နွေရာသီ မီးလင်းရေး ကုန်ကျရတော့မယ့် ကျပ်ဘီလျံ ၃၀

ရန်ကုန်မြို့ လှည်းတန်း ၀န်းကျင်တစ်ဝိုက်ကို ညပိုင်းတွင် အပေါ်စီးမှ တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်)

နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားအတွက် ရလဒ်ကောင်းတွေ ဖော်ဆောင်ပေးနိုင်မှုမရှိခြင်းနဲ့ စီးပွားရေးအရ တွက်ခြေကိုက်မှု မရှိတာတွေကြောင့် ပြန်လည်သုံးသပ်နိုင်ဖို့ စီမံကိန်း ၄၄ ခုကို လတ်တလော ရပ်ဆိုင်းထားရေး ဆွေးနွေးရာမှာ  ၁၁ ခုကို ၀န်ကြီးဌာနက တာဝန်ခံလို့ ဆက်လက် လုပ်ကိုင်ခွင့်ပြုခဲ့ပြီး ကျန် ၃၃ ခုကို လတ်တလော ရပ်ဆိုင်းထားဖို့ အတည်ပြုလိုက်ပါတယ်။

ရန်ကုန်ပန်းကုမ္ပဏီဟာ ဘယ်ကလဲ

ရန်ကုန်တိုင်းဒေသကြီးအတွင်း နွေရာသီလျှပ်စစ်ဓာတ်အား လိုအပ် ချက် ဖြည့်ဆည်းနိုင်ဖို့ ၂၅ မဂ္ဂါဝပ် ထုတ်နိုင်မယ့် လျှပ်စစ်ဓာတ်အားထုတ်စက် ၀ယ်ယူရေးအတွက် သီးသန့်ရန်ပုံငွေက ကျပ်ဘီလျံ ၃၀ သုံးစွဲခွင့်ပြုဖို့ မတ် ၁၃ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ ထွန်းနိုင်က တင်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့ဟာ ပြည်သူ့ဘ၀နေထိုင်မှုပုံစံနဲ့ စက်မှုကုန်ထုတ်လုပ်မှု ပုံစံတွေအရ လျှပ်စစ်မီးရှိမှဖြစ်မယ့် အနေအထားဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာ ထွက်ရှိတဲ့ လျှပ်စစ်ဓာတ်အားရဲ့ ၄၅ ရာခိုင်နှုန်းလောက်ကိုလည်း ရန်ကုန်တိုင်းတစ်ခုတည်းက သုံးစွဲနေတာဖြစ်လို့ ဒီလိုလျှပ်စစ်မီးရရှိရေးဟာ အရေးပါပါတယ်။ ဒါပေမဲ့ တိုင်းပြည်အတွက်ကတော့ ကျပ်ဘီလျံရာနဲ့ချီ အရှုံးခံလုပ်ဆောင်ပေးနေရတဲ့ လျှပ်စစ်အရှုံးပေါ်မှာ အနည်းဆုံးကျပ်ဘီလျံ ၃၀ ထပ်ဆင့်တော့မှာ ဖြစ်ပါတယ်။

