ဝင်ငွေလည်ပတ်စီးဆင်းမှု

ဝင်ငွေလည်ပတ်စီးဆင်းမှုဟူသည် အဓိကဖလှယ်မှုများက စီးပွားရေးအေးဂျင့်များအကြား ငွေကြေး၊ ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှု အစရှိသည်တို့၏ စီးဆင်းမှုများအဖြစ် ကိုယ်စားပြုသော စီးပွားရေးပုံစံတစ်ရပ်ဖြစ်သည်။ ငွေကြေးနှင့် ကုန်ပစ္စည်းစီးဆင်းမှုများသည် တန်ဖိုးအရ အပိတ်ပတ်လမ်းပုံစံ ဆက်နွှယ်မှုတစ်ရပ်၌ ဖလှယ်ကြသော်လည်း ဆန့်ကျင်ဘက်လားရာအတိုင်း သွားနေကြသည်။ ယင်းလည်ပတ်စီးဆင်းမှုကို လေ့လာသုံးသပ်ခြင်းသည် နိုင်ငံတော်၏ စာရင်းဇယားအခြေခံဖြစ်သောကြောင့် မက်ခရိုစီးပွားရေးနှင့်ဆိုင်သည်။ ၀င်ငွေလည်ပတ်စီးဆင်းမှု သဘောတရားကိုတင်ပြခဲ့သူမှာ ရစ်ချက်ကန်တယ်လွန်ဖြစ်သည်။ ဖရန်ဆွာကင်နေးက ယင်းသဘောတရားကို ဖွံ့ဖြိုးအောင်နှင့် မြင်သာအောင် ပြုလုပ်ခဲ့သည်။ ရစ်ချက်စတုန်းဆိုသူက ယင်းသဘောတရားကို ကုလသမဂ္ဂအပြင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ အဖွဲ့အစည်းများအတွက် နိုင်ငံတကာကအသုံးပြုသော စနစ်တစ်ရပ်ဖြစ်လာအောင် ပြုလုပ်နိုင်ခဲ့သည်။

ငွေကြေးလည်ပတ်စီးဆင်းမှုသည် ဥပမာအားဖြင့် နိုင်ငံတော်ဝင်ငွေနှင့် ထွက်ကုန်စာရင်း (NIPAs) နှင့် စီးပွားရေးတစ်ရပ်လုံးကို ကောင်းစွာနားလည်နိုင်ရန်အတွက် သဘောတရားတစ်ရပ်ဖြစ်သည်။ ယင်း၏ အခြေခံအကျဆုံးပုံစံတွင် လုပ်ငန်းများနှင့် တစ်ဦးချင်းပုဂ္ဂိုလ်များသက်သက်ပါဝင်သော ရိုးရှင်းသည့် စီးပွားရေးတစ်ရပ်အဖြစ် စဉ်းစားပြီး လည်ပတ်စီးဆင်းမှုပုံကြမ်းဟုခေါ်သည့် ပုံစံတစ်ရပ်အဖြစ်တင်ပြနိုင်သည်။ ယင်းရိုးရှင်းသည့်စီးပွားရေးတွင် လူပုဂ္ဂိုလ်တစ်ဦးချင်းစီသည် ကုန်ပစ္စည်းများနှင့် ၀န်ဆောင်မှုများ ထုတ်လုပ်သည့်လုပ်ငန်းများ စွမ်းဆောင်နိုင်အောင် လုပ်အားများထောက်ပံ့ကြသည်။ ယင်းလုပ်ဆောင်ချက်များကို ပုံကြမ်းတွင် အစိမ်းရောင်မျဉ်းဖြင့် ပြသလေ့ရှိသည်။

တစ်နည်းအားဖြင့်ဆိုသော် ယင်းလုပ်ငန်းကိစ္စကို ဖြစ်ပေါ်စေသည့် ငွေကြေးစီးဆင်းမှုကို ရှုမြင်ခြင်းဖြစ်သည်။ လုပ်ငန်းများသည် လူပုဂ္ဂိုလ်တစ်ဦးချင်းကို ၀င်ငွေထောက်ပံ့ပြီး ၎င်းတို့၏လုပ်အားဖြင့် ဖလှယ်ခြင်းဖြစ်သည်။ ယင်းဝင်ငွေများကို လုပ်ငန်းများက ထုတ်လုပ်သည့် ကုန်ပစ္စည်းများနှင့် ၀န်ဆောင်မှုများအတွက် သုံးစွဲခြင်းဖြစ်သည်။ ယင်းလုပ်ဆောင်ချက်များကို ပုံကြမ်းတွင် အပြာရောင်မျဉ်းဖြင့် ပြသလေ့ရှိသည်။ ယင်းဝင်ငွေစီးဆင်းမှုပုံကြမ်းသည် ကုန်ပစ္စည်းများနှင့် ၀န်ဆောင်မှုများ ထုတ်လုပ်ခြင်းနှင့် ယင်းထုတ်လုပ်ခြင်းမှနေ၍ ၀င်ငွေထွက်ပေါ်လာခြင်းကဲ့သို့သော စီးပွားရေးအတွင်းဖြစ်ပေါ်သည့် စီးဆင်းမှုများ သို့မဟုတ် လုပ်ဆောင်မှုများ အပြန်အလှန်မှီခိုနေမှုကို သရုပ်ဖော်ပြခြင်းဖြစ်သည်။ ၀င်ငွေလည်ပတ်စီးဆင်းမှုသည် ထုတ်လုပ်ခြင်းမှနေ၍ ၀င်ငွေရရှိခြင်းနှင့် ထုတ်လုပ်လိုက်သည့် ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုတို့ တန်ဖိုးအကြား ညီမျှမှုတစ်ရပ်ကို သရုပ်ဖော်ပြခြင်းလည်းဖြစ်သည်။

အမှန်တကယ်၌ စီးပွားရေးတစ်ရပ်လုံးသည် ယခုကဲ့သို့ သရုပ်ဖော်ပြသည်ထက် များစွာပို၍ရှုပ်ထွေးလှသည်။ စီးပွားရေးတစ်ရပ်တွင် လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် လုပ်ငန်းများအကြား အပြန်အလှန်ဆက်နွှယ်မှုသာမက နိုင်ငံ၊ ပြည်နယ်နှင့် ဒေသခံအစိုးရများအပြင် ကမ္ဘာ့အခြားနေရာများ၌ နေထိုင်သူများပါ ပါဝင်ပတ်သက်နေသည်။ ယခုကဲ့သို့ စီးပွားရေးကို ရိုးရှင်းစွာသရုပ်ဖော်ပြခြင်းမပြုနိုင်သည်မှာ အရင်းအနှီးအဖြစ် ရင်းနှီးမြှုပ်နှံမှုများ၊ ငွေကြေးအရင်းအနှီး စီးဆင်းမှုများနှင့် ယင်းစီးဆင်းမှုများ ဖြန့်ဝေခြင်းမှသည် ပိုင်ဆိုင်မှုအသေများအဖြစ် စုပုံနေမှုအထိကဲ့သို့သော စီးပွားရေးလုပ်ဆောင်ချက်များဆိုင်ရာ အခြားမျက်နှာစာများကြောင့်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ၀င်ငွေလည်ပတ်စီးဆင်းမှုထဲသို့ ထည့်သွင်းမှုနှုန်းသည် ယင်းဝင်ငွေလည်ပတ်စီးဆင်းမှုထဲမှ နုတ်ယူမှုနှုန်းနှင့်ညီမျှနေမှသာ စီးပွားရေးတစ်ရပ်သည် မျှခြေ၌ တည်ငြိမ်စွာရပ်တည်နိုင်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဒီဇင်ဘာ (၁၂) ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

