အခြေအနေနှင့် လိုက်လျောညီထွေကျင့်ကြံကြစေ

ပခုက္ကူ ယောချောင်းမြေနုကျွန်းပေါ်ရှိ ကြည်သွန်စိုက် တောင်သူများအား တွေ့ရစဉ် (ဓာတ်ပုံ-သက်ထိန်ဝင်း)

သုံးသပ်စဉ်းစားသည့်အခါ ကျွန်ုပ်တို့သည် ကိုယ်လိုရာကိုသာကွက်၍ စဉ်းစားတတ်ကြ၏။ ဖြန့်ကြက်စဉ်းစားသည့် အလေ့ကို မသုံးသလောက်ပင်။ ကိုယ်လိုရာကိုသာ စွဲသုံးကျင့်နေပါသောအခါတွင် အမြင်အကြည့် အတွေးတို့သည် တစ်ဖက်သတ် တစ်ကိုယ်ကောင်းဆန်၍ လာ၏။ ရေတိုကာလတွင် သိပ်ပြီးအမှားနည်းသည် ဆိုစေဦး။ ရေရှည်တွင် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကြက် မစဉ်းစားမှု၊ သုံးသပ်မှုအပိုင်းမှာ အစာမကြေမှုကြောင့် မမျှော်လင့် မပြင်ဆင်ထားဘဲ ပြဿနာဆိုးတို့ ပေါ်ပေါက်လာတတ်ပေသည်။

စဉ်းစားရတိုင်းတွင် စဉ်းစားပြီးတိုင်း တစ်စုံတစ်ရာကို လုပ်မည်ဆိုပါက အပြီးအပြတ် ဆုံးဖြတ်ရလေသည်။ လုပ်မလား၊ မလုပ်ဘူးလားဟု တစ်ခုခုကို ပြတ်သားစွာ မဆုံးဖြတ်လျှင်ဖြစ်စေ၊ တွေဝေ ထိုင်းမှိုင်း မပြတ်မသား ဖြစ်နေပါက ရှေ့လုပ်ငန်းစဉ်ကို တိတိကျကျ မလုပ်နိုင်တော့ပေ။ မှားမှားမှန်မှန် လုပ်စရာရှိသည်ကို အချိန်ဆွဲမနေဘဲ လုပ်ဖို့ကို တိတိကျကျ ဆုံးဖြတ်ရလေတော့သည်။

သို့ဖြစ်၍ လုပ်ရသောအခါ အဆုံးအဖြတ် မှားမှုကြောင့် ဆုံးဖြတ်ချက်မှားသွားပြီးသော် လုပ်ငန်းတစ်ခုလုံး မှားသွားသည့်အခါ ဤအမှားအတွက် မိမိမှာ တာဝန်ရှိသည်ကို မိမိကိုယ်မိမိ ပထမဆုံးဝန်ခံရပေမည်။ လုပ်မှားကိုင်မှားဖြစ်လာမှု မိမိ၏အမှားအပေါ် သူတစ်ပါးကြောင့် ငါမှားသွားလေဟန် သူတစ်ပါးကို အပြစ်ပုံချတတ်သည်ကတော့ မသင့်တော်ပေ။ လုံးဝမလုပ်အပ်ပေ။

လုပ်မှားကိုင်မှားဖြစ်သွားတိုင်းလည်း ဤအလုပ်သည် လုံးဝမှားသွားသည်ဟု ချက်ချင်းသုံးသပ်၍ မရနိုင်ပေ။ အချို့လုပ်ငန်း ဆောင်တာကိစ္စများသည် စတင်ဆောင်ရွက်သည့် ကာလတွင် အမှားနှင့် စတင်ကြုံတွေ့ရတတ်ပေသည်။ အလုပ်ကိစ္စကို စတင်လုပ်ဆောင်သည့်အခါတွင် အတွေ့အကြုံမရှိသေးသဖြင့် မြေစမ်းခရမ်းပျိုးသည့် သဘော စမ်းသပ်လုပ်ကိုင်ရင်းက အဦးအစတွင် အမှားအယွင်း မကင်းရှိတတ်ပေသည်။ အလုပ်အစ မှားသဖြင့် နောက်ပိုင်း အလုပ်၏ ရှေ့ခရီး တစ်လျှောက်သည်လည်း မှားမှာပါဟု ဘောင်ခတ် အသေသတ် တွက်ကိန်းမျိုး မထားရှိအပ်ပေ။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့လွတ်လပ်ရေး ဆွေ နွေးရန်အတွက် ဗြိတိန်ဝန်ကြီးချုပ် အက်တလီ နှင့်တွေ့ဆုံရန် ဗြိတိန်သို့သွား၏။ လမ်းတွင် အိန္ဒိယသို့ဝင်၏။ အိန္ဒိယနိုင်ငံရေးခေါင်းဆောင် ဂျဝါဟာလာနေရူးနှင့် တွေ့၏။ အိန္ဒိယတွင် ခေတ္တရောက်ရှိနေစဉ်အတွင်း သတင်းစာဆရာများနှင့် ဗိုလ်ချုပ်တွေ့၏။ “လွတ်လပ်ရေးကိစ္စ အောင်မြင်ဖို့ မျှော်လင့်ထားပါသလား” ဟု ဗိုလ်ချုပ်ကို သတင်းစာဆရာများက မေး၏။ ဗိုလ်ချုပ်ဖြေကြားပုံက ရဲရင့်ပြတ် သား၏။ အကောင်းဆုံးကို မျှော်လင့်တယ်။ အဆိုးဆုံးဖြစ်လာရင်လည်း ရင်ဆိုင်ဖို့ အသင့်ပဲ ( I hope for the best but I'm Prepared for the worst ) ဟု ဖြေကြား၏။ ဗိုလ်ချုပ်၏ အဖြေတွင် ဘက်စုံက ဖြန့်ကြက်စဉ်းစားပြင် ဆင်ထားကြောင်း သိသာထင်ရှားလေသည်။

