ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများက သတ်ဖြတ်ကာ မြှုပ်နှံထားသော ဟိန္ဒူဘာသာဝင်များ၏ အလောင်းများ မောင်တောမြောက်ပိုင်း ရဲဘော်ကျကျေးရွာအနီး တောစပ်တွင် ထပ်မံတွေ့ရှိ

ဓာတ်ပုံ – တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ခမောင်းဆိပ်အနီး ရဲဘော်ကျ ကျေးရွာအနီးရှိ တောစပ်အတွင်း ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများက သတ်ဖြတ်ကာ မြှုပ်နှံထားသော ဟိန္ဒူဘာသာဝင်များ၏ အလောင်းများ ထပ်မံတွေ့ရှိရကြောင်း အမှတ် (၁) နယ်ခြားစောင့်ကွပ်ကဲမှု ရဲတပ်ဖွဲ့၊ ကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင်က အတည်ပြု ပြောကြားသည်။

ARSA ဘင်္ဂါလီအကြမ်းဖက်သမားများ၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရပြီးနောက် ပျောက်ဆုံးနေသော ဟိန္ဒူဘာသာဝင် ၁၀၀ ခန့်အနက်မှ အလောင်း ၂၈ လောင်းအား မြေကျင်းနှစ်ခုအတွင်း မြှုပ်နှံထားသည်ကို စက်တင်ဘာ ၂၄ ရက်ကလည်း တွေ့ရှိရပြီး စက်တင်ဘာ ၂၅ ရက်တွင် အလောင်းများအား ထပ်မံရှာဖွေမှုများ ပြုလုပ်ခဲ့ပြီးနောက် ကျင်းနှစ်ခု ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

အမှတ် (၁) နယ်ခြားစောင့်ကွပ်ကဲမှု ရဲတပ်ဖွဲ့၊ ကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင်က “အပုပ်နံ့ထွက်နေတဲ့ မြေကျင်းနှစ်ခုကိုတော့ ရှာတွေ့ထားတယ်။ အခုလောလောဆယ်တော့ ဆောင်ရွက်နေဆဲဖြစ်တဲ့အတွက် အလောင်းဘယ်လောက်ရှိတယ်ဆိုတာ မသိရသေးဘူး” ဟု ပြောကြားသည်။

ယမန်နေ့ကတွေ့ရှိသော အလောင်းများ အားလုံးတွင် ကြိုးများဖြင့် ချည်နှောင်ထားသည်ကို တွေ့ရကြောင်းနှင့် ယနေ့တွေ့ရှိသော အမျိုးသား အလောင်း ၁၇ လောင်းတွင်လည်း တစ်ဦးနှင့် တစ်ဦးတို့၏ အလောင်းများအား လက်များကို ကြိုးများဖြင့် ပူးချည်ထားသည်ကို တွေ့ရှိရကြောင်း၊ ယနေ့တွေ့ရသော အလောင်းများမှာ အမျိုးသားများ၏ အလောင်းသာဖြစ်ကြောင်း၊ စက်တင်ဘာ ၂၄ ရက်က တွေ့ရှိသော အလောင်းများအနက် အမျိုးသမီးများ၏အလောင်းတွင် မုဒိမ်းပြုကျင့်ခံထားရသည်ဟု အတည်မပြုနိုင်သော်လည်း ယင်းကဲ့သို့ ပြုလုပ်ထားသည့် လက္ခဏာများကို တွေ့ရှိရကြောင်း သတင်းများထွက်ပေါ်နေသော်လည်း လတ်တလောတွင် အာဏာပိုင်များမှ အတည်ပြုချက် မရှိသေးကြောင်း သိရသည်။