ချန်ထားရစ်ရတော့မည့် ၂၀၁၇

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဥရောပသမဂ္ဂမှ နုတ်ထွက်မည့်ဘက်က အနိုင်ရရှိသွားခြင်းသည် ဗြိတိန်ကိုတုန်လှုပ်စေခဲ့သည်။ သမ္မတရွေးကောက်ပွဲများ၌ ဖိလစ်ပိုင်တွင် ရိုဒရီဂိုဒူတာတေးနှင့် အမေရိကန်တွင် ဒေါ်နယ်ထရန့်တို့ အနိုင်ရရှိခဲ့ကြသည်။ ထို့ကြောင့် ၂၀၁၆ ခုနှစ်ကို ပေါ်ပြူလစ်ဇင် (သာမန်လူထု၏အကျိုးကို ရည်မျှော်သည်ဟုဆိုသောဝါဒ) က ကမ္ဘာကိုလွှမ်းမိုးခဲ့သည်ဟုဆိုခဲ့လျှင် ၂၀၁၇ ခုနှစ်သည် ပြန်လည်တွက်ဆခြင်း နှစ်တစ်နှစ်ဟု ဆိုရပေလိမ့်မည်။ ၂၀၁၇ ခုနှစ်တွင် အခင်းအကျင်းသစ်တစ်ရပ် ၀င်ရောက်လာသည်။ ကမ္ဘာသူကမ္ဘာသားတို့သည် ရေရှည်လွှမ်းမိုးလာခဲ့သော ဇာတ်ကြောင်းများကို ပြန်လည်စဉ်းစားသုံးသပ်ရန် ဖိအားပေးခံရပြီး အရှိတရားအသစ်ကို ထိပ်တိုက်ရင်ဆိုင်ရန် နည်းလမ်းရှာဖွေကြရသည်။

၂၀၁၇ ခုနှစ်ကို လွှမ်းမိုးခဲ့သော ကြီးမားသည့်အကြောင်းအရာသည် ပေါ်ပြူလစ်ဇင် တစ်ခုတည်းသာမဟုတ်ခဲ့ပါ။ မြောက်ကိုရီးယားသည် အမေရိကန်ပြည်ထောင်စုအထိ ရောက်နိုင်သော အင်အားကောင်းလှသည့် ဒုံးကျည်အသစ်များကို စမ်းသပ်ပစ်လွှတ်ခဲ့သည်။ IS အဖွဲ့သည် စစ်မြေပြင်တစ်ခုပြီးတစ်ခု၌ ရှုံးနိမ့်ခဲ့သော်လည်း ဆက်လက်ပျံ့နှံ့နေဆဲဖြစ်သည်။ ဒီမိုကရေစီနိုင်ငံများသည် ၎င်းတို့၏ ပြည်တွင်းရေးကိစ္စများ၌ ရုရှားက တိုး၍ တိုး၍ ခြေထိုးလာမှုကို ကိုင်တွယ်နိုင်ရန် ရုန်းကန်ခဲ့ရသည်။ အမေရိကန်အစိုးရအဖွဲ့ကို ဘီလျံနာသူဌေးများ လွှမ်းမိုး၍လာသည်။ လက်ယာအစွန်းရောက်များ နိုင်ငံတော်အာဏာကို ပထမဆုံးအကြိမ်အဖြစ် မြည်းစမ်းခွင့်ရလာသည်။ ယင်းဖြစ်ရပ်များ၏ အင်အားကိုရယူကာ လက်ဝဲအစွန်းရောက်များသည်လည်း နောက်တန်းမှနေ၍ ရှေ့တန်းသို့ ခုန်တက်လာသည်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးဆုံးလူသားတို့၏ ဘေးဒုက္ခကပ်များကို ကမ္ဘာကြီးက အကြီးအကျယ်လျစ်လျူပြုလာသည်။ ကုလသမဂ္ဂ၏အဆိုအရ နေရပ်များမှ အတင်းအကျပ် ရွှေ့ပြောင်းခံရသူများသည် စံချိန်တင်အဆင့်များသို့ရောက်ရှိခဲ့ပြီး လူပေါင်းသန်း ၂၀ ခန့်သည် အစာရေစာငတ်ပြတ်မည့်ဘေးနှင့် ရင်ဆိုင်ရသည်။

၂၀၁၇ ခုနှစ်အတွင်းဖြစ်ရပ်များကို တုံ့ပြန်ခဲ့ကြသူများမှာ နိုင်ငံရေးသမားများနှင့် ဆန္ဒပြသူများသာမဟုတ်ပါ။ ဆော်ဒီအာရေဗျမှ အမျိုးသမီးတက်ကြွလှုပ်ရှားသူများသည် နောက်ဆုံးတွင် အမျိုးသမီးများ ကားမောင်းခွင့်ရရေးတိုက်ပွဲ၌ အနိုင်ရရှိသွားကြသည်။ ဒေသခံအများအပြား၏အသံများကို ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်းထားသော ဗီယက်နမ်စစ်ပွဲကို အရှိအတိုင်း ပြန်လည်ဖော်ပြသည့် ရုပ်ရှင်ကားသစ်ထွက်ရှိလာခဲ့သည်။ ဗီဇတည်းဖြတ်ခြင်းနည်းပညာက မျိုးဗီဇဆိုင်ရာရောဂါများကို တိုက်ဖျက်ရန် မျှော်လင့်ချက်အသစ်များကို ပေးနိုင်ခဲ့သည်။ ပြည်ပြေး တရုတ်အနုပညာရှင်တစ်ဦးသည် ကမ္ဘာ၏ ကြီးထွားလာနေသော ဒုက္ခသည်အကျပ်အတည်းကို ရုပ်ရှင်ရိုက်ပြခဲ့သည်။ အင်အားကောင်းလှသော အမျိုးသမီးများလှုပ်ရှားမှုအသစ်တစ်ရပ်သည် ခေတ်နှင့်ချီလျက်ကြာပြီဖြစ်သော လိင်ဆိုင်ရာမတော်မတရားမှုများ၊ လိင်အမဲလိုက်ခြင်းများနှင့်ပတ်သက်သော ကပ်ဆိုးကြီးအကြောင်း ကမ္ဘာက အာရုံစိုက်လာအောင် အဓိကထားခဲ့သည်။

