Big Bag နှင့် J-Me ပါဝင်ဖျော်ဖြေမည့် Youk $hi ဂီတဖျော်ဖြေပွဲ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံတွင် ပြုလုပ်မည်

ဖျော်ဖြေပွဲတွင် ပါဝင်မည့် တေးသံရှင်ကျားပေါက်

Big Bag နှင့် J-Me တို့ ပါဝင်ဖျော်ဖြေမည့် Youk $hi ဂီတဖျော်ဖြေပွဲအား အောက်တိုဘာ ၇ ရက်တွင် ရန်ကုန်မြို့အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဂီတဖျော်ဖြေပွဲကို Youk $hi MOB Scene ဟု အမည်ပေးထားပြီး အောက်တိုဘာ ၇ ရက်ည ၇ နာရီတွင် စတင်မည်ဖြစ်ကြောင်း သိရသည်။ Youk $hi ဂီတဖျော်ဖြေပွဲကို ယခင်ကလည်း ကျင်းပခဲ့ပြီး ယခုနှစ်တွင် အမျိုးသားကဇာတ်ရုံ၌ ထူးခြားစွာတင်ဆက်ရန် စီစဉ်ထားခြင်းဖြစ်သည်။

“Youk $hi ပွဲမှာ ဖျော်ဖြေဖို့ရှိပါတယ်။ အမျိုးသားဇာတ်ရုံမှာ လုပ်မှာပါ။ ကျွန်တော်တို့ Big Bag ရယ်၊ J-Me ရယ်ပေါ့။ ကျွန်တော်ဖျော်ဖြေချင်တဲ့ ပုံစံတွေလည်း စဉ်းစားထားတယ်။ ပွဲရဲ့ Theme နဲ့လိုက်ပြီး သီချင်းရွေးတာကအစပေါ့။ နောက်ထပ်ပွဲတွေလည်း စီစဉ်ထားတာတွေ ရှိပါတယ်။ ပွင့်လင်းရာသီဆိုတော့ ရှိုးတွေရှိဦးမှာပါ” ဟု အဆိုပါ ဖျော်ဖြေပွဲတွင် ပါဝင်မည့် တေးသံရှင်ကျားပေါက်က ဆိုသည်။

Youk $hi ဂီတဖျော်ဖြေပွဲတွင် တေးသံရှင်ကျားပေါက် ပါဝင်သည့် Big Bag အဖွဲ့နှင့် တေးသံရှင် J-Me တို့အပိုင်းများခွဲ၍ တင်ဆက်မည်ဖြစ်ပြီး ဖျော်ဖြေမှုတွင် တစ်ဦးချင်း၏ အောင်မြင်ထင်ရှားသည့် တေးသီချင်းအများအပြားဖြင့် ဖျော်ဖြေတင်ဆက်ရန် စီစဉ်ထားခြင်းဖြစ်သည်။ ဂီတဖျော်ဖြေပွဲအတွက် လက်မှတ်များရောင်းချလျက်ရှိပြီး လက်မှတ် ဈေးနှုန်းများကို ကျပ် ၁၅၀၀၀၊ ၂၀၀၀၀၊ ၂၅၀၀၀ နှင့် ၃၀၀၀၀ ဟု သတ်မှတ်ရောင်းချလျက်ရှိကြောင်း သိရသည်။

အောက်တိုဘာလဆန်း သီတင်းကျွတ်ကာလတွင် ဂီတဖျော်ဖြေပွဲများပြုလုပ်ရန် စီစဉ်ထားကြရာ၌ Iron Cross ဂီတဖျော်ဖြေပွဲ၊ အမျိုးသားတေးသံရှင် ခုနစ်ဦးပါဝင်မည့် ဂီတဖျော်ဖြေပွဲ၊ တေးသံရှင်တင်ဇာမော်၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲနှင့် Big Bag ဂီတဖျော်ဖြေပွဲများလည်း ပါဝင်ကြောင်း သိရသည်။

