International

အီရတ်တပ်များ ချီတက်လာစဉ် IS က မိုဆူးရှိ အရပ်သားများအား အကြမ်းဖက် တိုက်ခိုက်

အီရတ်တပ်များသည် ဧပြီ ၂၅ ရက်တွင် မိုဆူးအနောက်ပိုင်းသို့ ချီတက်လာခဲ့ပြီး မြို့ဟောင်းနှင့် နီးကပ်လာနေပြီဖြစ်ကြောင်း သိရသည်။ ယင်းမြို့ဟောင်းတွင် အရပ်သားများ အစုလိုက်အပြုံလိုက် ထွက်ပြေးမှုမှ ဟန့်တားရန်နှင့် ၎င်းတို့၏ ခြေကုပ်နေရာအား ထိန်းသိမ်းနိုင်ရန် ဂျီဟတ်များက အရပ်သားများကို ကွပ်မျက်ခဲ့ကြောင်း သိရသည်။ အနောက်မိုဆူးရှိ အကြီးဆုံး ဒေသတစ်ခုဖြစ်သော တီနက်ကို အီရတ် အကြမ်းဖက်မှု တိုက်ဖျက်ရေး အထူးတပ်ဖွဲ့က အပြည့်အ၀ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး IS အဖွဲ့အား ထပ်၍ တင်းကျပ်ခဲ့သည်။

မှောင်ခိုကူးမှုကို တားမြစ်ရန်အတွက် အိန္ဒိယက နွားများအား သက်သေခံနံပါတ် ပြုလုပ်ပေးရန် စီစဉ်နေ

အိန္ဒိယတွင် နွားများအား မှောင်ခိုကူးသည်ဟု သံသယရှိခံရသည့် လယ်သမားများအား နွားကာကွယ်ရေးအဖွဲ့များက အင်အားသုံး တိုက်ခိုက်မှု များပြားနေစဉ် ယင်းနွားများအား ကာကွယ်ပေးရန် နောက်ဆုံးကြိုးပမ်းမှုအဖြစ် သန်းနှင့်ချီသော နွားများအတွက် သက်သေခံနံပါတ်များ ပြုလုပ်ပေးသွားရန် စီစဉ်နေကြောင်း သိရသည်။

အမေရိကန်လုပ် တစ်ကိုယ်ရည်သုံး ယာဉ်ပျံများကို ယခုနှစ်ကုန်တွင် စတင်ရောင်းချနိုင်မည်

Google ပူးတွဲတည်ထောင်သူ လာရီပေ့ခ်ျ ပံ့ပိုးပေးထားသည့် ဆီလီကွန်တောင်ကြားထဲမှ ကားပျံထုတ်လုပ်ရေးအဖွဲ့ Kitty Hawk သည်ယာဉ်ပျံရှေ့ပြေးပုံစံတစ်ခုကို ပြသထားသည့် ဗီဒီယိုတစ်ခုအား ဧပြီ ၂၅ ရက်က ထုတ်ပြန်ခဲ့သည်။ အဆိုပါ တစ်ကိုယ်ရည်သုံး ယာဉ်ပျံများကို ယခုနှစ်အတွင်းမှာပင် ထုတ်လုပ်ရောင်းချနိုင်မည့် အစီအစဉ်များကိုလည်း ယင်းကုမ္ပဏီက ကြေညာခဲ့သည်။

တရုတ်ရေငုပ်သင်္ဘောအား ဒေါ်လာ ၃၉၃ သန်းဖြင့် ၀ယ်ယူရန် ထိုင်းစစ်အစိုးရ သဘောတူခွင့်ပြု

ထိုင်းစစ်အစိုးရက တရုတ်ထံမှ ရေငုပ်သင်္ဘော သုံးစင်းဝယ်ယူရန် စီစဉ်ထားမှုအနက် ပထမဆုံးတစ်စင်းကို ဒေါ်လာ ၃၉၃ သန်းဖြင့် ၀ယ်ယူရန် သဘောတူညီခဲ့ကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ်က ဧပြီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ထိုင်းစစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ဘန်ကောက်နှင့် ပေကျင်းကြား ဆက်ဆံရေး ပိုမိုနီးကပ်လာခဲ့ပြီး ယမန်နှစ် ဇူလိုင်က တရုတ်လုပ် ရေငုပ်သင်္ဘောသုံးစင်း ၀ယ်ယူမည့် အစီအစဉ်ကို စစ်အစိုးရက ကတိပြုခဲ့သည်။

စစ်တပ်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် မြောက်ကိုရီးယားက ပစ်ခတ်မှုများဖြင့် စစ်ရေးလေ့ကျင့်

နျူကလီးယား လက်နက်ရှိနေသော မြောက်ကိုရီးယားသည် ဧပြီ ၂၅ ရက်တွင် စစ်တပ်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် အစဉ်အလာ လက်နက်များကိုသာ အကြီးအကျယ် ပစ်ခတ်မှုပြုလုပ်ပြီး စစ်ရေးလေ့ကျင့်ခဲ့ကြောင်း တောင်ကိုရီးယားက ပြောကြားခဲ့သည်။ မြောက်ကိုရီးယား၏ လက်နက်ရည်မှန်းချက်များနှင့် ပတ်သက်၍ တင်းမာမှုများ ဖြစ်ပေါ်နေစဉ် အမေရိကန်၏ ပဲ့ထိန်းဒုံးကျည် တပ်ဆင်ထားသော ရေငုပ်သင်္ဘောတစ်စင်းသည် တောင်ကိုရီးယားသို့ ရောက်ရှိလာကြောင်းလည်း သိရသည်။