Headline

  

ဖိလစ်ပိုင်သမ္မတ မစ္စတာဒူတာတေး မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလည်ပတ်ရန် နေပြည်တော်သို့ ရောက်ရှိ

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလည်ပတ်ရန်အတွက် ဖိလစ်ပိုင်သမ္မတနိုင်ငံသမ္မတ မစ္စတာဒူတာတေးသည် မတ် ၁၉ ရက် ညနေ ၆ နာရီတွင် နေပြည်တော်သို့ လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့ကြောင်း သိရသည်။

ဧည့်သည်တော် ဖိလစ်ပိုင်သမ္မတနှင့် ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒေါက်တာအောင်သူ၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုး၊ ဦးကျော်တင်၊ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီးနှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့မှ ခေါင်းဆောင်အချို့နှင့် UNFC ၏ DPN အဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံ

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့မှ ခေါင်းဆောင်အချို့နှင့် NCA လက်မှတ် မရေးထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) အဖွဲ့တို့သည် မတ် ၁၉ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တွေ့ဆုံ၍ နှစ်ဖက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။

အနည်းဆုံး လုပ်ခလစာ တစ်ရက်လျှင် ကျပ် ၅၆၀၀ ရရှိရေးအတွက် အလုပ်သမား ၁၀၀၀ ခန့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်း ဆန္ဒပြတောင်းဆို

အနည်းဆုံး လုပ်ခလစာ တစ်ရက်လျှင် ကျပ် ၅၆၀၀ ရရှိရေး အပါအ၀င် တောင်းဆိုချက် ကိုးချက်ရရှိရန်အတွက် အလုပ်သမား ၁၀၀၀ ခန့်သည် မတ် ၁၉ ရက် နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်း လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့သည်။

၂၀၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ ပြုလုပ်ခဲ့ပြီး ဆုပေါင်း ၁၀ ဆု ချီးမြှင့်ခဲ့ကာ ပရိသတ်မျှော်လင့်သည့်ဆု အများစုနှင့် ထပ်တူကျခဲ့

၂၀၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို မတ် ၁၈ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ပြုလုပ်ခဲ့ပြီး ဆုပေါင်း ၁၀ ဆု ချီးမြှင့်ခဲ့ကာ ပရိသတ်မျှော်လင့်သည့်ဆု အများစုနှင့် ထပ်တူကျခဲ့ကြောင်း သိရသည်။ ယခုနှစ်တွင် အကယ်ဒမီဆုရရှိသူများအနက် ပထမဆုံး အကယ်ဒမီအဖြစ် ဆွတ်ခူးသူလည်း များပြားခဲ့ပြီး အကယ်ဒမီပွဲမတိုင်မီ အကြိုထွက်ပေါ်ခဲ့သည့် သတင်းစကားများနှင့် အများစု ထပ်တူညီကာ ပရိသတ်မျှော်လင့်သူ အများစု ဆုများရရှိခဲ့သည့်နှစ်လည်း ဖြစ်သည်။

NCA စာချုပ်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအတွင်းက မဟုတ်ဘဲ အဆိုပါ ဖွဲ့စည်းပုံကို ပြင်ရန်အတွက် လွှတ်တော်ပြင်ပ နိုင်ငံရေး ချဉ်းကပ်မှုဖြစ်ကြောင်း ပအိုဝ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ ပြောကြား

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းကမဟုတ်ဘဲ အဆိုပါဖွဲ့စည်းပုံကို ပြင်ဆင်ရန်အတွက် လွှတ်တော်ပြင်ပ နိုင်ငံရေးချဉ်းကပ်မှုဖြစ်ကြောင်း ပအိုဝ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက မတ် ၁၈ ရက်တွင် ပြောကြားသည်။