စာအုပ်အငှားဆိုင်ကလေးများ

ရန်ကုန်မြို့ သိမ်ဖြူလမ်းတွင် စာအုပ်ဈေးရောင်းပွဲတော် ပြုလုပ်ရာ ဇန်န၀ါရီ ၈ ရက်က လာရောက် ၀ယ်ယူလေ့လာသူများအား တွေ့ရစဉ် (ဓာတ်ပုံ-ဇော်ဇော်အောင်)

“ဟိုးရှေးရှေးတုန်းက” ဟူ၍သာ သုံးနှုန်းရတော့မည် ထင်ပါသည်။ သမိန်ပေါသွပ်၊ မြိုင်ရာဇာတွတ်ပီ အစချီလို့ မင်းသိင်္ခ၊ ဒဂုန်ရွှေမျှား နှင့်ရွှေဥဒေါင်းအဆုံး စာအုပ်ပေါင်း စုံလင်စွာရှိသည့် စာအုပ်အငှားဆိုင်ကလေးများ ရှိခဲ့ဖူးပါသည်။

ကျောင်းပိတ်ရက် သို့မဟုတ် အလုပ်ပိတ်ရက်ကဲ့သို့သော နေ့များတွင် ကျွန်တော်သည် ထိုစာအုပ်ဆိုင်ကလေးများ ရှိရာဆီသို့ သူ့ထက်ငါ အပြေးအလွှား သွားရောက်ကြကာ မိမိတို့ ကြိုက်နှစ်သက်သည့် စာအုပ်များကို ငှားရမ်း ဖတ်ရှုခဲ့ကြရဖူးပါသည်။ ကာတွန်း အောင်ရှိန်၏ ရှံစားနှင့် ဒိန်းဒေါင်၊ ကာတွန်း ဆွေမင်း (ဓနုဖြူ) ၏ မြိုင်ရာဇာတွတ်ပီ၊ ဗိုက်ကလေး အစရှိသည့် ဇာတ်ကောင်များသည် ထိုအချိန်များဆီက ကျွန်တော်တို့ ကလေးများ၏ အသည်းကျော်များ ဖြစ်ခဲ့ကြဖူးပါသည်။

တကယ်လည်း ဟာသ ရောစွက်ထားသည့် စွန့်စားခန်းများနှင့် “မရှောင်လျှင်လွတ်တယ်”၊ “မှားတဲ့အခါလည်း မှားပေမပေါ့”၊ “ဒီနေ့ တွတ်ပီ ကံမကောင်းပါ”ဆိုသည့် စကားလုံးများက ယနေ့အချိန်အထိ တိုင်အောင် ကျွန်တော်တို့၏ မှတ်ဉာဏ်များထဲတွင် ခိုင်မြဲစွာ စွဲထင်နေခဲ့ကြပါသေးသည်။ ထိုနည်းတူစွာပင် ကာတွန်း တင်အောင်နီ၏ ဇာတ်ကောင်များဖြစ်ကြသော ပြာဂလောင်၊ ပြာလချောင်၊ ကာတွန်း သစ်ထွဏ်း၏ ဇာတ်ကောင် မောင်တီထွင် တို့သည်လည်း ကျွန်တော်တို့အကြိုက် ဇာတ်လိုက်များ ဖြစ်ခဲ့ကြပါသေးသည်။ အထူးသဖြင့် ကာတွန်းမင်းဇော်၏ ဇာတ်လိုက်ကျော်များ ဖြစ်ကြသော ဘိုဘိုနှင့် အီးတီတို့၏ တီထွင်ဆန်းသစ်မှုများကို ကလေးငယ်များ အလွန်အင်မတန် သဘောကျ နှစ်ခြိုက်ခဲ့ကြဖူးပါသည်။

ထိုအတူပင် သိုင်းစာအုပ် ဇာတ်လမ်းတွဲများ၊ လယ်တွင်းသား စောချစ်၊ မောင်စိန်ဝင်း (ပုတီးကုန်း)၊ နိုကိုဇူးဇင်၊ မီကိုဇူးဇင် တို့ကဲ့သို့သော စာအုပ်များကလည်း လူငယ်လူရွယ်တို့အား စာအုပ်ဆိုင်ကလေးများဆီသို့ ရောက်ရှိလာအောင် ဆွဲဆောင်နိုင်ခဲ့ကြဖူးသေးသည်။

ထို့အပြင် ကိုယ်လိုချင်သည့် စာအုပ်၊ ကိုယ်ဖတ်ချင်သည့် စာအုပ်များ လက်ဝယ်သို့ မရောက်မချင်း စာအုပ်လေးများဆီသို့ အခေါက်ခေါက် အခါခါသွားရခြင်း၊ ကိုယ်နှင့် အကြိုက်တူနေသူ တစ်ဦးဦးနှင့် အပြိုင်အဆိုင် အလုအယက် ငှားကြရခြင်းကဲ့သို့သော စာအုပ်ဆိုင်လေးများမှ ပေးစွမ်းသည့် ပျော်ရွှင်စရာ၊ စိတ်ကြည်နူးစရာကောင်းသော အဖြစ်အပျက်ကလေးပေါင်း မြောက်မြားစွာလည်း ရှိနေခဲ့ပါသေးသည်။

အမှန်တကယ် ရွှေသွေး၊ တေဇနှင့် မိုးသောက်ပန်း အပါအ၀င် ထိုကာတွန်း ဇာတ်ကောင်များ၊ ထိုစာအုပ်များသည် ကျွန်တော်တို့ စာဖတ်ခြင်း အလေ့အကျင့်ကို စတင်ဖြစ်ပေါ်စေခဲ့သည့် ဇာတ်ကောင်များ၊ စာအုပ်များ ဖြစ်သည်ဟုပင် ပြောရလိမ့်မည် ထင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့သည် ထိုကာတွန်းဇာတ်ကောင်များ၊ ထိုစာအုပ်၊ စာစောင်များကြောင့်သာ စာအုပ်အငှားဆိုင်များဆီသို့ ရောက်ရှိခဲ့ကြရပြီး အခြားသော စာအုပ်များကိုပါ ဖတ်ရှုရကောင်းမှန်း သိရှိရလာခြင်းကြောင့် ဖြစ်ပါသည်။ကျွန်တော်တို့သည် ထိုစာအုပ်၊ စာစောင်များဆီမှ တစ်ဆင့် ဒဂုန်ရွှေမျှား၊ ရွှေဥဒေါင်း၊ မြသန်းတင့်၊ တက္ကသိုလ်ဘုန်းနိုင်၊ မင်းလူ၊ နီကိုရဲ၊ တာရာမင်းဝေ အစရှိသည့် စာရေးဆရာကြီးများ၏ နာမည်များနှင့် ရင်းနှီးခွင့် ရရှိလာခဲ့ကြပါသည်။ ရွှေအမြုတေ၊ ကလျာ၊ မဟေသီ စသည့် မဂ္ဂဇင်းများကို ဖတ်ရှုရကောင်းမှန်း သိရှိလာကြခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့၏ စာဖတ်ခြင်း အလေ့အထသည် ထိုစာအုပ်များ တည်ရှိရာ စာအုပ်အငှားဆိုင်ကလေးများဆီမှ စတင်အခြေပြု မြစ်ဖျားခံခဲ့သည်ဟုပင် ပြောရလိမ့်မည် ဖြစ်ပါသည်။ သို့ပါသော်လည်း ယနေ့ကာလတွင်ကား စာအုပ်အငှားဆိုင်ကလေးများ မရှိသလောက် ရှားပါး ပျောက်ကွယ်လာနေခဲ့ကြပြီ ဖြစ်သလို ယခင်က လူငယ်၊ လူကြီးများနှင့် စည်ကား သက်ဝင်နေတတ်သည့် စာအုပ်အငှားဆိုင်များ နေရာတွင် အခြားသော လူသုံးကုန်ပစ္စည်း ကိရိယာ အရောင်းဆိုင်များက အစားထိုးဝင်ရောက် နေရာယူထားခဲ့ကြသည်ကို ၀မ်းနည်း စိတ်မကောင်းဖွယ် တွေ့မြင်နေခဲ့ရပါသည်။

ထို့အတူပင် စာအုပ်များ စာစောင်များ၏ နေရာ၌လည်း ဖုန်းများ၊ ကွန်ပျူတာများနှင့် တီဗီချန်နယ်များ၊ နိုင်ငံခြားရုပ်သံ ဇာတ်လမ်းတွဲများက အင်နှင့်အားနှင့် အစားထိုးဝင်ရောက် နေရာယူထားခဲ့ကြပြန်ပါသေးသည်။ အမှန်တကယ် စာအုပ်အငှားဆိုင်ကလေးများ ပိတ်သိမ်း ပျောက်ကွယ်သွားကြရသည့် အကြောင်းအချက်များထဲတွင် စာအုပ်စာစောင်များ၏ နေရာ၌ အွန်လိုင်း စာမျက်နှာများ အစားထိုးဝင်ရောက် နေရာယူလာခဲ့ခြင်းနှင့် အခြားသော ဖျော်ဖြေရေးပစ္စည်းများ ပေါများလာကြခြင်း အပါအ၀င် ဆိုင်ငှားရမ်းခများ ကြီးမြင့်လာခြင်း၊ အချိန်မလောက်ငခြင်း တို့သည်လည်း ပါဝင်နေသည်ဟု ထင်မြင်မိပါသည်။ အထူးသဖြင့် ဆိုင်ခန်းငှားရမ်းကများ တစ်နေ့တခြား ကြီးမြင့်လာနေခြင်းက အစကတည်းက အမြတ်အစွန်း နည်းပါးလှသည့် စာအုပ်အငှားဆိုင်ကလေးများကို ကွယ်ပျောက်သွားစေခဲ့ခြင်း၏ အဓိကအချက်ဟု ထင်ပါသည်။ ထို့အတူပင် စာအုပ်အငှားဆိုင်များ၏ အဓိကဖောက်သည်များ ဖြစ်ကြသည့် ကလေးများ၊ လူငယ်များဆီ၌ အချိန်ပို ပါးရှားလာခြင်းကလည်း စာအုပ် အငှားဆိုင်ကလေးများ ပျောက်ကွယ်သွားစေခဲ့ခြင်း၏ အချက်များထဲမှ အချက်တစ်ချက်ဖြစ်သည်ဟုပင် ထင်ပါသည်။ အမှန်တကယ်၌လည်း စာအုပ်အငှားဆိုင်ကို သွားဖို့ရာ မဆိုထားနှင့် ကျောင်းနှင့် ကျူရှင်၊ ကျူရှင်နှင့်ကျောင်းတို့၏ကြားတွင် ရေချိုးခြင်း၊ ထမင်းစားခြင်းကဲ့သို့ အလုပ်များကိုပင် အလျင်စလို ပြုလုပ်နေကြရသည့် ကလေးများကို တွေ့မြင်နေကြရခြင်းက သက်သေပင် ဖြစ်ပါသည်။ ထို့အတူပင် အရင်းစစ်တော့ အမြစ်ကပေါ်ဆိုသည့် စကားကဲ့သို့ပင် စားဝတ်နေရေးအတွက် ပိုမိုရုန်းကန် လာနေကြရခြင်းကလည်း စာဖတ်သူများ လျော့နည်းလာစေခြင်း၊ စာအုပ်အငှားဆိုင်ကလေးများ ပျောက်ကွယ်သွားရခြင်း၏ အကြောင်းအချက်များစွာထဲတွင် တစ်ခုအပါအ၀င် ဖြစ်သည်ဟု ထင်မြင်မိပါသည်။

