သာကေတ ရှုခင်းသာပတ်လမ်းရှိ ACE ရုံးချုပ်အား ယနေ့ ညပိုင်းတွင် သက်ဆိုင်ရာက Police Line တား

ပြည်ထောင်စုဝန်ကြီးဟောင်း ဦးတင့်ဆန်း၏သား ဖြိုးကိုကိုတင့်ဆန်းထံမှ သေနတ်နှင့် မူးယစ်ဆေးဝါးများ နေပြည်တော်လေဆိပ်၌ ဖမ်းဆီးရမိပြီးနောက် ဖြိုးကိုကိုတင့်ဆန်း ပိုင်ဆိုင်သည့် သာကေတမြို့နယ် ရှုခင်းသာပတ်လမ်းရှိ ACE Group of Companies အား ယနေ့ (အောက်တိုဘာ ၁၆ ရက်) ညပိုင်းတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက Police Line တားလိုက်ကြောင်း သိရသည်။

ထို့ပြင် အဆောက်အအုံအတွင်း သက်ဆိုင်ရာက စစ်ဆေးခြင်းများကို မတွေ့ရှိရဘဲ အဆောက်အအုံအပြင်ဘက်တွင် ရဲတပ်ဖွဲ့လုံခြုံရေး ရယူထားသည်ကို တွေ့ရှိရကြောင်း သိရသည်။

ဖြိုးကိုကိုတင့်ဆန်းထံမှ သေနတ်နှင့် မူးယစ်ဆေးဝါးများ နေပြည်တော်လေဆိပ်၌ ဖမ်းဆီးရမိပြီးနောက် နေပြည်တော်ရှိ ဟိုတယ် ACE နှင့် ရန်ကုန်မြို့ ACE ရုံးချုပ်အား ရဲတပ်ဖွဲ့က ၀င်ရောက်စီးနင်းရှာဖွေရာ သေနတ် ၁၁ လက် ထပ်မံဖမ်းမိခဲ့ကြောင်း အောက်တိုဘာ ၁၆ ရက်တွင် စုံစမ်းသိရှိရသည်။

နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အောက်တိုဘာ ၁၅ ရက် ည ၇ နာရီက ရန်ကုန်-နေပြည်တော် လေကြောင်းလိုင်း MNA ခရီးစဉ်အမှတ် UB-142 လေယာဉ်ဖြင့် ရန်ကုန်သို့လိုက်ပါမည့် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးတင့်ဆန်း၏သား ဖြိုးကိုကိုတင့်ဆန်းနှင့်အတူ အဖော်အဖြစ်လိုက်ပါလာသည့် ရဲမင်းဆွေ၊ ဇော်ဝင်းထိုက်တို့၏ ခရီးဆောင်အိတ်များအား ရှာဖွေစစ်ဆေးခဲ့ရာ သေနတ်နှင့် မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံသို့ပေးမည့် ချေးငွေ ဒေါ်လာသန်း ၂၀၀ ကို ဘင်္ဂါလီအရေးကြောင့် ဆိုင်းငံ့

www.en.natunsomoy.com တွင် သတင်းဖော်ပြထားသည်အား တွေ့ရစဉ်

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟု သုံးနှုန်းထား) များကို နှိပ်စက်ညှဉ်းပန်းသည်ဟုဆိုကာ မြန်မာနိုင်ငံသို့ပေးမည့် ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒချေးငွေ ဒေါ်လာသန်း ၂၀၀ ကိုဆိုင်းငံ့လိုက်ကြောင်း www.en.natunsomoy.com ၀က်ဘ်ဆိုက်တွင် အောက်တိုဘာ ၁၆ ရက်က ဖော်ပြထားချက်အရ သိရသည်။

ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟု သုံးနှုန်းထား) များအား အတင်းအကျပ်ဖယ်ရှားခြင်း၊ ဖျက်ဆီးခြင်းနှင့် အကြမ်းဖက်ခြင်းကြောင့် မိမိတို့အနေဖြင့် အလွန်အမင်းစိုးရိမ်မိပါကြောင်း ကမ္ဘာ့ဘဏ်က အောက်တိုဘာ ၁၂ ရက်က ထုတ်ပြန်သော ကြေညာချက်တွင် ပြောကြားခဲ့သည်။

အကျပ်အတည်းကာလအခြေအနေတွင် မိမိတို့အနေဖြင့် အကျိုးသက်ရောက်မှုကြီးမားသည့် စီမံကိန်းများအပေါ် အာရုံစိုက်မှုကို အားကောင်းစေရန် နိုင်ငံတွင်းထိတွေ့ဆက်ဆံမှုကို ပြန်လည်သုံးသပ်ခဲ့ကြောင်း၊ အဆိုပါစီမံကိန်းများသည် အထူးသဖြင့် ရခိုင်ပြည်နယ်တွင် ဘာသာရေးနှင့် တိုင်းရင်းသားလူမျိုးစုအားလုံး ပါဝင်ရေး၊ ကျေးလက်လမ်းများ၊ လျှပ်စစ်၊ ကျန်းမာရေးဝန်ဆောင်မှုနှင့် ပညာရေးကို ထောက်ပံ့သည့် စီမံကိန်းများဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

မိမိတို့အနေဖြင့် မကြာသေးမီက အတည်ပြုခဲ့သည့် ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒချေးငွေ အခြေအနေများကိုလည်း အကဲဖြတ်ခဲ့ကြောင်း၊ ထိရောက်မှုရှိစေရန် ချေးငွေအတွက် နောက်ထပ်တိုးတက်မှုလိုအပ်ကြောင်းကို ဆုံးဖြတ်ချက်ချခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိမိတို့အနေဖြင့် ကုလသမဂ္ဂနှင့် ပိုမိုကျယ်ပြန့်သော နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် အနီးကပ်ညှိနှိုင်းဆောင်ရွက်နေကြောင်း၊ အစိုးရအား အခြေအနေအရှိန်လျှော့စေရန် အရေးတကြီးဆောင်ရွက်ရမည့် ခြေလှမ်းများလှမ်းရန်နှင့် ပြည်တွင်း နေရပ်စွန့်ခွာရသည့် လူဦးရေနှင့် ဒုက္ခသည်များ နေရပ်ပြန်ရေးအတွက် လမ်းဖွင့်ပေးရေး အပါအ၀င် အားလုံးပါဝင်ပြီး ကျယ်ပြန့်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှုကို ထောက်ခံအားပေးရန် အတူတကွ တိုက်တွန်းနေကြောင်း ထုတ်ပြန်ချက်တွင် ဖြော်ပထားသည်။

ARSA ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်ဖျက်ဆီးမှုကို တုံ့ပြန်သည့် မြန်မာတပ်မတော်၏ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုကြောင့် သြဂုတ် ၂၅ ရက်နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားသည့် ဘင်္ဂါလီဒုက္ခသည်ဦးရေသည် ငါးသိန်းကျော်ရှိသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂက ပြောကြားထားသည်။

ထွက်ပြေးသွားသည့် ဘင်္ဂါလီများသည် ဘင်္ဂလားဒေ့ရှ်နယ်စပ် ကော့ဘဇားမြို့တစ်ဝိုက်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြသည်။

မြန်မာနိုင်ငံအခြေစိုက်သံရုံးများမှ သံတမန်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ အကြီးအကဲများသည် ရခိုင်ပြည်နယ် မောင်တောဒေသသို့ အောက်တိုဘာ ၂ ရက်က သွားရောက်လေ့လာခဲ့ကြသည်။