လက်ရှိဝယ်ယူမယ့် ဓာတ်အားပေးစက်က သဘာဝဓာတ်ငွေ့၊ ဒီဇယ်တွေနဲ့ လည်ပတ်နိုင်ပြီး ၀ယ်ယူမယ်ဆို တပ်ဆင်ပြီးတဲ့အချိန်အထိ တစ်လခွဲခန့် ကြာမြင့်နိုင်မှာဖြစ်သလို အဆိုပြုဈေးနှုန်းက ဆိပ်ကမ်းအရောက် CIF တန်ဖိုး အမေရိကန်ဒေါ်လာ ၂၂ သန်းကျော်ကျမှာဖြစ်ပြီး မြန်မာကျပ်ငွေနဲ့လည်း ပေးချေနိုင်မှာ ဖြစ်ပါတယ်။ တင်ဒါစနစ်နဲ့ ဆောင်ရွက်မယ်ဆို အချိန်ကြာမြင့်နိုင်သလို အစိုးရအချင်းချင်း ညှိနှိုင်းဝယ်ယူမယ်ဆို တင်ဒါစနစ်အတွက် ပြင်ဆင်ဆောင်ရွက်ရမယ့်အချိန်ကို လျှော့ချနိုင်မှာဖြစ်လို့ နွေရာသီအမီ လျှပ်စစ်ထုတ်လုပ်နိုင်မယ်လို့ ဒေါက်တာထွန်းနိုင်က ဆိုပါတယ်။ အစိုးရအချင်းချင်း အစီအစဉ်နဲ့ ၀ယ်ယူမယ်ဆိုရင် ကြားခံအဖွဲ့အစည်းအဖြစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အစုရှယ်ယာအများဆုံး ပါဝင်ဖွဲ့စည်းထားတဲ့ ရန်ကုန်ပန်းကုမ္ပဏီလီမိတက်က ဆောင်ရွက်သွားမယ်လို့လည်း ဒေါက်တာထွန်းနိုင်က ဆိုပါတယ်။

တကယ်ဆိုရင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ရာစီမံကိန်းတွေနဲ့ အထူးစီးပွားရေးဇုန်တွေ တည်ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ Yangon Metro-Politan Development အများပိုင်ကုမ္ပဏီကို ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းနဲ့ ပူးပေါင်းဖွဲ့စည်းထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားပါတယ်။

လက်ရှိမှာလည်း ရန်ကုန်ပန်းဆိုတဲ့ ကုမ္ပဏီအသစ်တစ်ခုက အမေရိကန်ဒေါ်လာ ၂၂ သန်းသုံးမယ့် စီမံကိန်းတစ်ခုအတွက် ပေါ်ထွက်လာပြန်ပြီဖြစ်ပါတယ်။ ဒီလိုကုမ္ပဏီတွေကို ဘယ်လိုပုံစံနဲ့ ဖွဲ့စည်းထားပြီး ရန်ကုန်အစိုးရက ဘယ်လောက်အထိ ရှယ်ယာပါထားသလဲ ဆိုတာကိုတော့ ပြည်သူတွေသိဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။

ကျပ်ဘီလျံ ၃၀ အတွက် ဘယ်သူတာဝန်ယူမလဲ

လျှပ်စစ်တစ်ယူနစ်ကို ၃၅ ကျပ်ကနေ ကျပ် ၁၅၀ ပဲရရှိနေတဲ့ နိုင်ငံမှာ အမေရိကန်ဒေါ်လာ ၂၂ သန်း အကုန်အကျခံဝယ်ယူမယ့် နွေရာသီ မီးလင်းရေးစက်ဟာ တစ်ယူနစ်ကို ကျပ် ၂၀၀ ကုန်ကျမှာပါ။ ဒါ့အပြင် မြန်မာနိုင်ငံမှာ လျှပ်စစ်တစ်ယူနစ် အသုံးပြုတိုင်း အစိုးရက ၂၃ ကျပ်လောက်ရှုံးနေလို့ နှစ်စဉ် ကျပ်ဘီလျံ ၅၀၀ နီးပါး အရှုံးပြနေပါတယ်။

ဒီလိုလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အရှုံးစရိတ်တွေအတွက် အခွန်ထမ်းတွေက ကျခံနေရပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ကျပ် ၃၀ ဘီလျံသုံးစွဲပြီး ထုတ်လုပ်ဖြည့်ဆည်းမယ့် လျှပ်စစ်အတွက် လုပ်ငန်းအရှုံးအမြတ်ကို မည်ကဲ့သို့ တာဝန်ယူမည်နည်းလို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေက မေးခွန်းထုတ်ခဲ့ပါတယ်။