အမှန်တကယ်၌လည်း စာအုပ်တစ်အုပ် ၀ယ်ရန်အတွက် မလွယ်ကူကြောင်း ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ရဖူးပါသည်။ လွန်ခဲ့သောလ အနည်းခန့်က ဖြစ်ပါသည်။ ကျွန်တော် အလွန်အင်မတန် နှစ်ခြိုက်သည့် စာရေးဆရာတစ်ဦး၏ ၀တ္ထုတိုပေါင်းချုပ် စာအုပ်တစ်အုပ် ထွက်ရှိလာခဲ့ပါသည်။ ပို့ဆောင်ပေးခ အပါအ၀င် စာအုပ်၏ တန်ဖိုးမှာ ကျပ် ၉၀၀၀ ဖြစ်ပါသည်။ စာအုပ်၏ အပြင်အဆင် နှင့် စာအုပ်၏ ပုံသဏ္ဌာန် အရွယ်အစားအရ သင့်တော်သည့် ဈေးနှုန်းလည်း ဖြစ်ပါသည်။ သို့ပါသော်လည်း တစ်နေ့လုပ်အားခ ပျမ်းမျှ ကျပ် ၆၀၀၀ ခန့်သာ ရှိသည့် ကျွန်တော့်အတွက် ထိုစာအုပ်ကို ၀ယ်ယူရန်အရေးမှာ ခက်ခဲသည့် ကိစ္စတစ်ရပ်သာ ဖြစ်ပါသည်။ ထို့ကြောင့် ၀ယ်ယူဖတ်ရှုချင်စိတ် ရှိသော်ငြားလည်း ထိုစာအုပ်ကို ၀ယ်ယူလိုသည့် အကြံအစည်အား စွန့်လွှတ်ခဲ့ရပါသည်။ အမှန်တကယ် စာအုပ်အငှားဆိုင်ကလေးများသာ ရှိနေခဲ့ကြဦးမည် ဆိုလျှင် ကျွန်တော်သည် ထိုစာအုပ်ကို တစ်ချိန်ချိန်၌ သင့်တော်သည့် ဈေးနှုန်းတစ်ခုခုနှင့် ငှားရမ်း ဖတ်ရှုနိုင်လိမ့်မည်ဟု ထင်ပါသည်။ ကျွန်တော်ကဲ့သို့ အခြေအနေ အကြောင်းကြောင်းတို့ကြောင့် စာအုပ်များကို မ၀ယ်ယူနိုင်သူများ စာအုပ်အငှားဆိုင်ကလေးများကို လွမ်းမောတမ်းတနေသည့် သူများလည်း ရှိကောင်း ရှိကြလိမ့်မည်သာ ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ စာဖတ်ရခြင်း၌ မွေ့လျော်သူများသည် မိမိတို့ဖတ်ချင်သည့် စာအုပ်၊ စာပေများကို နည်းလမ်းပေါင်းစုံဖြင့် ရှာဖွေဖတ်ရှုကြလိမ့်မည်သာ ဖြစ်ပါသည်။ ထို့အတူပင် သမိန်ပေါသွပ်၊ မြိုင်ရာဇာ တွတ်ပီ အစချီ၍ မင်းသိင်္ခ၊ ဒဂုန်ရွှေမျှား၊ ရွှေဥဒေါင်းအဆုံး စာအုပ်ပေါင်း စုံလင်စွာရှိသည့် စာအုပ် အငှားဆိုင်ကလေးများသည် ကျွန်တော်တို့နိုင်ငံ၌ အမှန်တကယ် ရှိခဲ့ဖူးသည်သာ ဖြစ်ပါသည်။

Team Work ရှိဖို့ လိုတယ်

လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြောက်ဒဂုံမြို့နယ် (၂၈)ရပ်ကွက်တွင် ပျော်ပွဲရွှင်ပွဲများ ကျင်းပရာ ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ-ဇော်ဇော်အောင်)

ကိုစောနောင်တစ်ယာက် ဘန်ကောက်မြို့တော်ထဲက ကွန်ဒိုတစ်ခုရဲ့ အထပ် ၂၀ ပေါ်မှာရှိတဲ့ သူ့တပည့်ကျော် ပုဏ္ဏက အခန်းကို အလည်ရောက်နေတယ်။ ပုဏ္ဏကဟာ အရင်ကဆိုရင် သူ့ဆရာကို ဆိုးနေကျ။ ဂျီကျနေကျ။ ဒီလိုဂျီကျလွန်းလို့ သူ့ဆရာကတော်က ပုဏ္ဏကဆို တစ်စက်မှ ကြည့်လို့မရ။ ဒါပေမဲ့ သူ့ဆရာကတော့ တပည့်ဆိုးကို သံယောဇဉ်မကုန်။ တော်တော်ချစ်ရှာတယ်။ ဒီကောင် ဆိုးသမျှကို ဆူဟယ် ဆဲဟယ်နဲ့ နောက်ဆုံးတော့ ခွင့်လွှတ်မြဲပါပဲ။

ဒါကြောင့် ပုဏ္ဏကဟာ သူ့မိတ်ဆွေတွေကို တွေ့တိုင်း ငါ့ဆရာဟာ ငါ့အဖေပဲ၊ ငါ့ဘ၀ ဒီလိုအဆင့်ကို ရောက်လာတာဟာ ငါ့ဆရာ ဆုံးမလို့။ သင်ပေးလို့။ ဒါတောင် ငါက ဆရာ ဆုံးမတာရဲ့ ၂၀ ရာခိုင်နှုန်းလောက်ကိုပဲ အသုံးချတာ။ တကယ်လို့ ၅၀၊ ၆၀ ရာခိုင်နှုန်းလောက်သာ လိုက်နာမယ်ဆိုရင် ငါဟာ ဒီလောကမှာ အားလုံးထက် ထိပ်ကို ကျိန်းသေပေါက်ရောက်မှာ သေချာတယ်လို့ အမြဲတမ်း ပြောတတ်ပါတယ်။

ဒီလိုကနေ ခုတော့ တပည့်ကျော် ပုဏ္ဏကဟာ သူ့ခြေထောက်ပေါ်မှာ ကောင်းကောင်း ရပ်တည်နေနိုင်နေပါပြီ။ ဒါကြောင့် သူ့ဆရာကိုလည်း အရင်ကလို ဂျီမကျတော့ပါဘူး။ မဆိုးတော့ပါဘူး။ ဆရာ့ကျေးဇူးကို ပြန်ဆပ်တဲ့အနေနဲ့ ဆရာ လိုအပ်တာရှိရင် အတတ်နိုင်ဆုံး ဖြည့်စွမ်းပေးချင်ပါတယ်။ အိမ်ကိုလာခဲ့ပါလို့ ပြောတဲ့အတွက် ကိုစောနောင်ဟာ သူ့တပည့်နေတဲ့ မိုးမျှော်တိုက်ပေါ်ကို ရောက်နေရတာပါ။

အခန်းထဲမှာ ပုဏ္ဏကရယ် သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် မေဘရဏီရယ်နဲ့ တခြားဧည့်သည်တွေလည်း ရှိနေကြတယ်။ ကိုစောနောင်အဖို့ သူ့တပည့်နဲ့ လုပ်ဖော်ကိုင်ဖက်တွေ ပြောနေကြတဲ့ အလုပ်ကိစ္စတွေကို ကြားနေရပေမယ့် သေသေချာချာတော့ နားမလည်လှပါဘူး။ ဒါပေမဲ့ သူက စာရေးဆရာဆိုတော့ နားစိုက်ထောင်ထားတယ်။ ကုန်ကြမ်းလေး ဘာလေး ရလိုရငြားပေါ့လေ။ အဲဒီအချိန်မှာပဲ မေဘရဏီက အခုလို ကိုစောနောင်ကို တိုင်သလိုလို သဘောမျိုးနဲ့ “ဆရာ့တပည့်က အရည်အချင်းတော့ တကယ်ရှိတယ် ဆရာ။ သူ့မှာ ဖြတ်ထိုးဥာဏ်ရှိတယ်။ ဘယ်လိုကျော်ဖြတ်ရမယ်။ အခက်အခဲကြုံလာရင် ဘယ်လမ်းကြောင်းက ဖောက်ထွက်ရမယ်ဆိုတာ ကောင်းကောင်းသိတယ်။ ဒါပေမဲ့ ဆရာ ခက်တာက သူက အလုပ်အပေါ်မှာ အာရုံအပြည့်မထားဘူး ဆရာ။ ကျွန်မ သူနဲ့ အလုပ်လုပ်ရတာ တစ်ခါတစ်ခါ အရမ်းဒုက္ခရောက်တယ်။ ရောက်တုန်း ဆရာ့တပည့်ကို ဆုံးမပါဦး” လို့ ဆိုတယ်။

