အမေ၏ အမေ

နမ္မတူမြို့နယ် ပန်လုံကျေးရွာ အနီးတစ်ဝိုက်တွင် ဖြစ်ပွားသော တိုက်ပွဲများကြောင့် သီပေါမြို့နှင့် မန်စံကျေးရွာတို့တွင် စစ်ဘေးရှောင်များအား ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်၊ နောင်ပိန်)

အမေဆိုတဲ့ အသံလေးကြားလိုက်ရုံနဲ့ မေတ္တာတရားရဲ့ ခံစားချက်က ခန္ဓာကိုယ်ထဲမှာ အလိုအလျောက် ပေါ်ထွက်လာတယ်။ ကိုယ့်အမေ သူ့အမေရယ်လို့ ခွဲခြားနေစရာမလိုဘူး။ လူတိုင်းကိုယ်စီ ရင်ထဲကို အမေ့မေတ္တာတွေဟာ အလိုအလျောက် တိုးဝှေ့ဝင်လာတယ်။ အေးမြမှု၊ ချစ်ကြည်မှု၊ ကြင်နာမှုတို့အပြင် အမေ့ကို ဆိုးနွဲ့လိုမှု၊ အားကိုးလိုစိတ်၊ မေတ္တာတရားတွေကလည်း တစ်ဖွားဖွားပေါ်လာပါတယ်။ ဘယ်အရွယ်ရောက်ရောက်၊ အသက်လေးငါးဆယ်ဖြစ်ဖြစ် အမေနဲ့တွေ့ရင် ကိုယ်ဟာ ကလေးတစ်ယောက်လို နုပျိုငယ်ရွယ် သွားတတ်ကြတာဟာ သဘာဝပါပဲ။

အမေနဲ့ပတ်သက်တဲ့ပုံပြင်၊ ၀တ္ထုတွေကို မကြာခဏ ဖတ်လို့ရခဲ့ပြီး ဖတ်တိုင်းဖတ်တိုင်းလည်း ရင်လှိုင်းက တလှပ်လှပ်ခုန်ခဲ့ရတယ်။ ကြင်နာစရာတွေ၊ နာကျင်စရာတွေ၊ ချစ်ကြည်နှုးစရာတွေ၊ လွမ်းမောစရာတွေကို တစ်ခုမဟုတ် တစ်ခုခုကို ခံစားရတာချည်းပါပဲ။

ခုလည်း အမေနှစ်ယောက်ကို တစ်ပြိုင်တည်း တွေ့လိုက်ရပြန်ပါတယ်။ အမေ၀င်းက အမှန်တကယ်တော့ ကျန်းမာရေးကောင်းလှတာ မဟုတ်ရှာပါဘူး။ သွေးတိုးရောဂါက အသက် ၃၀ ကျော်ကတည်းက အမေ၀င်းဆီမှာ လာရောက်ပူးကပ်နေခဲ့တာပါ။ ဆေးခန်းနဲ့ အမေ၀င်းဟာ ချောင်းပေါက်ခဲ့တာကြာခဲ့ပြီ။ ဆရာဝန်ကလည်း အမေ၀င်း သူ့ဆီလာရင် သွေးတိုင်းကိရိယာကိုယူပြီး သွေးတိုင်းတဲ့အလုပ်ကို အမေ၀င်း ဘာမှမပြောခင် လုပ်လေ့ရှိပါတယ်။ သွေးတိုင်းတိုင်းလည်း အပေါ်သွေး ၁၆၀၊ အောက်သွေး ၉၀ နဲ့ ၁၀၀ ကြားမှာရှိနေတာပါ။ ဆရာဝန်လေး ပြောနေကျစကားကလည်း ရိုးအီနေပါပြီ။