ခရီးစဉ်တွင်ပါလာသည့် ကုလသမဂ္ဂတာဝန်ရှိများက ခရီးစဉ်နှင့်ပတ်သက်သည့် ၎င်းတို့၏သဘောထားကို ထုတ်ပြန်ခဲ့ရာ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ထိခိုက်ခံစားရမှုများသည် မတွေးနိုင်လောက်အောင် အလွန်ကြီးမားကြောင်း၊ ယခုလေ့လာရေးခရီးစဉ်သည် အပြုသဘောဆောင်သည့် ခြေလှမ်းတစ်ရပ်ဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးနိုင်ရေးအတွက် ပိုမိုကျယ်ပြန့်စွာခွင့်ပြုပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင်ဒုက္ခသည်များ ၎င်းတို့၏မူလနေရာများသို့ ဘေးကင်းစွာ၊ ဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိရှိနှင့် စဉ်ဆက်မပြတ် ပြန်လာနိုင်ရန်အတွက် လုပ်ဆောင်ရန်လည်း တိုက်တွန်းခဲ့သည်။ ရခိုင်ပြည်နယ်တွင် ထိခိုက်ခံစားခဲ့ရသူများအားလုံးအတွက် အလွန်အမင်းဝမ်းနည်းမိကြောင်း ပြောကြားခဲ့ပြီး အကြမ်းဖက်မှုသံသရာ အဆုံးသတ်ရန်လည်း တိုက်တွန်းခဲ့သည်။

ခရီးစဉ်တွင်ပါဝင်သည့် သံအမတ်ကြီး အယောက် ၂၀ ကလည်း ကြေညာချက် ထုတ်ပြန်ခဲ့ရာ ကြေညာချက်တွင် “ကျွန်ုပ်တို့ခရီးစဉ်အတွင်း လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အကူအညီများ အလွန်အမင်းလိုအပ်လျက်ရှိကြောင်း တွေ့ရှိခဲ့ရပါသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အတားအဆီးမရှိ ၀င်ရောက်နိုင်ရေးနှင့် ရခိုင်ပြည်နယ်တစ်ဝန်း အသက်ကယ်ဝန်ဆောင်မှုများ ခွဲခြားမှုမရှိ ပြန်လည်စတင်နိုင်ရေးအတွက် ကျွန်ုပ်တို့ ထပ်မံတောင်းဆိုအပ်ပါသည်” ဟု ထည့်သွင်းဖော်ပြခဲ့သည်။

ကုလသမဂ္ဂ အရေးပေါ်ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး မက်လိုကော့က မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ရောက်ရှိလာသည့် လူငါးသိန်းကျော်သည် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ အကူအညီကို လိုအပ်နေကြောင်း ဂျီနီဗာမြို့တွင် သတင်းထောက်များအား အောက်တိုဘာ ၆ ရက်က ပြောကြားခဲ့သည်။

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရုံးအကြီးအကဲလည်းဖြစ်သူ မက်လိုကော့က လာမည့်လများအတွက် ဒေါ်လာ ၄၃၄ သန်း လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အလုပ်ရှင် အလုပ်သမားကြားက အနိမ့်ဆုံးလုပ်ခလစာ လွန်ဆွဲပွဲ

အလုပ်သမား အခွင့်အရေးအတွက် ရန်ကုန်မြို့၌ ဆန္ဒထုတ်ဖော်ကြစဉ် (ဓာတ်ပုံ-ကြည်နိုင်)

၂၀၁၅ ခုနှစ်တွင် စတင်သတ်မှတ်ခဲ့သော အနည်းဆုံး လုပ်ခလစာ ကျပ် ၃၆၀၀ မှာ လက်ရှိတွင် ပြန်လည်သတ်မှတ်ရန် လိုအပ်လာပြီဖြစ်သည်။

အခြားနိုင်ငံများတွင် အလုပ်သမားတစ်ဦး၏ အနည်းဆုံးလုပ်ခလစာအား တစ်နှစ်လျှင်တစ်ကြိမ် ရာခိုင်နှုန်းတစ်ခုဖြင့် သတ်မှတ်ခြင်းဖြစ်သော်လည်း ဆင်းရဲမွဲတေမှုစာရင်းဝင်မြန်မာနိုင်ငံတွင် နှစ်နှစ်လျှင်တစ်ကြိမ်သာ သတ်မှတ်ရန် အလုပ်သမား လုပ်ခလစာ ဥပဒေတွင် ပြဋ္ဌာန်းထားခြင်းကြောင့် ယခုနှစ်တွင် ပြုပြင်ပြောင်းလဲနိုင်ရန် စီစဉ်နေခြင်း ဖြစ်သည်။

ထိုသို့ သတ်မှတ်ရာတွင်အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင်ဆွေးနွေးခြင်းဖြစ်ပြီး အများသဘောတူချက်များဖြင့် သတ်မှတ်ရန် စီစဉ်ထားခြင်းဖြစ်သည်။

ထိုသို့ အနည်းဆုံး လုပ်ခလစာ ပြန်လည် သတ်မှတ်နိုင်ရန်အတွက် နေပြည်တော်တွင် အောက်တိုဘာ ၂ ရက်က ပြုလုပ်ခဲ့သည့် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ တတိယအကြိမ် ညှိ နှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုနယ်မြေအပါအ၀င် တိုင်းဒေသကြီးပြည်နယ် အသီးသီးမှ တစ်ရက် အဆိုပြုနှုန်းထားများကို တင်ပြခဲ့ပြီး တစ်ရက်လျှင် အနိမ့်ဆုံး လုပ်ခ ကျပ် ၄၀၀၀ မှ အများဆုံး ကျပ် ၆၄၀၀အထိ ပါဝင်ကြောင်း သိရသည်။

အစည်းအဝေး၌ အနည်းဆုံး လုပ်ခလစာ သတ်မှတ်နိုင်ရေး၊ အသေးစားလုပ်ငန်းများတွင် အလုပ်သမား ငါးဦးနှင့် ၁၀ ဦး ကြားရှိပါ က ညှိနှိုင်းဈေးနှုန်းဖြင့် ဆောင်ရွက်နိုင်ရေး၊ အဆိုပြုနှုန်းထားများကို အတည်ပြုနိုင်ရေး စသည့် အချက်များ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် တစ်နိုင်ငံလုံးတွင် အလုပ်မခွဲခြားဘဲ အနိမ့်ဆုံးလုပ်ခလစာအား ကျပ် ၄၀၀၀ မှ ကျပ် ၄၈၀၀ ကြား အကြမ်းဖျင်းသတ်မှတ်ရန် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ တတိယအကြိမ် ညှိနှိုင်း အစည်းအဝေးတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

“ဒီအစည်းအဝေးမှာကတော့ လာမယ့် အနည်းဆုံး လုပ်ခကြေးငွေကိုလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်မခွဲခြားတော့ဘူး။ အလုပ်လည်း မခွဲခြားတော့ဘူး။ ယခင်နှစ်ကလိုပဲ တစ်ပြေးညီသတ်မှတ်မယ်။ အရင်က ၃၆၀၀ သတ်မှတ်ထားတာပေါ့။ အဲဒီအတိုင်းပဲ တစ်ပြည်လုံးမှာ သတ်မှတ်ထားဖို့ ဆုံးဖြတ်ထားတယ်။ ကျွန်တော်ကတော့ ကြားချပေးပြီးတော့ မှ ၄၀၀၀ ကနေ ၄၈၀၀ ကြားကို သတ်မှတ်ပေးမယ်။ ဒါကိုလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ် မှာ ပြန်ပြီးတော့ နည်းနည်းလေးညှိလိုက်ပါ” ဟု ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။

