NLD အစိုးရ ရေးဆွဲခဲ့တဲ့ ဘတ်ဂျက်မှာ မျှော်မှန်းသမျှတွေ ဖြစ်လာမလား

အခြေခံလူတန်းစားတို့ စားဝတ်နေရေးအတွက် နိစ္စဓူဝ ဖြေရှင်းကြရသော ဒညင်းကုန်း ဘူတာဈေးမြင်ကွင်း (ဓာတ်ပုံ-ကြည်နိုင်)

တိုင်းပြည်အတွက် အကျိုးမပြုတဲ့ စက်ရုံစီမံကိန်း ၄၄ ခုမှာ ၃၃ ခု ကိုရပ်ဆိုင်းလိုက်ပြီဖြစ်ပြီး ကျပ်ဘီလျံ ၂၈၀ ကျော်ဖြတ်တောက်နိုင်ခဲ့တာကြောင့် လာမယ့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ဟာ ဦးသိန်းစိန်အစိုးရနဲ့ NLD အစိုးရ အစိုးရနှစ်ဆက်အကြား ခုနစ်နှစ်တာ ကာလအတွင်း ဘတ်ဂျက်လိုငွေ အများဆုံးဖြစ်လာမယ့် အခြေအနေက ယာယီလွန်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ဟာ ဦးသိန်းစိန်အစိုးရ ရေးဆွဲခဲ့တဲ့ ဘတ်ဂျက်ကိုအမှီပြုပြီး NLD အစိုးရက ရှေ့ဆက်ခဲ့တာဖြစ်ပြီး လာမယ့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ဟာ NLD အစိုးရရဲ့ ဘတ်ဂျက်သုံးစွဲရေး စီမံရေးဆွဲမှု အပြည့်အ၀နဲ့ ရှေ့ဆက်မယ့်နှစ်ပဲ ဖြစ်ပါတယ်။

NLD အစိုးရလက်ထက်မှာ အထူးခြားဆုံးလို့ ပြောရမှာကတော့ ၀န်ကြီးဌာနတွေ ပေါင်းစည်းလိုက်တာကြောင့် ဦးသိန်းစိန်အစိုးရ တစ်လျှောက်လုံး ဘတ်ဂျက် အများဆုံးတောင်းခံလို့ အဝေဖန်ခံနေရတဲ့ ကာကွယ်ရေးဝန်ကြီးဌာနဟာ ဘတ်ဂျက် အများဆုံးတောင်းခံတဲ့ ၀န်ကြီးဌာန မဖြစ်တော့ဘဲ တတိယအများဆုံး ဘတ်ဂျက်သုံးတဲ့ ၀န်ကြီးဌာနဖြစ်သွားခဲ့တာပါ။

လက်ရှိ ဘဏ္ဍာနှစ်မှာ ဘတ်ဂျက်လိုငွေဟာ ထပ်တိုးဘတ်ဂျက် အပါအ၀င် ဘတ်ဂျက်ပမာဏ စုစုပေါင်းဟာ ဘီလျံ ၄၀၀၀ ကျော်နဲ့ အစိုးရနှစ်ဆက် ခြောက်နှစ်တာကာလအတွင်းမှာ ဘတ်ဂျက်လိုငွေ အများဆုံးဖြစ်ခဲ့ပြီး ဖြစ်ပါတယ်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ရဲ့ ဘတ်ဂျက်ဟာဆိုရင်ဖြင့်လည်း ကနဦးမှာ ကျပ် ၄၁၂၈ ဘီလျံအထိဖြစ်ခဲ့လို့ ဘတ်ဂျက်လိုငွေ အများဆုံးနှစ်ဖြစ်ပေမယ့် လက်ရှိမှာ လွှတ်တော်က ကျပ်ဘီလျံ ၃၀၀ လောက် ဖြတ်တောက်နိုင်ခဲ့ပြီဖြစ်လို့ ဘတ်ဂျက်လိုငွေက ကျပ်ဘီလျံ ၃၈၀၀ ကျော်သာ ရှိပါတော့တယ်။

ဒီလိုလျော့ကျသွားပေမယ့် လာမယ့်ဘဏ္ဍာနှစ်ဟာ ဘတ်ဂျက်လိုငွေ အများဆုံးဖြစ်လာနိုင်တဲ့ နှစ်အဖြစ်ရှိလာမယ့် အနေအထားမှာ ရှိနေဆဲဖြစ်နေပါတယ်။ ဘာ့ကြောင့်လဲဆိုရင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်ရေးဆွဲရာမှာ လက်ရှိ ၁၃၅၀ ပတ်ဝန်းကျင်မှာရှိနေတဲ့ အမေရိကန် ဒေါ်လာဈေးကို ကျပ် ၁၁၈၅ ကျပ်နဲ့ ရေးဆွဲခဲ့တာနဲ့ နှစ်စဉ်နှစ်တိုင်းလိုလို တောင်းခံနေတဲ့ ထပ်တိုးဘတ်ဂျက်တွေကြောင့် လာမယ့်ဘဏ္ဍာနှစ်ဟာ ခုနစ်နှစ်အတွင်း ဘတ်ဂျက်လိုငွေ အများဆုံးဖြစ်လာမယ့် နှစ်အဖြစ် ရှိနေတာပါ။

