပြားအား လူသတ်ဓားပြတိုက်သည့် ပုံစံဖြင့် ဦးတည်တိုက်ခိုက်သွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက သုံးသပ်ပြောကြားခဲ့ကြသည်။ လောက်ကိုင်မြို့အတွင်းရှိ ဟိုတယ်များတွင် ဖွင့်လှစ်ထားသည့် ကာစီနိုလောင်းကစားရုံများမှ တရုတ်ယွမ်ငွေ သိန်းပေါင်းများစွာကို လုယက်ယူငင်သွားပြီး အမျိုးသားနှင့် အမျိုးသမီးဝန်ထမ်းများစွာကိုလည်း ဓားစားခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ပြန်လည်လွတ်မြောက်လာသူများက သတင်းမီဒီယာများသို့ ပြောဆိုခဲ့ကြသည်။

(၂)

လောက်ကိုင်မြို့ အတွင်းသို့ MNDAA လက်နက်ကိုင်အဖွဲ့များက မတ် ၆ ရက် နံနက် ၂ နာရီအချိန်ခန့်က ၀င်ရောက်တိုက်ခိုက်မှု ဖြစ်စဉ်များနှင့်ပတ်သက်၍ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီတို့က ဖြစ်စဉ်ဖြစ်ပွားမှုဖြစ်ပွားပြီး ၂၄ နာရီအတွင်း၌် အသီးသီး သတင်းထုတ်ပြန်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ထိုသို့ သတင်းထုတ်ပြန်ခဲ့ရာတွင် မတ် ၆ ရက် နံနက် ၂ နာရီတွင် ရန်လုံကျိုင်း ရဲစခန်းကို MNDAA (ကိုးကန့်အဖွဲ့) လက်နက်ကိုင်အင်အား ၃၀ ခန့်က ရဲဝတ်စုံများ ၀တ်ဆင်အယောင်ဆောင်ကာ စခန်း၏တောင်ဘက်မှဝင်၍ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ MNDAA (ကိုးကန့်အဖွဲ့) မှ လက်နက်ကိုင် အင်အား ၅၀ ခန့်သည် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့အဖွဲ့ဝင် ဦးဝေဆန်း၏နေအိမ်အား လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ နံနက် ၂ နာရီခွဲအချိန်ခန့်တွင် MNDAA အဖွဲ့သည် လောက်ကိုင်မြို့ရှိ ကျင်းတင်ဟိုတယ်အား ၀င်ရောက်ပစ်ခတ်၍ ဟိုတယ်ရှိ မော်တော်ယာဉ်လေးစီးအား မီးရှို့ဖျက်ဆီးကာ ဖူလီလိုက်ဟိုတယ်မှ ငွေသိမ်းကောင်တာကို ဓားပြတိုက်လုယက်မှု ကျူးလွန်ခဲ့ပြီးနောက် နံနက် ၅ နာရီ ၁၀ မိနစ်တွင် အရှေ့ဘက် နှစ်နိုင်ငံနယ်စပ် BP- 127 ဘက်သို့ ဆုတ်ခွာသွားကြောင်း၊ လောက်ကိုင်မြို့အား ၀င်ရောက်တိုက်ခိုက်နေသည့်အချိန်နှင့် တစ်ပြိုင်နက် နှစ်နိုင်ငံနယ်စပ် BP - 125 နှင့် BP -127 အကြားရှိ တပ်မတော်စခန်းများအား အရှေ့ဘက်မှ ၀င်ရောက်တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း၊ ၀င်ရောက်တိုက်ခိုက်ရာတွင် MNDAA လက်နက်ကိုင်အဖွဲ့နှင့်အတူ အခြားပူးပေါင်းအဖွဲ့များ ပါရှိဖွယ်ရှိကြောင်း သိရှိရကာ၊ ရန်သူ့ထံမှ မီးလောင်ထားသည့် အလောင်း ၂၀၊ RPG နှစ်လက်အပါအ၀င် လက်နက်မျိုးစုံ ၁၃ လက်နှင့် ခဲယမ်းဆက်စပ်ပစ္စည်းများ၊ ပွိုင့် - ၂၁၄၅ တောင်ကြောတိုက်ပွဲမှ MNDAA လက်နက်ကိုင်အဖွဲ့ထံမှ အလောင်းခြောက်လောင်းနှင့် လက်နက်ကြီးနှင့် လက်နက်ငယ်ခြောက်လက် ရရှိခဲ့ကြောင်း၊ MNDAA လက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လောင်အဲချီမှ မူလတန်းပြဆရာမ ဒေါ်ပြာမှီ အပါအ၀င် အပြစ်မဲ့ အရပ်သားပြည်သူ အများအပြား ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုများရှိကြောင်းနှင့် ကိုးကန့်ယာဉ်ထိန်းရဲငါးဦး၊ ပြည်သူငါးဦး သေဆုံးကြောင်းနှင့် ကိုးကန့်ယာဉ်ထိန်းရဲလေးဦးအား ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ တပ်မတော်မှ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း ကနဦးထုတ်ပြန်ခဲ့သည်။

