ဆီးဂိမ်းစ်ပြိုင်ပွဲမှ မျှော်လင့်ချက် ရောင်ခြည်များ

ဆီးဂိမ်းစ်ပြိုင်ပွဲမှ မျှော်လင့်ချက် ရောင်ခြည်များ
Published 24 August 2017

မလေးရှားနိုင်ငံမှာ ကျင်းပနေတဲ့ (၂၉) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲဟာ ပြိုင်ပွဲကာလ ထက်ဝက်ကျိုးလာပြီ ဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ မျှော်မှန်းထားတဲ့ ရွှေတံဆိပ် အရေအတွက်ရဲ့ ထက်ဝက်နီးပါး အရေအတွက် ရရှိထားပြီး ဖြစ်ပါတယ်။ ပြိုင်ပွဲမတိုင်ခင်က မြန်မာနိုင်ငံအနေနဲ့ အားကစားနည်း ကိုးမျိုးလောက်ကိုသာ ရွှေဆုမျှော်မှန်းထားပြီး ဒီအထဲက ခြင်းလုံးနဲ့ ဝူရှူး အားကစားနည်းတွေကတော့ မျှော်မှန်းထားတဲ့အတိုင်း ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့ကာ နိုင်ငံအတွက် တာဝန်ကျေခဲ့ပြီ ဖြစ်ပါတယ်။ တခြားအားကစားနည်းတွေကတော့ ယှဉ်ပြိုင်နေဆဲ ဖြစ်ပါတယ်။ မြန်မာအားကစားအဖွဲ့တွေရဲ့ မျှော်လင့်ချက်တွေ တကယ်ဖြစ်လာမလား ဆိုတာကိုတော့ လက်ကျန်ရက်တွေမှာ စောင့်ကြည့်ရမှာပါ။

ဆီးဂိမ်းစ်ပြိုင်ပွဲကို သြဂုတ် ၁၄ ရက်မှာ စတင် ကျင်းပခဲ့ပေမယ့် ရွှေတံဆိပ်တွေကိုတော့ သြဂုတ် ၁၆ ရက်မှာ စတင်ချီးမြှင့်ခဲ့ပါတယ်။ သြဂုတ် ၂၂ ရက် ပွဲစဉ်အပြီးထိ မြန်မာအားကစားအဖွဲ့ ရွှေဆု မျှော်မှန်းထားတဲ့ အားကစားနည်းတွေထဲက သုံးမျိုးယှဉ်ပြိုင် ပြီးစီးပြီး ခြင်းလုံးနဲ့ ဝူရှူး အားကစားနည်းတို့ မျှော်မှန်းထားတဲ့အတိုင်း အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ်။ ရွှေဆု မျှော်မှန်းထားတဲ့ အားကစားနည်းတွေထဲက မြားပစ် အားကစားနည်းကတော့ ရွှေဆုနဲ့ လုံးဝလွဲခဲ့ပြီး ငွေတစ်ခုနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ မြန်မာမြားပစ်အဖွဲ့အနေနဲ့ အောင်မြင်မှုရဖို့ ကစားသမားဘဝက အနားယူပြီး နည်းပြလုပ်နေတဲ့ အောင်ငှိမ်းနဲ့ ရဲမင်းဆွေတို့ကို ပြန်ကစားခိုင်းပြီး ကြိုးစားခဲ့ပေမယ့် နှစ်အနည်းငယ်ကြာ မြားပစ်နဲ့ အဆက်ပြတ်နေတဲ့ ကစားသမားတွေအနေနဲ့ အရင်လက်စွမ်းမျိုး ချက်ချင်းပြန်ရဖို့ မလွယ်ခဲ့ပါဘူး။ ဒါကြောင့်လည်း တစ်ဦးချင်းနဲ့ အသင်းလိုက် ပြိုင်ပွဲတွေမှာ ရွှေတံဆိပ်ဆုနဲ့ လွဲချော်ခဲ့ပြီး ရဲမင်းဆွေနဲ့ အောင်ငှိမ်းတို့ ယှဉ်ပြိုင်တဲ့ Mix-Team ပြိုင်ပွဲမှာ ငွေတံဆိပ် ရယူနိုင်ခဲ့ပါတယ်။ ရွှေဆု မျှော်မှန်းထားတဲ့ အားကစားနည်းတွေထဲက ဝူရှူးနဲ့ ခြင်းလုံး အားကစားနည်းတွေကတော့ တာဝန်ကျေခဲ့ပါတယ်။ မြန်မာခြင်းလုံးအသင်းဟာ မျှော်မှန်းထားတဲ့အတိုင်း ရွှေတံဆိပ်နှစ်ခုစလုံး ရယူခဲ့ပြီး နိုင်ငံအတွက် ပထမဆုံးနဲ့ ဒုတိယမြောက် ရွှေဆုကို ရယူပေးခဲ့ပါတယ်။ ပြိုင်ဘက်နိုင်ငံတွေရဲ့ တိုးတက်လာမှုကြောင့် မြန်မာခြင်းလုံးအသင်း အနေနဲ့ အောင်မြင်မှုရဖို့ ကြိုးစားခဲ့ရပေမယ့် ရနိုင်တဲ့ ရွှေဆု အရေအတွက်အတိုင်း ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာခြင်းလုံးအသင်း အနေနဲ့ ကိုယ့်ရိုးရာ အားကစားနည်း ဖြစ်ပေမယ့် နိုင်ငံအနေအထား၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့ချုပ်တွေမှာ ဝင်ဆံ့နိုင်မှု၊ နိုင်ငံတကာ ဆက်ဆံရေးတွေမှာ အားနည်းတာတွေကြောင့် တခြားနိုင်ငံတွေရဲ့ အလေးမပေးတာကို ခံခဲ့ရပြီး ရွှေဆုရဖို့ ကြိုးစားတဲ့နေရာမှာ အများကြီး အခက်အခဲ ရှိခဲ့ပါတယ်။