ဦးသိန်းစိန်လက်ထက် ဘတ်ဂျက်နဲ့ လက်ရှိအစိုးရ ဘတ်ဂျက်

ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရ တာဝန်ယူခဲ့တဲ့ ငါးနှစ်သက်တမ်းမှာ ကနဦးဘတ်ဂျက်လို ငွေပေါင်းကျပ်ဘီလျံ ၁၃၀၀၀ ကျော်ဖြစ်ပေါ်ခဲ့ပါတယ်။ အနီးစပ်ဆုံး ကာလတွေအထိ တွက်ချက်မှုတွေအရဆိုရင် ၂၀၁၁-၂၀၁၂ ကနေ ၂၀၁၄-၂၀၁၅ အထိ ဘတ်ဂျက်လိုငွေတွေက မူလခန့်မှန်းခြေမှာ ပျမ်းမျှ ၄ ဒသမ ၄၂ ရာခိုင်နှုန်း ရှိပေမယ့် အမှန်စာရင်းမှာဆိုရင် ၂ ဒသမ ၀၈ ရာခိုင်နှုန်းသာ ရှိနေပါတယ်။ ဒါတွေက ဘာကြောင့်ဖြစ်ရတာလဲဆိုတော့ အမှန်တကယ်မလုပ်နိုင်ဘဲ ဘတ်ဂျက်ဆိုတာ ပိုတင်ရမယ်။ ဖြတ်ချတာနဲ့မှ အကိုက်ဘဲဆိုတဲ့ ၀န်ကြီးဌာနတွေရဲ့ မပြောင်းလဲနိုင်သေးတဲ့ စိတ်ဓာတ်တွေနဲ့ အမှန်တကယ် လိုအပ်မှု ရှိ၊ မရှိ မဆန်းစစ်နိုင်ဘဲ အနည်းငယ်သာဖြတ်ချပြီး တောင်းသလောက် ခွင့်ပြုလိုက်ရတဲ့ လွှတ်တော်ရဲ့ အားနည်းချက်ကြောင့်လို့ပဲဆိုရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘဏ္ဍာနှစ်တစ်နှစ် ကုန်ဆုံးလို့ ဘတ်ဂျက်အမှန်စာရင်း ထွက်လာတိုင်းမှာ လိုငွေပမာဏဟာ ကနဦး တွက်ချက်မှုတွေတိုင်းထက် လျော့နည်းခဲ့တာ တွေ့ရမှာဖြစ်ပြီး ဦးသိန်းစိန်အစိုးရရဲ့ ပြီးခဲ့တဲ့ ငါးနှစ်သက်တမ်းအတွင်းမှာ လိုငွေစုစုပေါင်းဟာ ကျပ် ၈၀၂၈ ဘီလျံခန့်သာ ရှိခဲ့ပါတယ်။ လက်ရှိ ဦးထင်ကျော် အစိုးရလက်ထက် ပထမသက်တမ်းမှာတင် လိုငွေက ကျပ်ဘီလျံ ၄၀၀၀ ကျော်ဖြစ်လာခဲ့လို့ ပထမသက်တမ်းမှာတင် အရင်အစိုးရရဲ့ ငါးနှစ်တာရဲ့ ထက်ဝက်ကိုကျော်ဖြတ်သွားပြီ ဆိုရမှာပါ။ ဒီနေရာမှာ အမှန်စာရင်းကျရင် ဘတ်ဂျက်လိုငွေဟာ ကျပ် ၄၀၂၅ ဘီလျံထက် လျော့ကျသွားနိုင်တယ် ဆိုပေမယ့် တိုင်းပြည်က ဘတ်ဂျက်လိုငွေအတွက် ဗဟိုဘဏ်ကနေ ငွေရိုက်ထုတ်ပြီး ဖြည့်စွက်ရတာတွေကို လုပ်ခဲ့ရလို့ ငွေဖောင်းပွမှု မြင့်တက်လာတာ၊ ကုန်ဈေးနှုန်း မြင့်တက်လာတာတွေက ဖြစ်လာနေခဲ့ပြီဖြစ်လို့ အခြေခံလူတန်းစားတွေကတော့ ကုန်ဈေးနှုန်းမြင့်တက်မှုမှာ လက်ရှိမှာကို အရင်အစိုးရလက်ထက် နောက်ဆုံးနှစ်ကထက် အထိနာနေပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ နှစ်အလိုက် ဘတ်ဂျက်လိုငွေတွေမှာ ၂၀၁၁- ၂၀၁၂ ဘဏ္ဍာနှစ်မှာ ကျပ်ဘီလျံ ၁၆၃၀၊ ၂၀၁၂- ၂၀၁၃ ဘဏ္ဍာနှစ်မှာ ကျပ် ၁၂၅၁ ဘီလျံ၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ကျပ် ၇၀၆ ဘီလျံ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ကျပ် ၇၈၂ ဘီလျံ ရှိခဲ့ပြီး ၂၀၁၅-၂၀၁၆ ရွေးကောက်ပွဲနှစ်မှာ ကျပ် ၃၆၅၉ ဘီလျံအထိ လိုငွေဖြစ်ခဲ့လို့ ရွေးကောက်ပွဲနှစ်ဟာ လိုငွေအများဆုံးနှစ် ဖြစ်ခဲ့ပါတယ်။  ဦးသိန်းစိန်အစိုးရ ရေးဆွဲခဲ့တဲ့ ဘတ်ဂျက်ကို ဆက်ခံရတဲ့ လက်ရှိဦးထင်ကျော်အစိုးရ ပထမသက်တမ်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ လိုငွေကျပ်ဘီလျံ ၄၀၀၀ ကျော်ဖြစ်လို့ လိုငွေအများအဖြစ် စံချိန်တင်ခဲ့တဲ့နှစ်လည်း ဖြစ်နေပါတယ်။ လက်ရှိဘဏ္ဍာနှစ်ကတော့ ကနဦးမှာ ကျပ် ၃၈၀၀ ဘီလျံကျော်လောက် ရှိနေပါတယ်။