ထို့နောက် လောက်ကိုင်ဒေသအတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက တိုက်ပွဲဖြစ်စဉ် ဖြစ်ပွားခဲ့သည့်နေ့မှစတင်ကာ မတ် ၁၈ ရက်အထိ အသီးသီး သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်များတွင် “ဖုန်ကြားရှင်နှင့် ဖုန်တာရွှင်ဦးဆောင်သည့် MNDAA အကြမ်းဖက် သောင်းကျန်းသူများသည် ရှမ်းပြည်နယ် အရှေ့မြောက်ဒေသအတွင်း တရားမ၀င် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းနှင့် မူးယစ်ဆေးဝါးများ ထုတ်လုပ်ရောင်းဝယ် ဖြန့်ဖြူးခြင်းတို့မှရရှိသည့် ၀င်ငွေများဖြင့် အင်အားများ တိုးချဲ့တည်ဆောက်ပြီး ၂၀၀၉ ခုနှစ်နှင့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်မှ ဧပြီ ၁၈ ရက်အတွင်း လောက်ကိုင်သို့လည်းကောင်း၊ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၀ ရက်မှ ဒီဇင်ဘာ ၅ ရက်အတွင်း မုံးကိုးဒေသသို့လည်းကောင်း၊ ၂၀၁၇ ခုနှစ် ဇန်န၀ါရီလဆန်းပိုင်းမှစ၍ ပွိုင့် ၂၁၄၅ သို့ လည်းကောင်း၊ ၂၀၁၇ ခုနှစ် မတ် ၆ ရက်တွင် လောက်ကိုင်မြို့သို့လည်းကောင်း ၀င်ရောက်တိုက်ခိုက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အစိုးရအဖွဲ့အား ထိခိုက်နစ်နာဆုံးရှုံးစေရန်နှင့် တိုက်ပွဲများကြောင့် ငွေကြေးလိုအပ်ချက် ရရှိစေရေး ပြန်ပေးဆွဲ၊ လူသတ်၊ ဓားပြတိုက်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၇ ခုနှစ် မတ် ၆ ရက် နံနက်အစောပိုင်းတွင် တပ်စခန်းများ၊ ရဲစခန်းများနှင့် အများပြည်သူပိုင်နေရာများကို လက်နက်ကြီး၊ ငယ်များဖြင့် ပစ်ခတ်ခြင်း မီးရှို့ဖျက်ဆီးခြင်း အစရှိသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လာသဖြင့် တပ်မတော်စစ်ကြောင်းများက လိုက်လံတိုက်ခိုက်ကာ နယ်မြေရှင်းလင်းခဲ့ရကြောင်း၊ မတ် ၆ ရက်က လောက်ကိုင်မြို့အတွင်းသို့ MNDAA အကြမ်းဖက် သောင်းကျန်းသူများက ဖူလီလိုက်ဟိုတယ်မှ ယွမ်ငွေ သိန်း ၃၀၀၀ ခန့်အား ဓားပြတိုက်ယူဆောင်ကာ ဟိုတယ်ရှေ့မှ မော်တော်ယာဉ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဟိုတယ်ဝန်ထမ်းအမျိုးသားနှင့် အမျိုးသမီး စုစုပေါင်း ၃၂၀ ခန့်အား ပြန်ပေးဆွဲခေါ်ဆောင်သွားခဲ့ကာ လိုက်ပါရန်ငြင်းဆန်သူ အမျိုးသားဝန်ထမ်းတစ်ဦးအား သေနတ်ဖြင့်ပစ်သတ်ခဲ့ပြီး အမျိုးသမီးဝန်ထမ်းတစ်ဦးကို မုဒိမ်းကျင့်ခဲ့ကြောင်း၊ ဖမ်းဆီးခေါ်ဆောင်သွားသည့် တစ်ဖက်နိုင်ငံသား ၁၀ ဦးအား ပြန်လွှတ်ပေးခဲ့ကာ ကျန်အမျိုးသား ၁၁၀ နှင့် အမျိုးသမီး ၁၅၀ ခန့်တို့အား နန်စန့်မြို့သို့ မော်တော်ယာဉ်များဖြင့် ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း၊ ဖမ်းဆီးခေါ်ဆောင်သွားသူများအား MNDAA အကြမ်းဖက်သောင်း ကျန်းသူအဖွဲ့မှ အကြမ်းဖက်သင်တန်းများ တက်ရောက်စေရန်အတွက် ကုန်းကြမ်းဒေသသို့ ပို့ဆောင်ခဲ့ကြောင်း၊ မတ် ၁၇ ရက်အထိ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း တပ်မတော်နှင့် MNDAA အဖွဲ့တို့အကြား တိုက်ပွဲကြီး၊ ငယ်ပေါင်း ၆၀ ကျော်ခန့်ဖြစ်ပွားခဲ့ပြီး တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