တကယ်ဆို ရန်ကုန်တိုင်းဒေသကြီးအစိုးရက နွေရာသီမီးလင်းရေးအတွက် ကျပ်ဘီလျံ ၃၀ ကိုသီးသန့်ရန်ပုံငွေကနေ သုံးနေစရာမလိုပါဘူး။ နှစ်တိုင်းလိုလို အမြတ်ရနေပြီး သုံးနှစ်အတွင်းမှာ ကျပ်ဘီလျံ ၅၀ ကျော်အမြတ်ရခဲ့တဲ့ ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းက ကျခံသုံးစွဲရမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) က ဦးသန်းစိုး (ဘောဂဗေဒ)ကဆိုပါတယ်။

“မြန်မာနိုင်ငံမှာ အိမ်ထောင်စု ၁၀ သန်းမှာ ခြောက်သန်းခွဲပဲ လျှပ်စစ်မီးရပါသေးတယ်။ ဒီထဲမှာ လေးသန်းလောက်က လျှပ်စစ်မီးကို လုံလုံလောက်လောက် အသုံးပြုနိုင်ပါတယ်။ ဒေသအလိုက် လျှပ်စစ်မီးလိုအပ်မှုကလည်း ဖြစ်ပေါ်နေပါတယ်။ အဲဒီအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အဟန့်အတား ဖြစ်စေပါတယ်။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကတော့ အရှုံးပေါ်ပါတယ်။ ဖြန့်ဖြူးရေးကတော့ အမြတ်ပေါ်ပါတယ်။ နောက်ပြီးတော့ ရန်ကုန်တိုင်းလျှပ်စစ် ကော်ပိုရေးရှင်းကတော့ အမြတ်ပေါ်ပါတယ်။ ဒီသုံးနှစ်အတွင်းမှာ ၅၁ ဘီလျံလောက် အမြတ်ပေါ်ပါတယ်။ ရန်ကုန်တိုင်းကော်ပိုရေးရှင်းက အရင်းမစိုက်ဘဲ မြတ်နေတာမျိုးကို ဆိုလိုတာပါ။ ဒီပိုက်ဆံကို ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းက ဘာလို့မသုံးစွဲတာလဲ။ အဲဒါက မေးခွန်းထုတ်စရာပါ” လို့ ဦးသန်းစိုး (ဘောဂဗေဒ) က ဆွေးနွေးခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သီးသန့်ရန်ပုံငွေကနေ ကျပ်ဘီလျံ ၃၀ သုံးစွဲပြီး လျှပ်စစ်ဓာတ်အားထုတ်တဲ့စက် ၀ယ်ယူဖို့အတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ဒီစက်ဟာ စက်စွမ်းအားပြည့် လည်ပတ်မယ်ဆို ကုန်ကျမယ့် လောင်စာအနေနဲ့ သဘာဝဓာတ်ငွေ့ အသုံးပြုမယ်ဆို တစ်နာရီကို ခန့်မှန်း ၁၀၄၄၅ မီတာကျူ့ လိုအပ်မှာဖြစ်သလို ဒီဇယ်ဆီအသုံးပြု လည်ပတ်မယ်ဆို တစ်နာရီကို ၇၄၈၈ မီတာခန့် လိုအပ်မှာပါ။ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာတော့ ကနဦးမှာ ဒီဇယ်လောင်စာဆီ အသုံးပြုမောင်းနှင်ဖို့ စီစဉ်ထားပြီး တစ်ရက်ကို ဒီဇယ်ဆီ အသုံးပြုမှုပမာဏ ဂါလန်တစ်သောင်းခန့် ကုန်ကျမှာဖြစ်ပြီး ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှာတော့ စုဆောင်းထားတဲ့ ဒီဇယ်ဆီဂါလန် ၁၀ သိန်းခန့်ရှိလို့ နွေရာသီကာလအတွက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