အစ်မကြီး၊ အိပ်ရေးပျက်မခံပါနဲ့လေ၊ ဧကန္တ ညကအိပ်ရေးပျက်ပြန်ပြီ မဟုတ်လား။ ဆရာဝန်မလေးနဲ့ အမေ၀င်းတို့ဟာ ရင်းနှီးပြီးသားဖြစ်လေတော့ အမေ၀င်းဘာကြောင့် ရောဂါတိုးလာမှန်း ကောင်းကောင်းကြီး ခန့်မှန်းမိပါတယ်။ အမေ၀င်းဆီမှာ သမီးတစ်ယောက် ရှိပါတယ်။ သမီးက ၁၀ တန်းမှာ ဂုဏ်ထူးလေးခုနဲ့ အောင်ထားပါတယ်။ ဂုဏ်ထူးလေးခုရဲ့ တန်ခိုးအရှိန်နဲ့ ၁၀ တန်းကျောင်းသူတွေကို Guide ပြန်သင်နိုင်ခဲ့ပါတယ်။ သမီးက စာတော်ရုံသာမကဘူး။ စာသင်ရာမှာလည်း နာမည်ရလာတာကြောင့် စာသင်ဝိုင်းတွေ တိုးလာပါတယ်။ ဒီလိုနဲ့ စာသင်ချိန်တွေများလာလို့ အိမ်ပြန်ချိန်ဟာ နောက်ကျလာတယ်။ ကားမှတ်တိုင်နဲ့အိမ်က အတော်လေးဝေးတဲ့အပြင် မီးပျက်ရင် တစ်လမ်းလုံး မှောင်နေတတ်တာကြောင့် သမီးကိုစိတ်မချနိုင်ရှာဘူး။ ဒီလိုနဲ့အမေ၀င်းက ည ၁၀ နာရီဆို ဘတ်စ်ကားမှတ်တိုင်မှာ လာစောင့်နေကျ။ မိုးတွင်းဆို ထီးတစ်ချောင်းနဲ့စောင့်။ ဆောင်းတွင်းဆို အနွေးထည် ထူထူဝတ်ပြီးစောင့်၊ သမီးပြန်မလာမချင်း ခြင်ကိုက်ကိုက်။ မိုးပဲစိုစို၊ လေပဲအေးအေး စောင့်နေခဲ့ရတာပဲ။ ဒီတော့ ရာသီဥတုဒဏ်၊ အိပ်ရေးပျက်တဲ့ဒဏ်နဲ့ အမေ၀င်းခမျာ မကြာခဏ သွေးတိုးရောဂါ ပေါ်ပေါ်လာတာပါ။

ဒီနေ့တော့ အမေ၀င်း ဆရာဝန်မလေး ဆေးခန်းမှာသွေးတိုင်းပြီး သမီးကိုစောင့်ဖို့ ကားမှတ်တိုင်ကို ထွက်ခဲ့တယ်။ ဒီနေ့က ပိုအေးသလိုပဲ။ မြောက်လေကလည်း ခပ်ကြမ်းကြမ်းလေး တိုက်ခတ်နေတယ်။ ထဘီကို တင်းတင်းဆွဲဖုံး၊ လည်စည်းကို တစ်ပတ်ထပ်ပတ်၊ ခေါင်းစွပ်ကို နားရွက်အုပ်သည်ထိ ဆွဲချလိုက်တယ်။ ခြောက်သွေ့တဲ့ နှုတ်ခမ်းတွေကို လျှာနဲ့တံတွေးနဲ့ စိုစွတ်အောင်လုပ်လိုက်တယ်။

ကားမှတ်တိုင်မှာ လူရှင်းနေပြီ။ အချိန်က ၁၀ နာရီထိုးနေပြီ။ သမီးရဲ့အရိပ်အယောင်ကို မတွေ့ရသေးဘူး။ ကားအသွားအလာကလည်း ကျဲပါးနေပြီ။ ဘယ်လိုဖြစ်ဖြစ် သမီးကိုစောင့်ရမှာပဲ။ မတွေ့မချင်း စိတ်ကမအေးနိုင်ဘူး။ ကားတစ်စီးရပ်လာတယ်။ အမေ၀င်းက ကားအပေါက်ဝမှ ဆင်းလာတဲ့ ခရီးသည်တွေကို စူးစူးရဲရဲ လိုက်ကြည့်နေတယ်။ တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်။ လူတွေကုန်သွားပြီ။ ကားကမောင်းထွက်စပြုနေပြီ။ သမီးကပါမလာသေးဘူး။ စိတ်ကပိုပူရပြန်ရော။