တစ်ဒေါ်လာ ၁၆၅ ကျပ် ဟနေတဲ့ ဘတ်ဂျက်ရေးဆွဲမှု

လက်ရှိမှာ တစ်ဒေါ်လာ ၁၃၅၀ ကျပ်မှာရှိနေတဲ့ မြန်မာကျပ် ငွေလဲလှယ်နှုန်းအတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်ကို တစ်ဒေါ်လာ ၁၁၈၅ ကျပ်အဖြစ် တစ်ဒေါ်လာကို ၁၆၅ ကျပ်လောက်ဟပြီး ရေးဆွဲခဲ့တာက လက်ရှိမတ်လကုန်ကစပြီး တစ်ဒေါ်လာကို ၁၁၈၅ ကျပ်ဖြစ်အောင် ဆွဲချပစ်မှာမို့လို့ ရေးဆွဲခဲ့တာလားလို့ မေးခွန်းထုတ်စရာပါ။ ဒါပေမဲ့ ဘတ်ဂျက်လိုငွေ များပြားနေတဲ့၊ ဦးသိန်းစိန်အစိုးရလက်ထက် နောက်ဆုံးနှစ်နှစ်ထက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လျော့ကျနေတဲ့၊ ငွေဖောင်းပွမှု မြင့်တက်နေတဲ့၊ ကုန်ဈေးနှုန်းတွေ အဆမတန်တက်လာနေတဲ့၊ ကုန်သွယ်မှု လိုငွေများနေတဲ့နိုင်ငံမှာ ရက်ပိုင်းအတွင်း မြန်မာကျပ်ငွေတန်ဖိုးက ရုတ်ခြည်းခုန်တက်လာစရာ လုံးဝမရှိပါဘူး။ ဒီလိုမြန်မာကျပ်ငွေ တန်ဖိုးက လက်ရှိထက်ပိုပြီးတော့ တက်မလာနိုင်တဲ့အပြင် NLD အစိုးရလက်ထက်မှာ သမိုင်းတစ်လျှောက် တန်ဖိုးအနိမ့်ဆုံး ကျဆင်းခဲ့တဲ့ မြန်မာကျပ်ငွေတန်ဖိုးဟာ လက်ရှိထက် ထပ်မံကျဆင်းမှုတောင် ဖြစ်လာနိုင်ပါသေးတယ်။ ဒီလိုမဖြစ်နိုင်တဲ့ နှုန်းထားနဲ့ ဘတ်ဂျက်ရေးဆွဲခဲ့တာက မေးခွန်းထုတ်စရာဖြစ်သလို NLD အစိုးရအတွက် ဦးသိန်းစိန်အစိုးရက နောက်ဆုံးရေးဆွဲခဲ့တဲ့ ၂၀၁၆-၂၀၁၇ ဘတ်ဂျက်မှာ တစ်ဒေါ်လာကို ၁၂၈၅ ကျပ်နဲ့ တွက်ဆခဲ့တာတောင် တစ်ဒေါ်လာကို ၁၄၃၈ ကျပ်အထိ ကျဆင်းခဲ့ချိန်မှာ အခက်ကြုံခဲ့ရပါတယ်။ ဒီလိုအခြေအနေတွေမှာ မြန်မာကျပ် ငွေတန်ဖိုးသာ ထပ်ပြီးကျဆင်းဦးမယ်ဆိုရင် ကျဆင်းလာမယ့် တန်ဖိုးအပေါ်မှာ ၀န်ကြီးဌာနတွေက ဒေါ်လာနဲ့ ၀ယ်ယူသုံးစွဲဖို့ အဆိုပြုထားတဲ့ ပမာဏအလိုက် ဘတ်ဂျက်လိုငွေက ဆက်လက် မြင့်တက်နေမှာပဲ ဖြစ်ပါတယ်။