Photo: prof win myat aye

ခမောင်းဆိပ်သို့ရောက်ရှိပြီး အလောင်းတူးဖော်ရာတွင် ပါဝင်ခဲ့သူ ဦးနီမောလ်က “ဒီနေ့တွေ့တာကတော့ မနေ့ကတွေ့တဲ့တွင်းတွေနဲ့ ပေတစ်ထောင်လောက် အဝေးမှာတွေ့တာပါ။ နေ့လယ် ၁ နာရီလောက်က တွေ့တယ်။ စုစုပေါင်း အမျိုးသားအလောင်း ၁၇ လောင်း တွေ့ပါတယ်။ ၄ နာရီလောက်မှ အလောင်းတွေအားလုံးကို ဖော်လို့ပြီးတယ်။ လက်တွေကို ကြိုးနဲ့ချည်ထားတယ်။ တစ်ယောက်လက်နဲ့ တစ်ယောက်တွဲပြီး ချည်ထားတာတွေကို တွေ့ရတယ်။ မနေ့ကလည်း အားလုံးနီးပါး ကြိုးချည်ထားတယ်။ အားလုံးမှာတော့ ဓားဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ အလောင်းတွေဟာ ခမောင်းဆိပ်တောင်ရွာက လူတွေဖြစ်တာကိုလည်း တွေ့ရှိရတယ်” ဟု ပြောကြားသည်။

ထိုသို့လုပ်ရပ်များသည် ဟိန္ဒူဘာသာဝင်များကို လူမျိုးပြုန်းတီးအောင် သတ်ဖြတ်ခြင်းသာဖြစ်ကြောင်းနှင့် ဟိန္ဒူဘာသာဝင်များအနေဖြင့် မြန်မာနိုင်ငံတွင် မွေးဖွားကြီးပြင်းလာခဲ့ခြင်းဖြစ်သည့်အပြင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ သတ်ဖြတ်ခြင်း၊ ရန်ရှာခြင်းများ မရှိခဲ့ကြောင်း၊ ယခုကဲ့သို့ အစုလိုက် အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်သွားခြင်းမှာ လွန်စွာစိတ်မကောင်းစရာဖြစ်ကြောင်း၊ ထိုသို့သတ်ဖြတ်ခြင်းသည် လွန်စွာရက်စက်သော လုပ်ရပ်သာဖြစ်ကြောင်း ဟိန္ဒူဘာသာဝင်ဦးနီမောလ်က ပြောကြားသည်။

Photo: prof win myat aye

စက်တင်ဘာ ၂၄ ရက်တွင် အလောင်း ၂၈ လောင်း တွေ့ရှိခဲ့ပြီး ၂၅ ရက်တွင် အလောင်း ၁၇ လောင်း ထပ်မံတွေ့ရှိသဖြင့် စုစုပေါင်း အလောင်း ၄၅ ဦးအထိ တွေ့ရှိထားခြင်း ဖြစ်ကြောင်း သိရသည်။

ARSA အစွန်းရောက် အကြမ်းဖက်သမားများကြောင့် စစ်တွေမြို့သို့ ရောက်ရှိနေသော မောင်တောလေးမိုင်မှ ဟိန္ဒူဘာသာဝင် ဦးနီမောလ် (ဟိန္ဒူဘာသာဝင်ကူညီရေး ခေါင်းဆောင်) ထံ တစ်ဖက်နိုင်ငံသို့ ရောက်ရှိနေသည့် ရဲဘော်ကျကျေးရွာနေသူတစ်ဦးက ဖုန်းဆက်သွယ် ပြောကြားချက်အရ သြဂုတ် ၂၅ ရက်က ARSA အစွန်းရောက် အကြမ်းဖက်သမား ၃၀၀ ခန့်သည် ရဲဘော်ကျကျေးရွာရှိ အမျိုးသား၊ အမျိုးသမီး ၁၀၀ ခန့်အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ ရွာ၏ အနောက်ဘက်မီတာ ၁၀၀၀ ခန့်အကွာသို့ ရောက်ရှိစဉ်အမျိုးသား၊ အမျိုးသမီးများအား သတ်ဖြတ်ကာ အမျိုးသမီး ရှစ်ဦးအား အစ္စလာမ်ဘာသာသို့ ၀င်ခိုင်းခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကူတူပါလောင်ဒုက္ခသည်စခန်းရှိ ဟိန္ဒူဘာသာဝင်တစ်ဦး၏ နေအိမ်တွင် နေထိုင်လျက်ရှိကြောင်း ဆက်သွယ်ပြောကြားခဲ့သည်။