ထိုသို့ သတ်မှတ်ရာတွင် ပြည်နယ်နှင့် တိုင်းအလိုက် သတ်မှတ်ခြင်းဖြစ်ပြီး ဖျင်း သတ်မှတ်ထားသည့် တစ်နေ့လုပ်ခအား သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရတို့က သတ်မှတ်နိုင်ရန် ညှိနှိုင်းသွားရ မည်ဖြစ်ကြောင်း သိရသည်။

“တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက တင်ပြချက်အရဆိုရင် ကျပ် ၄၈၀၀ ပေးသင့်တယ်ဆိုတဲ့ တိုင်းနဲ့ပြည်နယ်က ခြောက်ခုလောက်ရှိတယ်။ ကျပ် ၄၈၀၀ အောက်ပြည်နယ်တွေရှိသလို ကျပ်ခြောက်ထောင်အထိ ပေးသင့်တဲ့ပြည်နယ်ကလည်း နှစ်ခုလောက်ရှိနေတာပေါ့။ ဒီအပေါ်မှာ မူတည်ပြီးတော့မှ ဆက်လက်ပြီးတော့ တိုင်းနဲ့ ပြည်နယ်ကိုယ်စားလှယ်တွေ၊ ၀န်ကြီးတွေ၊ ဥက္ကဋ္ဌတွေ ညှိနှိုင်းရမှာဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။

ယင်းသို့ သတ်မှတ်ထားသည့် အနိမ့်ဆုံး လုပ်ခလစာအား သက်ဆိုင်ရာတိုင်းနှင့် ပြည်နယ်အသီးသီးတွင် ပြန်လည်ညှိနှိုင်းရန် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ညွှန်ကြားခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုနယ်မြေ အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ အဆိုပါ အစည်းအဝေးတွင် တစ်ရက်အဆိုပြုနှုန်းထား တင်ပြခဲ့ရာ အနိမ့်ဆုံးလုပ်ခကြေးငွေအဖြစ် ကျပ် ၄၀၀၀ မှ အများဆုံး ကျပ် ၆၄၀၀ အထိရှိ ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အထက်ပါကဲ့သို့ ဈေးနှုန်းသတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ သတ်မှတ်ထားသည့် အနိမ့်ဆုံး လုပ်ခလစာနှုန်းထားများအား သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ  SME များ၊ Formal၊ Informal များ၊ စက်ရုံ၊ အလုပ်ရုံ များနှင့် အထည်ချုပ်စက်ရုံများတွင် ဆက် လက်ဆွေးနွေးညှိနှိုင်းရမည်ဖြစ်ကြောင်း သိရသည်။

 

■ အလုပ်သမားတွေရဲ့ တစ်ရက်လုပ်ခကို ဘယ်လိုသတ်မှတ်သလဲ

မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်နှင့် အထက် အလုပ်လုပ်ကိုင်နိုင် သည့် လုပ်သားဦးရေ ၃၆ ဒသမ ၄ သန်းရှိပြီး အမျိုးသမီးလုပ်သား အင်အား ၅၄ ဒသမ ၃ ရာခိုင်နှုန်းနှင့် အမျိုးသားလုပ်သား အင်အား ၄၅ ဒသမ ၇ ရာခိုင်နှုန်းရှိသည်။ မြို့ပြနှင့် ကျေးလက်နှိုင်းယှဉ်ပါက ၇၀ ဒသမ ၉ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသတွင်ရှိပြီး မြို့ပြတွင် ၂၉ ဒသမ ၁ ရာခိုင်နှုန်း ရှိသည်။ အများစုမှာ လယ်ယာကဏ္ဍတွင် ၄၈ ဒသမ ၈ ရာခိုင်နှုန်းရှိပြီး လက် လီလက်ကားရောင်းဝယ်မှုတွင် ၁၅ ဒသမ ၉ ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ၁၀ ဒသမ ၈ ရာခိုင်နှုန်းရှိပြီး ပို့ဆောင်ရေးနှင့် သိုလှောင်ရေး ကဏ္ဍတွင် ၄ ဒသမ ၇ ရာခိုင်နှုန်း ရှိသည်။

မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံနှင့် ကုန်ထုတ်လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်လျက်ရှိသည့် လုပ်သားများအတွက် နှစ်နှစ်လျှင် တစ်ကြိမ် တစ်ရက်လုပ်ခလစာ ပြန်လည်ပြင်ဆင်နိုင်သည်ဟု အလုပ်သမားဥပဒေ ပြဋ္ဌာန်းချက်များတွင် ဖော်ပြထားသည်။ ပြောင်းလဲလာသည့် ကုန်ဈေးနှုန်း၊ အသုံးစရိတ်များနှင့် ချိန်ညှိကာ အလုပ်သမားများအတွက် လုပ်ခလစာကို ပြောင်းလဲနိုင်ရန် ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ အလုပ်သမားများအား သက် ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်၍ အလုပ်သမား၊ အလုပ်ရှင် ကိုယ်စားလှယ်များက စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်ဟု အစိုးရက ကြေညာထားသည်။

ထိုသို့ ကောက်ယူပြီးလျှင် မိမိဒေသတွင်းရှိသည့် အလုပ်သမားများ၏ အခြေခံလုပ်ခလစာနှင့် အသုံးစရိတ်များကို သတ်မှတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၂ ရက်က ပြုလုပ်သည့် အစည်းအဝေးတွင် တင်ပြထားသည့် လုပ်ခလစာ စစ်တမ်းမှာ မေးစရာများစွာရှိနေကြောင်း အလုပ်သမားသမဂ္ဂအဖွဲ့များက ပြောကြားသည်။

“ အနည်းဆုံး အခကြေးငွေနဲ့ ပတ်သက်ပြီး စစ်တမ်းတွေကောက်ခံတာ ရှိတယ်။ အဲဒီစစ်တမ်းတွေရဲ့ အရည်အသွေးကလည်း မေးခွန်း ထုတ်ချင်စရာပါပဲ။ တချို့ဒေသတွေမှာ အလုပ်သမား ကိုယ်စားလှယ်မပါဘဲနဲ့ အလုပ်ရှင်နဲ့ အစိုးရကပဲ ကိန်းဂဏန်းတွေကို ဒါက သုံးပွင့်ဆိုင် အဆိုပြုလိုက်တယ်ဆိုတဲ့ အထောက်အထားတွေ ရထားပါတယ်။ စစ်တမ်းကို မည်မည်ရရ ကောက်ခဲ့တာ ရန်ကုန်တိုင်းဒေသကြီး တစ်ခုပဲရှိပါတယ်။ ကျန်တဲ့ဒေသတွေမှာ စစ်တမ်းကောက်တာ မဟုတ်ပါဘူး။ ကျန်တဲ့ဒေသတွေမှာ ကျွန်မတို့မေးကြည့်ပြီးပြီ။ တချို့နေရာတွေမှာ အဆိုပြုနှုန်းထားတင်လိုက်ပါဆိုပြီး ပြောတဲ့အချိန်မှာ သူတို့က မကောက်ဘဲ နဲ့ ပျမ်းမျှတွက်ချက်လိုက်ပြီးတော့ အလုပ် သမားသဘောတူမတူဆိုတာ မသိဘဲနဲ့ သူတို့က နှုန်းထားတစ်ခုကို တိုင်းနဲ့ ပြည်နယ်က တင်တယ်ဆိုပြီး ယူလိုက်ပါတယ်။ အဲဒီတင်ထားတဲ့ဟာတွေမှာ အလုပ်သမားကိုယ်စားလှယ်တွေတောင် မသိလိုက်ဘဲနဲ့  တင်ထားတာ တွေရှိတယ်။ အဲဒီတော့ ဒီအချက်အလက်တွေ က ဘယ်လောက်မှန်ကန်မှု ရှိသလဲ မရှိသလဲ ဆိုတာ မေးခွန်းထုတ်ရမယ့် အနေအထားပါပဲ” ဟု မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်မှ တွဲဖက်အတွင်းရေးမှူး မဖြိုးစန္ဒာကျော် က ပြောကြားသည်။