သက်ပြင်းကို မျှဉ်းမျှဉ်းချလိုက်မိတယ်။ ဒီနေ့သမီး ခါတိုင်းထက်နောက်တာ။ ဘာများဖြစ်ပါလိမ့်။ အတွေးက အကောင်းဖက်ထက် အဆိုးဘက်အတွေးတွေ ပေါ်ပေါက်လာတယ်။ သမီးတစ်ခုခုဖြစ်နေပြီလား။ ခေတ်ကာလအရ အကြမ်းဖက် တိုက်ခိုက်မှု၊ ခိုးဆိုးလုယက်၊ လူသတ်မှု၊ မုဒိမ်းမှု စတဲ့သတင်းဆိုးတွေကလည်း နားမဆံ့အောင် ကြားနေရတယ်။ လမ်းသွားသူထံမှ မော်တော်ဆိုင်ကယ်နဲ့ အလစ်အငိုက် လုယက်မှုတွေကလည်း ဇက်ရဲလက်ရဲ ရှိနေကြတယ်။

အတွေးတွေ ရှုပ်ထွေးနေချိန်မှာပဲ အမေ၀င်းရဲ့ပခုံးကို လူတစ်ယောက်က လာပုတ်ပါတယ်။ အမေ၀င်းလန့်ဖျပ်ပြီး နောက်ကိုလှည့်ကြည့်လိုက်တယ်။ အမေ၀င်းတွေ့လိုက်တာက သူမရဲ့အမေ ဒေါ်တင်တင် ဖြစ်နေပါတယ်။ ဒေါ်တင်တင်က အသက် ၇၆ နှစ်ရှိပါပြီ။ လူကပိန်ပိန်ပါးပါး။ အရပ်က ၅ ပေ ၆ လက်မလောက်ရှိတာ။ တို့မြန်မာအမျိုးသမီးထဲမှာ အရပ်ရှည်သူလို့ သတ်မှတ်နိုင်ပါတယ်။ ဆေးလိပ်ကို လက်ကမချ သောက်တတ်တာမို့ ဒေါ်တင်တင်နားရောက်ရင် ဆေးလိပ်နံ့ကို အရင်ရှူရှိုက်ရမှာပါ။ ဒါပေမဲ့ ကျန်းမာရေးက ဒေါင်ဒေါင်မြည်ပဲ။ ဖျတ်လတ်တက်ကြွနေတတ်ပြီး စိတ်ညစ်စရာကို ခေါင်းထဲကြာကြာမထားတတ်ဘူး။ ပျော်ပျော်နေတတ်သူပါ။ ယေဘုယျ လူတွေသိထားတာက ဒေါ်တင်တင်ဟာ အပူအပင်ကင်းသူ။ ခေါင်းအုံးပေါ် ခေါင်းချတာနဲ့ အိပ်ပျော်တတ်သူလို့ သိထားကြတယ်။ တစ်ခုတော့ ပြောစရာရှိတယ်။ အမေက သရဲတို့၊ တစ္ဆေတို့ကို ကြောက်တတ်တယ်။

အမေ၀င်းက သူ့အမေဒေါ်တင်တင်ကို တွေ့လိုက်တဲ့အခါ အံ့သြသွားတယ်။ အမေ၀င်း သူ့အိမ်ကထွက်လာတုန်းက အမေဒေါ်တင်တင်က အိပ်ရာဝင်နေပြီ။ အိပ်တောင် ပျော်နေလောက်ပြီထင်လို့ အမေကိုနှုတ်တောင် မဆက်ခဲ့ဘူး။ သူ့အမေနိုးမှာစိုးလို့ တံခါးကို ဖြည်းဖြည်းဖွင့်၊ ဖြည်းဖြည်းပိတ်ခဲ့တယ်။