မေဘရဏီရဲ့ တိုင်တန်းချက်ကိုတော့ ကိုစောနောင် သံသယ လုံးလုံးမရှိပါဘူး။ ဒီကောင်က ဒီအကျင့်ကို မဖျောက်နိုင်လို့သာ သူဟာ အောင်မြင်သင့်သလောက် မအောင်မြင်ဘဲ ဖြစ်နေတယ်ဆိုတာကို သူ့ဆရာ ကောင်းကောင်း သိတာပေါ့။ သူတို့နှစ်ယောက်က the New Life ကုမ္ပဏီရဲ့ ညွှန်ကြားရေးမှူးတွေ ဖြစ်ကြတယ်။ မေဘရဏီက မြန်မာပြည်ဆိုင်ရာ ဒါရိုက်တာ။ ပုဏ္ဏက ယိုးဒယားပြည်ဆိုင်ရာ ဒါရိုက်တာ။ ရာထူးတွေက အကြီးကြီးပေမယ့် သူတို့နှစ်ယောက်က သိပ်ရင်းနှီးကြတဲ့ ဘော်ဒါတွေ ဖြစ်နေကြတော့လည်း တစ်ခါတစ်ခါ နင်ဘဲငဆ ဖြစ်ချင်ဖြစ်ကြတယ်။ တကယ်ပဲ သတ်မအား ထောင်းမအား ရန်ပွဲတွေ ဖြစ်တဲ့အခါလည်း ဖြစ်ကြလေရဲ့။ ဒါပေမဲ့ ပြီးရင် သွားဖြီးတွေနဲ့ သူတို့ ဘာမှမဖြစ်ကြသလို အထာနဲ့နေကြတယ်။

ဒါကြောင့် ကိုစောနောင် သူ့တပည့်ကို “ဟေ့ကောင် ဒီမှာမင်းရဲ့ပါတနာကတော့ တိုင်နေပြီ။ သူတိုင်တာကို ငါလည်းယုံတယ်။ မင်းရဲ့ ဥာဉ်ကို ငါကသိထားတော့လေ။ ဒါပေမဲ့ ငါ့တပည့် မင်းအသက်ကလည်း မငယ်တော့ဘူးနော်။ ၄၀ ကျော်နေပြီ။ အနောက်နိုင်ငံက လူတွေ ပြောပြောတဲ့ လူ့ဘ၀ဆိုတာ အသက် ၄၀ မှ စတယ်ဆိုတာကို မင်းလည်း ကြားဖူးတာပဲ မဟုတ်လား”

“ဟုတ် ကြားဖူးပါတယ် ဆရာ။ ကျွန်တော်လည်း အခု လူ့ဘ၀ကို စနေပါပြီ”

“ဟ ဒါဖြင့် လုပ်စမ်းပါဦး။ ဘယ်လို စနေသလဲ။ အရင်အချိုးတွေကို တစ်စက်မှ မပြောင်းဘဲ စနေတာလား”

“ဆရာကလည်း ပြောတော့မယ်။ ကျွန်တော် ဆရာ့တပည့်ပါ။ ဆရာ ဘာပြောချင်တယ်ဆိုတာကို ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ခက်တာက ကျွန်တော်နဲ့တွဲလုပ်ရတဲ့ လူတွေက ကျွန်တော့ကို သဘောမပေါက်ကြတာ ခက်တယ် ဆရာ။ သူတို့က သူတို့ဖြစ်ချင်တာကိုပဲ သိကြတယ်။ သူတို့အတ္တကိုပဲ ရှေ့တန်းတင်ပြီး ပြောနေကြတော့ မခက်ဘူးလား”

“အိုကေ ဒါဖြင့်ရင် မေဘရဏီ သမီးကို ဆရာမေးမယ်။ ဒီကောင် ပြောတာ ဟုတ်သလား” လို့ သူ့တပည့်ကျော်ကို ဦးတည်ဆုံးမ နေရာကနေ ကိုစောနောင်ဟာ မေဘရဏီ ဘက်ကိုလှည့်ပြီး မေးလိုက်တော့

မေဘရဏီက “ဘယ်ကလာ သမီးတို့က အတ္တကြီးရမှာလဲ ဆရာ။ သူ့အပြစ်ကို သူများပုံချနေတာ။ သမီးတို့က သူ့ကို အားကိုးပြီး ဒီမှာလုပ်နေကြတာ”

“ဟေ့ ဘယ်လိုကြီးလဲဟ။ တစ်ယောက်က ပြောတော့ တစ်မျိုး။ နောက်တစ်ယောက်ကပြောတော့ တစ်မျိုး။ နင်တို့ဆရာ ခေါင်းတောင်ခြောက်လာပြီဟ။ ဒါနဲ့ မေးပါရစေဦး တပည့်ရေ။ မင်းတို့ဟာက တစ်သင်းတည်းသား အချင်းချင်း အပေးအယူ မမျှတဲ့ ဘောလုံးအသင်းလို ဖြစ်နေပြီလား မသိဘူးနော်”

“ဟုတ်တယ် ဆရာရေ ဟုတ်လိုက်သမျှ ဟုတ် ဟုတ် ဟုတ်နဲ့ကိုနေတယ်။ သမီးတို့ အချင်းချင်းသာ ကိုယ့်အလုပ်ကို ထောင့်စေ့အောင် တာဝန်ယူလုပ်နိုင်ရင် ဆရာ့တပည့် သေချာပေါက် ထိပ်ဆုံးရောက်တာပေါ့” လို့ အားတက်သရော ပြောလိုက်တယ်။

ကိုစောနောင်က ဘောလုံးဝါသနာအိုး။ ဘောလုံးပွဲတစ်ပွဲအတွက် အရေးအကြီးဆုံးက အချိတ်အဆက် မိမိနဲ့ ကစားဖို့။ အသင်းသားအချင်းချင်း အပေးအယူမျှပြီး နားလည်မှုရှိဖို့က သိပ်အရေးကြီးတယ်။ တစ်ခါတရံမှာ ကမ္ဘာကျော်ကြီးတွေချည်း စုစည်းထားတဲ့ အသင်းကြီးတွေတောင် အောက်အသင်းလို့ သတ်မှတ်ခံရတဲ့ အသင်းငယ်တွေဆီမှာ အချင်းချင်း နားလည်မှု အားနည်းလို့ အရှက်ဗြန်းဗြန်းကွဲပြီး ရှုံးသွားကြတာ မကြာခဏ မြင်နေကျဆိုတော့ အခုတပည့်တွေရဲ့ ပြဿ နာကို ကိုစောနောင်ဟာ ရှင်းရှင်းကြီး နားလည်လာတော့တယ်။

“ကဲ ဒါဖြင့် မင်းတို့နှစ်ယောက်ရဲ့ ပြဿနာကို ငါ သဘောပေါက်ပြီ။ ဒီနေရာမှာ ဒီနေ့ သိပ်ပြီး လူပြောသူပြောများတဲ့ စကားလုံးတစ်လုံးက မင်းတို့အတွက် အသုံးဝင်မလား မသိဘူး”

“ပြောပါဆရာ။ သမီးတို့အတွက် အသုံးဝင်မယ်ဆိုရင် သမီးတို့ လိုက်နာ ကျင့်သုံးပါ့မယ်”

“ဟေ့ကောင် ပုဏ္ဏက မင်း Team Work ဆိုတဲ့ စကားလုံးကို သိတယ် မဟုတ်လား”

“သိတယ်ဆရာ။ ကျောင်းတုန်းက ဘောလုံးကစားတဲ့အခါ Team Work ဟာ အရေးကြီးတယ်လို့ ဘောလုံးနည်းပြဆရာက အမြဲတမ်းပြောပါတယ်။ အဲဒါနဲ့ ကျွန်တော်တို့ အလုပ်နဲ့ဆိုင်လို့လား ဆရာ။ ဘောလုံးက သူ့စည်းမျဉ်းနဲ့ စနစ်တကျ ကစားရတာလေ ဆရာ။ အခု ကျွန်တော်တို့ လုပ်ရတဲ့အလုပ်က ကျီးကန်းဘ၀ တစ်ထောင်လောက်ဖြစ်ပြီး ကျင်လည်လာတဲ့ လူလည်တွေကြားမှာ လုပ်စားရတဲ့ အလုပ်ဆရာ။ အေဂျင်စီလောကဆိုတာ လည်နိုင်မှ ပတ်နိုင်မှဆိုတော့ ဆရာသိတဲ့ သီအိုရီက အသုံးဝင်ပါ့မလား” လို့ တပည့်ကျော်က ပြောပြီး သူ့ဆရာကို အကဲစမ်းလိုက်တယ်။

ကိုစောနောင်ဟာ ဆရာဆိုတဲ့ မာန်အနည်းငယ်တက်လာပြီး အတွင်းစိတ်မှာ ဖျဉ်းကနဲဖြစ်သွားပေမယ့် ငါက ဆရာပဲလေ တပည့်ကို စိတ်ဆိုးပြီး သင်ပေးသင့်တာကို မသင်ပေးခဲ့ရင် တာဝန်ကျေမှာ မဟုတ်ဘူးဆိုတဲ့ စိတ်နဲ့ သူ့တပည့်ရဲ့ ခပ်စပ်စပ်ကလေး အုပ်ထည့်တာကို ဥပေက္ခာ ပြုလိုက်တယ်။

ပြီးရင် မေဘရဏီကို “သမီး ဒီကောင်ကတော့ ငါ့ကို ခံပက်နေပြီ။ ထားတော့ ဒီစကားက နင့်ဆီက မြစ်ဖျားခံတာဆိုတော့ နင့်ကိုပဲ ငါမေးမယ်။ အခု ဒီကောင်နဲ့ ငါနဲ့ ပြောနေကြတဲ့ Team Work ဆိုတာကို နင် သေသေချာချာ နားလည်သလား သမီး”

“လူတော်တော်များများ ပြောကြလို့ နားတော့ ယဉ်နေတယ်။ ဒါပေမဲ့ သေသေချာချာ သိသလားဆိုတော့ မသိဘူး ဆရာ။ သမီးတို့ အတွက် အသုံးဝင်မယ်ဆိုရင် ရှင်းပြပါဆရာ” လို့ သိချင်တတ်ချင်စိတ်နဲ့ ကောင်မလေးက တောင်းဆိုလေတယ်။

“အေး ပြောပြမယ်။ Team Work အင်္ဂလိပ်တွေ အနက်ပေးတာကတော့ The definition of teamwork is combined efforts, or the actions of a group, to achieve a common purpose or goal ဆိုပြီး ဆရာဖတ်ဖူးတယ်ကွ”

“ဘိုလိုဟာကို မြန်မာလိုလည်း သမီးတို့ကို နည်းနည်း ရှင်းပေးပါဦး ဆရာ”