မြန်မာခြင်းလုံးအသင်းရဲ့ ဒုတိယမြောက် ရွှေဆုမှာဆိုရင် လာအိုအသင်းကို ရွှေပေးလိုတာကြောင့် မြန်မာအသင်းရတဲ့ အမှတ်တွေကို မပေးဘူး။ လာအိုအသင်းကို အမှတ်တွေ တိုးပေးတာတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် မြန်မာအသင်းအနေနဲ့ ခက်ခက်ခဲခဲ ကစားခဲ့ရပြီး တစ်မှတ်အသာနဲ့ပဲ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ မြန်မာဝူရှူးအဖွဲ့ဟာ ပြီးခဲ့တဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ရရှိခဲ့တဲ့ ရွှေတံဆိပ် အရေအတွက်ကို မမီခဲ့ပေမယ့် ရွှေနှစ်ခု၊ ငွေနှစ်ခု၊ ကြေးနှစ်ခု ရယူနိုင်ခဲ့ပါတယ်။ ဝူရှူးပြိုင်ပွဲကို သုံးရက်ကြာ ကျင်းပခဲ့ပြီး မြန်မာဝူရှူးအဖွဲ့ဟာ ပထမနေ့မှာ ငွေတစ်ခုသာ ရယူနိုင်ခဲ့ပေမယ့် ဒုတိယနေ့နဲ့ နောက်ဆုံးနေ့မှာ ရွှေတံဆိပ် တစ်ခုစီ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာဝူရှူးအဖွဲ့မှာ ရွှေတံဆိပ် မျှော်မှန်းထားတဲ့ စန္ဒီဦးနဲ့ အေးသစ္စာမြင့်တို့ ရွှေဆုနဲ့ လွဲချော်ခဲ့ပြီး မြတ်သက်စုဝေဖြိုးနဲ့ သိန်းသန်းဦးတို့ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ မြတ်သက်စုဝေဖြိုးဟာ နှစ်ယောက်တွဲ ပြိုင်ပွဲမှာသာ ရွှေရဖူးပေမယ့် တစ်ဦးချင်းပြိုင်ပွဲမှာတော့ ပထမဆုံး ဆီးဂိမ်းစ်ရွှေတံဆိပ် ဖြစ်ခဲ့ပြီး သိန်းသန်းဦးကတော့ ကစားသမားဘ၀ ပထမဆုံး ရွှေတံဆိပ်ဆု ဖြစ်ခဲ့ပါတယ်။ အမှတ်နဲ့ ယှဉ်ပြိုင်ရတာကြောင့် မြန်မာကစားသမားတွေအနေနဲ့ တကယ်ကောင်းရင်တောင် အိမ်ရှင်ကစားသမားတွေအပေါ် အလေးသာမှုတွေ ရှိနိုင်ပါတယ်။ မြန်မာဝူရှူးအဖွဲ့အနေနဲ့ ရွှေတစ်ခုသာ မျှော်မှန်းခဲ့ပေမယ့် နှစ်ခုအထိ ရယူနိုင်ခဲ့တာဖြစ်ပြီး အောင်မြင်မှု ရယူနိုင်ခဲ့တယ်လို့ သတ်မှတ်ရမှာပါ။