ခုတော့ ကြောက်တတ်တဲ့ အမေဒေါ်တင်တင်က အမေ၀င်းနားရောက်ခဲ့နေပြီ။ ကားမှတ်တိုင်နဲ့အိမ်ဟာ ၁၅ မိနစ်လောက်ဝေးတဲ့ အကွာအဝေးရှိတယ်။ လမ်းမှာ လမ်းမီးတိုင်မရှိတဲ့ နေရာတွေရှိလို့ မှောင်မိုက်နေတာပါ။ မြေသားလမ်းက တစ်ဝက်လောက် လျှောက်ခဲ့ရတာပါ။ ခဲလုံးတွေ၊ ကျောက်ခဲချွန်ချွန်တွေ ထိုးထိုးထောင်ထောင်ရှိလို့ ချော်မလဲအောင် သတိထားပြီး လျှောက်ရတာ။ အမေ၀င်းကိုယ်တိုင် မကြာခဏ ခလုတ်တိုက်မိတတ်တယ်။

ဒယီးဒယိုင် ဖြစ်သွားတဲ့ ကိုယ်ခန္ခာကို ချော်လဲမကျသွားအောင် အတော်လေးသတိထားပြီး လျှောက်ရတယ်။ ဒီိလိုအခက်အခဲတွေကို အမေဒေါ်တင်တင် ဘယ်လိုဖြတ်သန်းခဲ့သလဲလို့ အမေ၀င်းတွေးနေမိတယ်။ “အမေ၊ ဒီလောက်မှောင်နေတဲ့လမ်းကို ဘယ်လိုလျှောက်လာတာလဲ။ အမေမကြောက်ဘူးလား။”

မကြောက်ပါဘူး။ နင်ပြန်မရောက်သေးလို့ ငါအိပ်လို့မရဘူး။ နင့်ကိုလည်း စိုးရိမ်နေတာ။ နင်များလမ်းမှာ ချော်လဲနေမလားလို့ လမ်းတစ်လျှောက်လိုက်ကြည့်ရင်း ငါဒီကိုရောက်လာတာလေ

ဒီလောက်မှောင်နေတာ၊ အမေသရဲ မကြောက်ဘူးလား။

ကြောက်တော့ကြောက်တာပေါ့ဟ၊ ဒါပေမဲ့ဒီမှာကြည့်။ အမေဒေါ်တင်တင်က ကျောဘက်က ထဘီကြားထဲမှာ ထိုးထည့်ထားတဲ့ နှစ်တစ်လက်မ သစ်သားတုတ်တစ်ချောင်းကို ဆွဲယူထုတ်ပြတယ်။ သစ်သားတုတ်က နှစ်ပေလောက်ရှိမယ်။ တုတ်ကိုဆွဲထုတ်ပြီး၊ လက်တစ်ဖက်ကကိုင်ကာ မာန်ပါပါဝှေ့ယမ်းပြတယ်။ အမေ၀င်းက သူ့အမေဒေါ်တင်တင် ဟန်ကိုကြ့ည့်ပြီး ရယ်မောဖြစ်လာတယ်။

အမေက ကြောက်နေတယ် မဟုတ်လား

အေးအေး၊ ကြောက်တယ်ဟဲ့။ ကြောက်တယ်။ ဒါပေမဲ့ ငါပိုကြောက်တာက နင်တစ်ခုခု ဖြစ်သွားမှာကို တွေးမိပြီး ပိုကြောက်လို့၊ ငါသတ္တိတွေမွေးပြီး လာကြိုတာဟဲ့ အမေ၀င်း ရဲ့အမေက သူ့ခံစားချက်ကို ရင်ထဲကအသံနဲ့ လှိုက်လှိုက်လှဲလှဲ ပြောလိုက်လို့။ အသံကတုန်ခါနေတယ်။ ခံစားချက်တွေ ပါနေတယ်ဆိုတာ အမေ၀င်းက သတိထားမိသွားတယ်။ ဒါကြောင့် အမေ့လက်ကို လှမ်းစွဲကိုင်လိုက်တယ်။ သြော်အမေ့လက်တွေ အေးစက်နေပါလား။