၂၀၁၇ ခုနှစ်သည် ကမ္ဘာ့ပြန်လည်စဉ်းစားတွေးခေါ်သူများ၏ နှစ်တစ်နှစ်ဖြစ်ခဲ့သည်။ ဥပဒေပြုသူများ၊ နည်းပညာအခြေပြုအစိုးရအဖွဲ့ဝင်များ၊ လူရွှင်တော်များ၊ ရှေ့နေများ၊ စွန့်ဦးလုပ်ကိုင်သူများ၊ ရုပ်ရှင်ထုတ်လုပ်သူများ၊ သမ္မတများ၊ လှုံ့ဆော်သူများ၊ နိုင်ငံရေးအကျဉ်းသားများ၊ သုတေသနပြုသူများ၊ မဟာဗျူဟာရေးရာပညာရှင်များနှင့် ရှေ့ရေးကို မျှော်မှန်းတွက်ချက်သူများ အစရှိသူတို့အားလုံးသည် ထူးခြား၍သစ်လွင်သော ကမ္ဘာကြီးကို ပြန်လည်စဉ်းစားသုံးသပ်ရန်သာမက ပြန်လည်ပုံသွင်းရန်အတွက်ပါ အံ့သြစရာနည်းလမ်းများကို အတူတကွရှာဖွေတွေ့ရှိခဲ့ကြသည်။ ၎င်းတို့သည် ၂၀၁၇ ခုနှစ်ကို သတ်မှတ်ပြဋ္ဌာန်းသည့် လုပ်ဆောင်သူများဖြစ်ကြသည်။

မည်သို့ပင်ဆိုစေကာမူ ချန်ထားရစ်ရတော့မည့် ၂၀၁၇ ခုနှစ်ကို ပြန်လည်သုံးသပ်ခြင်းဖြင့် လာမည့် ၂၀၁၈ ခုနှစ်အား ဖြတ်သန်းနိုင်ရန်အတွက် သင်ခန်းစာပေါင်းများစွာရရှိနိုင်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဒီဇင်ဘာ (၁၀) ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

အပြည်ပြည်ဆိုင်ရာ ခြစားမှုတိုက်ဖျက်ရေးနေ့

နိုင်ငံတိုင်းဟာ တရားဥပဒေစိုးမိုးမှုအပေါ် အခြေခံပြီး ပြည်သူတွေက ထောက်ခံတဲ့ ခိုင်မာတဲ့၊ ပွင့်လင်းမြင်သာမှုရှိတဲ့၊ အားလုံးပါဝင်တဲ့ အင်စတီကျူးရှင်းတွေရှိမှသာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးအတွက် ၂၀၃၀ အာဂျင်ဒါကို ကျွန်တော်တို့ ရယူနိုင်မှာဖြစ်ပါတယ်။
အန်တိုနီယိုဂူတာရက် (ကုလသမဂ္ဂအတွင်းရေးမှူးချုပ်)

နှစ်စဉ် ဒီဇင်ဘာ ၉ ရက် (ယနေ့) ကို အပြည်ပြည်ဆိုင်ရာ ခြစားမှုတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ထားသည်။ ၂၀၁၇ ခုနှစ်အတွက် အဆိုပါနေ့၏ ပင်မအကြောင်းအရာမှာ “ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ခြစားမှုတိုက်ဖျက်ရန် စည်းလုံးညီညွတ်ကြ” ဟူ၍ ဖြစ်သည်။ နှစ်စဉ်လာဘ်ပေးရသည့် ငွေပမာဏသည် အမေရိကန်ဒေါ်လာ တစ်ထရီလျံရှိပြီး ခြစားမှုမှတစ်ဆင့် နှစ်စဉ်ခိုးယူခံရသော တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ထရီလျံ ရှိသည်။ ယင်းသည် တစ်ကမ္ဘာလုံး ဂျီဒီပီ၏ ငါးရာခိုင်နှုန်းကျော် ရှိသည်။ ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်၏ အဆိုအရ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ခြစားမှုကြောင့် ဆုံးရှုံးရသည့်ငွေသည် တရားဝင် ဖွံ့ဖြိုးရေးအတွက် အထောက်အပံ့ရရှိသည့် ပမာဏ၏ ၁၀ ဆခန့် ရှိသည်။

ခြစားမှုသည် လူ့အဖွဲ့အစည်းအားလုံးတွင် လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှုများကို နိမ့်ကျစေနိုင်သည့် ကြီးမားသော ရာဇ၀တ်မှုတစ်ရပ်ဖြစ်သည်။ ခြစားမှုဒဏ်ကို မည်သည့်နိုင်ငံ၊ မည်သည့်ဒေသနှင့် မည်သည့်အသိုင်းအ၀ိုင်းကမှ ခံနိုင်ရည်မရှိပါ။ ယခုနှစ်တွင် ကုလသမဂ္ဂ၏ UNODC အဖွဲ့နှင့် UNDP အဖွဲ့တို့က ခြစားမှုအနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ တရားစီရင်ရေး၊ ဒီမိုကရေစီ၊ သာယာဝပြောရေးနှင့် ဖွံ့ဖြိုးမှုတို့အပေါ် သက်ရောက်ပုံကို အဓိကထားလျက် ကမ္ဘာ့လှုပ်ရှားမှုတစ်ရပ်ကို ပူးတွဲလုပ်ဆောင်ခဲ့သည်။ ၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပူးတွဲလှုပ်ရှားမှုက စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးရည်မှန်းချက်များ (SDGs) ရရှိနိုင်ရေး အကြီးဆုံး အဟန့်အတားတစ်ရပ်အဖြစ် ခြစားမှုအပေါ် အဓိကထားခဲ့သည်။

ခြစားမှုသည် နိုင်ငံအားလုံးအပေါ် သက်ရောက်နိုင်သော ရှုပ်ထွေးသည့် လူမှုရေး၊ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ဖြစ်ရပ်ကြီးတစ်ရပ် ဖြစ်သည်။ ခြစားမှုသည် ဒီမိုကရေစီ အင်စတီကျူးရှင်းများကို ချည့်နဲ့သွားစေပြီး စီးပွားရေးဖွံ့ဖြိုးမှုကို နှေးကွေးသွားစေကာ အစိုးရအဖွဲ့ မတည်မငြိမ်ဖြစ်စေမှု၌လည်း အကြောင်းတစ်ရပ်အဖြစ် ပါဝင်တတ်သည်။ ခြစားမှုသည် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ပုံပျက်သွားစေခြင်း၊ တရားဥပဒေစိုးမိုးရေးကို ဖောက်ပြန်သွားစေခြင်းနှင့် ဗျူရိုကရက်ဆိုင်ရာ အရှုပ်တော်ပုံများ ဖြစ်စေခြင်းတို့ဖြင့် ဒီမိုကရေစီ အင်စတီကျူးရှင်းများ၏ အခြေခံအုတ်မြစ်ကို တိုက်ခိုက်ဖြိုဖျက်ပစ်သည်။ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ၀င်ရောက်ရန် စိတ်ပျက်မှုဖြစ်စေခြင်းနှင့် ပြည်တွင်းရှိ လုပ်ငန်းငယ်များအနေဖြင့် ခြစားမှုကြောင့် ပို၍ကြီးလေးသွားသည့် လိုအပ်သော ကုန်ကျစရိတ်များကို ရှာဖွေရန် မတတ်နိုင်ခြင်းတို့ကြောင့် စီးပွားရေးဖွံ့ဖြိုးမှုကို ခြစားမှုက ကြုံလှီသွားစေနိုင်သည်။