ချွိုင်မင်ဆစ်နှင့် ပက်ရှင်ဟီးတို့၏ Silent Witness ဇာတ်ကား နိုဝင်ဘာတွင် ဖြန့်ချိမည်

ပက်ရှင်ဟီး၊ ချွိုင်မင်ဆစ်

ကိုရီးယား သရုပ်ဆောင် ချွိုင်မင်ဆစ် နှင့် ပက်ရှင်ဟီးတို့ အဓိက ဇာတ်ကောင်များအဖြစ် ပါဝင်ထားသည့် သည်းထိတ်ရင်ဖို မှုခင်းဇာတ်ကား Silent Witness ကို နိုဝင်ဘာတွင် ပြည်တွင်းရုပ်ရှင်ရုံများ၌ ပြသမည် ဖြစ်သည်။

သြဇာလွှမ်းမိုးမှု ရှိသည့် စီးပွားရေး လုပ်ငန်းရှင်နှင့် စေ့စပ်ထားသည့် အမျိုးသမီး သေဆုံးမှု၌ လူသတ်သမားအဖြစ် သံသယဖြစ်ခံခဲ့ရသည့် သမီးကို အမှုမှလွတ်ရန် ဖခင်ဖြစ်သူက ကြိုးပမ်းသည့်အကြောင်း ရိုက်ကူးထားသည့် ယင်းဇာတ်ကားတွင် ချွိုင်က ငွေကြေး၊ ဂုဏ်သိက္ခာ၊ အာဏာနှင့် ချစ်ခြင်းမေတ္တာတို့ကို ပိုင်ဆိုင်ထားသည့် စီးပွားရေးကော်ပိုရေးရှင်းတစ်ခု၏ ဥက္ကဋ္ဌ Im Tae-san အဖြစ် သရုပ်ဆောင်ထားပြီး ပက်က ရှေ့နေအဖြစ် သရုပ်ဆောင်ထားသည်။ ယင်းဇာတ်ကားတွင် ပါဝင်ခဲ့သည့် ဇာတ်ကောင်သည် ၎င်းအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်ခဲ့သည်ဟု ပက်က ပြောကြားသည်။

တရုတ်ရုပ်ရှင်ဇာတ်ကား Silent Witness ကို ဒါရိုက်တာဂျောင်ဂျီဟွန်းက ပြန်လည်ဆန်းသစ် ရိုက်ကူးထားသည့် ယင်းဇာတ်ကားကို Yong Film က ထုတ်လုပ်ပြီး CJ Entertainment က ဖြန့်ချိမည် ဖြစ်သည်။ ယင်းဇာတ်ကားတွင် Ryu Jun-yeol နှင့် Lee Ha-nee တို့လည်း ပါဝင် သရုပ်ဆောင်ထားသည်။

Oldboy ၊ I Saw the Devil နှင့် The Admiral : Roaring Currents စသည့် ဇာတ်ကားများဖြင့် ကျော်ကြားခဲ့သည့် ချွိုင်သည် ၂၀၁၄ ခုနှစ်က ဖြန့်ချိခဲ့သည့် ပြင်သစ်ဇာတ်ကား Lucy တွင် စကားလက်ဂျိုဟန်ဆန်နှင့် တွဲဖက် သရုပ်ဆောင်ခဲ့သည်။ ချွိုင် သည် ဆောင်ကန်ဟိုနှင့် Sol Kyung-gu တို့နှင့်အတူ ကိုရီးယား၏ ပါရမီထူးသော သရုပ်ဆောင်အဖြစ် သတ်မှတ်ခံခဲ့ရသည်။