အဲဒီအရင် ဗမာ့ဖြစ်စဉ်ကိုကြည့်လျှင် ဂျပန်ကို ဗိုလ်ချုပ်သွားခေါ်ခဲ့ပြီးနောက် သုံးနှစ်အကြာမှာ ဂျပန်ကို ပြန်ချရတာကိုရော ဘယ်လို သုံးသပ်ပါလဲ၊ ဘယ်လိုမြင်ကြည့်ပါမလဲ၊ ဘယ်လို ဆင်ခြင်မှာပါလဲဟု အမေးရှိလာ၏။ စင်စစ် ယင်းသည် မည်သို့မျှ မရှုပ်ထွေးပေ။ အလွန်ရှင်း၏။ အင်္ဂလိပ်ကိုတိုက်ဖို့ ဂျပန်ကို ခေါ်ရ၏။ ဂျပန်ဝင်လာ၍ မြန်မာ့မြေပေါ်က အင်္ဂလိပ် ထွက်ပြေးရ၏။ အင်္ဂလိပ် ထွက်ပြေးရုံသာမက ဗိုလ်ချုပ်တို့လို တော်လှန်ရေးသမားတွေအတွက် ဘယ်တုန်းကမှ မရှိခဲ့ဖူးသော ဗမာ့မျိုးချစ် တပ်မတော်ပေါ်ပေါက်လာခဲ့သည်က ဂျပန်ခေါ်လာ၍ ရရှိသော အပေါင်းလက္ခဏာပေ။ အနုတ်လက္ခဏာကား အရမ်းဆိုး၏။ ဂျပန်အကြံအစည်က ဗမာ့စီးပွားရေးကို အပြီးတိုင် လက်ဝါးကြီးအုပ်ဖို့ ဗမာတွေအပေါ် ကျွန်လုပ်ပြီး ဗမာပြည်ကို ရာသက်ပန်ကျွန်လုပ်ဖို့ပင်။ ပိုဆိုးသည်က ဖက်ဆစ်ဂျပန်သည် မြန်မာပြည်သူ လူထုအပေါ်တွင် ကျွဲနွားပမာ လူမဆန်နှိပ်စက် ညှဉ်းပန်းသတ်ဖြတ်ပြီးသော် မြန်မာတွေ လူညွန့်တုံးအောင် လက်စတုံး ဆိုးယုတ်လာသည့်အခါတွင် ဗိုလ်ချုပ်တို့ ဘာကို တုံ့ပြန်ကြမည်လဲ။

ရှင်း၏။ ကင်ပေတိုင်နှင့် ဂျပန်စစ်သားတို့ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်သည်ကို ဗမာ ပြည်သူလူထုတစ်ရပ်လုံး လုံးဝမခံနိုင်တော့ပါ။ ယင်းအပြင် ဂျပန်က ပေးသည်ဆိုသော လွတ်လပ်ရေးကလည်း စင်စစ် အတုအယောင်သာလျှင် ဖြစ်နေပေသည်။ ဗမာပြည်သူတစ်ရပ်လုံးက အတုအယောင်ဟု မြင်လာကြသည်။ အတုအယောင် လွတ်လပ်ရေး၏ ခါးသီးသောအရသာကို ငုံ့ခံနေကြရသည်ဖြစ်ရာ ဘယ်လိုမှ မခံနိုင်ကြတော့ပါ။