၂၀၀၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် ကုလသမဂ္ဂအထွေထွေညီလာခံက ခြစားမှုတိုက်ဖျက်ရေး ကုလသမဂ္ဂသဘောတူညီချက်ကို အတည်ပြုခဲ့သည်။ ယင်းအထွေထွေ ညီလာခံသည် ခြစားမှုနှင့် ခြစားမှုကို တိုက်ဖျက်ရန်နှင့် ကာကွယ်ရန် ကုလသမဂ္ဂ သဘောတူညီချက်ကို သတိပြုမိကြစေရန် မြှင့်တင်ရေးအတွက် နှစ်စဉ် ဒီဇင်ဘာ ၉ ရက်ကို အပြည်ပြည်ဆိုင်ရာ ခြစားမှုတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ရန်လည်း သဘောတူခဲ့သည်။ ကမ္ဘာတစ်လွှားမှ အစိုးရအဖွဲ့များ၊ ပုဂ္ဂလိကကဏ္ဍများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ မီဒီယာများနှင့် နိုင်ငံသားများအားလုံးသည် ခြစားခြင်းရာဇ၀တ်မှုကို တိုက်ဖျက်ရန် အင်အားစုထဲသို့ ပူးပေါင်းပါဝင်ကြရန် ဖြစ်သည်။ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂမူးယစ်ဆေးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC) တို့သည် ခြစားမှုတိုက်ဖျက်ရေး အားထုတ်မှုများအတွက် တပ်ဦးများဖြစ်ကြသည်။

မည်သို့ပင်ဆိုစေကာမူ ပြည်သူတစ်ရပ်လုံးအနေဖြင့် နိုင်ငံ၏ ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အတွက် စည်းလုံးညီညွတ်စွာဖြင့် ခြစားမှုမှန်သမျှကို ၀ိုင်းဝန်းတိုက်ဖျက်ကြရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဒီဇင်ဘာ ၉ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

ဆင်းရဲမွဲတေကာ ဆာလောင်မွတ်သိပ်နေကြသော လူသားများ

ကမ္ဘာပေါ်တွင် အာဟာရမပြည့်ဝသည့် လူပေါင်းသည် ၁၉၉၀-၁၉၉၂ ခုနှစ်အတွင်းက ထက် ၂၁၆ သန်းအောက် လျော့နည်းပြီး ၁၉၉၂ ခုနှစ်နောက်ပိုင်း ရာခိုင်နှုန်း ၂၀ အထိ ကျဆင်းခဲ့သေးသော်လည်း ယခုအခါ ကမ္ဘာပေါ်တွင် အစာလုံလောက်အောင် မစားရသူ ပေါင်း ၈၁၅ သန်းရှိနေသည်။ ၂၀၁၄ ခုနှစ်တွင် ၇၉၅ သန်း ရှိရာမှ ပို၍များလာခြင်း ဖြစ်သည်။ သို့သော် ၂၀၀၀ ပြည့်နှစ်က သန်း ၉၀၀ ခန့်ရှိခြင်းနှင့် နှိုင်းစာလျှင် ကျဆင်းသွားသည်ဟု ဆိုနိုင်သည်။ ကမ္ဘာပေါ်တွင် အစာလုံလောက်အောင် မစားရသူများ၏ ၉၈ ရာခိုင်နှုန်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ နေထိုင်သူများ ဖြစ်ကြသည်။ ဒေသအလိုက် ငတ်မွတ်နေသူ အများဆုံးကို ဖော်ပြရလျှင် အာရှတိုက် (၅၁၉ ဒသမ ၆ သန်း)၊ ဆာဟာရအောက်ပိုင်း အာဖရိကဒေသ (၂၂၃ သန်း) နှင့် လက်တင်အမေရိကနှင့် ကရေဘီယံဒေသ (၄၂ ဒသမ ၅ သန်း) တို့ဖြစ်သည်။

ကမ္ဘာပေါ်တွင် ငတ်မွတ်နေသူများ၏ ရာခိုင်နှုန်း ၆၀ သည် အမျိုးသမီးများ ဖြစ်ကြသည်။ တစ်ကမ္ဘာလုံး၌ မွေးဖွားမှု ငါးခုလျှင် တစ်ခုနှုန်း (၂၁ ရာခိုင်နှုန်း) သည် ကျွမ်းကျင်သည့် အကူအညီမပါဘဲ ကလေးမွေးဖွားကြရသည်။ ၂၀၁၆ ခုနှစ်တွင် ကမ္ဘာပေါ်၌ အကူအညီမပါဘဲ ကလေးမွေးဖွားမှုပေါင်း ၃၁ သန်းရှိသည်။ ကိုယ်ဝန်ရှိစဉ်နှင့် မွေးဖွားစဉ်အတွင်း လုံလောက်သော စောင့်ရှောက်မှုမရသောကြောင့် နှစ်စဉ် သေဆုံးရသည့် မိခင်ပေါင်း ၃၀၃,၀၀၀ နှင့် ကလေးငယ်ပေါင်း ၂ ဒသမ ၇ သန်းရှိသည်။ ငါးနှစ်အောက်ကလေးများ သေဆုံးမှုအားလုံး၏ ထက်ဝက်ခန့်သည် အာဟာရမပြည့်ဝသောကြောင့် သေဆုံးရခြင်း ဖြစ်သည်။ တစ်နှစ်လျှင် ကလေးပေါင်း သုံးသန်းခန့် မလိုလားအပ်ဘဲ သေဆုံးရခြင်း ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် မွေးလာသည့်ကလေး ခြောက်ဦးလျှင် တစ်ဦးနှုန်းသည် ကိုယ်အလေး ချိန်မပြည့်ဘဲ မွေးဖွားလာကြသည်။ တစ်ကမ္ဘာလုံး၌ ငါးနှစ်အောက်ကလေး ၁၅၅ သန်းသည် ကြီးထွားမှု ရပ်တန့်ကာ သေးကွေးကြုံလှီနေကြသည်။ ၂၀၁၆ ခုနှစ် စာရင်းအရ သေးကွေးကြုံလှီနေသော ကလေး လေးဦးလျှင် နှစ်ဦးနှုန်းသည် တောင်အာရှဒေသနှင့် သုံးဦးလျှင် တစ်ဦးနှုန်းသည် ဆာဟာရအောက်ပိုင်း အာဖရိကဒေသတွင် နေထိုင်ကြသည်။