ဘတ်စ်ကားတစ်စီး ဆိုက်လာတယ်။ အမေ၀င်းမျှော်နေတဲ့ သမီးက ကားပေါ်မှ ဖြည်းဖြည်းလေး ဆင်းလာတယ်။ သမီးခမျာ နွမ်းလျနေပုံရတယ်။ အမေ၀င်းဆီ တန်းလျှောက်လာပြီး ဖက်လိုက်တယ်။ အမေ၀င်းက အလိုက်တသိဖေးမကာ ပြန်ဖက်ထားတယ်။ ခဏကြာတော့ အမေ၀င်းနဲ့သူ့သမီးတို့ အိမ်ပြန်ရာလမ်းဘက်ကို ဦးတည်လျှောက်လှမ်းလိုက်ကြတယ်။ ရုတ်တရက်ဆိုတော့ အမေ၀င်းက သူ့အမေ ဒေါ်တင်တင်ကို မေ့သွားဟန်တူတယ်။ ဒေါ်တင်တင်ကို စကားတစ်ခွန်းမှ မပြောဘဲ အမေ၀င်းက သူ့သမီးကို လက်တွဲရင်း ရှေ့ကလျှောက်သွားကြတယ်။

ဒေါ်တင်တင်က အလိုက်သိစွာသူတို့ နောက်ကတိတ်တိတ်ဆိတ်ဆိတ်လေး လိုက်သွားတယ်။ အပြန်လမ်းက မှောင်လွန်းတယ်။ လူခြေတိတ်နေပြီ။ မအိပ်သေးတဲ့ တစ်အိမ်နှစ်အိမ်မှ မီးရောင်ကြောင့် လမ်းကိုပျပျလေး မြင်နေရတယ်။

အပြန်လမ်းမှာ ဘယ်သူကမှ စကားမပြောဖြစ်ဘူး။ အမေ၀င်းရဲ့သမီးခမျာ စာမေးပွဲနီးလာလို့ ကလေးတွေကို အာပေါက်အောင် သင်ခဲ့ရတယ်။ စာမေးပွဲနီးမှ စာမေးပွဲအောင်ချင်ကြတဲ့ ကလေးတွေ၊ ကလေးတွေကို အောင်စေချင်တဲ့ မိဘတွေကြားမှာ ခေါင်းမဖော်နိုင်လောက်အောင် အော်ဟစ် သင်ကြားခဲ့ရတယ်။ ရှင်းပြတာလည်း ထပ်ကာတလဲလဲ။ တွက်ပြရတာလည်း အကြိမ်ကြိမ်။ ဒီတော့ သမီးခမျာ လေသံထွက်ပြီး စကားပြောချင်စိတ် မရှိတော့ဘူး။ အမေ၀င်းကလည်း အလိုက်သိသိ နှုတ်ဆိတ်နေလိုက်တယ်။

ရုတ်တရက် လမ်းဘေးက ခွေးတစ်ကောင် စူးစူးဝါးဝါး ဟောင်သံကြားလိုက်ရတယ်။ အမေ၀င်းက သူ့သမီးကို သူ့နောက်ကိုဆွဲလိုက်ရင်း ရှေ့ကထွက်ကာလိုက်တယ်။ ခွေးကအမေ၀င်းရဲ့ လှုပ်ရှားပုံကို မြင်လိုက်တော့ သူ့ကို ရန်ပြုမယ် ထင်လိုက်ပုံရတယ်။ စိတ်ဆိုးသွားပုံရတယ်။ ဒါကြောင့် ပိုလို့ထိုးဟောင်ရင်း တကယ်ကိုကိုက်တော့မယ့်ဟန် ရှေ့ကိုတိုးလာတယ်။ ဒီအချိန်မှာ အမေဒေါ်တင်တင်က ရှေ့ကိုထွက်လာပြီး အမေ၀င်းကို နောက်ကိုတွန်းပို့လိုက်တယ်။ လက်ထဲက နှစ်တစ်လက်မသစ် သားချောင်းကိုမြှောက်ပြီး ခွေးကိုရိုက်ဖို့ ဟန်ပြလိုက်တယ်။ ခွေးကခွေးလည်၊ ခွေးပါးပဲ။ တုတ်ကိုမြင်တော့ နောက်ကိုဆုတ်သွားတယ်။