အောက်တိုဘာ ၂ ရက်က ပြုလုပ်သည့် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာအမျိုးသားကော်မတီ၏ တတိယအကြိမ် ညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ်နှင့် တိုင်းအလိုက် လုပ်ခလစာများကို အစိုးရအဖွဲ့များက တင်ပြထားသည်။

လုပ်ခလစာ အများဆုံးသတ်မှတ်ပေးရန် တင်ပြထားသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးမှာ ချင်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ဖြစ်ပြီး လုပ်ခလစာ ကျပ် ၆၀၀၀ သတ်မှတ်ပေးရန် တင်ပြထားသည်။

သို့သော် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ကျပ် ၄၀၀၀ မှ ကျပ် ၄၈၀၀ ကြား သတ်မှတ်ရန် စီစဉ်ထားကြောင်း သိရသည်။

ထိုသို့ သတ်မှတ်ထားသော်လည်း အတည်ပြုချက်အား ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် ပြုလုပ်မည့် အစည်းအဝေးမှသာ ဆုံးဖြတ်နိုင်မည်ဖြစ်သည်။

“၀န်ကြီးကတော့ ဒီလောက်တော့ သတ်မှတ်မယ်ဆိုပြီး မီဒီယာတွေမှာ ပြောတယ်။ ဒါက သူ့သဘောနဲ့သူ လုပ်လို့မရဘူး။ ကျွန်တော်တို့ သုံးပွင့်ဆိုင် အစည်းအဝေးမှဆုံးဖြတ်လို့ရမယ်။ အဲဒီအချိန်မှာ ဘယ်လောက်သတ် မှတ်မလဲဆိုတာ ထွက်လာမှာ။ အလုပ်ရှင်ဘက်ကလည်း ဆွေးနွေး၊ ကျွန်တော်တို့ အလုပ်သမား ကိုယ်စားလှယ်တွေကလည်း ဆွေးနွေးပေါ့။ အဲဒီက အဖြေထွက်မှပြောလို့ရမယ်”  ဟု အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီအဖွဲ့တွင် အလုပ်သမား ကိုယ်စားလှယ်အဖြစ်ပါဝင်သူ ဦးဝင်းဇော်က ပြောကြားသည်။

အောက်တိုဘာ ၂ ရက်က ပြုလုပ်သည့် အစည်းအဝေးတွင်လည်း တစ်နိုင်ငံလုံးတွင် လုပ်ခလစာ တစ်ပြေးညီသတ်မှတ်ရေးတစ်ခုသာ အတည်ပြုနိုင်ခဲ့ပြီး အနည်းဆုံး လုပ်ခလစာနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်နှင့် အသေးစားစက်မှုလုပ်ငန်းများနှင့် တစ်နိုင်တစ်ပိုင် လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် အလုပ်သမားအင်အားနှင့် ပတ်သက်၍ ဆုံးဖြတ်ထားခြင်း မရှိကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူများက ပြောကြားသည်။

“ကျွန်တော်ပြောနိုင်တာက တစ်ခုပဲ ဆုံးဖြတ်ထားတယ်။ လုပ်ခကိုတစ်ပြေးညီ သတ်မှတ်ဖို့ဆိုတာ တစ်ခုပဲ။ နောက်တစ်ခုက အသေးစား လုပ်ငန်းတွေမှာ အရင်သတ်မှတ်ထားတဲ့ လုပ်သားအင်အား ၁၅ ဦးနဲ့အထက်ဆိုရင် အနည်းဆုံးအခကြေးငွေနှုန်း ၃၆၀၀ နဲ့ ပေးရမယ်ဆိုတာကို ပြန်ပြင်မယ့်ဟာပေါ့။ အဲဒါက လုပ်သား ငါးဦး၊ ၁၀ ဦးအကြား ဘယ်လောက် သတ်မှတ်မလဲဆိုတာက မဆုံးဖြတ်ရသေးဘူး။ ငါးယောက် ဖြစ်မလား၊ ၁၀ ယောက်ဖြစ်မလား ဆိုတာက မသိသေးဘူး။ နောက်တစ်ခုက အဆိုပြုနှုန်းထားပေါ့။ အခု အဆိုပြုထားတာ က ၄၀၀၀ နဲ့ ၆၄၀၀ ကြားပေါ့။ အဲဒါက ဘယ်လောက်ဖြစ်မလဲဆိုတာ မဆုံးဖြတ်ရသေးဘူး။ အဲဒါတွေ ကျန်သေးတယ်” ဟု ဦးဝင်းဇော်က ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကလည်း “တိုင်းနဲ့ ပြည်နယ်က တင်ပြလာတာကတော့ သုံး၊ လေးခုလောက်ရှိတယ်။ တချို့ က ၁၀ ဦး သတ်မှတ်ပါ။ တချို့လည်း ငါးဦး သတ်မှတ်ပါ။ တချို့လည်း ဘာမှမသတ်မှတ်ပါနဲ့။ ဒါလေးကို ပြန်ညှိပေးပါလို့ အစည်းအဝေးက ဆုံးဖြတ်ထားတယ်” ဟု ပြောကြားသည်။

အနိမ့်ဆုံးလုပ်ခလစာ ကျပ် ၅၆၀၀ သတ်မှတ်ပေးရေးနှင့် အလုပ်သမားအခွင့်အရေးတို့အတွက် ရန်ကုန်မြို့၌ ဆန္ဒထုတ်ဖော်ကြစဉ် (ဓာတ်ပုံ-ကြည်နိုင်)

■ အလုပ်သမားတွေက တစ်ရက်လုပ်ခ ဘယ်လောက်သတ်မှတ်ပေးစေချင်သလဲ

လွတ်လပ်သော  အလုပ်သမားအဖွဲ့အစည်းများက ကောက်ယူထားသည့် စစ်တမ်းများအရ မြန်မာနိုင်ငံရှိ အလုပ်သမားတစ်ဦးလျှင် အနည်းဆုံး ကျပ် ၅၀၀၀ အထက် ရရှိရန်လိုအပ်ကြောင်း၊ ထိုသို့ ကောက်ယူထား ခြင်းမှာ အလုပ်သမားတစ်ဦး၏ အထွေထွေ ကုန်ကျစရိတ်များကိုသာ တွက်ချက်ထားခြင်း ဖြစ်ကြောင်း သိရသည်။

“တခြားနိုင်ငံတွေမှာလို လုပ်သားတစ်ဦးရဲ့ မိသားစုတစ်စုကို တွက်ထားတာ မဟုတ်သေးဘူး။ လူတစ်ယောက်ရဲ့ အသုံးစရိတ်ကို အခု ကုန်ဈေးနှုန်းကို တွက်ထားတာ။ အဲဒီထဲမှာ အချက်ငါးချက်ပဲပါတယ်။ အစားအသောက် စရိတ်၊ အ၀တ်အစား၊ အ၀တ်အစားဆိုရင် တစ်နှစ်ကို သုံးထည်နှုန်းနဲ့ တွက်ထားတာ။ ပြီးရင် နေထိုင်မှု။ အဲဒါက ၁၀ ပေ အခန်းကျဉ်းတစ်ခုကို ငှားရမ်းခနှုန်း။  ငါးသောင်းပေါ့။ ပြီးတော့ ကျန်းမာရေးစရိတ်၊ ပြီးတော့ပညာရေး။ ပညာရေးဆိုတာက သတင်းစာဖိုး ၁၀၀ နဲ့ တွက်ထားတာ။ သတင်းစာဖတ်ရင် နိုင်ငံပိုင်ဆို ရန်ကုန်မှာ ၅၀ နဲ့ရပေမယ့် နယ်မှာ ၁၀၀ ပေးရတယ်။ အဆင့်မြင့် ပညာရေးသင်ဖို့ မဟုတ်ဘူး”ဟု မြန်မာနိုင်ငံအလုပ်သမား သမဂ္ဂအဖွဲ့ချုပ်မှ တွဲဖက်အတွင်းရေးမှူး မဖြိုးစန္ဒာကျော်က ပြောကြားသည်။