Photo: prof win myat aye

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ မြေပြင်သတင်းဖော်ထုတ်ရန်အတွက် ဦးနီမောလ်၊ ဦးရွှေနီတို့နှင့်အတူ သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များသည် စက်တင်ဘာ ၂၄ ရက် နံနက် ၇ နာရီတွင် ခမောင်းဆိပ်ကျေးရွာမှ အမျိုးသား၊ အမျိုးသမီးသုံးဦး၊ တမန်းသားကျေးရွာမှ လေးဦးတို့နှင့်အတူ ရဲဘော်ကျကျေးရွာသို့ ထွက်ခွာခဲ့ကြောင်း၊ ၎င်းပူးပေါင်းအဖွဲ့များက ဖြန့်ခွဲရှာဖွေစဉ် ရဲဘော်ကျကျေးရွာ၏ အနောက်မြောက်ဘက်မီတာ ၁၂၀၀ ခန့်အကွာ၌ မသင်္ကာဖွယ် မြေအနေအထား တွေ့ရှိရပြီး အပုပ်နံ့ရရှိသဖြင့် တူးဖော်ရှာဖွေရာအကျယ် ၁၃ ပေပတ်လည် မြေကျင်း နှစ်ကျင်းအား ၁၀ ပေ အကွာအဝေးခြား တွေ့ရှိခဲ့ကြောင်း၊ အဆိုပါ မြေကျင်းတစ်ကျင်းအား နံနက် ၁၁ နာရီခွဲတွင် စတင် တူးဖော်ရာ အလောင်း သုံးလောင်း တွေ့ရှိခဲ့ပြီး ဆက်လက်တူးဖော်ရာ မွန်းလွဲ ၂ နာရီတွင် အလောင်း ရှစ်လောင်း၊ မွန်းလွဲ ၂ နာရီ မိနစ် ၂၀ တွင် အလောင်းတစ်လောင်း၊ ပေါင်းအလောင်း ၁၂ လောင်း တူးဖော်ရရှိကြောင်း၊ မွန်းလွဲ ၂ နာရီခွဲတွင် ဒုတိယမြေကျင်းအား ထပ်မံတူးဖော်ရာ အသက် ၁၀ နှစ်အောက် အမျိုးသား ခြောက်ဦး၊ အသက် ၁၆ နှစ်အောက် အမျိုးသား နှစ်ဦး၊ အသက် ၁၆ နှစ်အထက် အမျိုးသမီး ရှစ်ဦး၊ ပေါင်းအလောင်း ၁၆ လောင်းအား တူးဖော်ရရှိခဲ့ကြောင်း၊ တူးဖော်ရရှိသည့် ရုပ်အလောင်းများမှာ ဟိန္ဒူဘာသာဝင်အမျိုးသား ရှစ်လောင်း၊ အမျိုးသမီးအလောင်း ၂၀၊ စုစုပေါင်း ၂၈ လောင်းဖြစ်ကြောင်း၊ စက်တင်ဘာ ၂၅ ရက်တွင် ဟိန္ဒူဘာသာဝင် အမျိုးသား အလောင်း ၁၇ လောင်း ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မျက်စိအတွင်းတိမ်လူနာ သုံးသိန်းကျော်ရှိကြောင်း သိရ

မြန်မာနိုင်ငံတွင် မျက်စိအတွင်းတိမ် ရောဂါဖြစ်ပွားသူ သုံးသိန်းကျော် ရှိနေကြောင်း ရန်ကုန်မျက်စိရောဂါ အထူးကုဆေးရုံကြီး၊ မျက်စိရောဂါပညာဌာနမှ သိရသည်။