ပိုက်ကျော်ခြင်း အသင်းကတော့ ပြိုင်ပွဲတွေ ဆက်လက် ယှဉ်ပြိုင်နေဆဲဖြစ်ပြီး ပထမဆုံးပြိုင်ပွဲဖြစ်တဲ့ အမျိုးသား နှစ်ယောက်တွဲ အသင်းလိုက်ပြိုင်ပွဲမှာတော့ ငွေတံဆိပ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ မြန်မာအသင်းဟာ ဗိုလ်လုပွဲမှာ နာမည်ကြီး ထိုင်းအသင်းနဲ့ တွေ့ဆုံခဲ့ပြီး နှစ်ကြိမ်ဆက်တိုက် အရေးနိမ့်ခဲ့ရပါတယ်။ မြန်မာပိုက်ကျော်ခြင်းအသင်းဟာ ပထမဆုံး ရွှေတံဆိပ်ဆုနဲ့ လွဲချော်ခဲ့ပေမယ့် နောက်ထပ် ယှဉ်ပြိုင်မယ့် ပြိုင်ပွဲလေးခု ရှိပါသေးတယ်။ ရွှေဆုမျှော်လင့်ချက်တွေ အများကြီး ရှိပါသေးတယ်။ နောက်ထပ် မျှော်လင့်ထားတဲ့ အားကစားနည်းတွေထဲက သေနတ်ပစ်နဲ့ ပီတန်း အားကစားနည်းတွေကတော့ ရွှေဆုရယူနိုင်တာ မရှိသေးဘဲ သြဂုတ်၂၂ ရက် အပြီးထိ သေနတ်ပစ်အဖွဲ့က ကြေးတစ်ခုသာရပြီး ပီတန်းအဖွဲ့က ဆုမရသေးပါဘူး။ ဘိလိယက်အဖွဲ့ကတော့ ပြိုင်ပွဲဝင်နေဆဲဖြစ်ပြီး သြဂုတ် ၂၃ ရက် ညပိုင်းမှာ ကစားခဲ့တဲ့ နှစ်ယောက်တွဲ ပြိုင်ပွဲမှာလည်း ရွှေဆု ပေါ်သွားနိုင်ပါတယ်။ မြန်မာအားကစားအဖွဲ့ မျှော်မှန်းထားတဲ့ အားကစားနည်းတွေထဲက ဂျူဒို၊ တိုက်ကွမ်ဒို အားကစားနည်းတွေကတော့ သြဂုတ် ၂၆ ရက်မှာ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

မြန်မာအားကစားအဖွဲ့တွေထဲက နိုင်ငံအတွက် တာဝန်ကျေခဲ့တဲ့ အားကစားသမားတွေ ထွက်ပေါ်ခဲ့သလို တာဝန်ကျေရမယ့် သူတွေလည်း ရှိပါသေးတယ်။ လက်ရှိအနေအထားမှာတော့ မြန်မာအားကစားအဖွဲ့အနေနဲ့ မျှော်မှန်းထားတဲ့ ရွှေတံဆိပ် အရေအတွက် ပြည့်မီဖို့ ကြိုးစားနေရဆဲ ဖြစ်ပြီး ပြိုင်ပွဲပြီးဆုံးဖို့ တစ်ပတ်အလိုမှာ ထပ်မံ ရယူနိုင်မလား ဆိုတာ...။

Most Read

Most Recent