“ပြောရမယ်ဆိုရင် Team Work ရဲ့ အဓိပ္ပာယ်က ပန်းတိုင် သို့မဟုတ် ရည်ရွယ်ရာကို အောင်အောင်မြင်မြင် ရောက်ရှိဖို့ အားထုတ်မှုတွေကို စုစည်းထားတာ။ တက်ညီလက်ညီ တစ်သင်းတစ်ဖွဲ့တည်း အလုပ်လုပ်နိုင်အောင် စုပေါင်းထားတာလို့ ငါနားလည်တယ် တပည့်တို့ရေ”

“သမီး နားတော့လည်သလိုလိုပဲ။ ဒါပေမဲ့ လက်တွေ့ဘ၀မှာ အသုံးချလို့ရအောင် တခြားနည်းနဲ့ ရှင်းပေးလို့ရဦးမလား ဆရာ။ အားတော့ နာပါတယ်။ ဒါပေမဲ့ သမီး အရမ်းစိတ်ဝင်စားလာနေပြီ ဆရာ့စကားကို”

“ငါ့ကိုလည်း ငါ့ရဲ့ နိုင်ငံခြားသား ဆရာက မင်းတို့ကို အခု ပြောသလို ပြောဆို ဆုံးမခဲ့ဖူးတယ်။ ဆရာက ဘယ်လိုဆုံးမသလဲဆိုတော့ မင်းတို့ မြန်မာနိုင်ငံသားတွေဟာ ဘာဖြစ်လို့ မအောင်မြင်သလဲ သိသလားဆိုပြီး မေးဖူးတယ်။ အဲဒါကို မင်းတို့ကို အခု ပြန်ပြောပြမယ်။ အဲဒါကို မပြောခင်မှာ ဒီနေ့ မြန်မာနိုင်ငံမှာ သိပ်ပြီးထင်ရှားတဲ့ ဆရာတော်ကြီးတစ်ပါးက အခု ငါတို့ပြောတာနဲ့ ဆက်စပ်ယူရင်ရနိုင်တဲ့ အကြောင်းအရာတစ်ခုကို သူ့တရားမှာ ထည့်ဟောဖူးတယ်ကွ။ ဆရာတော်ဘုရားကို ထိုင်းနိုင်ငံက မဟာချူလာ လောင်ကွန်းတက္ကသိုလ်က ပါမောက္ခကြီး တစ်ယောက်က ဒီလို လျှောက်ထားတယ်တဲ့”

“ဟုတ် ဆရာ။ အရမ်းစိတ်ဝင်စားဖို့ ကောင်းလာနေပြီ။ သမီးတို့ နားထောင်နေပါတယ်”

“ထိုင်းပါမောက္ခကြီးက ဘယ်လိုလျှောက်သလဲဆိုတော့ အရှင်ဘုရားတို့တိုင်းပြည်မှာ မညီမညွတ်နဲ့ ဟိုနား ဆူညံဆူညံ ဒီနား ဆူညံဆူညံနဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင် တက်လို့ကို မဆုံးဖြစ်နေတာ ဘာကြောင့်ပါလဲ ဘုရားလို့ မေးလျှောက်တယ်တဲ့ကွ”

“ဒီလိုမေးတော့ ဆရာတော်ဘုရားကြီးက ဘယ်လိုများ ပြန်ဖြေလိုက်သလဲ ဆရာ”

“ဆရာတော်ဖြေတာကတော့ တိုတိုတုတ်တုတ်လေးပဲ။ ဘာဖြစ်လို့ အဲဒီလိုဖြစ်နေရသလဲဆိုရင် ဆရာတော်တို့ တိုင်းပြည်မှာ One Man Show နဲ့ Hero များလို့တဲ့”

“ဟာ ဆရာတော်ဘုရားက တော်လိုက်တာနော်။ လိုရင်းကို ရှင်းနေအောင် ကွက်တိ ဖြေပေးခဲ့တာပဲ။ ဆရာ့တပည့် ဒီကောင်လည်း သိပ်ပြီး One Man Show လုပ်ချင်တာ။ Hero လုပ်ချင်တာ”

“အခု ငါ့ဆရာက ငါ့ကို ပြောပြခဲ့တာကို မင်းတို့ကို ပြန်ပြောပြတော့မယ်နော်။ အဲဒီမှာ အဓိက TEAM ဆိုတဲ့ အင်္ဂလိပ် အက္ခရာ လေးလုံးမှာ တစ်လုံးချင်းစီမှာပါတဲ့ သီးခြား အဓိပ္ပာယ်တွေကို ဖော်ထုတ်ပြီး ပေါင်းစပ် အဖြေရှာနိုင်ရင် မင်းတို့ သိပြီပေါ့ကွာ။ T ဆိုတာက Together အတူတကွကို ဆိုလိုတာ။ E ဆိုတာက Everyone လူတိုင်းပေါ့။ A က Are ဖြစ်ကြတယ်။ ရှိကြတယ်။ M ကတော့ More ပိုမိုပြီးတော့ပေါ့။ ဒီစကားလုံးတွေကို မင်းတို့ကလေးဘ၀တည်းက ရင်းနှီးပြီးသား စကားလုံးတွေပါ။ ဒီတော့ ငါ့ဆရာက စောနောင် မင်းအောင်မြင်ချင်ရင် မင်းမှာ Team Work ရှိရမယ်တဲ့။ Together Everyone Are More Work အားလုံးညီတူညာတူ ပူးပေါင်းလုပ်ဆောင်တာဟာ Team Work ပဲပေါ့ သမီးရယ်”

မေဘရဏီတစ်ယောက် ကိုစောနောင် ရှင်းပြချက်ကို ကောင်းကောင်းကြီး သဘောပေါက်သွားပုံရပါတယ်။ ဂျစ်တစ်တစ် လုပ်တတ်တဲ့ ပုဏ္ဏကတောင်ငြိမ်ပြီး အသေအချာ နားထောင်နေလေရဲ့။

တပည့်ကျော် ပုဏ္ဏကဟာ မိနစ်အနည်းငယ်ကြာအောင် တိတ်ဆိတ်နေရာက ရုတ်တရက် ကောက်ကာငင်ကာ “ဒီနေရာမှာ ဘိုးတော် ဦးဝိုင်းက အမတ်ကြီး ဦးပေါ်ဦးကို မေးသလို ကျွန်တော် ဆရာကို ကျွန်တော်မေးချင်တယ်”

“ဟ စကားကြီးစကားကျယ် နိဒါန်းတွေ အချီးတွေနဲ့။ ကဲ မေးစေဗျာ။ မေးစေ”

“သူ့ချည်းသက်သက်လား ပေါ်ဦးလို့ မေးခဲ့တယ် မဟုတ်လား။ အခုလည်း ကျွန်တော်တို့မှာ လိုနေတာ ဒီ Teamwork တစ်ခုတည်းလားလို့ မေးချင်ပါတယ် ဆရာ”

“ငါလည်း ဦးပေါ်ဦး ဖြေသလိုပဲ ဆားနဲ့ပါပေါ့ကွာ”

“အဲဒီ ဆားက ဘာဆားလဲ ဆရာ”

Management နဲ့ Leadership ဆိုတာ ထပ်ခပ်လိုက်ရင် မင်းတို့ဘ၀ ဟင်းအိုးဟာ သိပ်ကို အရသာရှိတဲ့ ဟင်းကောင်းတစ်အိုး ဖြစ်လာမှာ သေချာတယ်ကွ ငါ့တပည့်တို့ရေ”

အခုဆိုရင် မြန်မာပြည်ကြီးဟာ စနစ်သစ် ခေတ်သစ်တစ်ခုထဲကို စတင်ချင်းနင်း ၀င်ရောက်နေပါပြီ။ ဒီနေ့ နိုင်ငံတကာမှာ အောင်မြင်သူတွေ အောင်မြင်တဲ့ အဖွဲ့အစည်းတွေ အားလုံးဟာ ဒီ Teamwork ကို ကောင်းကောင်းကြီး အသုံးချနေကြတယ်ဆိုတာ ငြင်းလို့မရပါဘူး။ တစ်ဦးကောင်း တစ်ယောက်ကောင်း One Man Show လုပ်တာထက် Hero လုပ်တာထက် Teamwork နဲ့ လုပ်ကြတာကို အလေးပေးကြပါတယ်။ တစ်ကိုယ်တော် ချွန်တဲ့သူတွေဟာ ကိုယ့်ကိုယ်ကိုယ် ဥာဏ်ပညာနဲ့ မထိန်းကျောင်းနိုင်ရင် တစ်ကိုယ်ကောင်းသမားတွေ ဖြစ်လာတတ်ကြတယ်။ တစ်ကိုယ်ကောင်းဝါဒဟာ အန္တရာယ်ကြီးလှတယ်ဆိုတာကို အနီးဆုံး မြန်မာ့သမိုင်းဖြစ်ရပ်တွေက ကိုစောနောင်တို့ကို ကောင်းစွာသင်ကြားပေးခဲ့ပြီးပါပြီ။ တကယ်စစ်မှန်တဲ့ ပန်းတိုင်ဆီကို ရောက်ရှိစေဖို့ Teamwork နဲ့ အလုပ်လုပ်ကြပါစို့လား။