၂၀၀၃ ခုနှစ်တွင် Stairway to Heaven ဇာတ်လမ်းတွဲဖြင့် မင်းသမီးဖြစ်လာခဲ့သည့် ပက်ရှင်ဟီးသည် Pinocchio ဇာတ်လမ်းတွဲတွင် သတင်းထောက် ဇာတ်ကောင်နှင့် Doctors ဇာတ်လမ်းတွဲတွင် ဆရာဝန် ဇာတ်ကောင်တို့ဖြင့် အောင်မြင်ခဲ့သည်။ အသက် ၂၇ နှစ်အရွယ်ရှိ ပက်သည် Forbes မဂ္ဂဇင်းက ထုတ်ပြန်သည့် ၂၀၁၇ ခုနှစ် သြဇာလွှမ်းမိုးမှုအရှိဆုံး ကိုရီးယားအနုပညာရှင် စာရင်းတွင် နံပါတ် ၁၂ နေရာ၌ ဖော်ပြခံခဲ့ရသည်။

နိုင်ငံတကာတွင် ပြသလျက်ရှိသည့် AMERICAN ASSASSIN ရုပ်ရှင်ဇာတ်ကားကို ရန်ကုန်နှင့် မန္တလေးမြို့များရှိ ရုပ်ရှင်ရုံများ၌ တစ်ပြိုင်နက် ရုံတင်ပြသ

နိုင်ငံတကာတွင် ပြသလျက်ရှိသည့် AMERICAN ASSASSIN ရုပ်ရှင်ကို စက်တင်ဘာ ၂၂ ရက်မှ စတင်ကာ ရန်ကုန် နှင့် မန္တလေးမြို့များရှိ ရုပ်ရှင်ရုံများ၌ တစ်ပြိုင်နက် ရုံတင်ပြသလျက် ရှိသည်။

AMERICAN ASSASSIN ရုပ်ရှင်ဇာတ်ကားကို အမေရိကန်နိုင်ငံရှိ ရုပ်ရှင်ရုံများ၌ စက်တင်ဘာ ၁၅ ရက်က စတင်ပြသခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ယင်းဇာတ်ကားကို အမေရိကန်နိုင်ငံ အပါအ၀င် နိုင်ငံအများအပြား၌ ရုံတင်ပြသလျက် ရှိသည်ဟု သိရသည်။

အသက် ၁၄ နှစ်အရွယ်တွင် မိဘနှစ်ပါးသည် ကားအက်ဆီးဒင့်ကြောင့် ဆုံးပါးသွားခဲ့ပြီးနောက် လူငယ်လေး Mitch သည် ဘ၀ကို ကောင်းမွန်စွာ ကြိုးစားရပ်တည် လာခဲ့သည်။ အသက် ၂၃ နှစ်အရွယ်တွင်မူ Mitch သည် ချစ်ရသူနှင့်အတူ ကမ်းခြေ၌ အပန်းဖြေနေရင်း အကြမ်းဖက်သမားတို့၏ ဖမ်းဆီးမှုများကြောင့် ရည်းစားဖြစ်သူ သေဆုံးခဲ့ရသည်။

ထိုအဖြစ် ကြုံရပြီးနောက် Mitch သည် နာကြည်းမှုနှင့်အတူ အမေရိကန်ထောက်လှမ်းရေး ဗဟိုတပ်သားသစ် စုဆောင်းမှုတွင် ပါဝင်ခဲ့သည်။ ယင်းနောက် တိုက်ခိုက်မှုနှင့် သေနတ်ပစ် လေ့ကျင့်မှုများတွင် ထူးချွန်သူတစ်ဦး ဖြစ်လာခဲ့ပြီး ပေးအပ်သည့် တာဝန်များကိုလည်း ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့သူ ဖြစ်လာခဲ့သည်။

ထို့ကြောင့် ထောက်လှမ်းရေးဆိုင်ရာ ပညာရပ်များကို ဆက်လက် သင်ကြားစေပြီးနောက် ဆရာဖြစ်သူ Stan Hurley နှင့်အတူ တွဲကာ အရှေ့အလယ်ပိုင်းဒေသတွင် စစ်ပွဲများ ဖြစ်ပေါ်စေရန်အတွက် လုပ်ဆောင်နေသည့် အဖွဲ့များ၏ လှုပ်ရှားမှုကို စုံစမ်းတိုက်ဖျက်ရန် တာဝန်ပေးအပ်ခြင်း ခံခဲ့ရာမှ ဖြစ်ပေါ်လာသည်များကို ဇာတ်လမ်းဖွဲ့ ရိုက်ကူးထားသည့် အက်ရှင်ဇာတ်ကား ဖြစ်သည်။