၂၀၁၇-၂၀၁၈ မှာကုန်သွယ်မှုလိုငွေ ဒေါ်လာတစ်ဘီလျံသတ်မှတ်မှု ဖြစ်နိုင်ပါ့မလား

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်ရေးဆွဲရာမှာ မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှု ပမာဏဒေါ်လာ ၂၉ ဘီလျံနဲ့ ကုန်သွယ်မှုလိုငွေ ဒေါ်လာတစ်ဘီလျံရှိမယ်လို့ ခန့်မှန်းထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေအဆိုပြု တင်ပြချက်အနှစ်ချုပ်မှာ ဖော်ပြထားပါတယ်။

ဒီလိုကုန်သွယ်မှု လိုငွေပမာဏက တကယ့်လက်တွေ့မှာ ဖြစ်နိုင်ပါ့မလားဆိုတာကို အများကြီးပြန်လည်တွေးဆဖို့ လိုအပ်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အမေရိကန်နိုင်ငံရဲ့ ကုန်သွယ်မှုအထူးခံစားခွင့် (GSP) ကို ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းမှာ ရရှိပြီးတဲ့နောက် နိုင်ငံပေါင်း ၃၉ နိုင်ငံကနေ ကုန်သွယ်မှု အထူးခံစားခွင့်ရရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အဆင့်မမီ ပို့ကုန်တွေများနေလို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်ရဲ့ အိပ်မက်ဖြစ်တဲ့ ပို့ကုန်သုံးဆ မြှင့်တင်ရေးကတော့ အလှမ်းဝေးနေဆဲ ဖြစ်နေပါတယ်။

“မြန်မာနိုင်ငံရဲ့ လယ်ယာထွက်ကုန် ထုတ်လုပ်မှု ကုန်ကျစရိတ်ဟာ အခြားအိမ်နီးချင်းနိုင်ငံတွေရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်နဲ့ နှိုင်းယှဉ်ရင် များပြားနေတဲ့အတွက် အထွက်နှုန်း တိုးတက်စေပြီး ထုတ်လုပ်မှု ကုန်ကျစရိတ် လျော့ကျစေဖို့ ကြိုးစားလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ လောလောဆယ် ဈေးကွက်မှာ နှိုင်းယှဉ်မယ်ဆိုရင် ထုတ်လုပ်တဲ့ပစ္စည်းကလည်း အခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အရည်အသွေးမမီသေးတာ တွေ့နေရတယ်။ အခုဈေးကွက်တွေတိုးချဲ့ ရရှိနေပေမယ့် အိမ်နီးချင်းနိုင်ငံတွေရဲ့ ဈေးကွက်အပေါ်မှာ အဓိကထားပြီး ကျဉ်းမြောင်းတဲ့ ဈေးကွက်အပေါ်မှာ မှီခိုအားထားနေရတဲ့ အတွက်ကြောင့် ဒီအချက်အလက်တွေကို ဖြေရှင်းပေးနိုင်မှသာ ပို့ကုန်ကုန်သွယ်မှု တိုးတက်လာမှာ ဖြစ်ပါတယ်။ ဒီအချက်တွေကလည်း ၀န်ကြီးဌာနတစ်ခုတည်းနဲ့ လုပ်လို့မရပါဘူး။ ၀န်ကြီးဌာနတွေ၊ ပြည်သူတွေ၊ ကုန်သည်တွေနဲ့ ထုတ်လုပ်သူတွေ တက်ညီလက်ညီ ပူးပေါင်းဖြေရှင်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်လို့” ဒေါက်တာသန်းမြင့်က ဆိုပါတယ်။

ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်တဲ့ ကုန်သွယ်မှုစာရင်းတွေအရ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုလိုငွေဒေါ်လာ ၉၁ ဒသမ ၉ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၂၅၅၅ ဒသမ ၅ သန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၄၉၁၂ ဒသမ ၅၅၉ သန်းရှိခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာတော့ ကုန်သွယ်မှုလိုငွေဟာ ဒေါ်လာ ၅၄၀၇ ဒသမ ၄၆၄ သန်းရှိခဲ့လို့ ကုန်သွယ်မှုလိုငွေ အများဆုံးပြတဲ့နှစ် ဖြစ်ခဲ့ပါတယ်။ လက်ရှိ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလိုငွေကတော့ ဒေါ်လာ ၃ ဒသမ ၁ ဘီလျံရှိနိုင်မယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ရသုံး ခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်တွေမှာ ဖော်ပြခန့်မှန်းခဲ့ပါတယ်။ ဒီလိုခန့်မှန်းခဲ့ပေမယ့် ပကတိအခြေအနေမှာတော့ လက်ရှိဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုလိုငွေဟာ ခန့်မှန်းတာထက် များပြားနေပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ကုန်ဆုံးဖို့ ရက်ပိုင်းပဲ လိုတော့ချိန်မှာ မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှုပမာဏက ဒေါ်လာ၂၅ ဘီလျံကျော်ရှိနေပြီး ကုန်သွယ်မှုလိုငွေကတော့ ဒေါ်လာလေး ဘီလျံကျော်အထိရှိခဲ့လို့ လက်ရှိဘဏ္ဍာနှစ် ကုန်သွယ်မှုလိုငွေ ခန့်မှန်းထားချက်ထက် မြင့်မားနေခဲ့ပြီ ဖြစ်ပါတယ်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်ကနေ မတ် ၃ ရက်အထိ မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှု ပမာဏဟာ ဒေါ်လာ ၂၅၇၅၇ ဒသမ ၈၃၃ သန်းရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူထက် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၄၃၈ ဒသမ ၆၁၃ သန်း ပိုမိုခဲ့ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၅ ဘီလျံကျော်မှာ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၀၄၅၄ ဒသမ ၆၅၇ သန်း၊ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၅၃၀၃ ဒသမ ၁၇၆ သန်းပါဝင်ပြီး သွင်းကုန်တန်ဖိုးက များပြားနေလို့ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၄၈၄၈ ဒသမ ၅၁၉ သန်း (လေးဘီလျံကျော်) ဖြစ်ပေါ်နေပါတယ်။

ဒီလို နှစ်စဉ်မြင့်မားနေတဲ့ ကုန်သွယ်မှုလိုငွေအတွက် လာမယ့်ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုလိုငွေဟာ ခန့်မှန်းထားတဲ့အတိုင်း ဒေါ်လာတစ်ဘီလျံပဲ ဖြစ်မလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်သလို ပို့ကုန်ဦးဆောင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုပုံစံ (Export-Led Growth Model) နဲ့ မြန်မာနိုင်ငံရှေ့ဆက်ဖို့ အားလုံး ၀ိုင်းဝန်းကူညီပေးဖို့ ဒေါက်တာသန်းမြင့်က ဆိုပါတယ်။

“စားသုံးသူ အကာအကွယ်ပေးရေး ကိစ္စရပ်တွေ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေကို ပြင်ဆင်ရေးဆွဲပြီး အတည်ပြု ပြဋ္ဌာန်းနိုင်ဖို့ စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။ ဒါ့အပြင် သွင်းကုန်ပမာဏ မြင့်တက်ခြင်းမှ အကာအကွယ်ပေးမှုဥပဒေ (Safeguard Law) ကိုရေးဆွဲပြီး အတည်ပြု ပြဋ္ဌာန်းနိုင်ဖို့လည်း စီစဉ်ဆောင်ရွက်နေပါတယ်။ ပို့ကုန်ဦးဆောင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုပုံစံ (Export-Led Growth Model) နဲ့တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့တဲ့ ဗြိတိန်၊ အမေရိကန်၊ ဟောင်ကောင်၊ စင်ကာပူ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံတို့လို မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေဖို့ ပို့ကုန်ဦးဆောင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုပုံစံနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ Stakeholder အားလုံးက ပူးပေါင်းဆောင်ရွက်ဖို့လည်း လိုအပ်ပါတယ်” လို့ဒေါက်တာသန်းမြင့်က ပြောကြားပါတယ်။

လျှော့ချခန့်မှန်းပြန်တဲ့ ငွေကြေးဖောင်းပွမှု

လက်ရှိဘဏ္ဍာနှစ်မှာ ငွေကြေးဖောင်းပွမှုနှုန်း ၁၁ ဒသမ ၆၈ ရာခိုင်နှုန်းရှိမယ်လို့ ခန့်မှန်းထားပေမယ့် လာမယ့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ငွေကြေးဖောင်းပွမှုနှုန်း ၇ ဒသမ ၉၀ ရာခိုင်နှုန်းရှိနိုင်မယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက လျှော့ချခန့်မှန်းထားပြန်ပါတယ်။