ကဲကဲ၊ နင်တို့သွားနှင့်၊ ငါခွေးကိုမောင်းပြီး နောက်ကလိုက်ခဲ့မယ်။

လာပါအမေရာ တစ်ခါတည်းသွားမယ်

ဟဲ့အ၀င်းသွားစမ်း၊။ နင်တို့သွားကြ။ နင့်သမီးကပင်ပန်းနေပြီ

အင်းပါ။ အင်းပါ၊ အမေ၀င်းရဲ့သမီးက သူ့အမေကိုဆွဲနေပြီ။ ဆိုတော့ သမီးဆွဲတဲ့အတိုင်း အလိုက်သင့် တွန့်ဆုတ်တွန့်ဆုတ်နဲ့ လိုက်ပါသွားတယ်။ အမေဒေါ်တင်တင်က ခွေးကိုသစ်သားတုတ်နဲ့ ခြောက်လှန့်မောင်းနှင်ဖို့ ကျန်နေခဲ့တယ်။ ခွေးကလည်း တုတ်ကိုတွေ့ပြီး နောက်ပြန်လှည့်သွားတယ်။ ဒီတော့မှ အမေဒေါ်တင်တင် တုတ်ကိုတင်းတင်းကိုင်ရင်း အိမ်ပြန်ခဲ့တယ်။

အိမ်ပြန်ရောက်တော့ အမေ၀င်းသမီးက အိပ်ရာထဲရောက်နေပြီ။ အမေ၀င်းက အမေဒေါ်တင်တင်ကို စောင့်နေတယ်။

ဟဲ့ငါပြန်ရောက်ပြီ၊ နင်လည်းအိပ်တော့။ အမေဒေါ်တင်တင်က အမေ၀င်းကို လှမ်းပြောလိုက်တယ်။

နေပါဦးအမေရ၊ အမေသမီးသွားတုန်းက အိပ်ပျော်နေပြီမဟုတ်လား

အေး၊ ငါအိပ်ရာထဲဝင်နေတာ။ နင်တို့ပြန်မလာမချင်း၊ ငါဘယ်တုန်းကမှ အိပ်မပျော်ခဲ့ဘူး။ ညတိုင်း နင်တို့အိပ်ရာဝင်တာ သေချာမှ ငါအိပ်လို့ရတာ။ နင်တို့သားအမိ ပြန်မရောက်မချင်း ငါအိပ်လို့ တစ်ညမှ အိပ်မပျော်ခဲ့ဘူး။ ဒီနေ့လည်း နင်တို့ပြန်ရောက်ရမယ့် အချိန်ပြန်မရောက်လို့ ငါလိုက်တာပေါ့။

သြော်အမေကလဲ။ ဘာဖြစ်လို့လဲ ကိုယ့်မျက်စိနဲ့ကိုယ် အိပ်တာများ။ အိပ်နေပြီးရော။

ဟဲ့ နင်ရော နင့်သမီးပြန်မရောက်ဘဲ အိပ်ပျော်နိုင်လား။ ငါလည်း ငါ့သမီး (နင်) ပြန်မရောက်ဘဲ ဘယ်တုန်းကမှ အိပ်မပျော်ခဲ့ဘူးဟဲ့

အမေအဖြစ်ရော၊ သမီးအဖြစ်ပါ ခံစားနေရတဲ့ အမေ၀င်းက သူ့အမေဒေါ်တင်တင်ကို ငေးကြည့်ရင်း စိတ်ထဲစကားအချို့ကို ရေရွတ်လိုက်မိတယ်။

အမေတိုင်းဟာ သားသမီးတွေမှာ အန္တရာယ်တစ်ခုခု တွေ့ပြီဆိုရင် သားသမီးရှေ့က ကာကွယ်ပေးတတ်တာဟာ အမေတိုင်းရဲ့ သတ္တိနဲ့ မေတ္တာပါလား

အမေစိတ်ရှိသော အမေတိုင်းအား ဦးညွှတ်လျက်။

Writer: 
မောင်တင်ဦး (မြောင်းမြ)