(၃)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသစ်တက်လာချိန်တွင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ကြိုးပမ်းလုပ်ဆောင်ခဲ့ပြီး ယခင်ကြံ့ခိုင်ရေးပါတီအစိုးရ ဦးသိန်းစိန် လက်ထက်က ပုံစံသစ်ဖြင့် ပြန်လည်စတင်ခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ၂၁ ရာစု ပင်လုံညီလာခံဖြင့် အသွင်ပြောင်း၍ တိုင်းရင်းသားလက်နက်ကိုင်များဖြင့် ညှိနှိုင်းဆွေးနွေးလျက်ရှိသည်။ ယခု မတ်လအတွင်းတွင် ကျင်းပရန်စီစဉ်ထားသည့် ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံကျင်းပရန် ရက်ပိုင်းအလိုတွင် မြန်မာပြည် အရှေ့မြောက်ဒေသဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် အစိုးရတပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ ဆက်တိုက်ဆိုသလိုပင် ဖြစ်ပွားနေခြင်းဖြစ်သည်။ ထို့ကြောင့် လတ်တလော ကျင်းပရန် စီစဉ်ထားသည့် ၂၁ ရာစုပင်လုံညီလာခံကိုလည်း ရက်ရွှေ့ဆိုင်းထားသည်ကိုလည်း တွေ့ရသည်။ ထို့ပြင် ယခင် ဦးသိန်းစိန်အစိုးရလက်ထက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချို့ရေးထိုးထားသည့် NCA လက်မှတ်အား အသိမှတ်ပြုရန်မလိုဘဲ စာချုပ်အသစ် ပြန်လည်ရေးဆွဲပြီး နိုင်ငံရေးဆွေးနွေးမှုများ လုပ်ဆောင်ရန်အတွက် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့တွင် ပြုလုပ်ခဲ့သော NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်က လက်ရှိအစိုးရနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တပ်မတော်တို့၏ ငြိမ်းချမ်းရေးရည်မှန်းချက်များကို မှေးမှိန်သွားစေသကဲ့သို့ ၂၁ ရာစု ပင်လုံညီလာခံကိုလည်း ထိခိုက်သွားစေခဲ့သည်။ အဆိုပါ ကြေညာချက်များကြောင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ်မရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များအကြား သဘောထားကွဲလွဲမှုများ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ပြည်တွင်းစစ်မီး အရှိန်မြင့်တက်လာမည်ကို စိုးရိမ်မှုများလည်း ထွက်ပေါ်နေသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသအပါအ၀င် လားရှိုး - မူဆယ်လမ်းပိုင်းတွင်လည်း လက်နက်ကိုင်အဖွဲ့များ၏ ပစ်ခတ်မှုများကြောင့် အရပ်သားနှင့် ခရီးသွားပြည်သူများ ထိခိုက်သေဆုံးမှုများ ရှိနေဆဲဖြစ်သည်။ ထို့ပြင် လက်နက်ကိုင်အဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုမျာကြောင့် ရှမ်းပြည်မြောက်ပိုင်း ဒေသများတွင် MNDAA ၊ KIO/ KIA ၊ TNLA ၊ AA အစရှိသည့် မြောက်ပိုင်းမဟာ မိတ်အဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် မူဆယ်နယ်စပ် ကုန်သွယ်ရေးဂိတ်အပါအ၀င် တရုတ်မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် များစွာထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နေဆဲဖြစ်သည်။ ထို့ကြောင့် တရုတ်နိုင်ငံဘက်မှ မြောက်ပိုင်းမဟာမိတ်အဖွဲ့ (NAB) အား မတ် ၁၄ ရက်က တရုတ်နိုင်ငံ နိုင်ငံခြားရေးဌာနမှ အာရှရေးရာ အထူးသံတမန်ဖြစ်သူ မစ္စတာဆွန် ကော့ရှန်က လက်ရှိမြန်မာ့တပ်မတော်နှင့် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများနှင့်ပတ်သက်၍ ထိုးစစ်များရပ်တန့်ရန်အတွက် မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်းရှိ ကူမင်းမြို့တွင် ခေါ်ယူဆွေးနွေးခဲ့သည်။ လက်ရှိအချိန်အထိ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်ဒေသ အပါအ၀င် လားရှိုး၊ ကွတ်ခိုင်၊ နမ့်ဖတ်ကာ၊ မူဆယ်လမ်းပိုင်းများတွင် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံများ၊ ခရီးသွားပြည်သူများအပါအ၀င် ကုန်စည်စီးဆင်းမှုများပါ ထိခိုက်နစ်နာနေကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