အမှန်တကယ် အလွန်ရှင်း သိပ်ရှင်းနေသည်က ဗိုလ်ချုပ်အောင်ဆန်းပင်။ စင်စစ် ဗိုလ်ချုပ်အောင်ဆန်း၏ တာဝန်သည် ပြည်သူတွေအတွက်နှင့် ဗမာ့လွတ်လပ်ရေးအတွက်သာဖြစ်၏။ ဗိုလ်ချုပ်ကိုယ်ကျိုးအတွက် လုံးဝမပါပါ။ ယင်းကြောင့်ပင် ဗိုလ်ချုပ်အောင်ဆန်းသည် ဖက်ဆစ်ဂျပန်တော်လှန်ရေးကို လပေါင်းများစွာကပင် ကြိုတင်စီစဉ်ကြံစည်ခဲ့၏။ ပြည်သူလူထုကလည်း ဖက်ဆစ်ဂျပန်ကို ဘယ်လိုမှ မခံနိုင်တော့၍ တော်လှန်လိုကြနေပြီ။ ဗိုလ်ချုပ်တို့၏ ဖက်ဆစ်တော်လှန်ရေးမှာ ပြည်သူလူထုတို့ ပါဝင်တော်လှန်လိုနေကြပြီ။

ပုံသဏ္ဌာန်အရ ကိုယ်ခေါ်လာသူ ဂျပန်ကို ကိုယ်မကြိုက်သည့်အခါတွင် ကိုယ်က တော်လှန်တိုက်ထုတ်ပစ်သည့် သဘောဖြစ်နေသည်။

ဂျပန်ဖက်ဆစ်အစိုးရကလည်း အောင်ဆန်းတို့ သစ္စာဖောက်သွားသည်ဟု ကမ္ဘာကို ထုတ်လွှင့်ကြေညာ၏။ တကယ်ပင် သစ္စာဖောက်ခြင်းလော။

ရှင်းနေသည်။ မိမိတို့သည် ဂျပန်ကို သစ္စာရှိရပါမည်လား။ ဗိုလ်ချုပ်ဆောင်ဆန်းနှင့် တော်လှန်ရေးတပ်မတော်တို့ သစ္စာရှိရမည်မှာ ဗမာပြည်သူလူထုအပေါ်တွင်သာ ဖြစ်၏။

ဂျပန်ဖက်ဆစ်နှင့် မြန်မာ့ဖြစ်စဉ်ကို သုံးသပ်လျှင် ပထမ ဂျပန်နှင့် ပူးပေါင်းရ၏။ ဂျပန်၏နှိပ်စက်မှုဒဏ်ကို ကျောကော့အောင်ခံခဲ့ရ၏။ နှိပ်ကွပ်မှုအမျိုးမျိုးကြားက ဗမာ့တော်လှန်ရေးတပ်မတော်ကို ထူထောင်နိုင်အောင် ကြိုးပမ်းအားထုတ်ရ၏။ ယင်းနောက် ဂျပန်ဖက်ဆစ်ကို တော်လှန်ပုန်ကန်တိုက်ခိုက် မောင်းထုတ်ရ၏။

ယင်းဖြစ်စဉ်ကို လုပ်မှားကိုင်မှားဖြစ်သည်ဟု ထင်မြင်ယူဆမှုရှိပါက တစ်ခုခုအပြုသဘော ရရှိလို၍ တစ်ခုခုအနစ်နာခံလျက် ဆောင်ရွက်ခြင်းအတွက်သာလျှင် ဂျပန်ကို ယာယီမဟာမိတ်သဘော ပူးပေါင်းခဲ့ရခြင်းပင်။

မြန်မာသည် ဂျပန်နှင့်ပေါင်း၍ အင်္ဂလိပ်ကို တိုက်ခဲ့ရသည်။ ယင်းနောက် ဂျပန်ကို ပြန်လည်တိုက်ခိုက်ပြီးသော် အင်္ဂလိပ်နှင့် ယာယီ မဟာမိတ်ပြုရသေး၏။ ထို့နောက် မြန်မာ့လွတ်လပ်ရေး ရသည်အထိ နှစ်နှစ်ကာလ ကျော်ကျော် နေသားကျအောင် ကြိုးပမ်းရပြန်သည်။ အစဉ်ရန်သူဟူ၍ မရှိ၊ အစဉ်မိတ်ဆွေ ဟူ၍လည်း မရှိပေ။ မိမိ၏ တိုင်းပြည်နှင့် ပြည်သူလူထု၏အကျိုးစီးပွားအတွက် အခြေအနေနှင့် အချိန်အခါကာလအလျောက် လိုက လျောညီထွေရှိစွာပင် ကျင့်သုံးကြရပေမည်။

Writer: 
မြေနီသစ္စာ