ပိုးမွေး

ကလေးငယ်တစ်ဦးအား ပိုလီယိုရောဂါ ကာကွယ်ဆေး တိုက်ကျွေးနေစဉ်

(၁) “ဆေးခန်းက ဖုန်းဆက်တယ်။ ဒီနေ့ သူတို့ ဆရာဝန်ဆေးခန်းထိုင်မယ်တဲ့။ ကလေးတွေကို ကာကွယ်ဆေးထိုးစရာလည်းရှိတော့ ဘွတ်ကင်တော့ ယူထားလိုက်တယ်နော်” လို့ ဇနီးလုပ်သူက လှမ်းပြောတော့ ကိုယ်ပါတစ်ကိုယ်လုံး တုန်တက်ပြီး ဖျားချင်နာချင်သလိုတောင် ဖြစ်သွားမိတယ်။ ဟုတ်တော့လည်း ဟုတ်တယ်။ ဒီရန်ကုန်မှာက ဆေးရုံဆေးခန်းတစ်ခု သွားရတော့မယ်ဆိုရင် မကုန်ဘူးဆို နှစ်သောင်း၊ သုံးသောင်းကတော့ အသာလေး ကုန်တတ်တယ်။ ရိုးရိုးဖျားတာ နာတာလောက် ဆိုရင်တောင် အသွားအပြန်ကားခ၊ ဆရာဝန် စမ်းသပ်ခ၊ ဆေးဖိုးနဲ့ဆို နှစ်သောင်းလောက်တော့ ကုန်ရလေ့ရှိတတ်ပြီး အခုလို ကာကွယ်ဆေးထိုးရမယ် ဆိုရင်တော့ ဆေးတစ်လုံးရဲ့ တန်ဖိုးကိုလိုက်ပြီး ငါးသောင်း၊ တစ်သိန်းလည်း ဖြစ်ချင်ဖြစ်သွားတတ်သေးတယ်လေ။ ကလေးက နှစ်ယောက်။ သူတို့အတွက် ထိုးရမယ့်ဆေးကလည်း ကိုယ်ထိုးရမယ့်အချိန်မှ ဆေးပြတ်ပြီး အဆမတန် ဈေးမြင့်နေရင် ဒီနေ့အဖို့ ဒုက္ခရောက်ပြီသာ မှတ်လိုက်ပေတော့ပဲ။

(၂) ရန်ကုန်မြို့ကြီးမှာတော့ ကိုယ်တွေလို အလယ်အလတ်တန်းစား လူတွေရဲ့ဘ၀ဆိုတာ မရှိရှိတာကို ဟန်လုပ်နေထိုင်နေကြသလိုပါပဲ။ မြို့ထဲနဲ့ သိပ်မဝေးတဲ့နေရာမှာ တိုက်ခန်းကျဉ်းတစ်ခန်းကို ပိုင်တယ်ဆိုရုံ လင်မယား နှစ်ယောက်ကလည်း လခအသင့်အတင့်ရတဲ့ ကုမ္ပဏီဝန်ထမ်း မိသားစုတွေအတွက်တော့ လူနေမှုဘ၀ နေ့စဉ်အခက်အခဲတွေ ဆိုတာက တစ်ခါတစ်ခါ ထူးဆန်းဖို့တောင် ကောင်းနေတတ်ပါတယ်။ ကိုယ်ရှင်သန်နေတဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းရဲ့ အရိပ်ကိုလိုက်ပြီး မနိုင်တဲ့ဝန်မျိုးကို မရည်ရွယ်ဘဲဖြစ်စေ၊ တမင်ဟန်လုပ်ရင်းပဲဖြစ်စေ ထမ်းမိတတ်ကြတယ်။ အတော်အသင့် သုံးနိုင်စွဲနိုင်နေတဲ့ အခြေအနေမို့လည်း မိသားစုမှာ ကလေးတစ်ယောက် မွေးလာတာနဲ့ ပုဂ္ဂလိကဆေးရုံဆေးခန်း အထူးကုဆရာဝန်ဆိုတာ သူတို့အတွက် အမြဲသွားလာရမယ့် နေရာတွေဖြစ်မှန်းမသိ ဖြစ်သွားကြရတယ်။ လင်ရောမယားရောက အပြင်အလုပ်ကိစ္စမှာ ကိုယ့်ကိုယ်ကိုယ် မပိုင်သလိုဖြစ်နေလို့လည်း အလုပ်ထဲ အချိန်ပေးနေရတဲ့အတွက် အစိုးရဆေးရုံဆေးခန်းမှာ အချိန်ကုန် လူပင်ပန်းတဲ့ အဖြစ်တွေကို ရှိတဲ့ငွေလေးနဲ့ ရှောင်လွှဲဖြစ်ကြတဲ့အခါ ကိုယ့်မှာရှိတဲ့အင်အား၊ ခံနိုင်ဝန်ကို မေ့ထားနေကြရတယ်။ ကလေးကို ထိုးရမယ့် ကာကွယ်ဆေးတွေကလည်း အချိန်ဇယားနဲ့ သတ်မှတ်ချက်နဲ့ ထုတ်ထားတဲ့စာရွက်မှာ ကလေးဘယ်နှ နှစ်ရောက်ရင် ဘာဆေးထိုးရမယ်၊ ဘယ်အချိန်ကျရင် ဆေးခန်းလာပြရမယ်ဆိုတာကအစ ကြိုတင်သတ်မှတ်ထားပြီးသလိုလည်း ဖြစ်နေတယ်။ ငွေကြေးပြည့်စုံတဲ့၊ ချမ်းသာတဲ့သူတွေအတွက်တော့ ကလေးကိုအချိန်မလပ် ဂရုစိုက်ရတာ အပန်းမကြီး မသိသာပေမယ့် အလယ်အလတ်တန်းစား မိသားစုတစ်ခု အနေနဲ့က ဒီလိုအခြေအနေတွေဟာ မိသားစုအတွက် ပင်ပန်းစေတာအမှန်ပါ။

နယ်တွေမှာတော့ ကလေးမွေးပြီးတာနဲ့ ပတ်ဝန်းကျင်က ၀ိုင်းဝန်းထိန်းကျောင်းရင်းနဲ့တင် မိဘတွေအတွက် အချိန်ရော လူရော သက်သာစေတတ်ပါတယ်။ ဦးလေး၊ အဒေါ်တွေ လက်ထဲကြီးလာကြတဲ့ ကလေးတွေ အဘိုးအဘွားတွေနဲ့သာ အချိန်ကုန်သွားတတ်တဲ့ ကလေးဘ၀ဆိုတာ နယ်မှာတော့ အများကြီးပဲ။ ကာကွယ်ဆေးဆိုလည်း ဆေးရုံနဲ့ ကျန်းမာရေးဦးစီးဌာနက အခမဲ့တိုက်ကျွေးတဲ့ အစီအစဉ်တွေနဲ့သာ လုံလောက်တယ်လို့တောင် သူတို့အတွက် ခံစားကြရပါတယ်။ နည်းနည်းပါးပါး တတ်နိုင်သူတွေလောက်သာ မဖြစ်မနေထိုးရမယ့် ကာကွယ်ဆေးကို ထိုးတတ်ကြတယ်။ သာမန်မိသားစုဝင် ကလေးတစ်ယောက် အတွက်တော့ ကျန်းမာရေး အစီအစဉ်နဲ့ အခမဲ့ တိုက်ကျွေးတာမှ မဟုတ်ရင် တကူးတကလုပ်ပြီး ကာကွယ်ဆေး မထိုးဖြစ်ကြတော့ဘူး။

(၃) ရန်ကုန်လိုမြို့မှာတော့ လူလတ်တန်းစား မိသားစုတော်တော်များများဟာ အထူးကုဆေးခန်း ဒါမှမဟုတ် ပုဂ္ဂလိကဆေးရုံတစ်ခုမှာ ကလေးမွေးဖြစ်ကြလေ့ ရှိတတ်တယ်။ ဒီလိုမျိုး သက်သောင့်သက်သာဖြစ်လိုတဲ့စိတ်နဲ့ အချိန်ကို ငွေနဲ့လဲလိုက်ရတဲ့အဖြစ်မှာ ကလေးမွေးကတည်းက လက်ထဲရောက်လာတတ်တဲ့ ကာကွယ်ဆေးထိုးနှံဖို့ အချိန်ဇယား ကတ်ပြားလေးဟာ ကလေးကြီးတဲ့အထိ မမေ့မလျော့ ကိုင်ထားရမယ့် ကလေးတစ်ယောက်ရဲ့ ကျန်းမာရေးလည်း ဖြစ်သွားရတော့တယ်။ ဆေးထိုးရမယ့် အချိန်ရောက်ရင် မဖြစ်မနေ ထိုးလေ့ရှိကြသလိုပဲ ထိုးရမယ့်အချိန်မှာ ကိုယ်သွားတဲ့ဆေးခန်းမှာ ဆေးပြတ်နေရင် တစ်မြို့လုံး လိုက်ရှာရတတ်တာကလည်း မြို့ပေါ်က ဒုက္ခတစ်မျိုးပါပဲ။ ရာသီအလိုက် တုပ်ကွေးကာကွယ်ဆေးကနေ အစပြုပြီး ဘီပိုးကာကွယ်ဆေး၊ ဂျပန်ဦးနှောက်အမြှေးရောင်၊ ရေကျောက်၊ ၀က်သက်၊ ပိုလီယိုနဲ့ တခြားကိုယ်တိုင် ငယ်ငယ်ကမကြားဖူး၊ မထိုးဖူးတဲ့ ကာကွယ်ဆေးတွေပါ လိုအပ်တယ်ထင်တဲ့အတိုင်း စုံနေအောင် ထိုးပေးကြရတဲ့အခါ အခုနှစ်လို ရာသီတုပ်ကွေးနဲ့ ပတ်သက်ပြီး အသံတော်တော်ထွက်ခဲ့တဲ့အထိ ဖြစ်တဲ့အချိန်မှာ အပြင်ဆေးခန်းတွေမှာ ရိုးရိုးတုပ်ကွေး ကာကွယ်ဆေးမျိုးတောင် ပစ္စည်းပြတ်တဲ့အထိ ဖြစ်ခဲ့ရတယ်။ ဆေးခန်းတွေကလည်း ဆေးရှားတဲ့နှစ်ဆို ခွဲတမ်းနဲ့သာရကြလို့ အခုလို အစိုးရိမ်ကြီးရတဲ့နှစ်မှာ ပစ္စည်းပြတ်လောက်အောင် ဖြစ်တဲ့အခါ ဆရာဝန်တွေကိုယ်၌က သူတို့ ကလေးတွေအတွက် ကြိုတင်ယူထားလိုက်ကြပြီး အပြင်ကလေးတွေ ဘယ်လောက်ကုန်ကုန် ထိုးချင်ပါတယ် ဆိုတာတောင် ဆေးက ရှာမရတဲ့အထိ ဖြစ်သွားခဲ့တာပါပဲ။