လောက်ကိုင်ဒေသတွင် မတ် ၆ ရက်က ပတ်ခတ်မှုများဖြစ်ပွားပြီးနောက် ဒေသခံများ ကားဖြင့် ထွက်ပြေးတိမ်းရှောင်လာစဉ် (ဓာတ်ပုံ - ရန်ပိုင်)

(၄)

လက်ရှိအချိန်တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်ခရိုင် လောက်ကိုင်မြို့နယ်နှင့် ကုန်းကြမ်းမြို့နယ်များအတွင်း လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အများပြည်သူလိုက်နာကျင့်သုံး နိုင်ရေးအတွက် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ကို မတ် ၉ ရက်မှ စတင်ထုတ်ပြန်ထားပြီး ည ၇ နာရီမှ နံနက် ၆ နာရီအချိန်အထိ ညမထွက်ရအမိန့်အား လောက်ကိုင်ခရိုင် အုပ်ချုပ်ရေးမှူးလက်မှတ်ရေးထိုး၍ ထုတ်ပြန်ထားသည်။ အဆိုပါ ညမထွက်ရအမိန့်အား ဖောက်ဖျက်ကျူးလွန်သူ မည်သူမဆို တည်ဆဲဥပဒေများအရ ပြင်းထန်စွာအရေးယူခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လောက်ကိုင်ဒေသအတွင်း တိုက်ပွဲများ ဖြစ်ပွားနေမှုနှင့်ပတ်သက်၍ မြောက်ပိုင်းမဟာမိတ်အဖွဲ့က မတ် ၆ ရက်က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ရာတွင် ကိုးကန့်၊ ဟုန်အိုင်ဒေသအား အပြင်းအထန်တိုက်ခိုက်နေသည့် တပ်မတော်အား မလွှဲမရှောင်သာ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရကြောင်း၊ လောက်ကိုင်မြို့နယ် ရန်လုံကျိုင်းကျေးရွာ၊ တုန်ချိန်၊ ကျိုဖန်၊ ရှင်းပိုင်ရှင့်၊ ကျင်ရှင့်ချိန်နှင့်ကျင်ဆန်ကျော်၊ အခြားနေရာနှစ်ခုတွင် မလွှဲမရှောင်သာ ခုခံကာကွယ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်တာဘုန်းကျော်က ရှမ်းပြည်မြောက်ပိုင်းနှင့် အရှေ့မြောက်ဒေသများအတွင်း အစိုးရတပ်မတော်နှင့် ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားနေရခြင်းမှာ ၎င်းတို့ လက်နက်ကိုင်အဖွဲ့များ၏ နယ်မြေအတွင်းသို့ တပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်လာမှုများကြောင့် ခံစစ်အနေဖြင့် ခုခံကာ ပြန်လည်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သတင်းမီဒီယာများသို့ တုံ့ပြန်ဖြေကြားထားသည်။

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသဖြစ်သည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တပ်မတော်နှင့် MNDAA လက်နက်ကိုင်အဖွဲ့များအကြား ရင်ဆိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံး၏ တရားဝင် Facebook စာမျက်နှာထက်တွင် နေ့စဉ်တိုက်ပွဲဖြစ်ပွားမှုများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်မှုများ ပြုလုပ်လျက်ရှိသည်။ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် လောက်ကိုင်မြို့ အပါအ၀င် ကုန်းကြမ်း၊ ရန်လုံကျိုင်း၊ မော်ထိုက် အစရှိသည့်ဒေသများမှ ဒေသခံပြည်သူ သောင်းနှင့်ချီကာ စစ်ဘေးလွတ်ရာသို့ တိမ်းရှောင်နေရဆဲဖြစ်သည့်အပြင် မြန်မာနိုင်ငံဒေသအသီးသီးမှ ရွှေ့ပြောင်းလုပ်ငန်း လာရောက်လုပ်ကိုင်ကြသူ အများအပြားမှာလည်း နေရပ်ဒေသများသို့ အခက်အခဲပေါင်းစုံဖြင့် ပြန်နေကြရဆဲ ဖြစ်သည်။

တိုက်ပွဲများဖြစ်ပွားနေသည့် လောက်ကိုင်မြို့သို့ သွားရောက်ရာလမ်းတစ်လျှောက်တွင် လူမှုကူညီကယ်ဆယ်ရေးကားနှင့် နေရပ်စွန့်ခွာလာသည့် ကားများမှလွဲ၍ အသွားအလာ ပြတ်တောက်နေဆဲဖြစ်သည်။ လမ်းတစ်လျှောက်ရှိ တောင်ကုန်းများနှင့် လမ်းများပေါ်တွင် အစိုးရတပ်မတော်က လုံခြုံရေး အပြည့်ရယူထားပြီး လောက်ကိုင်ဒေသသို့ သွားရောက်မည့်သူများကို တင်းတင်းကျပ်ကျပ် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိသည်။

(၅)