တစ်ရက်လျှင် ကျပ် ၃၆၀၀ ဟု သတ်မှတ်ထားသည့် အလုပ်သမားများ၏ တစ်ရက်လုပ်ခမှာ လက်ရှိ ကုန်ဈေးနှုန်း အခြေအနေများနှင့် နှိုင်းယှဉ်ပါက လောက်ငှခြင်းမရှိကြောင်း အလုပ်သမားများက ပြောကြားသည်။

“အခု ၃၆၀၀ ဆိုတာက အခု ကုန်ဈေးနှုန်းနဲ့ အဆင်မပြေဘူး။ ဘာကြောင့်ဆိုတော့ အခုဈေးနှုန်းက လွန်ခဲ့တဲ့ နှစ်နှစ်က သတ်မှတ်ချက်။ အဲဒီအချိန်တုန်းက ဈေးနဲ့တောင် သိပ်ကိုက်တာ မဟုတ်ဘူး။ အခုဆို အလုပ်သမား တစ်ယောက်ရဲ့ တစ်လကုန်ကျစရိတ်က တစ်သိန်းကျော်တယ်။ ဒါက မိသားစုစရိတ်ဆိုတာ မပါသေးဘူး” ဟု လှိုင်သာယာ အထည်ချုပ်စက်ရုံတစ်ရုံတွင် လုပ်ကိုင်လျက်ရှိသည့် မအေးမြင့်က ပြောကြားသည်။

ကျပ် ၃၆၀၀ အဖြစ်သတ်မှတ်ထားသည့် ၂၀၁၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ကျပ် ၁၂၀၀ ပျှမ်းမျှဖြင့် တွက်ချက်ထားခြင်းဖြစ်ပြီး တစ်လလျှင် အမေရိကန်ဒေါ်လာ ၉၀ ၀န်းကျင်ခန့်သာ ရရှိခဲ့ခြင်း ဖြစ်သည်။ ယင်းအချိန်တွင် အာဆီယံနိုင်ငံတစ်နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံတွင် အလုပ်သမားတစ်ဦး၏ အခြေခံလစာမှာ ၁၂၇ ဒေါ်လာရရှိသည်။ ဒေသတွင်းနိုင်ငံများတွင် မြန်မာနိုင်ငံထက် လုပ်ခလစာနည်းပါးသည့်နိုင်ငံမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသာရှိပြီး ယင်းအချိန်က လုပ်သားတစ်ဦးလျှင် ဒေါ်လာ ၇၀ နှင့် ၇၈ ဒေါ်လာအကြားသာ ရရှိကြောင်း သိရသည်။

“အာဆီယံနိုင်ငံတွေမှာ မြန်မာနိုင်ငံက လုပ်သားတွေ လုပ်ခရတာ အနည်းဆုံးပဲ။ အခုတက်ဖို့ ကျွန်တော်တို့ဆီမှာ ပြင်နေတုန်းပဲရှိသေးတယ်။ ကမ္ဘောဒီးယားမှာ လာမယ့် ၂၀၁၈ ခုနှစ်ကျရင် အလုပ်သမားတစ်ယောက်ကို တစ်လလုပ်ခက အမေရိကန်ဒေါ်လာ ၁၇၀ ပေးတော့မယ်။ ကျွန်တော်တို့ ၅၀၀၀ ကျော် ၅၆၀၀ လို့ပြောတဲ့အချိန်မှာ တစ်လကို ဒေါ် လာနှုန်းနဲ့ တွက်ရင်ဘယ်လောက်ရမလဲ တွက်ကြည့်။ တစ်လမှ ဒေါ်လာ ၁၂၀ စွန်းစွန်းပဲရှိ တယ်”ဟု အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီအဖွဲ့တွင် အလုပ်သမားကိုယ်စားလှယ်အဖြစ်ပါဝင်သူ ဦးဝင်းဇော်က ပြောကြားသည်။

ထို့ပြင် အခြားနိုင်ငံများတွင် နှစ်စဉ် လုပ်ခအပြောင်းအလဲရှိသော်လည်း မြန်မာ နိုင်ငံတွင် နှစ်နှစ်မှ တစ်ကြိမ်သာ ပြောင်းလဲ နိုင်ခြင်း ရှိသဖြင့် သိသာစွာ တိုးမြင့်သွားသည်ဟု ထင်မြင်ယူဆစ ရာရှိကြောင်း၊ သို့သော် ကုန်ဈေးနှုန်းနှင့် အသုံးစရိတ်များမှာလည်း နှစ်ဆကျော်ခုန်တက်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်မှ တွဲဖက်အတွင်းရေးမှူး မဖြိုးစန္ဒာကျော်က ပြောကြားသည်။

“အလုပ်သမားတွေက ၃၆၀၀ ကနေ အများကြီး တိုးတောင်းတယ်ဆိုပြီး ထင်ဖွယ်ရာရှိတယ်။ ဒါပေမဲ့ သူများနိုင်ငံတွေမှာ တစ်နှစ်ကို နှစ်ရာခိုင်နှုန်းအလိုက် တိုးသွားတော့ မသိသာဘူး။ ကျွန်မတို့က နှစ်နှစ်ကြာတော့မှ တက်တာ။ အဲဒီကာလအတွင်းမှာ ကုန်ဈေးနှုန်းက ဘယ်လောက်တက်လာလဲဆိုတာ တွက်ကြည့်ရမယ်။ ကုန်ကျစရိတ်စစ်တမ်းအရဆိုရင် ကုန်ဈေးနှုန်းက နှစ်နှစ်တာကာလမှာ နှစ်ဆတက်လာတယ်။ ဒါကြောင့်မို့လို့ ဒါက မလုံလောက်ဘူး” ဟု ၎င်းက ပြောကြားသည်။

အလုပ်သမားများနှင့် အလုပ်သမားသမဂ္ဂများ မျှော်လင့်တောင်းဆိုထားသည့် တစ်ရက်လုပ်အားခမှာ ကျပ် ၅၆၀၀ အနည်းဆုံး မျှော်လင့်ထားကြောင်း သိရသည်။

 

■ အလုပ်ရှင်တွေကရော အလုပ်သမားတွေရဲ့  တောင်းဆိုချက် လိုက်လျောနိုင်မလား

လက်ရှိတွင် အနည်းဆုံးလုပ်ခလစာ ပြန်လည်ပြင်ဆင်သတ်မှတ်နိုင်ရေးမှာ အဓိကလုပ်ငန်းခွင်မှာ အထည်ချုပ်စက်ရုံများနှင့် ကုန်ထုတ်လုပ်ငန်းများတွင်ဖြစ်ကြောင်း အခြားသော ဆောက်လုပ်ရေးလုပ်ငန်းခွင် ပို့ဆောင် ဆက်သွယ်ရေးလုပ်ငန်းများတွင် လောကသားအချင်းချင်း နားလည်မှုနှင့် သတ်မှတ်ထားသည့် အခြေအနေများရှိကြောင်း ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဆောက်လုပ်ရေးလုပ်ငန်းမှာကတော့ အလုပ်ကြမ်းသမားတောင် ၈၀၀၀ လောက် ပေးရတာ။ သံလျက်ကိုင် အုတ်စီပြီဆိုရင် အနည်းဆုံးကတော့ ၁၂၀၀၀ လောက်ပေးရတာပဲ။ အခုသတ်မှတ်မယ့် ပမာဏက ဘယ်လောက် ရှိမလဲဆိုတာက မသိဘူး။ ဒီဘက်ကိုတော့ ရိုက်ခတ်မှု မရှိဘူး။ ဒီဘက်မှာက သူ့ဈေးနဲ့သူ ရှိပြီးသားပဲလေ” ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။