ရန်ကုန်မြို့ပေါ်မှာ ကျန်းမာရေး အစီအစဉ်နဲ့ ကာကွယ်ဆေး တိုက်ကျွေးတဲ့အလုပ်ဟာ တချို့မြို့နယ် အစွန်အဖျား ရပ်ကွက်တွေမှာ တကူးတက ကာကွယ်ဆေးမထိုးဖြစ်ကြတဲ့သူတွေအတွက် အဆင်ပြေစေပေမယ့် မြို့ထဲက ရပ်ကွက်တွေမှာတော့ ကျန်းမာရေး အစီအစဉ်နဲ့ ကာကွယ်ဆေး တိုက်ကျွေးထိုးနှံဖို့ ခေါ်ကြတဲ့အခါ အများစုက ကိုယ့်ကလေးအတွက် ထိုးနှံပြီးသား၊ တိုက်ကျွေးပြီးသား ဖြစ်နေတတ်ကြပါတယ်။ တချို့တွေလောက်ပဲ အဆင့်သင့် ဖြစ်သွားတတ်တဲ့ အချိန်မို့ သွားထိုးကြတာလောက်ပဲ ရှိတတ်ကြတယ်။ မြို့ပေါ်က မိသားစုတွေ အနေနဲ့ ကျန်းမာရေး အစီအစဉ်တွေနဲ့ ကာကွယ်ဆေးတိုက်ကျွေးခြင်းဆိုတာ နှစ်တစ်နှစ်ရဲ့ ဘယ်အချိန်ဘယ်ကာလမှာ တိုက်ကျွေးလိမ့်မယ်ဆိုတာ သတ်သတ်မှတ်မှတ် မသိထားတဲ့အပြင် ကာကွယ်ဆေး ရက်သတ္တပတ် ဆိုတာမျိုးကလည်း နေရာတိုင်းမှာ ဆေးအလုံအလောက် ရှိမှသာ ဖြစ်ချင်မှ ဖြစ်လာတဲ့ပုံစံမျိုးနဲ့ တိုက်ကျွေးလေ့ရှိတတ်ကြတဲ့အခါ တော်ရုံတန်ရုံ မိဘတွေကတော့ ကာကွယ်ဆေးလာတိုက်မယ့်အချိန်ကို စောင့်မနေဘဲ ကိုယ့်ကလေးကို ဆေးရုံက အထူးကုဆရာဝန် ညွှန်ကြားတဲ့အတိုင်း သတ်မှတ် ကာလရောက်တာနဲ့ အပြင်ဆေးခန်းမှာပဲ ထိုးပေး၊ တိုက်လိုက်ကြတာ များပါတယ်။ ရန်ကုန်မြို့လို ပုဂ္ဂလိကဆေးရုံဆေးခန်းပေါများတဲ့ နေရာမျိုးမှာ ပုံမှန်အားဖြင့် အခမဲ့အစီအစဉ်နဲ့ ကာကွယ်ဆေးထိုးနှံတဲ့အပေါ် သိပ်မမျှော်လင့်တတ်တော့တာကြောင့်လည်း ကလေးအတွက် မွေးကတည်းကပါလာတဲ့ အထူးကု ဆရာဝန်ရဲ့ အချိန်ဇယားအတိုင်းနဲ့သာ ထိုးဖြစ်ကြတာ များလာတော့တာပါပဲ။

နယ်ကမိသားစု ဆွေမျိုးမိတ်ဆွေဆုံတဲ့အခါ မိဘချင်းစကားစပ်မိရင် မေးကြည့်တတ်ကြလေ့ရှိတယ်။ နယ်မှာတော့ အဲဒီလိုကာကွယ်ဆေးကို အဆက်မပြတ် ထိုးဖြစ်တယ် ဆိုတာတော့ မရှိဘူး။ တချို့ ဆေးမျိုးတွေဆို ထိုးရကောင်းမှန်းကို မသိဘူးဆိုတာလည်း ကြားရသိရပြန်တယ်။ အဲဒီအခါ သာမန် ပညာတတ်အတွေးနဲ့ စဉ်းစားကြည့်ရင်တောင်မှ ကာကွယ်ဆေးတွေဟာ ထိုးတော့ထိုးထားသင့်တယ်လို့ ထင်မိတတ်ကြပေမယ့် နယ်က ကလေးတွေလည်း ကျန်းမာနေတာပဲ။ ကိုယ့်ကလေးကမှ တစ်ခါ တစ်ခါ ချူချာနေလိုက်သေးတယ်လို့ တလွဲလျှောက် တွေးမိတတ်ပြန်ပါတယ်။ နယ်မှာနေလို့ မြေဓာတ်လေဓာတ်ကလေးရပြီး ကျန်းမာကြတယ်။ သဘာဝကပေးတဲ့ အစားအစာတွေစားရလို့ ကျန်းမာတယ်လို့လည်း အစဉ်အဆက် ယုံကြည်ခဲ့ကြတာလည်း ပါတာပေါ့။ ဘာကြောင့်များမြို့ပေါ်က ကလေးတွေက တချို့ဆို ချူချာလွန်းလို့ ဆေးနဲ့အသက်ရှင်နေရတဲ့ ဖြူဖြူ ဖွေးဖွေး ပိုးကောင်လေးတွေလို ဖြစ်နေကြတာလဲလို့သာ မေးဖို့ရှိပါတော့တယ်။

(၄) မွန်းကျပ်နေတဲ့ ရန်ကုန်မြို့က တိုက်ခန်း ကျဉ်းကျဉ်းတွေမှာ နေနေရတဲ့ ကလေးတွေအတွက် ကျန်းမာရေးလို့ဆိုတာနဲ့ အဟာရဖြစ်စေမယ့် အစားအစာ ဆေးထိုးဆေးတိုက်တာကိုပဲ အာရုံစိုက်ခံကြပေမယ့် ကလေးတွေရဲ့ ကိုယ်လက်လှုပ်ရှားမှုအတွက် မိဘတွေ အချိန်ပေးဖြစ်ခဲ့တာ ရှားပါးလာပါတယ်။ တိုက်ခန်းအောက်မှာလည်း ဆော့ကစားလို့မရ အနီးအနားမှာ ရပ်ကွက်ကစားကွင်းလိုမျိုးလည်း သီးသန့်မရှိတဲ့အခါ တစ်ခါတစ်ခါ မိဘတွေ ရုံးပိတ်ရက် လိုက်ပို့တတ်တဲ့ ဈေးဝယ်စင်တာတွေက ကလေးကစားကွင်း ကျဉ်းကျဉ်းတွေဟာ ကလေးတွေအတွက်တော့ မဟာအခွင့်အရေး ပျော်စရာနေ့ရက်ကြီး ဖြစ်နေကြရတယ်။ ကလေးတွေအတွက်ကလည်း တိုက်ခန်းတွေထဲ ပိတ်မိနေသလိုဖြစ်ပြီး ကစားရမယ့်အရွယ်မှာ တီဗီစခရင်နဲ့ ဖုန်းမျက်နှာပြင်ပေါ်မှာပဲ အချိန်ကုန်နေကြတဲ့အခါ ကိုယ်လက်ကြံ့ခိုင်သန်စွမ်းရေးမှာ နယ်ကကလေးတွေနဲ့စာရင် နှေးကွေးလာကြတယ်။ နယ်မှာတော့ လမ်းလျှောက်တတ်တာနဲ့ အိမ်အပြင်မှာ ဆော့ကစားဖို့ အဆင့်သင့်ဖြစ်နေသလို တချို့ရွာဘက်တွေက ကလေးတွေဆို မြေကြီးပေါ် ဒီအတိုင်း ချထားကြတာပဲ။ နယ်တွေမှာ တချို့စည်းစနစ်ရှိတဲ့ ဗဟုသုတရှိတဲ့ မိသားစုတွေကလွဲရင် ကလေးတွေအတွက် တစ်ကိုယ်ရေ သန့်ရှင်းရေးကို အရမ်းအလေးထားတာ မတွေ့ရပေမယ့် ကလေးအများစုက မြို့ပေါ် မှာထက်တော့ ကိုယ်ခန္ဓာ ကြံ့ခိုင်သန်စွမ်းဖို့ အထောက်အပံ့ကောင်းတွေ ရနေလေ့ရှိတယ်။
ရန်ကုန်မှာတော့ ကလေးကစားစရာ နေရာတွေဆိုတာ ရပ်ကွက်ထဲ၊ ပန်းခြံထဲ အိမ်နဲ့ လက်တစ်ကမ်း လမ်းတစ်ပြလောက်မှာ အလွယ်တကူ မရှိတတ်ကြဘဲ တကူးတက သွားဖြစ်တယ်ဆိုမှသာ ရောက်ဖြစ်တဲ့နေရာမျိုးပါ။ ရပ်ကွက်ဘောလုံးကွင်းတွေကနေ တိုက်ခန်းတွေအဖြစ် ပြောင်းလဲလာသလို ပန်းခြံတွေက ဈေးဝယ်စင်တာတွေ ဖြစ်သွားခဲ့တာဟာ ကလေးတွေ အတွက်တော့ အခွင့်အရေးတွေ လက်လွှတ်လိုက်ရတာနဲ့ အတူတူပါပဲ။ ကလေးတွေ ကစားရမယ့်နေရာ၊ ကစားရမယ့်အချိန် ရှားပါးလာတဲ့မြို့ပေါ်မှာ ကလေးတွေ အတွက် ပြေးလွှားကစားကြဖို့ကိုတောင် ငွေနဲ့ဆက်ပြီး သွားကြရတဲ့အခါ တော်ရုံမိသားစု တစ်ခုအတွက် ခက်ခဲရပြန်တယ်။ ကလေးတွေ ကစားခုန်စားဖို့အတွက်ကိုတောင် အကုန်အကျခံ အချိန်ပေးနေရတာကြောင့်လည်း ရန်ကုန်မြို့ပေါ်က အလယ်အလတ်တန်းစား မိသားစုတစ်စုအတွက် လစဉ်အဆင်ပြေပြေ နေထိုင်သွားရရင်ပဲ ကံကောင်းနေပြီဆိုသလို ဖြစ်နေရတော့တာပါပဲ။