လောက်ကိုင်မြို့သို့ အ၀င်ဂိတ်တွင် တပ်မတော်၊ နယ်ခြားစောင့်တပ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့က လက်နက်အပြည့်အစုံဖြင့် လုံခြုံရေးရယူထားပြီး စစ်ဆေးမှုများပြုလုပ်လျက်ရှိသည်။ တိုက်ပွဲများဖြစ်ပွားနေသည့် လောက်ကိုင်မြို့တွင် လူအသွားအလာ ပြတ်တောက်လျက်ရှိပြီး တပ်မတော်၊ နယ်ခြားစောင့်တပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့တို့က လုံခြုံရေးရယူထားသည်။ တိုက်ပွဲကြောင့် ပျက်စီးသွားခဲ့သည့် အဆောက်အအုံများ၊ ဟိုတယ်အပျက်အစီးများ၊ မီးလောင်ပျက်စီးနေသည့် ကားများအစရှိသည့် အပျက်အစီးများကိုလည်း ရှင်းလင်းမှု မပြုလုပ်နိုင်သေးပေ။ ထို့ပြင် မြို့အနီးဝန်းကျင်တွင် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်နေသည့် အသံများက မြို့အတွင်းကျန်ရှိ နေသေးသူများအား တုန်လှုပ်ချောက်ချားမှုကို ဖြစ်ပေါ်စေသည်။

လောက်ကိုင်ခရိုင်အား ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသဖြင့် လောက်ကိုင်မြို့သို့ အကူအညီလာရောက်ပေးသူများ အနေဖြင့် ည ၇ နာရီမတိုင်မီ အချိန်မီ မပြန်နိုင်ပါက လျှပ်စစ်မီးပြတ်တောက်နေသည့် လောက်ကိုင်မြို့အတွင်း တစ်ညအိပ်စက်ရမည်ဖြစ်သည်။ တည်းခိုရမည့် ဟိုတယ်များ မဖွင့်သည့်အပြင် အဆင့်မြင့် ဟိုတယ်အများအပြားမှာလည်း တိုက်ပွဲကြောင့် ထိခိုက်ပျက်စီးနေဆဲ ဖြစ်သည်။ အသက်အန္တရာယ် လုံခြုံရေးအတွက်မူ အာမခံချက်ကား မရှိ။ ညပိုင်းအချိန်တွင် လက်နက်ကိုင်အဖွဲ့မှ မြို့အတွင်းသို့ တိတ်တဆိတ် ၀င်ရောက်ခြောက်လှန့် ပစ်ခတ်မှုများရှိသဖြင့် တပ်မတော်အပါအ၀င် နယ်ခြားစောင့်တပ် ရဲတပ်ဖွဲ့တို့က