AMERICAN ASSASSIN ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ Michael Cuesta က ရိုက်ကူးပြီး Dylan O’Brien ၊ Taylor Kitsch ၊ Michael Keaton ၊ Sanna Lathan တို့ အဓိကပါဝင် သရုပ်ဆောင်ထားသည်။

ယင်းဇာတ်ကားကို ရန်ကုန်မြို့ရှိ ရှေ့ဆောင်၊ မင်္ဂလာ ၂၊ မင်္ဂလာစံပြ၊ Mingalar Cineplex ၊ JCGV ရုပ်ရှင်ရုံများနှင့် မန္တလေးမြို့ရှိ JCGV ၊ Mingalar Diamond Cineplex ရုပ်ရှင်ရုံများ၌ စက်တင်ဘာ ၂၂ ရက်မှ စတင်ကာ ရုံတင်ပြသထားသည်။

သရုပ်ဆောင်မော်ဒယ်လ် မေတိုးခိုင်၏ ငယ်ဘ၀ဖြတ်သန်းရာ

“သရုပ်ဆောင် ဒီဇိုင်နာတစ်ဦးအဖြစ် လုပ်ကိုင်သွားရန် စီစဉ်ထားသူ”

အနုပညာ လမ်းခရီးအတွင်းမှာ မိဘ၊ ဆွေမျိုးရဲ့ အနုပညာအမွေကို လက်ဆင့်ကမ်း သယ်ဆောင်ကြိုးပမ်းသူများစွာ ရှိနေပါတယ်။ ဒီလိုအနုပညာအမွေ လက်ဆင့်ကမ်းကြသူတွေထဲက ဒီတစ်ပတ်မှာတော့ အကယ်ဒမီ အိန္ဒြာကျော်ဇင်ရဲ့တူမဖြစ်ပြီး VIVID Fashion ဒီဇိုင်နာအိကျော်ဇင်ရဲ့ သမီးဖြစ်တဲ့ သရုပ်ဆောင် မေတိုးခိုင်ရဲ့ ငယ်စဉ်ဘ၀အမှတ်တရ ပုံရိပ်တချို့ကို စုစည်းဖော်ပြပေးချင်ပါတယ်။

သရုပ်ဆောင်မော်ဒယ်လ် မေတိုးခိုင်က အနုပညာဝါသနာဗီဇကို ကောက်ကြောင်းရေးဆွဲ ပုံဖော်လျက်ရှိတဲ့အပြင် လက်ရှိမှာတော့ ‘ရူးအောင်ချစ်မယ့်သူ’ ရုပ်ရှင်ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် ကြော်ငြာနဲ့ အလှဓာတ်ပုံတွေ ရိုက်ကူးလျက်ရှိသလို ပရိသတ်ချစ်ခင်အားပေးမှုတွေကိုလည်း ရရှိထားသူပါ။ ဒါကြောင့် မေတိုးခိုင်ပြောပြခဲ့တဲ့ ငယ်စဉ်ဘ၀ရဲ့ အမှတ်တရတွေကို ဖော်ပြပေးချင်ပါတယ်။