၁၉၉၇ ခုနှစ်စစ်တမ်းများအရ မြန်မာနိုင်ငံတွင် မျက်မမြင်ဖြစ်သည့် ရာခိုင်နှုန်း ၀ ဒသမ ၅၈ ရာခိုင်နှုန်းရှိပြီး အတွင်းတိမ်ကြောင့် မျက်စိကွယ်သည့် ရာခိုင်နှုန်းမှာ ၀ ဒသမ ၃၆ ရာခိုင်နှုန်းအထိ ပါဝင်နေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

မျက်စိကွယ်သွားနိုင်သည့် အကြောင်းရင်းများမှာ မျက်စိအတွင်းတိမ်ရောဂါသည် အဓိက အကြောင်းရင်းဖြစ်ပြီး ရေတိမ်၊ မျက်ကြည်လွှာတွင်ဖြစ်သော ရောဂါ၊ မျက်စိ အာရုံလွှာတွင်ဖြစ်သော ရောဂါနှင့် ထိခိုက်ဒဏ်ရာကြောင့်ဖြစ်ခြင်း စသည်တို့ကြောင့်လည်း ဖြစ်နိုင်ကြောင်း၊ ယခင်အချိန်ကာလများတွင် မျက်စိအတွင်းတိမ်ရောဂါကို အသက် ၆၀ ကျော်မှ ဖြစ်ပွားမှုတွေ့ရှိရပြီး ယခုတွင် အသက် ၄၀ ကျော်အရွယ်တွင် ယင်းရောဂါကို စတင်တွေ့ရှိလာကြောင်း ရန်ကုန်မျက်စိ ရောဂါအထူးကုဆေးရုံကြီး၊ မျက်စိရောဂါပညာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာတင်ဝင်းက ပြောကြားသည်။

“လူတစ်ယောက် အတွင်းတိမ်ဖြစ်မဖြစ် ဘယ်လိုသိနိုင်လဲဆိုတော့ ပထမဆုံးသိတာက သူကမှုန်သွားတယ်။ တော်တော်များများ မျက်စိမှုန်ပြီဆိုရင် မျက်မှန်ဆိုင်ပြေးလိုက်တယ်။ မျက်မှန်တပ်လိုက်တယ်။ သူကမျက်စဉ်းဆေးနဲ့လည်း မပျောက်ဘူး။ ဆေးသောက်လည်း မပျောက်ဘူး။ မျက်မှန်တပ်လည်း မထူးဘူး။ ဘာလုပ်ရမလဲဆိုတော့ ခွဲတဲ့နည်းတစ်ခုပဲရှိတယ်။ ခွဲရမယ်။ ခွဲပြီးလို့ရှိရင် ဆရာတို့က ခွဲပြီးသားနေရာမှာ မှန်ဘီလူးထည့်လိုက်မယ်။ ထည့်လိုက်တဲ့အခါမှာ သဘာဝအတိုင်း ပြန်မြင်သွားတယ်။ ဘာကြောင့်မျက်စိမှုန်လဲဆိုတဲ့ အကြောင်းရင်း စစ်ဆေးပြီးတော့မှ ရောဂါမရှိဘူးဆိုမှ မျက်မှန်တပ်ရမယ်။ ဒီမှာက ပြောင်းပြန်လွဲမှားနေကြတာ။ မျက်မှန်လေးနဲ့ ကျေနပ်နေကြတယ်။ ရောဂါကိုရှာရမယ်။ ရောဂါရှာလို့ ရောဂါကြောင့်ဆို ကုရမယ်။ တချို့က သက်တန့်ကွင်းတွေ မြင်နေရတယ်။ သက်တန့်ကွင်းတွေ မြင်နေရရင်မပေါ့နဲ့။ အမြန်ဆုံး ဆရာဝန်နဲ့ ပြသင့်တယ်။ အတွင်းတိမ်ကြောင့်လား၊ ရေတိမ်ကြောင့်လား ဆိုတာကို ပြရမယ်” ဟု ၎င်းက ဆိုသည်။