အချိန်ပြည့် လုံခြုံရေးရယူထားပြီး လက်နက်အပြည့်အစုံဖြင့် လှည့်ကင်းများဖြင့် လုံခြုံရေး ဆောင်ရွက်နေရကြောင်း လောက်ကိုင်မြို့အတွင်း လုံခြုံရေးတာဝန်ယူနေသည့် တပ်မတော်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရုံးစိုက်ရာမြို့ဖြစ်သည့် လောက်ကိုင်မြို့သည် တရုတ်လူမျိုး အများစုနေထိုင်ကြပြီး တရုတ်ယွမ်ငွေ၊ တရုတ်ဘာသာစကားကိုသာ အဓိက ပြောဆိုအသုံးပြုကြသည်။ မြို့အခြေအနေမှာ အထပ်မြင့်အဆောက်အအုံများ၊ အဆင့်မြင့် ဟိုတယ်များ၊ ဈေးဝယ်စင်တာများ၊ လောင်းကစားရုံများ၊ အပန်းဖြေစရာများဖြင့် ဖွံ့ဖြိုးတိုးတက်နေသည့် မြို့ပြတစ်ခုဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးမှာလည်း နိုင်လွန်ကတ္တရာ လမ်းများဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည့် မြို့ပြတစ်ခုဖြစ်သည်။ ယခုအချိန်တွင် တိုက်ပွဲကြောင့် လက်နက်ကြီး ပစ်ခတ်သံများမှလွဲ၍ လူသံ၊ ကားသံတိတ်ဆိတ် ငြိမ်သက်လျက်ရှိပြီး မြို့ပျက်တစ်ခုအသွင် ပြောင်းလဲသွားခဲ့သည်။ လက်ရှိတိုက်ပွဲများနှင့် မြို့၏စီးပွားရေးအား ထိခိုက်မှုများစွာ ဖြစ်ပေါ်သွားခြင်းကြောင့် လောက်ကိုင်မြို့သည် ယခင်ကကဲ့သို့ နာလန်ပြန်ထူရန် အတော်ကြိုးစား ရုန်းကန်ရဦးမည်ဖြစ်သည်။ ယခုကဲ့သို့ လက်နက်ကိုင်အဖွဲ့များ၏ ၀င်ရောက်တိုက်ခိုက်မှု၊ လူသစ်စုဆောင်းသွားမှုများကြောင့် လောက်ကိုင်မြို့အခြေအနေနှင့် ကိုးကန့်ဒေသမှာ စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိနေဆဲ ဖြစ်သည်။