မေတိုးခိုင်ကို ဧပြီလ ၇ ရက် ၁၉၉၅ ခုနှစ်မှာ မိဘများဖြစ်ကြတဲ့ ဦးတိုးခိုင်နဲ့ ဒေါ်အိကျော်ဇင်တို့က မွေးဖွားခဲ့ကြပါတယ်။ မွေးချင်းညီအစ်မ သုံးယောက်ရှိတဲ့အနက် အကြီးဆုံးသမီးဖြစ်ပြီး ရန်ကုန်မြို့ဇာတိဖြစ်ပါတယ်။ ငယ်စဉ်ကလေးဘ၀မှာ သမီးဦးဖြစ်တာကြောင့် အလိုလိုက် ချစ်ခင်ခံရမှုများစွာရရှိခဲ့ပြီး အရုပ်များစွာနဲ့ ကစားနေတတ်တာ အမှတ်တရပါလို့ မေတိုးခိုင်က ဆိုပါတယ်။

“ညီမငယ်ငယ်က တစ်ယောက်တည်း ဆော့နေတာများတယ်။ ငယ်ငယ်ကအလိုလိုက်လည်းခံရတော့ အရုပ်တွေလည်း အများကြီးဝယ်ပေးထားတယ်။ များသောအားဖြင့်တော့ အရုပ်တွေနဲ့ပဲ ဆော့နေတာများပါတယ်။ နောက်ထပ်အမှတ်တရ တစ်ခုကတော့ ညီမငယ်ငယ်က လှေကားထစ် ၃၆ ထစ်လောက်ရှိတဲ့ လှေခါးကနေ လှည်းထဲကနေထွက်ပြီး ပြုတ်ကျခဲ့ဖူးတယ်။ ဒါပေမဲ့ ဘာမှတော့မဖြစ်ခဲ့ဘူး။ အဲဒါလေးတော့ ဖေဖေ၊ မေမေတို့ပြောပြခဲ့ဖူးတဲ့ အမှတ်တရပါ” လို့ဆိုပါတယ်။

မေတိုးခိုင်က ငယ်စဉ်ကလေးဘ၀ကတည်းက အဒေါ်ဖြစ်သူ အကယ်ဒမီ အိန္ဒြာကျော်ဇင်ရဲ့ ရုပ်ရှင်ရိုက်ကွင်းတွေကို လိုက်ပါလေ့ရှိတာကြောင့် အနုပညာလောကနဲ့ အစိမ်းသက်သက် မဟုတ်ဘူးလို့ဆိုရမှာပါ။ မိခင်ဖြစ်သူကလည်း ဖက်ရှင်ဒီဇိုင်နာတစ်ယောက် ဖြစ်တာကြောင့် ငယ်စဉ်ကလေးဘ၀ကတည်းက ဒီဇိုင်းပညာနဲ့ ပတ်သက်လို့ လေ့လာသင်ယူဖို့လည်း ဆုံးဖြတ်ခဲ့တယ်လို့ဆိုပါတယ်။

ကျောင်းပညာရေးအနေနဲ့ မူကြိုကစတင်ပြီး ILBC မှာတက်ရောက်ခဲ့သလို အထက်တန်းပြီးဆုံးသည်အထိ တက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။ ကျောင်းပညာရေးမှာ ခုနစ်တန်းနှစ်လောက်အထိ ထူးချွန်ခဲ့ပြီး နောက်ပိုင်းနှစ်တွေမှာ အလယ်အလတ်လောက်ပဲ ဖြစ်တော့တယ်လို့လည်း ဆိုခဲ့ပါတယ်။ အထက်တန်းကျောင်းသူအရွယ်မှာ ဘက်စုံပါဝင်တတ်သူတစ်ယောက်ဖြစ်ပြီး အားကစားကိုလည်း ၀ါသနာအရမ်းပါတယ်လို့ ဆိုပါတယ်။

“ညီမငယ်ငယ်က ကျောင်းစာတင်မကဘူး။ ဘက်စုံအကုန်လုပ်လေ့ရှိတယ်။ အားကစားလည်း ၀ါသနာပါတယ်။ အနုပညာလည်း ၀ါသနာပါတယ်။ အထူးသဖြင့် မှတ်မှတ်ရရဆိုရင် Assembly ဆိုရင်စင်ပေါ်မှာတက်ပြီး စကားပြောရတာတွေ ဘာတွေ အရမ်းသဘောကျတယ်။ လူလည်းမကြောက်တတ်ဘူး။ အဲဒါလေးကတော့ အမှတ်တရပါ။ ဘတ်စကက်ဘော ကစားရတာလည်း အရမ်းဝါသနာပါတယ်” လို့ မေတိုးခိုင်က ငယ်စဉ်ဘ၀ရဲ့ဖြတ်သန်းမှုကို ပြောပြပါတယ်။