စက်မှုဇုန်များနှင့် အထည်ချုပ်စက်ရုံများတွင် လုပ်ကိုင်လျက်ရှိသည့် လုပ်သားများအတွက် လက်ရှိရရှိနေသည့် လုပ်ခများမှာ လုပ်ငန်းကောင်းမွန်သည့် အချိန်များတွင် ပြဿနာ မရှိသော်လည်း လုပ်သားများ တောင်းဆိုမည့် တိုးမြင့်လာသည့် လုပ်ခများအတိုင်း သတ်မှတ်မည်ဆိုပါက ရေရှည်တွင် ရပ်တည်နိုင်ရန် လွယ်ကူမည်မဟုတ်ကြောင်း အမည်မဖော်လိုသူ လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

“အထည်ကျတဲ့အချိန်ဆိုရင်တော့ အလုပ်ရှင်အတွက်ကတော့ အခြေအနေကောင်းနိုင်ပေမယ့် အလုပ်မကောင်းတဲ့အချိန်ဆိုရင် ဒီလုပ်သား အင်အားကို ဘယ်လိုထိန်းမလဲ။ အဲဒါလို အခက်တွေ့ပြီဆိုရင် လုပ်ငန်းက ထိုးရပ် သွားဖို့ပဲရှိတော့တယ်”ဟု အဆိုပါလုပ်ငန်းရှင်က ပြောကြားသည်။

ထို့ပြင် လုပ်ငန်းရှင်များအနေဖြင့် လုပ်သားတစ်ဦး၏ ကျန်းမာရေး စောင့်ရှောက်မှုများကိုလည်း တာဝန်ယူထားရသည့်အပိုင်းများလည်း ရှိပြီး လုပ်ငန်းခွင်အတွင်း ဆက်လက်လုပ်ကိုင်ရန် မစွမ်းသာသည့်အနေအထားတွင် အလုပ်လက်မဲ့ ဖြစ်သွားနိုင်သည့် အနေအထားများကြောင့် လုပ်သားအား ထုတ်ပယ်ခြင်းမပြုဘဲ တတ်နိုင်သမျှ ခန့်ထားရသည့် အခြေအနေများလည်းရှိကြောင်း လုပ်ငန်းရှင်အချို့က ပြောကြားသည်။

“အလုပ်ရှင်တိုင်းမှာက လုပ်သားတစ်ယောက်ကို ထုတ်ပယ်တာသိပ်မရှိဘူး။ တော်တော်ကြီးကို အခြေအနေဆိုးမှ ထုတ်လိုက်တာတွေ ရှိတယ်။ မြန်မာလူမျိုးလုပ်ငန်းရှင်တွေဆို လူတစ်ဖက်သားကို ကြည့်တာတွေရှိတယ်။ နိုင်ငံခြားသားဆိုရင်တော့ မပြောတတ်ဘူး။ ကိုယ်ဆိုရင်တော့ အလုပ်သမားတစ်ယောက်ကို မထုတ်ဘူး။ တတ်နိုင်သမျှတော့ လက်တွဲခေါ်တယ်။ သူ့နောက်မှာ မိသားစုက ရှိတယ်လေ” ဟု အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် လက်ရှိ သတ်မှတ်ထားသည့် ကျပ် ၃၆၀၀ အစား အနည်းငယ်သာတိုးမြင့်နိုင်ဖွယ်ရှိသည့် အခြေအနေများကို လုပ်ငန်းရှင်များဘက်က တင်ပြထားပြီး မည်သည့်နှုန်းထား ရှိကြောင်းကို အသေးစိတ်မသိရှိရပေ။

လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများရယူနိုင်ရန် စိန်ခေါ်မှုများရှိနေကြောင်း၊  ပြည်တွင်းလုပ်ခများအား မြှင့်တင်လိုက်မည်ဆိုပါက ထိခိုက်နိုင်၍ ဂရုတစိုက် ကိုင်တွယ်ရမည်ဖြစ်ကြောင်း အမျိုးသားအဆင့် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး ကော်မတီအဖွဲ့ဝင် စီးပွားရေးသုတေသီ ဦးဇော်ဦးက အောက်တိုဘာ ၂ ရက်က ပြောကြားထားသည်။

“အများကြီး တက်လို့ မရသေးဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံရဲ့ တိုးတက်နှုန်းကလည်း နှေးကွေးနေတဲ့အချိန်ဖြစ်နေတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ရယူဖို့ အတွက် စိန်ခေါ်မှုတွေအများကြီး ကြုံတွေ့ နေရတဲ့ကာလ ဖြစ်နေတဲ့အတွက်ကြောင့် အရမ်းတက်လိုက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ အလားအလာတွေကို ထိခိုက်နိုင်တယ်ဆိုရင်တော့ ကျွန်တော်တို့အချက်တွေကိုကြည့်ပြီး တိုးသင့်သလောက်ကိုပဲ တိုးဖို့လိုတယ်” ဟု အမျိုးသားအဆင့် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးကော်မတီအဖွဲ့ဝင် စီးပွားရေး သုတေသီ ဦးဇော်ဦးက ပြောကြားသည်။

 

■ လုပ်ခလစာတိုးမြှင့်တာ  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ထိခိုက်နိုင်သလား

မြန်မာနိုင်ငံတွင်း ၀င်ရောက်မည့် ရင်းနှီး မြှုပ်နှံမှုများမှာ ယင်းကဲ့သို့လုပ်ခလစာတိုးမြင့်ခြင်းကြောင့် နောက်တွန့်နိုင်သည့်အခြေအနေများ ရှိနိုင်ကြောင်း ပြည်သူ့လွှတ်တော် တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော် မတီအဖွဲ့ဝင် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မဲဆန္ဒနယ်မှ ဦးစောတင်ဝင်းက သုံးသပ် ပြောကြားသည်။

“ဒီမှာက လုပ်ခနည်းပါးလို့ လာလုပ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေက အများကြီးပဲ။ အရမ်းကြီး တက်သွားရင် မလာနိုင်တဲ့အနေအထားတွေ ရှိနိုင်တယ်။ အဲဒါကိစ္စ ကော်မတီကို လာရင်တော့ သေချာကိုင်တွယ်ရမှာပေါ့။ တစ်ဖက်ကလည်း ကိုယ့်နိုင်ငံက လုပ်သားတွေ၊ တစ်ဖက်ကလည်း ပြည်ပရင်းနှီးမြှုပ်နှံမှု” ဟု ဦးစောတင်ဝင်းက ပြောကြားသည်။

၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းက အနည်းဆုံး အခကြေးငွေ ကျပ် ၃၆၀၀  ဟု သတ်မှတ်လိုက်ပြီးသည့် နောက်ပိုင်းတွင် အရှုံးပေါ်သဖြင့် ပိတ်သိမ်းလိုက်ရသည့် စက်ရုံအလုပ်ရုံများ မရှိသေးကြောင်း၊ လက်ရှိတွင်လည်း အနည်းဆုံးအခ ကြေးငွေမပေးသည့် စက်ရုံများလည်းရှိကြောင်း မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်မှ တွဲဖက်အတွင်းရေးမှူး မဖြိုးစန္ဒာကျော်က ပြောကြားသည်။