မြန်မာနိုင်ငံရဲ့ တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၂၀၀၆ ခုနှစ် အခြေခံနှစ်အရ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ၂ ဒသမ ၈၂ ရာခိုင်နှုန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ ၂ ဒသမ ၈၅ ရာခိုင်နှုန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ၅ ဒသမ ၇၂ ရာခိုင်နှုန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ၅ ဒသမ ၉၀ ရာခိုင်နှုန်း အသီးသီးဖြစ်ပေါ်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဇွန်၊ ဇူလိုင်၊ သြဂုတ်လတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် အစားအစာ ဈေးနှုန်းတွေ မြင့်တက်ခဲ့ပြီး၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် စက်တင်ဘာမှာ ၈ ဒသမ ၆၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ် ဇူလိုင်လအထိ တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၁၂ ဒသမ ၁၂ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၆ ခုနှစ် ဇွန်လတစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၁၂ ဒသမ ၁၄ ရာခိုင်နှုန်းဖြစ်တယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်တဲ့ စားသုံးသူ ဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေက ဆိုပါတယ်။ တစ်နိုင်ငံလုံးအတွက်၂၀၀၆ ခုနှစ် အခြေခံနှစ်နဲ့ စားသုံးသူဈေးဆနှုန်းအပေါ် အခြေခံပြီး တွက်ချက်ထားတဲ့ ငွေကြေးဖောင်းပွမှုနှုန်းက ၂၀၁၆ ခုနှစ် ဇူလိုင်လအထိ တစ်နှစ်ပျမ်းမျှ (+) ၁၂ ဒသမ ၁၂ ရှိပြီး ဇွန်လအထိ တစ်နှစ်ပျမ်းမျှ (+) ၁၂ ဒသမ ၁၄ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်မယ်ဆို အနည်းငယ် ကျဆင်းလာပြီး၂၀၁၆ ခုနှစ် ဇူလိုင်လနဲ့ ၂၀၁၅ ခုနှစ် ဇူလိုင်လချင်း နှိုင်းယှဉ်မယ်ဆို နှစ်အလိုက် ပြောင်းလဲမှု (Year on Year Inflation) ၉ ဒသမ ၉၄ ရာခိုင်နှုန်း ရှိနေပါတယ်။

တစ်နိုင်ငံလုံးရဲ့ စားသုံးသူ ဈေးဆနှုန်းနဲ့ ငွေကြေးဖောင်းပွမှုနှုန်း စိစစ်ချက်အရ ၂၀၁၆ ခုနှစ် ဇူလိုင်လအတွက် စားသုံးသူဈေးဆနှုန်းက ၂၂၄ ဒသမ ၆၈ ရှိပြီး ၂၀၁၅ ခုနှစ် ဇူလိုင်လက ၂၀၄ ဒသမ ၃၇ နဲ့နှိုင်းယှဉ်မယ်ဆို ပိုမိုမြင့်တက်လာခဲ့ပါတယ်။ တစ်နိုင်ငံလုံးအတွက် ၂၀၁၂  ခုနှစ် အခြေခံနှစ်နဲ့ စားသုံးသူဈေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်းဟာ ၂၀၁၇ ခုနှစ် ဇန်န၀ါရီလအထိ တစ်နှစ်ပျမ်းမျှ (+) ၆ ဒသမ ၉၇ ရာခိုင်နှုန်းရှိပြီး ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအထိ တစ်နှစ်ပျမ်းမျှ (+) ၇ ဒသမ ၀၂ ရာ ခိုင်နှုန်းနဲ့ နှိုင်းယှဉ်မယ်ဆို ၀ ဒသမ ၀၅ ရာခိုင်နှုန်း လျော့နည်းခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ဇန်န၀ါရီလနဲ့ ၂၀၁၆ ခုနှစ် ဇန်န၀ါရီလရဲ့ နှစ်အလိုက်ပြောင်းလဲမှုကို နှိုင်းယှဉ်မယ်ဆို ၇ ဒသမ ၇၆ ရာခိုင်နှုန်းဖြစ်လို့ အရင်လကထက် ၁ ဒသမ ၂၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလမှာတော့ ငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၉၃ ရာခိုင်နှုန်းရှိခဲ့ပြီး ရခိုင်၊ ကယားနဲ့ ချင်းပြည်နယ်မှာ ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ နှစ်စဉ်မိုးရာသီတိုင်း ရေကြီးရေလျှံဖြစ်နေလို့ သဘာဝဘေးဒဏ် အခံရဆုံး နိုင်ငံတွေထဲက မြန်မာနိုင်ငံအနေနဲ့ ကုန်ဈေးနှုန်း မြင့်တက်မှု ထိုးနှက်ချက်အပြင် ရာသီဥတုကပါ ထပ်ဆင့်တာမို့ လျှော့ချခန့်မှန်းထားတဲ့ ငွေဖောင်းပွမှုနှုန်းဟာ တကယ်ပဲ လျှော့ကျလာအောင် စွမ်းဆောင်နိုင်မလားဆိုတာကိုလဲ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