အထက်တန်း အောင်မြင်ပြီးချိန်မှာတော့ IGCSE စာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့ပြီး Manchester Matropolitan University မှာ ဖက်ရှင်ဘာသာရပ်ကို သွားရောက်လေ့လာ သင်ယူခဲ့တယ်လို့ဆိုပါတယ်။ မတူကွဲပြားတဲ့ သင်ကြားမှုနည်းစနစ်တွေ၊ အခြေခံကစလို့ အဆင့်ဆင့်သင်ကြားမှုတွေကြောင့် အတွေ့အကြုံများစွာ ရရှိခဲ့တယ်လို့လည်း မေတိုးခိုင်က ပြောပြခဲ့ပါတယ်။ ဖက်ရှင်ဘာသာရပ်ကို သင်ယူလေ့လာရာမှာ မြန်မာနဲ့ နိုင်ငံတကာ ကွာဟတဲ့ဖက်ရှင်အယူအဆ၊ အတွေးအခေါ်နဲ့ နှစ်သက်မှုတွေကိုလည်း လေ့လာသင်ယူခဲ့ရပါတယ်လို့ မေတိုးခိုင်က ဆိုပါတယ်။ လက်ရှိမှာတော့ ကျောင်းတစ်နှစ်နားထားပြီး အနုပညာလုပ်ငန်းတွေ လုပ်ဖြစ်နေတယ်လို့ ပြောပြခဲ့ပါတယ်။

အဒေါ်ဖြစ်သူ အကယ်ဒမီအိန္ဒြာကျော်ဇင်နဲ့ အနီးကပ်နေထိုင်ခွင့် ရခဲ့သူတစ်ယောက်အနေနဲ့ အနုပညာနဲ့ မစိမ်းပေမဲ့ဝါသနာပါမှန်းကိုတော့ သေချာသတိမထားမိဘူးလို့လည်း မေတိုးခိုင်က ဆိုပါတယ်။ ၂၀၁၃ ခုနှစ်မှာ ပထမဆုံး အနုပညာလှုပ်ရှားမှုအနေနဲ့ VIVID Fashion ကြော်ငြာဓာတ်ပုံ ရိုက်ကူးခဲ့ပါတယ်။ ဒီနောက်မှာတော့ ‘ရူးအောင်ချစ်မယ့်သူ’ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ လက်ခံခဲ့ပါတယ်။

ပထမဆုံးသရုပ်ဆောင်မှု အတွေ့အကြုံနဲ့ ပတ်သက်လို့ မေတိုးခိုင်က “ညီမက၀ါသနာပါတယ်၊ လုပ်ကြည့်ချင်တယ်ဆိုပြီးတော့သာ ရိုက်ဖြစ်ခဲ့တာပါ။ တကယ်တမ်းရိုက်တဲ့အခါမှာ အတွေ့အကြုံက နည်းသေးတဲ့အခါကျတော့ လိုအပ်ချက်တွေအများကြီး ရှိပါသေးတယ်။ တွဲဖက်သရုပ်ဆောင်ရတဲ့ ကိုနေတိုးတို့၊ တီတီအူဝဲတို့ကလည်း အများကြီးသင်ပေးပါတယ်။ ဒါပေမဲ့ ဒီထက်ပိုပြီး လုပ်လို့ရတယ်ဆိုပြီး ပြန်တွေးမိတာတွေလည်းရှိတယ်” လို့ အမှတ်တရ ဆိုပါတယ်။

