Entertainment

အကယ်ဒမီ သက်မွန်မြင့် ပါဝင်ဆောင်ရွက်ခဲ့သည့် Save the Children ၏ဘ၀အစ ရက်တစ်ထောင်လှုပ်ရှားမှု အကောင်းဆုံး လှုပ်ရှားဆောင်ရွက်မှုအဖြစ် ဆုရရှိ

အကယ်ဒမီ သက်မွန်မြင့် ပါဝင်ဆောင်ရွက်ခဲ့သည့် Save the Children ၏ဘ၀အစ ရက်တစ်ထောင်လှုပ်ရှားမှုသည် Aisa Pacific Excellence Awards for Comminication ၏အကောင်းဆုံး လူထုလှုပ်ရှားမှုများတွင် ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။ အကယ်ဒမီ သက်မွန်မြင့်သည် ဒုတိယရင်သွေး ကိုယ်ဝန်အား လွယ်ထားရချိန် ၂၀၁၆ ခုနှစ်အတွင်းတွင် Save the Children ၏သံတမန်တစ်ဦးအဖြစ် ပါဝင်ခဲ့ပြီးနောက် ဒုတိယရင်သွေးအား ကိုယ်ဝန်ဆောင်ထားရချိန်တွင် ကလေးငယ်တစ်ဦး၏ ဘ၀အစ ရက်တစ်ထောင်၌ အာဟာရပြည့်ဝရန် အရေးကြီးကြောင်း Save the Children ၏လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဆရီနာဝီလျံ ကိုယ်ဝန်ဆောင်ထားရပြီး ၂၀၁၈ ခုနှစ်မှ ပြန်ကစားမည်

ဂရင်းစလင်း ချန်ပီယံဆု ၂၃ ကြိမ် ရရှိထားသည့် ကမ္ဘာ့အဆင့် ၂ အမေရိကန် တင်းနစ်မယ် ဆရီနာဝီလျံသည် ကိုယ်ဝန်ဆောင်ထားရပြီး ၂၀၁၈ ခုနှစ်မှသာ ပြိုင်ပွဲများ ပြန်လည်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

People မဂ္ဂဇင်းက ဂျူလီယာရောဘတ်ကို ကမ္ဘာ့အလှဆုံး အမျိုးသမီးအဖြစ် ရွေးချယ်

ဟောလိဝုဒ်မင်းသမီး ဂျူလီယာရောဘတ်သည် People မဂ္ဂဇင်း၏ ၂၀၁၇ ခုနှစ် အတွက် ကမ္ဘာ့အလှဆုံး အမျိုးသမီးအဖြစ် ရွေးချယ်ခံခဲ့ရသည်။

ဂျူလီယာရောဘတ်သည် Pretty Woman ဇာတ်ကားဖြင့် အောင်မြင်မှုရရှိခဲ့ပြီးနောက် ၁၉၉၁ ခုနှစ်တွင် People မဂ္ဂဇင်း၏ ကမ္ဘာ့အလှဆုံး အမျိုးသမီးအဖြစ် ရွေး ချယ်ခံခဲ့ရသည်။ ရောဘတ်သည် ၂၀၀၀ ပြည့်နှစ်၊ ၂၀၀၅ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်တွင်လည်း ကမ္ဘာ့အလှဆုံး အမျိုးသမီးအဖြစ် ဖော်ပြခံခဲ့ရပြီး ယခုအကြိမ်သည် ငါးကြိမ်မြောက် ဖော်ပြခံခဲ့ရခြင်းဖြစ်သည်။

“ကျွန်မအရမ်းကို ၀မ်းသာမိတယ်။ လောလောဆယ် အမြင့်ဆုံးကို ရောက်နေတယ်လို့ ထင်မိတယ်” ဟု အသက် ၄၉ နှစ်အရွယ်ရှိ  ရောဘတ်က ပြောကြားခဲ့သည်။

ဗစ်တိုးရီးယားဘက်ခမ် ၀ီလျံမင်းသားထံမှ OBE ဘွဲ့တံဆိပ်ကို လက်ခံ

Spice Girls အဖွဲ့ဝင်ဟောင် ဗစ်တိုးရီးယားဘက်ခမ်သည် ဖက်ရှင်လုပ်ငန်းအတွက် အထောက်အကူပြုမှုများကြောင့် ၀ီလျံမင်းသားက ၎င်းအား ဧပြီ ၁၉ ရက်တွင် OBE ဘွဲ့တံဆိပ် ပေးအပ်ခဲ့သည်။

လီမင်ဟို မေတွင် စစ်မှုတာဝန် စတင်ထမ်းဆောင်မည်

တောင်ကိုရီးယားသရုပ်ဆောင် လီမင်ဟိုသည် မေတွင် ဆိုးလ်တောင်ပိုင်းရှိ Gangnam - gu ရုံး၌ လူထုဆက်ဆံရေး အရာရှိအဖြစ် စစ်မှုတာဝန် စတင်ထမ်းဆောင်မည်ဟု ၎င်း၏အေဂျင်စီ MYM Entertainment က ဧပြီ ၁၉ ရက်တွင် အတည်ပြုခဲ့သည်။

“လီက မေ  ၁၂ ရက်မှာ စစ်မှုတာဝန် ထမ်းဆောင်မှာဖြစ်ပြီး Military Man-power Adminiatration က ချမှတ်ထားတဲ့ စစ်သင်တန်း သီတင်းလေးပတ်ကို တက်ရောက်မှာပါ” ဟု MYM က ထုတ်ပြန်ခဲ့သည်။