လိုငွေကျပ် ၄၁၂၈ ဘီလျံရဲ့ ရာခိုင်နှုန်း ၃၀ အတွင်း ဖြည့်ဆည်းပေးရဦးမယ့် ဗဟိုဘဏ်

လာမယ့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်လိုငွေ ကျပ် ၄၁၂၈ ဘီလျံကျော်ရဲ့ ရာခိုင်နှုန်း ၃၀ အတွင်းကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဖြည့်ဆည်းပေးဖို့ ရည်မှန်းဆောင်ရွက်မယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရ အဖွဲ့ကိုယ်စား ပြည်ထောင်စု လွှတ်တော်ကို ရှင်းလင်းတင်ပြထားမှုအရ သိရပါတယ်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ရသုံးမှန်းခြေ ငွေစာရင်းချုပ်အရ ကျပ် ၁၆ ထရီလျံကျော် ၀င်ငွေရရှိနိုင်မှာဖြစ်ပြီး သုံးငွေစုစုပေါင်း ကျပ် ၂၀ ထရီလျံကျော်ဖြစ်လို့ လိုငွေလေးထရီလျံကျော်ရှိမယ်လို့ ဒုတိယသမ္မတ ဦးမြင့်ဆွေက အမျိုးသားစီမံကိန်း ကော်မရှင် (၁/၂၀၁၇) အစည်းအဝေးမှာ ပြောကြားထားပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ရဲ့ ဂျီဒီပီတန်ဖိုးက ကျပ် ၉၁ ဒသမ ၃၁၉ ထရီလျံဖြစ်လို့ လိုငွေနဲ့ ဂျီဒီပီအချိုးက ၄ ဒသမ ၅၂ ရာခိုင်နှုန်း ဖြစ်ပေါ်နေပါတယ်။ ဒီလိုသုံးငွေမှာဆိုရင်  ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေက တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို လိုငွေအတွက် ထောက်ပံ့ပေးမယ့် ငွေကျပ် ၁၇၀၇ ဘီလျံပါဝင်ပြီး ပြည်ပအကူအညီရ ငွေကျပ် ၆၁၈ ဒသမ ၉၂၆ ဘီလျံအပြင် ပြည်ပက ချေးယူရငွေကျပ် ၁၉၁၇ ဒသမ ၃၁၄ ဘီလျံနဲ့ ကြိုတင်မမျှော်မှန်းနိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေအတွက်နဲ့ မဖြစ်မနေ အရေးပေါ်သုံးစွဲရမယ့် ကိစ္စရပ်တွေအတွက် သီးသန့်ရန်ပုံငွေ ကျပ်ဘီလျံ ၁၀၀ ကိုအရင်နှစ်တွေလိုပဲ ထည့်သွင်းလျာထားခဲ့ပါတယ်။

ဒီနေရာမှာ ဘတ်ဂျက်လိုငွေတွေကို ဗဟိုဘဏ်က ဖြည့်ဆည်းနေရတာဖြစ်ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ ဖြစ်ပေါ်လာမယ့် ပြည်ထောင်စုအစိုးရ အပ်ငွေစာရင်းရဲ့ လိုငွေအတွက် အသားတင်ဖြည့်ဆည်းဖို့ ပမာဏကို စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနက ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေအရ ခန့်မှန်းထားတဲ့အတိုင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အစိုးရငွေတိုက် လက်မှတ်နဲ့ ၀ယ်ယူခြင်း ကျပ် ၁၂၃၆ ဘီလျံ (၄၀ ရာခိုင်နှုန်း)၊ အစိုးရငွေတိုက် လက်မှတ်များ လေလံစနစ်ဖြင့်ရောင်းချခြင်း ကျပ် ၉၂၇ ဘီလျံ (ရာခိုင်နှုန်း ၃၀)၊ အစိုးရငွေတိုက် စာချုပ်များ လေလံစနစ်ဖြင့် ရောင်းချခြင်း ကျပ် ၉၂၇ ဘီလျံ (ရာခိုင်နှုန်း ၃၀)၊ စုစုပေါင်းဘီလျံ ၃၀၉၀ နဲ့ ဖြည့်ဆည်းခဲ့တာ ဖြစ်ပါတယ်။

လာမယ့်ဘဏ္ဍာနှစ် အတွက်လည်း ဘတ်ဂျက်လိုငွေရဲ့ ရာခိုင်နှုန်း ၃၀ အတွင်းကို ဗဟိုဘဏ်က ဖြည့်ဆည်းမယ်ဆိုတာနဲ့ ပြည်ပအကူအညီရငွေ ကျပ် ၆၁၈ ဒသမ ၉၂၆ ဘီလျံ၊ ပြည်ပကချေးယူရငွေ ကျပ် ၁၉၁၇ ဒသမ ၃၁၄ ဘီလျံစတဲ့ အခြေအနေတွေကြောင့် ဂယက်ရိုက်ခတ်လာမယ့် ငွေဖောင်းပွမှုနဲ့ ကုန်ဈေးနှုန်း မြင့်တက်မှုပြဿနာတွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်မှာဖြစ်ပါတယ်။