ကမ္ဘာပေါ်တွင် လူပေါင်း ၇၆၇ သန်း သို့မဟုတ် ၁၀ ဦးလျှင် တစ်ဦးနှုန်းသည် တစ်နေ့ လျှင် ၀င်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၀ အောက်ဖြင့် နေထိုင်နေရပြီး အလွန်အမင်း ဆင်းရဲမွဲတေသည့် လူစုစုပေါင်း၏ ထက်ဝက်ခန့် (၃၈၉ သန်း) သည် ဆာဟာရအောက်ပိုင်း အာဖရိကဒေသ၌ နေထိုင်နေကြသည်။ ကလေးပေါင်း ၃၂၈ သန်းသည် အလွန်အမင်း ဆင်းရဲမွဲတေသည့် အနေအထား၌ နေထိုင်နေရသည်။ ကမ္ဘာ့အဆင်းရဲဆုံး လူများ၏ ၇၅ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများ၌ နေထိုင်နေကြပြီး စိုက်ပျိုးရေးနှင့် ယင်းနှင့်ဆက်နွှယ်သော အလုပ်များ လုပ်ကိုင်ကာ အသက်မွေးနေရသည်။ ငတ်မွတ်နေသော လူများ၏  ရာခိုင်နှုန်း ၅၀ သည် လယ်သမားမိသားစုများ ဖြစ်သည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၌ ဒုတိယအကြီးဆုံး နိုင်ငံဖြစ်ပြီး သဘာဝရင်းမြစ်များ ကြွယ်ဝသည့် နိုင်ငံဖြစ်သည်။ သို့သော် ၂၀၁၄ ခုနှစ် လူသားဖွံ့ဖြိုးမှု အစီရင်ခံစာအရ ၁၈၇ နိုင်ငံတွင် အဆင့် ၁၅၀ ၌ ရှိပြီး ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ မြန်မာနိုင်ငံ လူဦးရေစုစုပေါင်း၏ လေးပုံတစ်ပုံကျော်သည် ဆင်းရဲမွဲတေနေကြသူများ ဖြစ်သည်။ ဒေသတွင်း၌ အာဟာရမပြည့်ဝမှု အမြင့်ဆုံးနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံရှိ ကလေးများ၏ ၃၅ ရာခိုင်နှုန်းကျော်သည် ရေရှည်အာဟာရချို့တဲ့ခြင်းကြောင့် ကြီးထွားမှုရပ်တန့်သည့် လက္ခဏာရပ်များ ပြသနေသည်။ နေရာကွက်ကျား ပဋိပက္ခများဖြစ်ပွားခြင်းနှင့် လူအုပ်စုများအကြား အကြမ်းဖက်မှုဖြစ်ပွားခြင်းသည် မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာလုံခြုံမှုကို ထိခိုက်စေသည်။

မည်သို့ပင်ဆိုစေကာမူ ဆင်းရဲမွဲတေကာ ဆာလောင်မွတ်သိပ်နေကြသော လူများဖြင့် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ရေးဆီသို့ မည်သို့မျှ ဦးတည်နိုင်မည် မဟုတ်သောကြောင့် နိုင်ငံ၏ သဘာဝရင်းမြစ်များနှင့် နိုင်ငံ၏ ၀င်ငွေများအား စနစ်တကျ ကောင်းမွန်စွာ စီမံခန့်ခွဲလျက် ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့် အာဟာရမပြည့်ဝသူများအရေအတွက် လျှော့ချရေးအား ရေတိုရေရှည်စီမံကိန်းများဖြင့် ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဒီဇင်ဘာ ၈ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘော်)

မြေယာ သိမ်းဆည်းခံရမှုများအတွက် ဖြေရှင်းခြင်း

လယ်ယာကဏ္ဍတွင် လုပ်သားများ၏ ကုန်ထုတ်စွမ်းအားများ ကျဆင်းနေကာ မြေယာ အရည်အသွေးလည်း ကျဆင်းနေသည်။ စိုက်ပျိုးချိန်တွင် လုပ်သားရှားပါးခြင်း၊ စိုက်ပျိုးချိန် ပြင်ပတွင် အလုပ်လက်မဲ့ဖြစ်နေခြင်း၊ သီးနှံပေါ်ချိန်တွင် သီးနှံဈေးနှုန်း တွက်ချေမကိုက်ခြင်း၊ ရာသီဥတု ဖောက်ပြန်ခြင်းနှင့် ဆည်မြောင်းတာတမံများနှင့် ပတ်သက်၍ ပြဿနာများ ရှိနေခြင်းစသည့် အချက်များသည် တောင်သူလယ်သမားများအား ဆင်းရဲတွင်းသို့ တွန်းချနေသည့် အကြောင်းရင်းများဖြစ်နေကြောင်း သုံးသပ်ဆွေးနွေးမှုများ ရှိနေသည်။ ထို့ပြင် သိမ်းဆည်းခံမြေယာကိစ္စများ ဖြေရှင်းရန်၊ ဥပဒေမဲ့လုပ်ရပ်များ မဖြစ်စေရန်၊ ထိုက်တန်သည့် လျော်ကြေးပေးရန် အပါအ၀င် လယ်သိမ်းခံ၊ လယ်ယာမဲ့များ၏ လူမှုရေး၊ စီးပွားရေးနှင့် အခြေခံ စားဝတ်နေရေး ဘ၀ကြီးတစ်ခုလုံး ထိခိုက်ပျက်စီးနိုင်မှုများအပေါ် ဆွေးနွေးခဲ့ကြပြီးဖြစ်သည်။ မည်သည့် စိန်ခေါ်မှုများ အဟန့်အတားများ ရှိစေကာမူ စီးပွားရေး မရေမရာ မသေချာမှုများဖြစ်နေသည့် လယ်ယာမြေကဏ္ဍတွင် အစိုးရမှ ပါဝင်ဆောင်ရွက်သင့်ကြောင်း ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေကို အမြန်ဆုံးပြင်ဆင်ခြင်း၊ ချေးငွေမူဝါဒ ပြင်ဆင်ခြင်းစသည်တို့ကို အလျင်အမြန် ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းမှုများလည်း ရှိနေသည်။ ယင်းအပြင် သိမ်းဆည်းထားသည့် လယ်ယာမြေများကို ပြန်ပေးရန် တောင်သူများအား နှစ်အလိုက် လျော်ကြေးများ ပေးရမည့်အချက်များကို လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ထည့်သွင်းရန် လွှတ်တော်ကိုယ်စားလှယ်များကလည်း ဆွေးနွေးထားဖူးသည်။

ယခုအခါတွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီသို့ မြေကိစ္စများနှင့်ပတ်သက်၍ ယခင်အစိုးရလက်ထက် ဖြေရှင်းရန်ကျန်သည့် အမှုနှင့် အသစ်ထပ်မံရောက်ရှိလာသည့် တိုင်ကြားစာအမှု စုစုပေါင်း ၁၂၀၀၀ ကျော်ရှိပြီး အမှု ၂၅၀၀ ကျော်ကို ဖြေရှင်းပြီးဖြစ်ကြောင်းနှင့် အမှုပေါင်း ၉၉၀၀ ကျော်မှာ စိစစ်ဆဲဖြစ်ကြောင်း ဗဟိုကော်မတီမှ ဒီဇင်ဘာ ၅ ရက်က သတင်းထုတ်ပြန်ခဲ့သည်။

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟို ကော်မတီအနေဖြင့် မြေကိစ္စများ ဖြေရှင်းဆောင်ရွက်ရာတွင် အမြန်ဆုံးဖြေရှင်း ဆောင်ရွက်ရန်အတွက် (က) သိမ်းမြေများနှင့် စပ်လျဉ်း၍ မူဝါဒ (၅) ရပ်၊ (ခ) တပ်မြေသိမ်းဆည်းမှုများနှင့် ပတ်သက်၍ မူဝါဒ (၃) ရပ်၊ (ဂ) စွန့်လွှတ်မြေများ သက်ဆိုင်သူလက်ဝယ် အမြန်ဆုံး ရောက်ရှိရေးလုပ်ငန်းစဉ် (၈) ရပ်၊ (ဃ) သိမ်းဆည်းမြေများနှင့် စပ်လျဉ်း၍ စိစစ်ရန်အချက် (၆) ချက်၊ (င) စွန့်လွှတ်ခြင်းမရှိသည့် သိမ်းဆည်းမြေများနှင့် စပ်လျဉ်း၍ စိစစ်ရန်အချက် (၇) ချက်၊ (စ) စွန့်လွှတ်သည့် သိမ်းဆည်းမြေများနှင့်စပ်လျဉ်း၍ စိစစ်ရန်အချက် (၅) ချက်၊ (ဆ) ကော်မတီအဆင့်ဆင့်မှ အလေးထားဆောင်ရွက်ရန် အချက် (၁၅) ချက်နှင့် (ဇ) စွန့်လွှတ်မြေများ၊ သိမ်းဆည်းမြေများဆိုင်ရာ လမ်းညွှန်ချက် (၈) ရပ်ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

သို့ပါ၍ ခေတ်စနစ်အမျိုးမျိုးနှင့် အဂတိလိုက်စားမှုများ အပါအ၀င် စီမံခန့်ခွဲမှု အလွဲများ၊ ဥပဒေပိုင်းဆိုင်ရာ အားနည်းမှုများကြောင့် မြေယာဆိုင်ရာ ပြဿနာများမှာ ရှုပ်ထွေးပြီး နစ်နာမှုများ ပေါ်ပေါက်နေခြင်းဖြစ်သည်။ ထို့ကြောင့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ အဆင့်ဆင့်တွင် ဌာနဆိုင်ရာများ၊ လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ဆောင်ရွက်နေသာ တောင်သူလယ်သမားရေးရာ လူမှုအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများက ယုံကြည်လေးစားရသည့် ပြည်သူ့ကိုယ်စားလှယ်များကို ထည့်သွင်းဖွဲ့စည်းထားရာ အခြေအနေမှန်များအပေါ် မှန်မှန်ကန်ကန် ဆုံးဖြတ်ဖြေရှင်းပေးသင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဒီဇင်ဘာ ၇ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

ဆက်ဆံဆက်သွယ်ရေးများကို ဖန်တီးခြင်း

မီဒီယာအသစ်များနှင့် အစဉ်အလာမီဒီယာများ နှစ်ရက်စလုံးက လုပ်ငန်းဆိုင်ရာ ဆက်ဆံဆက်သွယ်ရေးများကို ဆောင်ကြဉ်းပေးပုံများအား ပြောင်မြောက်စွာပေးနိုင်ကြသည်။ ယင်းမီဒီယာပုံစံများအားလုံးတွင် မက်ဆေ့ခ်ျများကိုပေးပို့ခြင်းနှင့် လက်ခံခြင်းများမပါဘဲ အလုပ်မဖြစ်နိုင်ပေ။ လုပ်ငန်းဆိုင်ရာ ဆက်ဆံဆက်သွယ်ရေးကို ကောင်းမွန်စေသည့်အရာများ သို့မဟုတ် ဆိုးရွားစေသည့်အရာများက အဘယ်နည်း။ LinkedIn၊ Facebook၊ Twitter ကဲ့သို့သော မီဒီယာအသစ်များသည် ဒီဂျစ်တယ်ထုတ်ဝေဖြန့်ချိမှုများ၊ အွန်လိုင်းကြော်ငြာများ၊ အသံမက်ဆေ့ခ်ျများ၊ စာပို့မေးလ်များနှင့် ထူးခြားသောစတစ်ကာများဖြင့် လုပ်ငန်းဆိုင်ရာ ဆက်ဆံဆက်သွယ်ရေးများကို ဆောင်ကြဉ်းပေးရန် ဒီဂျစ်တယ်ကြားခံယာဉ်များဖြစ်ကြသည်။ မည်သည့်မီဒီယာမျိုး၌မဆို မက်ဆေ့ခ်ျပေးရန်အတွက် မရှိမဖြစ်အရေးကြီးသည့်အရာများမှာ C ငါးလုံးဟုခေါ်သော ဆက်စပ်အကြောင်းအရာ/ အခြေအနေ (Context)၊ ပါဝင်သည့်စာသား (Contact)၊ ရှင်းလင်းမှု (Clarity)၊ အရောင် (Color) နှင့် သယ်ဆောင်ပေးသည့်အရာ (Carrier) တို့ဖြစ်ကြသည်။

Context – အဘယ်ကြောင့် မက်ဆေ့ခ်ျပေးပို့ရသနည်းဟူသည်နှင့် ၀န်းရံထားသော အကြောင်းခြင်းရာများ၊ အခြေအနေရပ်များနှင့် ပတ်ဝန်းကျင်တို့က အဘယ်နည်းဟူသည်တို့သည် Context များဖြစ်ကြသည်။ မက်ဆေ့ခ်ျ၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ လိုရင်းကို တန်းတန်းမတ်မတ်ရှင်းပြမှုက အရေးကြီးသည်။ ပထမဆုံးနေရာ၌ ၎င်းတို့အနေဖြင့် အဘယ်ကြောင့် ဆက်ဆံဆက်သွယ်မှုအား လက်ခံရရှိသနည်းဟူသည့်အချက်ကို နားမလည်မချင်း လက်ခံရရှိသူအများစုသည် ရှေ့သို့ဆက်နိုင်မည်မဟုတ်ပါ။