‘ရူးအောင်ချစ်မယ့်သူ’ ရုပ်ရှင်ဇာတ်ကားက ဒါရိုက်တာ အောင်ဇော်လင်း ရိုက်ကူးပြီး အကယ်ဒမီနေတိုး၊ အကယ်ဒမီအိန္ဒြာကျော်ဇင်နဲ့ မေတိုးခိုင်တို့ ပါဝင်ထားတာပါ။ ဒီဇာတ်ကားကလည်း မကြာခင်ရုံတင်ပြသတော့မှာ ဖြစ်တဲ့အတွက် မေတိုးခိုင်ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ပရိသတ်တွေ အကဲဖြတ်နိုင်တော့မှာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ မေတိုးခိုင်က ကြော်ငြာနဲ့အလှဓာတ်ပုံတွေ ရိုက်ကူးနေပြီး ပရိသတ်ချစ်ခင်အားပေးမှုလည်း များစွာရရှိထားပါတယ်။

ဖက်ရှင်ဘာသာရပ်ကို စနစ်တကျ သင်ယူလေ့လာထားတဲ့ မေတိုးခိုင်က မိခင်ဖြစ်သူရဲ့ လုပ်ငန်းမှာလည်း ပါဝင်လေ့လာရင်းကူညီလျက် ရှိနေပါတယ်။ အနာဂတ်မှာတော့ သရုပ်ဆောင်တစ်ယောက်အပြင် ဖက်ရှင်ဒီဇိုင်နာ တစ်ယောက်အနေနဲ့ပါ ရပ်တည်သွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ကိုယ်ပိုင်အမှတ်တံဆိပ် ဖက်ရှင်အ၀တ်အထည်တွေကို ဖန်တီးဖွင့်လှစ်သွားနိုင်ဖို့ ရည်မှန်းထားတယ်လို့လည်း ဆိုပါတယ်။

အဒေါ်ဖြစ်သူ အကယ်ဒမီအိန္ဒြာကျော်ဇင်နဲ့ ရုပ်ရည်တူတဲ့အပြင် အမူအရာတချို့ပါ ဆင်နေတဲ့မေတိုးခိုင်က အဒေါ်ဖြစ်သူနဲ့ ငယ်စဉ်ကတည်းက အတူနေခဲ့တာကြောင့် လုပ်ယူထားတာမဟုတ်ဘဲ ဆင်တူနေတာတွေရှိသလို အဒေါ်ဖြစ်သူရဲ့ ဇာတ်ကားတိုင်းမှာ မုဒ်အပြည့်နဲ့ သရုပ်ဆောင်နိုင်တဲ့ စွမ်းရည်ကိုလည်း အားကျမိပါတယ်လို့ ဆိုခဲ့ပါတယ်။ အဒေါ်ဖြစ်သူက အမူအရာပိုင်းနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာတွေကို သင်ကြားပေးတာကြောင့် ကြိုးစားလေ့လာ သင်ယူနေပါတယ်လို့လည်း ဖြည့်စွက်ပြောပြခဲ့ပါတယ်။

မေတိုးခိုင်က ပရိသတ်တွေကို ကျေးဇူးအများကြီးတင်သလို ပရိသတ်များကပေးတဲ့ ခွန်အားကြောင့် ပိုမိုကြိုးစားလိုစိတ်တွေ ဖြစ်ပေါ်စေပါတယ်၊ သရုပ်ဆောင်ဒီဇိုင်နာ တစ်ဦးအနေနဲ့ လုပ်ကိုင်သွားဖို့လည်း ရည်မှန်းထားပါတယ်လို့လည်း ဆိုခဲ့ပါတယ်။

နောက်တစ်ပတ်တွေမှာလည်း ပရိသတ်ချစ်ခင်အားပေးတဲ့ အနုပညာရှင်တွေရဲ့ ငယ်စဉ်ဘ၀ အမှတ်တရပုံရိပ်တွေကို စုစည်းဖော်ပြပေးမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုပေးကြပါဦးလို့ ဆိုပါရစေ။