“ကျွန်မတို့ စစ်တမ်းအရတော့ လုပ်ခတိုးပေးရလို့ ဒေ၀ါလီခံလိုက်ရတယ်ဆိုတဲ့ စက်ရုံတော့ မရှိသေးဘူး”  ဟု ၎င်းက ပြောကြားသည်။

အစိုးရအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုများ လာရောက်ရန်ဆွဲဆောင်ရသည့် အဓိက ရည်ရွယ်ချက်မှာ နိုင်ငံသားများ အလုပ်အကိုင် ရရှိစေရန်ဖြစ်ခြင်းကြောင့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများ ၀င်ရောက်သော်လည်း အလုပ် သမားများ၏ အခြေခံလစာလောက်ငှမှုမရှိပါက မည်သည့် အကျိုးမှ ရရှိမည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အဓိကက နိုင်ငံသားတွေ အလုပ်ရဖို့နဲ့ ငွေကြေးဖူလုံဖို့ဆိုရင် လုပ်အားခနဲ့ မမျှတတဲ့ လုပ်ခလစာတွေ မရအောင်လုပ်ပေးသင့်တယ်။ အလုပ်တော့ရပါရဲ့ သုံးစွဲရတာနဲ့ မလောက်ဘူးဆိုရင် ပြည်ပရင်းနှီးမြှုပ်နှံမှုက သက်တမ်း

ပြည့်လို့ပြန်သွားရင် ဘယ်သူမှ အကျိုးမရှိဘူး။ အလုပ်သမားတွေ သက်သာချောင်ချိမှ နိုင်ငံအတွင်း ငွေကြေးစီးဆင်းမှုတွေလည်း ကောင်းလာမှာပဲလေ”ဟု တွဲဖက်အတွင်းရေးမှူး မဖြိုးစန္ဒာကျော်က ပြောကြားသည်။

ထို့ပြင် ပြည်ပရင်းနှီးမြှုပ်နှံမှုများအတွက် အစိုးရက ထိုက်သင့်သည့်ဖြေလျှော့ပေးမှုများရှိသဖြင့် ထိခိုက်နိုင်ဖွယ်မရှိကြောင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှုများခြင်း၊ နည်းခြင်း

မှာ နိုင်ငံ၏တည်ငြိမ်မှုနှင့်သာ သက်ဆိုင်ကြောင်း အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီအဖွဲ့တွင် အလုပ်သမား ကိုယ်စားလှယ်အဖြစ် ပါဝင်သူ ဦးဝင်းဇော်က ပြောကြားသည်။

“လုပ်ခလစာတွေ တိုးပေးလို့ မလာနိုင်ဘူးဆိုတာက အကြောင်းပြချက် သက်သက်ပဲ။ ခုနကပြောသလို မြန်မာနိုင်ငံက အာဆီယံမှာ လုပ်ခ အနည်းဆုံးနိုင်ငံလေ။ လာရင်းနှီးတဲ့သူတွေအတွက်က ဈေးချိုတဲ့ လုပ်သားအင်အား ရှိတယ်။ သူတို့မလာဘူးဆိုတာက အဲဒီလို ပြောတယ်ဆိုရင် အကြောင်းပြချက်သက်သက်ပဲ။ အဓိက တိုင်းပြည်တည်ငြိမ်အေးချမ်းတယ်ဆိုရင်၊ အဂတိ ကင်းတယ်ဆိုရင် လာမှာပဲ။ သူတို့အတွက် အစိုးရကလည်း အခွန်ကင်းလွတ် ခွင့်ပေးတာတို့ ဘာတို့ရှိတာပဲလေ။ လုပ်ခကြောင့် မလာဘူးဆိုတာက အကြောင်းပြချက် သက်သက်ပဲ”ဟု ဦးဝင်းဇော်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးမှာ ကောင်းမွန်ခြင်း မရှိသေးသဖြင့် အဆိုပါ ရိုက်ခတ်မှုဒဏ်ကို အခြေခံလူတန်းစားများသာ ခံစားရခြင်းဖြစ် ပြီး လတ်တလောတွင် လုပ်ခလစာများ အသစ် ပြန်လည်ပြင်ဆင်မှသာ သက်သာနိုင်မည်ဖြစ်ပြီး ထိုသို့ ပြင်ဆင်မှုမှာလည်း အလုပ်သမားများအတွက် ချောင်ချိနိုင်သည့် အနေအထား တစ်ရပ်ဖြစ်ရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

■ အလုပ်ရှင်၊ အလုပ်သမား လုပ်ခလစာ လွန်ဆွဲပွဲ ဘယ်လို အဆုံးသတ်မလဲ

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အလုပ်သမားတစ်ဦး၏ အခြေခံလုပ်ခမှာ တစ်ရက်လျှင် ကျပ် ၅၀၀၀ ဖြစ်သင့်သည်ဟု  စက်တင်ဘာလကုန်ပိုင်းက ပြုလုပ်သည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ တစ်ခုတွင် ပြောကြားထားသည်။

လက်ရှိတွင်လည်း အစိုးရ၊ အလုပ်သမား နှင့် အလုပ်ရှင်များ၏ တစ်ရက်လုပ်ခလစာ တိုးမြှင့်ရေးမှာ ပြီးပြတ်ခြင်းမရှိသေးဘဲ ဒီဇင်ဘာတွင် အဆိုပြုနှုန်းထားများကို ဆုံးဖြတ်နိုင်မည်ဟု ယူဆရမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဧပြီလတွင် ပြီးပြတ်နိုင်မည်ဟု မျှော်မှန်းထားကြောင်း အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီအဖွဲ့ဝင်များက သုံးသပ်ထားသည်။

အတည်ပြုမည့် တစ်ရက်လုပ်ခမှာ အလုပ်သမားများအတွက် အဆင်ပြေနိုင်မည်လားဆိုသည်မှာ ဒီဇင်ဘာတွင် အဖြေပေါ်မည်ဖြစ်သည်။အာဆီယံနိုင်ငံများတွင် လုပ်ခလစာ အနည်းဆုံးရရှိသည့်မြန်မာလုပ်သားများအတွက် မျှော်လင့်ချက်နှင့် တိုင်းပြည်၏ စီးပွားရေး ဇောက်ထိုးဖြစ်နေချိန်တွင် အလုပ်ရှင်များ၏ လုပ်ခကြေးငွေပိုပေးရမည့် ပမာဏမှာ မည်မျှဖြစ်မလဲဆိုသည်ကို ဒီဇင်ဘာတွင် အဆုံးအဖြတ် ပေးမည်ဖြစ်ပေသည်။

နိုင်ငံပိုင်စက်ရုံများတွင် ကိုယ်ပိုင်လျှပ်စစ်ဓာတ်အားထုတ် စက်ရုံများ တည်ဆောက်သုံးစွဲမည်ဖြစ်ပြီး ပိုလျှံဓာတ်အားကို National Grid သို့ ထည့်သွင်းမည်

 

နိုင်ငံပိုင်စက်ရုံများအနေဖြင့် ကိုယ်ပိုင် လျှပ်စစ်ဓာတ်အား ထုတ်စက်ရုံ (Power Generation Plant) များ တည်ထောင်သွားရန် ဆောင်ရွက်နေပြီး ထိုသို့ဆောင်ရွက်ခြင်းဖြင့် စက်မှုလုပ်ငန်းများ လျှပ်စစ်စွမ်းအင် အလုံအလောက် ရရှိမည်ဖြစ်ကာ သုံးစွဲ၍ ပိုလျှံသော လျှပ်စစ်ဓာတ်အားကို National Grid သို့ ပို့ လွှတ်ရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ ပို့လွှတ်ထောက်ပံ့ ပေးနိုင်မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြောကြားသည်။