ကိုးကန့်ဒေသမှာ တိုက်ပွဲများ ချုပ်ငြိမ်းသွားပါက နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်မှုမှာ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးလာမည့် ဒေသတစ်ခု ဖြစ်သည်။ သို့သော် လက်ရှိရင်ဆိုင်တိုက်ပွဲများကြောင့် ကိုးကန့်ဒေသအား စွန့်ခွာထွက်ပြေးသူ အများအပြားရှိလာပြီး အပြီးတိုင်ပြောင်း ရွှေ့ထွက်ပြေးသွားသူများလည်း ရှိနေကြောင်း သိရသည်။ ကိုးကန့်ဒေသကား ယမ်းငွေ့မပြယ်သေးသရွေ့ အစိုးရ၊ တပ်မတော်၊ လက်နက်ကိုင်အဖွဲ့ အစရှိသည့် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုမရှိမချင်း လက်နက်သံချုပ်ငြိမ်းနိုင်ဦးမည် မဟုတ်ပေ။

တစ်ကျော့ပြန်တိုက်ပွဲများနှင့်အတူ ကိုးကန့်ဒေသကား အပြန်အလှန် တိုက်ခိုက်ပစ်ခတ်မှုများနှင့်အတူ နွေဦး၏ မြူမှုန်တို့နှင့်အပြိုင် ယမ်းငွေ့များဝေနေဆဲ…။ တိုက်ပွဲများအကြား ပြည်သူများ မြေစာပင်အဖြစ် သွေးစွန်းနေကြဆဲ၊ တိုင်းပြည်အတွက် တိုင်းရင်းသား ပြည်သူများ အသက်ဆုံးရှုံးနေကြရဆဲ။ ကျည်ဆန်များအစား ပန်းများပွင့်စေ၊ သေနတ်သံများအစား ကလေးများ၏ စာသင်ဆော့ကစားသံများ ပျံ့လွင့်နိုင်စေဟုနှုတ်မှ ရေရွတ်မိလိုက်သည်။ ယမ်းငွေ့မပြယ်သေးသည့် ကိုးကန့်မြေမှ အပြန်လမ်းတွင် လက်နက်ကြီးပစ်သံများ ဆက်တိုက်ပြန်ကြားလာရပြန်သည်။ အမြန်ငြိမ်းချမ်းပါစေ ကိုးကန့်မြေဟု တောင်းဆုပြုရင်း ကိုးကန့်ဒေသအား နှုတ်ဆက်ခဲ့သည်။ မြန်မာပြည် အမြန်ဆုံး ထာဝရငြိမ်းချမ်းပါစေဟု…။

Writer: 
ဌေးလှအောင်