Headline

  

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ ဗြိတိန်က မူကြမ်းတင်သွင်းသည့် ကုလသမဂ္ဂ၏ အဆိုကို တရုတ်နှင့်ရုရှားတို့က ကန့်ကွက်တားဆီး

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၌ ဖြစ်ပေါ်နေသော တင်းမာသည့် အနေအထားနှင့် ပတ်သက်၍ စိုးရိမ်မှုကို ဖော်ပြမည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အဆိုပြုချက်ကို တရုတ်နှင့်ရုရှားနိုင်ငံတို့က မတ် ၁၇ ရက်တွင် ကန့်ကွက်တားဆီးခဲ့ကြောင်း သံတမန်များက ပြောကြားခဲ့သည်။

မြန်မာတပ်မတော်သည် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဘင်္ဂါလီမွတ်စလင်များအား လေးလကြာ ထိုးစစ်ဆင်နွှဲခဲ့မှုကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးသူများက ရက်စက်ကြမ်းကြုတ်မှုများနှင့် လူသားဆန်မှုကို ချိုးဖောက်သည့် ပြစ်မှုများ ကျူးလွန်ခဲ့ဖွယ်ရှိသည်ဟု ပြောကြားထားသည်။

တံတားနီ အရေးအခင်း (၂၉) နှစ်မြောက် အခမ်းအနား အင်းလျားကန်ပေါင်တွင် ပြုလုပ်

၁၉၈၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော တံတားနီ အရေးအခင်း၂၉ နှစ်မြောက် အခမ်းအနားကို ပြည်လမ်း အင်းလျားကန်ပေါင်တွင် ၂၀၁၇ ခုနှစ် မတ် ၁၆ ရက် ညနေ ၄ နာရီခွဲခန့်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားကို ၁၉၈၈ ခုနှစ်က တံတားနီအရေးအခင်းတွင် ပါဝင်ခဲ့ကြသော ရန်ကုန်တက္ကသိုလ်ကျောင်းသားဟောင်းများ ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ယင်းအခမ်းအနားတွင် ကျောင်းသားဟောင်းများက ၁၉၈၈ မတ် ၁၆ ရက်တွင် ရိုက်နှက်ခံရမှုနှင့် ကျဆုံးခဲ့သည့် ကျောင်းသားများကို ဖယောင်းတိုင် ထွန်းညှိ၍ နှင်းဆီပန်းများချကာ အလေးပြုခဲ့ကြသည်။

သူနာပြုရပ်ဝန်းတွင် ဖိနှိပ်ခံရမှုများနှင့် ပတ်သက်၍ ရန်ကုန်သူနာပြု တက္ကသိုလ် ကျောင်းသားများ သမဂ္ဂနှင့် သူနာပြု တက္ကသိုလ် ကျောင်းသားကျောင်းသူများ ဆန္ဒထုတ်ဖော်

သူနာပြုနှင့် သားဖွားတက္ကသိုလ် သင်တန်းကျောင်းမှ စာချုပ်ဖောက်ဖျက်သော သူနာပြုနှင့် သားဖွားများ ပြည်သူ့ဆေးရုံများတွင် ခန့်ထားခြင်း မပြုရန် ကိစ္စနှင့် သူနာပြု ရပ်ဝန်းတွင် သူနာပြုများ ဖိနှိပ်ခံရမှုများနှင့် ပတ်သက်၍ ရန်ကုန်သူနာပြုတက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ဦးဆောင်၍ ရန်ကုန်သူနာပြု တက္ကသိုလ်မှ ကျောင်းသားကျောင်းသူဟောင်းများ၊ ကျောင်းသားကျောင်းသူ ၅၀၀ ကျော်က မတ် ၁၅ ရက် မွန်းလွဲ ၂ နာရီတွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်မြို့နှင့် မူဆယ်မြို့အကြား မန်လွယ်တောင်ကြားတွင် ဆက်ကြေးတောင်းပြီး ကားဘီးများကို သေနတ်ဖြင့် ပစ်ဖောက်မှုကြောင့် လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့

ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နှင့် မူဆယ်မြို့အကြား မန်လွယ်တောင်ကြားတွင် ဆက်ကြေးတောင်းပြီး ကားဘီးများကို သေနတ်ဖြင့် ပစ်ဖောက်မှု မတ် ၁၅ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မန်လွယ်တောင်ကြားတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က ကုန်တင်ကားများကို ဆက်ကြေး ငါးသိန်း တောင်းပြီးနောက် သေနတ်ဖြင့် ကားဘီးများအား ပစ်ဖောက်သွားသည့်အတွက် သွားလာ၍မရဘဲ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်ဖောက်ခံရသည့် မော်တော်ယာဉ်များမှာ တွဲကား ခုနစ်စီး၊ ၁၂ ဘီးယာဉ် သုံးစီးနှင့် ကန်တာကားလေး တစ်စီးတို့ ဖြစ်ကြောင်း သိရသည်။

သံလွင်တံတား (ချောင်းဆုံ) အား ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပြောင်းခြင်းသည် မသင့်လျော်ကြောင်းနှင့် စည်းလုံးညီညွတ်မှုနှင့် လူမျိုးအချင်းချင်း မုန်းတီးမှု ဖြစ်နိုင်ကြောင်း တိုင်းရင်းသားလူမျိုးများရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

သံလွင်တံတား (ချောင်းဆုံ) အား ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပြောင်းခြင်းသည် မသင့်လျော်ကြောင်းနှင့် စည်းလုံးညီညွတ်မှုနှင့် လူမျိုးအချင်းချင်း မုန်းတီးမှု ဖြစ်နိုင်ကြောင်း တိုင်းရင်းသားလူမျိုးများရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က မီဒီယာများအား ပြောကြားသည်။

ဝန်ကြီးနိုင်သက်လွင်က နေပြည်တော်တွင် မတ် ၁၅ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ အစည်းအဝေး ခေတ္တနားချိန်တွင် မီဒီယာများ၏ မေးမြန်းမှုအပေါ် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။