Contact – မက်ဆေ့ခ်ျကား အဘယ်နည်း၊ ယင်းကို အချက်အလက်များနှင့် ခံစားမှုများ၌ မည်သည့်အရာကို ဆောင်ကြဉ်းပေးသနည်းနှင့် ဖတ်ရှုသူဘက်မှ ချက်ချင်းတုံ့ပြန်မှုရရှိအောင် နှိုးဆော်ရေးအတွက် ရည်ရွယ်ထားသည်မှာ အဘယ်နည်းဟူသည်တို့ဖြစ်သည်။ Contact ကိုမလိုအပ်သော၊ အပိုဖြည့်စွက်ထားသော အချက်အလက်များမပါဘဲ ရည်ရွယ်ထားသည့် ပရိသတ်ထံသို့ လျင်မြန်စွာနှင့်ထိရောက်စွာ ဖြန့်ဝေရမည်ဖြစ်သည်။

Clarity – မက်ဆေ့ခ်ျကို ရှုပ်ထွေးမနေအောင်နှင့် နားလည်နိုင်အောင် ရေးသားပြောဆိုရမည်ဖြစ်သည်။ လက်ခံသူအနေဖြင့် နောက်ထပ်အချက်အလက်များ အလိုရှိလာအောင် ဆွဲဆောင်နိုင်ရမည်ဖြစ်သည်။ ဆက်ဆံဆက်သွယ်ရေးသည် အရေးအသားဖြစ်စေ၊ အသံဖြစ်စေ၊ အမြင်ဆိုင်ရာဖော်ပြချက်ဖြစ်စေ လိုတိုရှင်းဖြစ်ရမည်။ ထိရောက်သော မက်ဆေ့ခ်ျများသည် တန်းတန်းမတ်မတ် ဖော်ပြထားပြီး နားလည်ရန်လွယ်ကူကာ စိတ်အနှောင့်အယှက်ဖြစ်စေမှုများ မပါဝင်ပေ။

Color – မက်ဆေ့ခ်ျကို မည်သူကကြည့်မည်နည်းနှင့် ဆောင်ကြဉ်းပေးသည့် အချက်အလက်များကို အမြင့်ဆုံးဆွဲဆောင်နိုင်ရန်အတွက် ၎င်းတို့မြင်ရန်ကြားရန် လိုအပ်သည်ကား အဘယ်နည်းဟူသည်တို့ဖြစ်သည်။ ပြောင်မြောက်သောအနုပညာသည် ကြီးကျယ်သော ဘောင်တစ်ရပ်ဖြင့်လာပါက ပို၍ပင်ကောင်းသေးသည်။ မက်ဆေ့ခ်ျကို ပိုမိုအားကောင်းစေပြီး လက်ခံသူကို ပိုမိုရင်းနှီးသွားစေမည့် စိတ်ဝင်စားဖွယ်စာလုံးပုံစံများ၊ ဂရပ်ဖစ်များ၊ အရောင်များ၊ ဓာတ်ပုံများနှင့် အသံများကို အသုံးပြုရမည်ဖြစ်သည်။ သို့သော် ပင်မမက်ဆေ့ခ်ျကိုေ၀၀ါးရှုပ်ထွေးသွားစေမည့် သို့မဟုတ် ပရိသတ်ကို မောင်းထုတ်သကဲ့သို့ ဖြစ်မည့်အရာများ မပါဝင်ရပါ။

Carrier – မီဒီယာတစ်ခု သို့မဟုတ် ယင်းထက်ပို၍၌ ရည်ရွယ်ထားသည့် ပရိသတ်ထံသို့ အကောင်းဆုံးရောက်ရှိရန် မက်ဆေ့ခ်ျသည် မည်သည့်နေရာမှလာသည်ဟူသည့် အချက်ဖြစ်သည်။ မီဒီယာကုန်ကျစရိတ်သည် အကြောင်းခြင်းရာတစ်ရပ်ဖြစ်သော်လည်း ခေတ်၊ တည်နေရာနှင့် ပရိသတ်နှင့်ပတ်သက်သော အခြားဒေသအပိုင်းအခြားဆိုင်ရာ အချက်အလက်များက မီဒီယာအသစ် သို့မဟုတ် အစဉ်အလာမီဒီယာများထဲမှ မည်သည့်မီဒီယာများကို Carrier အဖြစ် ရွေးချယ်မည်နည်းဟူသည်ကို ဆုံးဖြတ်သည်။ တစ်ခါတစ်ရံတွင် လူမှုမီဒီယာများကို ပုံနှိပ် သို့မဟုတ် အသံလွှင့်မီဒီယာများနှင့် ပေါင်းစပ်ခြင်းကဲ့သို့သော မီဒီယာအရောအစီအစဉ်ကို အသုံးပြုခြင်းက ပို၍ထိရောက်နိုင်သည်။

မည်သို့ပင်ဆိုစေကာမူ မည်သည့်လုပ်ငန်းမဆို ပိုမိုကောင်းမွန်လာစေရန်အတွက် ဆက်ဆံဆက်သွယ်ရေး၌ C ငါးလုံးကိုမမေ့သင့်ကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဒီဇင်ဘာ (၆) ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

ဆုံးဖြတ်ချက်ပြတ်သားသော ခေါင်းဆောင်မှု

ခေါင်းဆောင်မှုအခန်းကဏ္ဍနှင့် ပတ်သက်၍ အဖွဲ့အစည်းတစ်ရပ်အနေဖြင့် တန်ဖိုးမြှင့်တင်လိုပါက ဆုံးဖြတ်ချက်များကို တောင်စဉ်ရေမရ ပေါက်ကရပုံစံမျိုးမဟုတ်ဘဲ ချီတုံချတုံပုံစံမျိုးမဟုတ်ဘဲ ချမှတ်နိုင်ရန် အရေးကြီးသည်။ အာဏာရှင်လက္ခဏာရပ်များ မပြဘဲ မိမိတို့၏ လုပ်ပိုင်ခွင့်ကို ယုံယုံကြည်ကြည် အသုံးပြုလျက် ဆုံးဖြတ်ချက်များ ချမှတ်နိုင်သည့် ကြီးကြပ်သူများနှင့် မန်နေဂျာတို့သည် လူတို့၏ လေးစားမှုကို ရရှိတတ်ကြသည်။  အဖွဲ့များကို ဦးဆောင်နိုင်စွမ်းရှိကြောင်း ပြသရန်အတွက် မိမိ၏ လုပ်ငန်းတာဝန်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုကို ပိုမိုထက်မြက်အောင် ပြုလုပ်ခြင်းနှင့် ကောင်းမွန်သော ဆက်ဆံရေးနှင့် မှန်ကန်သော လုပ်ငန်းသဘောတရားများကို အသုံးပြုခြင်းတို့ လိုအပ်သည်။