“ဒီဇယ်ကိုသုံးပြီး ထုတ်လုပ်မှုစရိတ်က တစ်ယူနစ်အတွက် ဆီဖိုးသက်သက်တင် ၁၉၆ ကျပ်ကျသင့်ပါမယ်။ စက်ဆီ၊ ချောဆီနဲ့ စက်တန်ဖိုးရောကိုပါ ထည့်ပေါင်းရင် ကျပ်၂၂၀ လောက်ရှိပါတယ်။ ဓာတ်အားခ တစ်ယူနစ်က ၃၅ ကျပ်ကနေ ကျပ် ၅၀ ဆိုတော့ ပျမ်းမျှ ၄၅ ကျပ်ထားရင် တစ်ယူနစ်တိုင်း ၁၇၅ ကျပ်ရှုံးပါမယ်။ ဒါဟာအနည်းဆုံး တွက်ထားတာပါ။ ဒီတော့တစ်ညငါးနာရီအတွက် ထွက်မယ့်ယူနစ်က ၁၂၅၀၀၀၊ ဒီတော့ ၁၁ ညလည်ရင် ၂၁ သန်းကျော်၊ သုံးလအတွက်ဆို ကျပ်သန်းပေါင်း ၁၉၆၈၊ နှစ်ဘီလျံနီးပါးကို တစ်နိုင်ငံလုံးရှိ အခွန်ထမ်းတွေနဲ့ ပြည်သူတွေက ရန်ကုန်လူထုမီးလင်းရေးနဲ့ ပူပြင်းတဲ့နွေကာလကို အဲကွန်းနဲ့ ဖြတ်ကျော်နိုင်ဖို့အတွက် စေတနာအပြည့်နဲ့ ၀ိုင်းဝန်းကျခံပေးကြမှာ ဖြစ်ပါတယ်။ အရန်သိုလှောင်ထားတဲ့ ဆီဆိုတာလည်း နိုင်ငံတော်ပိုက်ဆံနဲ့ ၀ယ်ထားတာပါ။ နှစ်တိုင်းဒီလိုပဲတော့ မသုံးသင့်ဘူးလို့တော့ ထင်ပါတယ်” လို့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက ဆိုပါတယ်။

ဒီလိုဘက်စုံအရှုံးခံနေရတဲ့ စက်အတွက် နောက်ငါးနှစ်မှာ ဒီစက်ကြီးဟာ ဘာဖြစ်သွားမလဲဆိုတာကို သိဖို့လိုတယ်လို့ ဦးကျော်နီနိုင်က ဆွေးနွေးခဲ့သလို အစိုးရနဲ့ လွှတ်တော်က လူသစ်အများစုဖြစ်လို့ ဒီလိုစက်တွေ မ၀ယ်ဖူးတာကြောင့် ၀ယ်ယူမှု အတွေ့အကြုံရှိတဲ့သူတွေနဲ့ ချိတ်ဆက်ပြီး ၀ယ်ယူကြရမှာဖြစ်လို့ ဈေးကြီးမိမှာ၊ ဂရိတ်မမှန်မှာ၊ အစုတ်ကို ဆေးသုတ်လက်ပူတိုက်ပြီး လွှတ်လာမှာကိုလည်း ကြောက်ရမှာသေးတယ်လို့ ဦးမျိုးဝင်းက ဆိုပါတယ်။

ဘာပဲဖြစ်ဖြစ် ကျပ် ၃၂ ဘီလျံလောက် အကုန်ခံပြီး ရန်ကုန်မီးလင်းအောင်လုပ်မယ့် စီမံကိန်းကတော့ ရှိလာပြီဖြစ်ပါတယ်။ ဒီလိုအကုန်ခံပြီးလုပ်ထားလို့ ဒီနှစ်နွေမီးမပြတ်တော့ဘူးလား ဆိုရင်တော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်လို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Writer: 
ဖြိုးဝေ