Headline

  

ညောင်တုန်းမြို့အနီးတွင် ဧရာဝတီတိုင်းဝန်ကြီးချုပ် စီးနင်းလာသည့်ယာဉ်နှင့် ခရီးသည်တင်ယာဉ်တို့ တိုက်မိပြီး ၀န်ကြီးချုပ်အား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသနေရ

ညောင်တုန်းမြို့နယ် မဲဇလီဒလကျေးရွာအုပ်စု ချောင်းကြီးကျေးရွာအနီးတွင် ဇန်န၀ါရီ ၆ ရက် ညနေ ၄ နာရီ မိနစ် ၅၀ တွင် ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမန်းဂျော်နီ စီးနင်းလိုက်ပါသည့် ယာဉ်နှင့် ခရီးသည်တင် ယာဉ်တို့ တိုက်မှုဖြစ်ပွားပြီး ၀န်ကြီးချုပ်ဦးမန်းဂျော်နီအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင် ဆေးကုသနေရကြောင်း သတင်းရရှိသည်။

“ရှေ့ပြေး လုံခြုံရေးကားကို ကျော်အတက်မှာ တိုက်မိတာပါ ။ ခန္ဓာကိုယ် ကျိုးပဲ့တာတော့ မရှိဘူး။ လက်လှုပ်လို့ မရဘူး။ ရန်ကုန်ဆေးရုံကြီးကို ရောက်နေပြီ။ စစ်ဆေးနေဆဲဖြစ်တယ်” ဟု လျှပ်စစ် စက်မှုလက်မှု၊ စွမ်းအင်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။

မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ် ဆာဒန်းမြို့တွင် အလုပ်မှပြန်လာသည့် မြန်မာလုပ်သား ၁၆ ဦး ဓားခုတ်ခံရပြီး ငါးဦး ပွဲချင်းပြီး သေဆုံးကာ နှစ်ဦး ဒဏ်ရာ အပြင်းအထန်ရ

မလေးရှားနိုင်ငံ၊ ဆီလန်ဂေါပြည်နယ်၊ ဆာဒန်းမြို့တွင် ဇန်န၀ါရီ ၅ ရက်ညပိုင်းက မြန်မာလုပ်သား ၁၆ ဦးအား အမည်မသိ လူ လေးဦးမှ ဓားဖြင့် ၀ိုင်းခုတ်မှုကြောင်း ငါးဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိကြောင်း သတင်းရရှိသည်။

ဆာဒန်းမြို့ရှိ အီလက်ထရွန်နစ် စက်ရုံတစ်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားများမှာ ဇန်န၀ါရီ ၅ ရက် ည ၁၀ နာရီ ခန့်တွင် အလုပ်ဆင်းပြီး အိမ်ပြန်လာစဉ် ကားတစ်စီးပေါ်မှ လူလေးဦးက ဆင်းပြီး ဓားများဖြင့် ၀ိုင်းခုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က EMG ၏ CEO နှင့် အယ်ဒီတာချုပ်တို့အား ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုထားမှု အာမခံရရှိ

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က Eleven Media Group ၏ CEO နှင့် အယ်ဒီတာချုပ်တို့အား ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုထားမှု ဇန်န၀ါရီ ၆ ရက်က အာမခံရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရုံးချိန်းတွင် တရားလိုအား စစ်ဆေးပြီး စွပ်စွဲခံရသူဘက်မှ ရှေ့နေများက အာမခံလျှောက်ထားရာ တရားရုံးက Eleven Media Group ၏ CEO နှင့် အယ်ဒီတာချုပ်တို့အား သိန်း ၅၀၀ တန် ခံဝန်နှစ်ဦးစီဖြင့် အာမခံ ပေးခဲ့ကြောင်း၊ ရုံးချိန်းအား ဇန်န၀ါရီ ၁၃ ရက်သို့ ပြန်လည် ချိန်းဆိုခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ စစ်ဘေးဒုက္ခသည်စခန်းအချို့တွင် အရေးပေါ် စားနပ်ရိက္ခာ လိုအပ်မှုများရှိနေဟု အဖြူရောင်တွဲလက်များ လူမှုကူညီရေးအဖွဲ့ ရှင်းလင်း

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် အရေးပေါ် စားနပ်ရိက္ခာလိုအပ်မှုများ ရှိနေကြောင်း  အဆိုပါစခန်းများသို့ သွားရောက်ကူညီခဲ့သည့် အဖြူရောင်တွဲလက်များ လူမှုကူညီရေးအဖွဲ့က ဇန်န၀ါရီ ၆ ရက်တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် သတင်းစာရှင်းလင်းခဲ့သည်။

ဧရာဝတီမြစ် ဟင်္သာတဆိပ်ကမ်း ၀င်ပေါက်၌ ရေစူးတိမ်လာသဖြင့် ရေကြောင်းသွားလာရေး အခက်အခဲကြုံတွေ့နေပြီး ကုန်စည်စီးဆင်းမှုများ ရပ်တန့်လာ

ဧရာဝတီမြစ် ဟင်္သာတဆိပ်ကမ်း ၀င်ပေါက်၌ ရေစူးတိမ်လာသဖြင့် ရေကြောင်းသွားလာရေး အခက်အခဲများ ကြုံတွေ့နေပြီး ကုန်စည်စီးဆင်းမှုများ ရပ်တန့်မှုဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။

လက်ရှိတွင် ရေယာဉ်ကြီးများသာမက မော်တော်ငယ်များပင် ရေကြောင်းသွားလာရေး မလွယ်ကူသဖြင့် ဟင်္သာတဆိပ်ကမ်း၌ ကုန်စည်စီးဆင်းမှု ရပ်တန့်လာသည့် အခက်အခဲများ ကြုံတွေ့နေခြင်း ဖြစ်သည်။