ဒါကြောင့်လည်း မြို့ပေါ်မှာ နေရပေမယ့် သာမန်မိသားစုတွေ အတွက်တော့ လူနေမှု အဆင့်မီစွာ အသက်ရှင်ရပ်တည်ဖို့ အချိန်တိုင်း တွေးပူနေရ၊ သောကများနေရသေးတယ်။ အသက်မွေးဝမ်းကျောင်း အလုပ်အခြေအနေကြောင့်ဖြစ်စေ ကလေးတွေနောင်ရေး အသိအမြင် ကျယ်စေလိုလို့ပဲဖြစ်စေ ရန်ကုန်မြို့မှာ နေထိုင်တဲ့အခါ အစစအရာရာ ချွေတာနေမှ တော်လိမ့်မယ်ဆိုပေမယ့် ကလေးတွေနဲ့ ပတ်သက်ရင်တော့ ဘာကြောင့်ပဲဖြစ်ဖြစ် အကုန်အကျခံ ကြိုးစားပေးနေရဦးမှာပါပဲ။ အနာဂတ် ကလေးတွေအတွက် မြို့မှာ၊ ရွာမှာ၊ ကျောင်းမှာ၊ အိမ်မှာ ရပ်ကွက်မြို့နယ်တွေမှာ နိုင်ငံတော်ရဲ့ ကောင်းမွန်ပြည့်စုံတဲ့ အစီအမံ လုံလောက်တဲ့ ပံ့ပိုးမှုမဖြစ်နိုင်သေးသမျှ မြို့ပေါ်က မိသားစုတွေလည်း ရွာမှာနေတဲ့ သူတွေလိုဘ၀ကို ကလေးအတွက် ရုန်းကန်နေရဦးမှာပါပဲ။ မြို့ပေါ်မှာနေရတယ် ဆိုပြီးလည်း တိုးတက်ဖို့ အခွင့်အရေးတွေ ပိုရနေသလို လက်လွှတ်လိုက်ရတဲ့ အကျိုးကျေးဇူးတွေကလည်း များနေတာပါပဲ။ အခုလည်း ညနေဆေးခန်း သွားရမယ်ဆိုတော့ အိမ်ကကလေးတွေ တော်တော်လေး တက်ကြွနေကြတယ်။ ပျော်လည်း ပျော်နေကြတယ်။ ဒါပေမဲ့ ဆေးထိုးရမှာ သိတော့ အငယ်မကလေးက ပထမ ကြောက်ချင်သလို ဖြစ်နေသေးတယ်။ သူ့အမေက ဆေးထိုးပြီးရင် ဆေးခန်းနားက ဈေးဝယ်စင်တာမှာ လျှောသွားစီးမယ်လည်းဆိုရော သမီးက ဆေးထိုးရင် မငိုဘူးနော်ဆိုပြီး ဖြစ်သွားတော့တာပါပဲ။

ကုန်သွယ်မှု၊ ဆင်းရဲမှု လျှော့ချရေးနှင့် ဖွံ့ဖြိုးတိုးတက်စေမှု (၂၇)

ထိုင်းနိုင်ငံသို့ ထွက်ခွာမည့် မြန်မာရွှေ့ပြောင်းလုပ်သားများအား ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအနီး တွေ့ရစဉ် (ဓာတ်ပုံ-ကိုရွှေသိန်း-မြ၀တီ)

ကျွမ်းကျင်မှု (Skills) တွေက နိုင်ငံတိုင်းမှာ မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်လာစေဖို့ လိုအပ်တာကြောင့် ဒီတစ်ပတ်မှာ Skills နဲ့ပတ်သက်တဲ့ အကြောင်းအချက်တွေကိုရေးဖို့ စိတ်ကူးပေါ်လာခဲ့ပါတယ်။ ကျွမ်းကျင်မှုတွေက လူတစ်ဦးချင်းမှာ လုပ်ငန်းနေရာအလိုက် အံဝင်ခွင်ကျဖြစ်စေမယ့် ကျွမ်းကျင်မှုတွေ လိုအပ်ပါတယ်။ မိမိမကျွမ်းကျင်တဲ့ လုပ်ငန်းနေရာမှာ မိမိကို တာဝန်ပေးအပ်ခံရတာမျိုးက ရေရှည်အမြင်နဲ့ အနာဂတ် အမြင်မရှိသူတွေရဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။

စာရေးသူက မိမိသိထားတဲ့ အသိပညာတွေကို အခြားသူတွေ သိရှိနားလည် သဘောပေါက်သွားရင် စာရေးသူရဲ့စိတ်မှာ အလိုလို ၀မ်းသာကြည်နူးနေမိပါတယ်။ စာရေးသူ သင်ကြားပေးခဲ့တဲ့ သင်တန်းတွေမှာ ဈေးကွက်သဘောတရား (Marketing) မှာဆိုရင် ဈေးကွက်ဝင်နိုင်ဖို့ ထုတ်ကုန်ပစ္စည်းတွေ စဉ်းစားမယ်ဆိုရင် (Niche Marketing) လို့ခေါ်တဲ့ မသိသူကျော်သွား သိသူဖော်စားဆိုတဲ့ စကားရပ်အတိုင်း ဈေးကွက်အတွင်းမှာ မည်သူတစ်ဦးတစ်ယောက်မျှ လုပ်ဆောင်မှုမရှိသေးတဲ့ ထုတ်ကုန်ကို စဉ်းစားဖို့ သင်ကြားပေးလိုက်တယ်။ ဒါမှလည်း ဈေးကွက်ဝေစု ရာခိုင်နှုန်း ၁၀၀ အပြည့်ရရှိမှာ ဖြစ်ပါတယ်။ ဈေးကွက်ဝင်တဲ့ ထုတ်ကုန်ပစ္စည်းတစ်ခုက အပြိုင်အဆိုင်များလေလေ ဈေးကွက်ဝေစု (Marketing Shares) ရရှိမှု နည်းသွားလေဖြစ်ပါတယ်။ ဒီအတွက် ဈေးကွက်သုတေသနပြုလုပ်မှု (Marketing Research) က အရေးကြီးပါတယ်။

စာရေးသူတို့ မြန်မာစကားမှာ မသိရင်မေး၊ မစင်ရင်ဆေးဆိုတာ ရှိပါတယ်။ စာရေးသူကိုယ်တိုင်လည်း မသိရင်မေးလေ့ ရှိပါတယ်။ လူတစ်ဦးချင်းအပေါ်မှာ အထင်သေးတဲ့စိတ်မထားဘဲ မသိရင်မေးတတ်တဲ့ အလေ့အကျင့် ကောင်းတွေရှိဖို့ လိုအပ်တယ်။ တက္ကစီစီးရင် ယာဉ်မောင်းကိုမေးရာကနေ စာရေးဖို့ ခေါင်းစဉ်ရလာတတ်ပါတယ်။ တစ်ယောက်သော ယာဉ်မောင်းဆီက ဒီလူတွေက မွေးလာကတည်းက ရှက်ကြိုးပြတ်လာတယ်လို့ပြောတော့ စာရေးသူက ချက်ကြိုးနဲ့ရှက်ကြိုး ခေါင်းစဉ်နဲ့ ဆောင်းပါးရေးဖြစ်တယ်။ ဒီလူတွေက အခုသူတို့ကိုယ်သူတို့ အကျယ်ချုပ်ခံနေရပြီလို့ ပြောတော့ မိမိကိုယ်မိမိ အကျယ်ချုပ်ကျခံနေရသူများ ခေါင်းစဉ်နဲ့ ဆောင်းပါးဖြစ်သွားတယ်။ တစ်ခါ အပေါ်မဂ်နဲ့ အောက်ဖို၊ အပေါ်မဂ်နဲ့ အောက်ဖိုကနေ မက်ဖိုနဲ့မဂ်ဖိုလ် ခေါင်းစဉ်နဲ့ ဆောင်းပါးဖြစ်လာတယ်။ စာများများဖတ်ရှုခြင်းရဲ့ အကျိုးကျေးဇူးပါ။

လူတစ်ဦးချင်းကို စာများများဖတ်စေလိုတဲ့ဆန္ဒ စာရေးသူမှာရှိပါတယ်။ စာဖတ်သူတို့ စကားဝိုင်းမှာ စာမတတ်သူပပျောက်ရေးမှသည် စာမဖတ်သူပပျောက်ရေး ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့ဖူးပါတယ်။ ဒီကနေ့ကမ္ဘာကြီးက အချိန်နဲ့အမျှ ပြောင်းလဲနေတာဖြစ်လို့ နှစ်ပေါင်း ၆၀ ၀န်းကျင်လောက် နောက်ကျကျန်ရစ်ခဲ့တဲ့ စာရေးသူတို့နိုင်ငံကို ဘက်ပေါင်းစုံ တိုးတက်လာစေဖို့ လုပ်ငန်းနဲ့စပ်ဟပ်တဲ့ ကျွမ်းကျင်မှုတွေ လိုအပ်ပါတယ်။

လူတစ်ဦးချင်းစီမှာ ရှိကြရမယ့် ကျွမ်းကျင်မှုအမျိုးအစားတွေက –

(၁) ဆက်သွယ်ဆောင်ရွက်မှု (Communication)

ဒါကတော့ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံ လိုအပ်တဲ့ ဆက်သွယ်မှုတွေ လုပ်ကြဖို့ဖြစ်ပါတယ်။ ဒီနေရာမှာ ၁၉၅၇ ခုနှစ်မှာ ဆာဖရန်စစ်ဘေကွန်ပြောခဲ့တဲ့ စကားသုံးခွန်းကို ပြန်လည်ညွှန်းဆိုလိုပါတယ်။

-စာဖတ်ခြင်းက လူကိုပြည့်ဝစေပါတယ်။
-သင်တန်းများ တက်ရောက်ခြင်းက အလုပ်လုပ်ဖို့ အဆင်သင့် ဖြစ်စေပါတယ်။
-စာရေးသားခြင်းက တိကျသူဖြစ်စေတယ်။

ဆိုတာဖြစ်ပါတယ်။ စာတွေများများဖတ်ရှု ကြရာကနေ မသိတာတွေ သိလာနိုင်တယ်။ သင်တန်းတွေ တက်ရောက်တာကလည်း မသိသေးတာကိုသိအောင် မကျွမ်းကျင်တာတွေ ကျွမ်းကျင်လာအောင် လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။

(၂) နည်းပညာ (Technology)