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးစားဆောင်ရွက်ရာတွင် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်နေပြီး လျှပ်စစ်ဓာတ်အား အလုံအလောက် ထုတ်လုပ်နိုင်ခြင်း မရှိဘဲ စက်မှုဖွံ့ဖြိုး တိုးတက်ရေးကို ဖော်ဆောင်နိုင်မည် မဟုတ်ကြောင်း ဦးခင်မောင်ချိုက ဆိုသည်။

နိုင်ငံပိုင်စက်ရုံများ ကိုယ်ပိုင်လျှပ်စစ်ဓာတ်အား ထုတ်စက်ရုံများ တည်ဆောက်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိဘဲ သန့်ရှင်းပြီး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ရင်းမြစ် (Clean and Renewable Energy Sources) များကို ထိရောက်စွာအသုံးချသွားမည်ဖြစ်သည်။

စက်မှုဝန်ကြီးဌာန လက်အောက်တွင် အမှတ် ၁၊ ၂၊ ၃၊ အကြီးစားစက်မှုလုပ်ငန်းများ နှင့် မြန်မာ့ဆေးဝါးလုပ်ငန်းမှ စီမံခန့်ခွဲနေသော စက်ရုံ ၄၀ ကျော်ရှိနေပြီး လက်ရှိတွင် သထုံစက်မှုနယ်မြေရှိ စက်ရုံများအတွက် ရည်ရွယ်သည့် 28.6 MW Solar Power Plant ကို တည်ဆောက်ရန် စက်မှုဝန်ကြီး ဌာနနှင့် နော်ဝေနိုင်ငံ Energeia Asset Management ကုမ္ပဏီအကြား Solar Power Plant တည်ဆောက်ရေးအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံများတည်ဆောက်ခြင်း၊ ရှိနှင့်ပြီးစီမံကိန်းများအား ဓာတ်အား ထုတ်လုပ်မှုတိုးမြှင့်ခြင်းလုပ်ငန်းများအတွက် ကျပ် ၁၀၇ ဘီလျံကျော် အသုံးပြုမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အသုံးစရိတ်စာရင်းအရ သိရသည်။

လက်ရှိဘဏ္ဍာနှစ်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းအတွက်  ဆောင်ရွက်မည့်အစီအစဉ်များထဲတွင် ဘီလူးကျွန်း (၁) နှင့် ဆည်တော်ကြီးရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများကို အလုံးစုံပြုပြင် မွမ်းမံမည်ဖြစ်ပြီး အသုံးစရိတ် ကျပ်၂၁၉၈ ဒသမ ၀၇၀ သန်း ခွင့်ပြုထားသည်။ ထို့ပြင်  သထုံ၊ သီလ၀ါ၊ ပုထိုးလုံဒေသများတွင် ဓာတ်အားပေး စက်ရုံများ တည်ဆောက်သွားမည် ဖြစ်ပြီး မြန်အောင်၊ ရွာမ၊ လှော်ကား၊ ကျွန်း ချောင်း၊ ရွှေတောင်၊ သာကေတ၊ အလုံရှိ ဓာတ်အားပေးစက်ရုံများကိုလည်း မဂ္ဂါဝပ် တိုးမြှင့်ထုတ်လုပ်သွားမည်ဖြစ်ရာ ယင်းစီမံကိန်းများအတွက် ကျပ် ၁၀၅၁၇၅ ဒသမ ၆၈၂ သန်း သုံးစွဲမည်ဖြစ်သည်။

ဝန်ကြီးဌာန၏ လျှပ်စစ်ဓာတ်အားပို့ လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၏ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများတွင် စက်မှုလက်မှု လုပ်ငန်းသစ်များအတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံတည်ဆောက်ရေး စီမံကိန်းများအတွက် ကျပ်၂၀၃၈၉ ဒသမ ၇၉၅ သန်း၊ မဟာဓာတ်အားလိုင်းစနစ် တိုးချဲ့ရေး စီမံကိန်းများအတွက် ကျပ်၂၂၃၇၂၀ ဒသမ ၃၁၆ သန်း၊ တိုးချဲ့ပင်မခွဲရုံနှင့် မဟာဓာတ်အားလိုင်း လုပ်ငန်းများအတွက် ကျပ် ၆၁၇ ဒသမ ၃၆၈ သန်း၊ အစားထိုးပင်မခွဲရုံ နှင့် မဟာဓာတ်အားလိုင်း လုပ်ငန်းများအတွက် ကျပ် ၂၂၃၉၃ ဒသမ ၉၇၁ သန်း သုံးစွဲခွင့်ပြုထားကြောင်း သိရသည်။

ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနက ၂၀၁၇-၂၀၁၈ ဘဏ္ဍာ နှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများမှာ  အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းအတွက် (စီမံကိန်းတစ်ခုလုံး၏ ၃၆ ဒသမ ၉၅ ရာခိုင်နှုန်းပြီးစီးရန်) ကျပ် ၂၁၄၉၃ သန်း၊ အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းအတွက် (စီမံကိန်းတစ်ခုလုံး၏ ၆၈ ဒသမ ၀၈  ရာခိုင်နှုန်းပြီးစီးရန်) ကျပ် ၄၆၁၃၈ သန်း ခွင့်ပြုထားသည်။

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ လက်ရှိဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ၆၆ ကေဗွီ၊ ၃၃ ကေဗွီ၊ ၁၁ ကေဗွီ၊ ၀ ဒသမ ၄ ကေဗွီ ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းများ တိုးချဲ့တည်ဆောက်ရေး လုပ်ငန်းအတွက် ကျပ်  ၅၅၁၂၁ ဒသမ ၆၈၁ သန်း၊ ချင်းပြည်နယ် လိုင်လင်းပီမြို့နှင့် ခိုင်ကမ်းမြို့တွင် မြို့နယ်လျှပ်စစ်မှူးရုံးနှင့် ဒီဇယ် ဓာတ်အားပေးစက်ရုံများ တည်ဆောက်ခြင်း လုပ်ငန်းအတွက် ကျပ် ၂၇၇ ဒသမ ၂၇၉ သန်း၊  မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေး စီမံချက်ဖြင့် ကျေးရွာများဓာတ်အား စနစ်ဖြင့် ဓာတ်အားရရှိရေးအတွက် ၁၁ ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံပစ္စည်းများ ၀ယ်ယူခြင်း၊ တည်ဆောက်ခြင်းလုပ်ငန်းအတွက် ကျပ် ၇၇၈၄၀ သန်း သုံးစွဲသွားမည်ဖြစ်ကြောင်း အသုံးစရိတ်ခွဲဝေမှု စာရင်းများအရ သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ကုန်အထိ မြန်မာနိုင်ငံတွင် လျှပ်စစ်မီးရရှိသော မြို့ပေါင်း  ၃၃၁ မြို့၊ ကျေးရွာပေါင်း ၁၀၇၂၆ ရွာရှိပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း မြို့ကိုးမြို့၊ ကျေးရွာပေါင်း ၁၅၅၇ ရွာ လျှပ်စစ်မီးထပ်မံ ရရှိရန် ရည်မှန်းဆောင်ရွက်နေခြင်း ဖြစ်သည်။

၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်ကုန် စာရင်းများအရ  မြန်မာနိုင်ငံတွင် ဓာတ်အားစနစ်ဖြင့် လျှပ်စစ်မီးမရသေးသော မြို့ပေါင်း ၁၄၀ ကျော်၊ ကျေးရွာပေါင်း ၅၂၀၀၀ ကျော်ရှိကြောင်း သိရသည်။