မျက်စိအတွင်းတိမ်ရောဂါသည် ဆီးချို ရောဂါရှိသူများနှင့် စိတ်ရောဂါဖြစ်ပွားနေသူများတွင် အများဆုံးဖြစ်ပွားကြောင်း၊ မြန်မာနိုင်ငံတွင် မျက်စိအတွင်းတိမ် လူနာသုံးသိန်းကျော် ရှိသော်လည်း တစ်သိန်းကျော် ခွဲစိတ်မှုပေးနိုင်သေးကြောင်း သိရသည်။

မြိတ်ခရိုင်၊ ပလောက်မြို့၊ ညောင်ရှင်ကုန်းကျေးရွာတွင် ထမင်းချက်ရာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့

■ Photo: အရှင်ဥာဏ၀ံသ

မြိတ်ခရိုင်၊ ပလောက်မြို့၊ ညောင်ရှင်ကုန်းကျေးရွာတွင် စက်တင်ဘာ ၂၅ ရက်နေ့ နံနက်ပိုင်းက ထမင်းချက်ရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ ကျောက်လုံးကြီး ကျေးရွာအုပ်စု၊ ညောင်ရှင်ကုန်းကျေးရွာတွင် ထမင်းချက်နေစဉ် အနီးရှိဂဲ့စ်အိုးအား မီးကူးစက်ကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ညောင်ရှင်ကုန်းကျေးရွာရှိ ဒေါ်စန်းမူ (၄၈) နှစ် (ဘ) ဦးဆန်းတင့်မှာ နေအိမ်အနောက်ဖက် မီးဖိုချောင်တွင် ထင်မီးဖြင့် ထမင်းချက်နေစဉ် အနီးရှိဂဲ့စ်အိုးသို့ မီးကူးစက်ကာ ဂဲ့စ်မီးဖိုမှတဆင့် နေအိမ်သို့ မီးကူးစက်ခဲ့ကြောင်း သိရသည်။ မီးလောင်ကျွမ်းမှုကြောင့် ဒေါ်စန်းမူတွင် မီးအနည်းငယ် ဟပ်ခံခဲ့ရသော်လည်း တခြားထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း သိရသည်။ မီးလောင်ကျွမ်းမှုဖြစ်နေစဉ် ဒေသခံများက ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ရပြီး ပလောက်မြို့ မီးသတ်ဦးစီးဌာနမှ မီးသတ်ကားတစ်စီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များလည်း လာရောက်ငြိမ်းသတ်ပေးခဲ့ရကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မီးအားပေါ့ဆစွာ သုံးစွဲခဲ့သူ ဒေါ်စန်းမူအား ဥပဒေအရ အရေးယူပေးရန် လက်ထောက်မီးသတ်ဦးစီးမှူး ဦးသန်းဇော်ထွန်းမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် ပလောက်နယ်မြေ ရဲစခန်းမှ (ပ) ၂၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

အကြမ်းဖက်သမားများ၏ ထောင်ချောက်အတွင်း မကျရောက်ရန် သတိကြီးစွာထားရမည်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ကုလသမဂ္ဂအထွေထွေညီလာခံတွင် သတိပေးပြောကြား

စက်တင်ဘာ ၂၃ ရက်က စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ့်ရှ်နန်အား ၇၂ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အစည်းအဝေး၌ တွေ့ရစဉ် (Photo: AFP)

အစွန်းရောက်များအား တုန့်ပြန်ရာတွင် ကမ္ဘာ့ခေါင်းဆောင်များသည် သတိကြီးစွာထားပြီး စဉ်းစားဆင်ခြင်ကြရမည် ဖြစ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ့်ရှ်နန်က ကုလသမဂ္ဂအထွေထွေညီလာခံ၏ ၇၂ ကြိမ်မြောက် အစည်းအဝေးတွင် စက်တင်ဘာ ၂၃ ရက်က ပြောကြားခဲ့သည့် မိန့်ခွန်း၌ သတိပေးခဲ့သည်။