ဒီကနေ့ခေတ်မှာ ကွန်ပျူတာနည်းပညာတွေ တိုးပွားများပြားလာတယ်။ မိုဘိုင်းဖုန်းတွေမှာ ကွန်ပျူတာနည်းပညာတွေပါ ရောယှက်သွင်းယူလာတယ်။ ကွန်ပျူတာတွေ မြန်မာနိုင်ငံအတွင်း ထဲထဲဝင်ဝင် ရောက်လာပြီး အင်တာနက်နည်းပညာ ကျယ်ပြန့်လာရာကနေ စာရေးသူရဲ့ စာကြည့်တိုက်က အင်တာနက် Google ကနေ ကိုယ်ဖတ်ချင်တာတွေကို ရှာယူခဲ့တယ်။ အင်တာနက် နည်းပညာက စာရေးသူရဲ့ ဘ၀အစိတ်အပိုင်းကို ပြောင်းလဲပေးလိုက်ပါတယ်။ သို့ပေမဲ့ စာရေးသူ မသိသေးတာတွေ များစွာရှိနေသေးတယ်လို့ ခံယူထားတယ်။ ကျွမ်းကျင်မှု အတတ်နည်းပညာတွေက သင်ယူလို့မဆုံးနိုင်ပါ။

(၃) ငွေရေးကြေးရေး (Finance)

ငွေရေးကြေးရေးကဏ္ဍကလည်း မသိမဖြစ် ကျွမ်းကျင်ဖို့လိုအပ်တယ်။ အမှတ်စဉ် (၂၆) မှာ ရေးခဲ့တဲ့အတိုင်း ငွေကြေးမှာ Balancing Act သဘောတရားက အရေးပါလာပြန်ပါတယ်။ ငွေကြေးဆိုင်ရာကဏ္ဍမှာလည်း ကျွမ်းကျင်မှုများစွာ လိုအပ်တယ်။ ၀င်ငွေနဲ့ ထွက်ငွေသဘောတရားပြီးရင် ငွေကြေးကို စနစ်တကျ ကိုင်တွယ် ထိန်းသိမ်းတတ်မှု၊ ငွေစာရင်းရှင်းတမ်းတွေ အပါအ၀င် ကျွမ်းကျင်မှုတွေ များစွာလိုအပ်ပါတယ်။

(၄) ကြီးကြပ်ဆောင်ရွက်မှု (Supervision)

အကွပ်မရှိတဲ့ကြမ်း ပရမ်းပတာ ဖြစ်နိုင်သလို လုပ်ငန်းတွေမှာ စနစ်တကျ ထိန်းကျောင်း ကြီးကြပ်နိုင်မှုမရှိရင် လုပ်ငန်းတွေမှာ ပရမ်းပတာ ဖြစ်လာနိုင်ပါတယ်။ လုပ်ငန်းကြီးကြပ်ရာမှာ အရေးကြီးတဲ့ အချက်တစ်ခုက Delegation လို့ခေါ်တဲ့ အဆင့်ဆင့် တာဝန်ခွဲဝေ ဆောင်ရွက်တတ်မှု ဖြစ်ပါတယ်။ ဗဟိုချုပ်ကိုင်မှု ကြီးစိုးလွန်းရင် နိုင်ငံမှာ ပျော့ကွက်၊ ဟာကွက်တွေများလာပြီး ထိန်းကျောင်းကြီးကြပ်မှု အားနည်းရာကနေ အကျင့်ပျက်ခြစားမှုတွေ များစွာ ပေါ်ပေါက်စေတာဖြစ်ပါတယ်။ နောက်တစ်ချက် အရေးကြီးတာက လုပ်ဆောင်ပြီးသမျှ လုပ်ငန်းတွေကို ပြန်လည်ဆန်းစစ်တတ်မှု (Assessment) ဖြစ်ပါတယ်။ ဆန်းစစ်မှုကောင်းပါမှ လိုအပ်ချက်တွေကို တွေ့မြင်လာပြီး ပိုမိုကောင်းမွန်အောင် လုပ်ဆောင်လာနိုင်စေမှာ ဖြစ်ပါတယ်။ တစ်သွေးတစ်သံတစ်မိန့် ပုံစံနဲ့ လုပ်ဆောင်ခဲ့ကြရာက လုပ်ငန်းတွေမှာ ကြီးကြပ်မှုမရှိ၊ ဆန်းစစ်မှုမရှိတာတွေ ဖြစ်လာရတယ်။

(၅) စီမံခန့်ခွဲမှု (Management)

ကျွမ်းကျင်မှုမှာ စီမံခန့်ခွဲမှုက ပင်မဖြစ်ပါတယ်။ အထက်မှာဆိုခဲ့တဲ့ (၁) ကနေ (၄) အထိအချက်တွေက စီမံခန့်ခွဲမှုရဲ့ လုပ်ငန်းအပိုင်းတွေ ဖြစ်ပါတယ်။

– လူစီမံခန့်ခွဲမှု (Human Resources Management) (HRM)
– ငွေကြေးစီမံခန့်ခွဲမှု (Financial Management)
– ဈေးကွက်ဖော်ဆောင်ခြင်း စီမံခန့်ခွဲမှု (Marketing Management)
– အချိန်စီမံခန့်ခွဲမှု (Time Management)
– ပစ္စည်းစီမံခန့်ခွဲမှု (Material Management)
– ၀န်ဆောင်မှုစီမံခန့်ခွဲမှု (Service Management)
– နည်းပညာစီမံခန့်ခွဲမှု (Technology Management)

■ ကျွမ်းကျင်မှုက လုပ်ငန်းတွေ အောင်မြင်အောင် ဆောင်ရွက်ရာမှာ လူတစ်ဦးချင်းရဲ့ ကျွမ်းကျင်မှု အရည်အသွေးတွေက အမြဲတိုးတက် ပြောင်းလဲနေကြရမယ်။

■ လုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ကျွမ်းကျင်မှုရဲ့တန်ဖိုးတွေ အမြဲမြင့်မားအောင် ကြိုးပမ်းလုပ်ဆောင်ကြရမယ်။

■ လူတစ်ဦးချင်း၊ အဖွဲ့အစည်းတစ်ခုချင်းနဲ့ နိုင်ငံတစ်နိုင်ငံချင်းမှာ အားသာချက် (Sterngths) တွေနဲ့ အားနည်းချက် (Weaknesses) တွေက နေရာတိုင်းမှာ ရှိနေတတ်တာဖြစ်လို့ အဲဒီမှာ အားနည်းချက်တွေကို အားသာချက်အဖြစ် ပြောင်းလဲလာနိုင်စေဖို့ အရေးကြီးပါတယ်။ အားသာချက်တွေ များလာအောင် ကျွမ်းကျင်မှုတွေကို ဘက်ပေါင်းစုံမှာ ကောင်းမွန်တိုးတက်လာအောင် လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ လူတစ်ဦးချင်းက အရာရာမှာ ပြည့်စုံသူတစ်ဦး ဖြစ်မလာနိုင်ပါဆိုတဲ့ စကားရှိပါတယ်။ သို့ပေမဲ့ ကျွမ်းကျင်မှုတွေကို မိမိတစ်ဦးတည်း အပိုင်ယူထားတာမျိုး မရှိစေဘဲ ကျွမ်းကျင်မှုတွေကို Multi-Sector Skills တွေအဖြစ် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ဆောင်ပေးကြရမှာ ဖြစ်ပါတယ်။

■ နည်းပညာကျွမ်းကျင်မှု အသစ်တွေကိုလည်း အမြဲဖွံ့ဖြိုး တိုးတက်လာအောင် လုပ်ဆောင်နေကြရမှာ ဖြစ်ပါတယ်။ နည်းပညာ အသစ်အဆန်း ကျွမ်းကျင်မှုတွေကို မိမိနိုင်ငံအတွင်း သယ်ယူလာနိုင်စေဖို့ နည်းပညာ မြင့်မားတဲ့နိုင်ငံနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ခုသတိထားရမှာက တိုးတက်ပြောင်းလဲလာနေတဲ့ နည်းပညာကျွမ်းကျင်မှု အသစ်တွေကို ကောင်းမွန် တိုးတက်စေမယ့်နေရာမှာ အသုံးချဖို့ လိုအပ်တယ်။ ဖုန်းတွေပွတ်ပြီး လူတစ်ဦးချင်းရဲ့ တူညီစွာ ပိုင်ဆိုင်ကြတဲ့အချိန်တွေကို အလဟဿ မဖြစ်စေဘဲ မိမိနိုင်ငံ တိုးတက်လာစေဖို့နဲ့ မိမိနိုင်ငံသားတွေ ဘ၀အရည်အသွေး တိုးတက်လာစေဖို့သာ တူညီတဲ့ အနာဂတ် အမြင်ကောင်းတွေ ထားရှိကြပြီး ၀ိုင်းဝန်းလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ အရာရာတိုင်းက စီမံခန့်ခွဲမှုနဲ့ကင်းတာ တစ်ခုမှမရှိပါ။ လူတစ်ဦးချင်းမှာ မိမိကိုယ်မိမိ စီမံခန့်ခွဲမှု (Self Management)၊ အဖွဲ့အစည်း စီမံခန့်ခွဲမှု (Organization Management) ကနေ နိုင်ငံအုပ်ချုပ်တဲ့ အစိုးရတွေအနေနဲ့ ကောင်းမွန်သော အုပ်ချုပ်စီမံခန့်ခွဲမှု (Good Government- Good Management) တွေ လိုအပ်တာဖြစ်ပါတယ်။ စာရေးသူတို့နိုင်ငံက လူမှန်နေရာမှန် မဖြစ်ရာကနေ လွဲမှားတဲ့စီမံခန့်ခွဲမှု (Mis-Management) ကြောင့် နိုင်ငံက ဘက်ပေါင်းစုံမှာ အားနည်းလာခဲ့ပြီး အဘက်ဘက် ကျဆင်းလာခဲ့တယ်။ အဲဒီမှာ အဆိုးရွားဆုံးက အကောင်းမြင်မှု (Optimism) မထားနိုင်ကြဘဲ မကောင်းမြင်ဝါဒ (Pessimism) ကို စွဲကိုင်လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။ စာရေးသူအနေနဲ့ မေတ္တာရပ်ခံလိုတာက အားလုံးက တူညီတဲ့ ရည်မှန်းချက်ထားရှိပြီး ပကတိအမှားတွေကို သင်ခန်းစာယူ၊ လက်ရှိပစ္စုပ္ပန်မှာ အကောင်းဆုံး လုပ်ဆောင်ကြရာကနေ ပူးပေါင်းဆောင်ရွက်မှုစွမ်းအား (Collaborative Strength) ကနေ နိုင်ငံကို ဘက်ပေါင်းစုံ တိုးတက်လာစေဖို့ လိုအပ်နေပြီလို့ ဆိုချင်ကြောင်းပါ။