“ဘတ်ဂျက်လိုငွေကတော့ ဟိုးအရင်အစိုးရတွေ လက်ထက်ကတည်းက ပြနေတာ။ အဲဒီလိုငွေ ပြဿနာကြောင့်ပဲ ကုန်ဈေးနှုန်းကလည်း တဖြည်းဖြည်း တက်လာနေတယ်။ ဘတ်ဂျက်လိုငွေအတွက် ဗဟိုဘဏ်က ချေးငွေယူမယ်။ အဲဒီအတွက် ဗဟိုဘဏ်က ငွေတွေရိုက်ထုတ်တော့မယ်ပေါ့။ ငွေတွေရိုက်ထုတ်ရင် ငွေဖောင်းပွမှု ဖြစ်တော့မယ်ဆိုပြီး မီဒီယာတွေက ရေးကြတော့လူတွေကလည်း စိုးရိမ်တာပေါ့။ တကယ်တမ်းတော့ ဘတ်ဂျတ်လိုငွေပြတိုင်းလည်း ဗဟိုဘဏ်က ပိုက်ဆံရိုက်မထုတ်ရပါဘူး။ အရင်ဆုံးတော့ နိုင်ငံခြားက ချေးငွေအထောက်အပံ့ တိုးယူရတဲ့ အပိုင်းရှိတယ်။ နောက်ဆုံးမရတော့ဘူးဆိုတဲ့ အဆင့်ဆိုရင် ငွေစက္ကူ ရိုက်ထုတ်ရတာပေါ့။ နောက်ဆုံးချေးငွေ မရတော့ဘူးဆိုရင် ငွေချေးစာချုပ်တွေ ထုတ်ရောင်းပြီးတော့ ငွေရှာကြတာပေါ့။ ငွေချေးစာချုပ် ထုတ်ရောင်းနိုင်ရင် ငွေဖောင်းပွမှု မဖြစ်ပါဘူး။ ပြည်သူလူထုဆီက ပိုက်ဆံက အစိုးရဆီရောက်မယ်။ အစိုးရက ပြန်သုံးမယ်ဆိုတော့ ငွေကြေးပမာဏ ထူးထူးခြားခြားပြောင်းလဲမှု မရှိဘူးပေါ့။ အဲဒီတော့ ငွေစက္ကူရိုက်ထုတ်မှုကိုတော့ အတတ်နိုင်ဆုံး ဆင်ခြင်ရမှာပေါ့” လို့ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက စီးပွားရေးအကြံပေးပညာရှင်က သုံးသပ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို သုံးသပ်မယ်ဆို ဘတ်ဂျက်လိုငွေ၊ ကုန်သွယ်မှုလိုငွေနဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့ လူနေမှုဘ၀ နိမ့်ကျနေမှုတွေက နိုင်ငံတိုးတက်ရေးအတွက် ပကတိအဟန့်အတားတွေ ဖြစ်နေတယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက သုံးသပ်ပါတယ်။

“ဘတ်ဂျက် Deficit တွေ Trade Deficit တွေ Poverty Line ရဲ့အောက်မှာရှိနေတဲ့ ကျွန်တော်တို့ ပြည်သူတွေ၊ ကျေးလက်ဒေသက ရာခိုင်နှုန်း ၇၀ သောပြည်သူတွေရဲ့ စားဝတ်နေရေး လူနေမှုဘ၀ နိမ့်ပါးနေတာတွေ အနှုတ်လက္ခဏာအဖြစ် ဆက်လက်ပြီး လက်ဆင့်ကမ်း သယ်သွားရတဲ့အခါ ဒါတွေကို ဦးစားပေးဆောင်ရွက်မယ်လို့ စဉ်းစားပါတယ်။ စီးပွားရေးမူဝါဒရဲ့ သဘောတရားအရ Economic Theory ရဲ့ Macro-economic Theory စသဖြင့် သီအိုရီတွေ အများကြီးရှိပါတယ်။  ဒါပေမဲ့ ပကတိ လက်တွေ့အခြေအနေနဲ့ ကျွန်တော်တို့ ဆောင်ရွက်နိုင်မယ့် ကိစ္စတွေကို ယထာဘူတကျကျဆုံးဖြတ်တဲ့ အခါဒီဘတ်ဂျက် Deficit ဟာ နိုင်ငံတိုးတက်မှုအတွက် ပကတိအဟန့်အတား ဖြစ်နေတယ်။ Trade Deficit ကလည်း ပကတိအဟန့်အတားကြီး ဖြစ်နေတယ်။ ပြည်သူတွေရဲ့ စားဝတ်နေရေး နိမ့်ပါးနေတာကလည်း ပကတိ အဟန့်အတားကြီး ဖြစ်နေပါတယ်။ ဒါတွေစဉ်းစားတဲ့အခါ လုပ်ဆောင်ရမယ့်ကိစ္စတွေက မြောက်မြားစွာ ရှိနေပါတယ်။ ဒါတွေကိုလည်း ဆက်လက် စဉ်းစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ဦးကျော်ဝင်းက ဆိုပါတယ်။       

Writer: 
ဖြိုးဝေ