“ နေရာတိုင်းက အစွန်းရောက်တွေမှာ ဘုံလမ်းညွှန်စာရပ် ရှိကြပါတယ်။ ပထမဆုံး ကမ်းကုန်အောင် ရက်စက်တဲ့ အကြမ်းဖက်လုပ်ရပ်ကို ကျူးလွန်မယ်။ ဒုတိယအနေနဲ့ “ကျွန်တော်တို့ ” နဲ့ “ သူတို့” ဆိုတဲ့ အနှိုင်းခံစားမှုကို သယ်ဆောင်လာဖို့ အဲ့ဒီအခြေအနေကို ဘာသာရေးတံဆိပ်ကပ်မယ်။ တတိယအနေနဲ့ အလွန်အကျွံ တုံ့ပြန်မှုကြောင့် အကွဲအပြဲဖြစ်စေခြင်းနဲ့ အလယ်အလတ်ဧရိယာကို ဖျောက်ပစ်မယ်” ဟု ဘာလာခရစ့်ရှ်နန်က ပြောကြားခဲ့သည်။

“အကြမ်းဖက်သမားတွေရဲ့ ထောင်ချောက်ထဲ မကျဖို့ ကျွန်တော်တို့ အရမ်း သတိထားရပါမယ်” ဟု သူက သတိပေးခဲ့သည်။

ဒေါက်တာ ဘာလာခရစ့်ရှ်နန်က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် သြဂုတ်လက အကြိမ်းဖက်မှုကြောင့် ဖြစ်ပွားခဲ့သော ပဋိပက္ခအား ကိုးကားခဲ့ပြီး လူမျိုး ဘာသာနှင့် ဇာတိကို မခွဲခြားဘဲ ကြမ်းဖက်မှုကြောင့် အရပ်သားတိုင်းကို ကာကွယ်ရန် အစိုးရတိုင်းတွင် တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သတင်းပတ်က နေပြည်တော်သို့ သွားရောက်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း ဘာလာခရစ့်ရှ်နန်က ပြောကြားခဲ့ပြီး မြန်မာနိုင်ငံတွင် ဖြစ်ပွားနေမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် စိတ်ဒုက္ခရောက်နေပြီး နာကျင်ခံစားနေရကြောင်း ပြောကြားခဲ့သည်။

ရခိုင်အခြေအနေသည် “ နက်ရှိုင်းသော သမိုင်းဆိုင်ရာ ဇာတ်မြစ်ရှိပြီး ရှုပ်ထွေးသော အုပ်စု ပဋိပက္ခဖြစ်ကြောင်း ဒေါက်တာ ဘာလာခရစ့်ရှ်နန်က ပြောကြားခဲ့ပြီး ယင်းပြဿနာကို ချက်ချင်းဖြေရှင်း၍ ရမည်မဟုတ်ကြောင်း ဆိုခဲ့သည်။ အာဆီယံသည် တည်ငြိမ်ရေး ပြန်လည်တည်ဆောက်ရန် ရေရှည်ဖြေရှင်းမှုတစ်ရပ် ရှာဖွေရေးအား မြန်မာနိုင်ငံကို ကူညီသွားမည်ဖြစ်ကြောင်း သူက ပြောကြားခဲ့သည်။

အရှေ့တောင်အာရှ အပါအ၀င် ကမ္ဘာတစ်ဝန်း၌ အကြမ်းဖက်သမားများသည် အဆိပ်ပြင်းသော အစွန်းရောက် အကြံများကို ဖြန့်ကျက်ရန် အင်တာနက်ကို အသုံးပြုနေကြသည်။ ဆိုင်ဘာတိုက်ခိုက်မှုများနှင့် သတင်းတုများသည် တဟုန်ထိုးတိုးပွားလာပြီး ကမ္ဘာ၏ နေရာအနှံအပြားတွင်း ပဋိပက္ခများ ရှိနေဆဲဖြစ်သည့်အပြင် အသစ်များလည်း ပေါ်ထွက်လာနေကြောင်း ဘာလာခရစ့်ရှ်နန်က ပြောကြားခဲ့သည်။