မိမိ၏အခန်းကဏ္ဍကို ကျွမ်းကျင်ပိုင်နိုင်မှုရှိသော၊ အများလက်ခံသော၊ ယုံကြည်အားကိုးရသော ခေါင်းဆောင်တစ်ဦးအဖြစ် ခိုင်မာစွာ ပြသနိုင်ရန်လိုသည်။ ယင်းသည် ဆုံးဖြတ်ချက်ပြတ်သားသော ခေါင်းဆောင်တစ်ဦး၏ အခြေခံအရည်အချင်းဖြစ်ပြီး ၀န်ထမ်းများ သို့မဟုတ် လုပ်သားများသည်လည်း ကြီးကြပ်သူ သို့မဟုတ် မန်နေဂျာများ၌ ယင်းအရည်အချင်းကို ရှာဖွေတတ်ကြသည်။ အခြားဝန်ထမ်းများက မိမိ၏ အရည်အချင်းနှင့် အရည်အသွေးများကို  ယုံကြည်မှုရှိအောင် တည်ဆောက်ရမည့်အပြင် ကျွမ်းကျင်ပိုင်နိုင်မှုကိုလည်း ပြသရမည် ဖြစ်သည်။ ကျွမ်းကျင်ပိုင်နိုင်မှုကို တည်ဆောက်ခြင်းဟူသည် မိမိတာဝန်ယူရာဌာန၏ လုပ်ငန်းဆောင်တာများကို ညွှန်ကြားရန် လိုအပ်သော လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုကို  ပြသခြင်းဖြစ်သည်။

မှန်ကန်သော ဆုံးဖြတ်မှုမျိုးကို ကျင့်သုံးနိုင်ရန်လိုသည်။ ကောင်းမွန်သည့် ဆုံးဖြတ်ချက်များ ချနိုင်သည့် ကျွမ်းကျင်မှုများသည် ခေါင်းဆောင်မှု ကျွမ်းကျင်ခြင်းသာမက လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် မှန်ကန်သော ဆုံးဖြတ်မှုမျိုးကို ကျင့်သုံးနိုင်သည့် အရည်အသွေးအပေါ်၌ မူတည်နေသည်။ မှန်ကန်သော ဆုံးဖြတ်မှုဟူသည် လုံလောက်သော အချက်အလက်များ မရသေးမီအထိ မိမိကောက်ချက်များကို အရန်အဖြစ်သာ သိုမှီးထားခြင်းနှင့် ခိုင်မာသည့် အချက်အလက်မပါဘဲ လက်တန်းဆုံးဖြတ်ချက်ချမှုမျိုး မပြုလုပ်ခြင်း ဖြစ်သည်။ လုပ်ငန်းခွင်အကြောင်းအရာများကို ဖြေရှင်းရန် အခြားသူများ၏ အဆိုပြုမှုများအပေါ်သာ မှီခိုမည့်အစား မိမိ၏ ကိုယ်ပိုင်သုတေသနပြုမှုမျိုး လိုအပ်သည်။

မိမိလက်အောက်ဝန်ထမ်းများ၏ အရည်အသွေးများ၊ ကျွမ်းကျင်မှုများနှင့် အကျိုးစီးပွားများကို သိရှိမှုအပေါ် အခြေခံလျက် တာဝန်နှင့်ဝတ္တရားတို့နှင့်ပတ်သက်၍ ၎င်းတို့ကိုယ်စား တာဝန်ခံရမည် ဖြစ်သည်။ ဆောင်ရွက်နိုင်မှု အဆင့်အတန်းများအလိုက် တာဝန်နှင့် ၀တ္တရားများကို ခွဲဝေချထားပေးရမည် ဖြစ်သော်လည်း လက်အောက်ဝန်ထမ်းများအား အသေးစိတ် စီမံခန့်ခွဲရန် မလိုအပ်ပါ။ အသေးစိတ် စီမံခန့်ခွဲခြင်းကြောင့် လက်အောက်ဝန်ထမ်းများအနေဖြင့် ၎င်းတို့၏ ကျွမ်းကျင်မှုအား မိမိအနေဖြင့် ယုံကြည်မှုမရှိဟု အထင်ရောက်စေနိုင်သည်။ အသေးစိတ် စီမံခန့်ခွဲသော ခေါင်းဆောင်များကို လက်အောက်ဝန်ထမ်းများက ကြောက်ရွံ့တတ်ကြသည်။ ခေါင်းဆောင်သည် ၎င်းတို့၏ ဆောင်ရွက်ချက်၌ အမြဲတမ်း အပြစ်အနာအဆာ ရှာနေသည်ဟု အထင်ရောက်သွားတတ်သည်။

မိမိ၏ လုပ်ပိုင်ခွင့်၊ အတွေ့အကြုံနှင့် လုပ်ငန်းဆိုင်ရာ အသိအမြင် အဆင့်အတန်းများပေါ် မူတည်၍ ရွေးချယ်မှုများ ပြုလုပ်ရမည်။ လက်အောက်ဝန်ထမ်းများ၏ အကြံဥာဏ်ဆိုင်ရာ ထည့်ဝင်မှုများကို လေးစားရမည်ဖြစ်သော်လည်း ဆုံးဖြတ်ချက်ချရာ၌ ၀န်ထမ်းတစ်ဦးတစ်ယောက်တည်း၏ တင်ပြချက်ကို အသုံးပြုခြင်းအား ရှောင်ကြဉ်ရမည်။ မိမိ၏အားနည်းချက်များကို ပွင့်ပွင့်လင်းလင်း ၀န်ခံပြီး မိမိ၏ လက်အောက်ဝန်ထမ်းများထံမှ လိုအပ်သည်များကို ပွင့်ပွင့်လင်းလင်း လေ့လာသင်ယူရမည်။ ကြီးကြပ်သူများနှင့်  မန်နေဂျာများသည် အရာရာပြည့်စုံသူများ မဟုတ်ကြပါ။ သို့သော် မိမိ၏ အားနည်းချက်များနှင့် ပတ်သက်၍ မိမိလက်အောက်ဝန်ထမ်းများအပေါ် ရိုးသားမှုရှိပါက ၎င်းတို့အနေဖြင့် မိမိသည် ဆုံးဖြတ်ချက် ပြတ်သားသော လုပ်ဆောင်ချက် ပြုလုပ်သည့်အခါ ယုံကြည်နိုင်မည် ဖြစ်သည်။ မိမိ၏ အားနည်းချက်များနှင့် မိမိကိုယ်မိမိ ယုံကြည်မှုတို့သည် ဟန်ချက်ညီရမည် ဖြစ်သည်။ မိမိသည် ပြည့်စုံသူတစ်ဦး မဟုတ်ကြောင်း အဆက်မပြတ် ၀န်ခံနေခြင်းမျိုးကို မိမိကိုယ်ရည်ကိုယ်သွေးထဲအထိ ပေါင်းထည့်ခြင်းမျိုးဖြစ်အောင် မပြုသင့်ပါ။ ယင်းက မိမိသည် ယုံကြည်ရလောက်သည့် ခေါင်းဆောင်တစ်ဦးမဟုတ်ကြောင်း ဖော်ထုတ်ပြနေသကဲ့သို့ ဖြစ်စေနိုင်သည်။ သြဇာတိက္ကမနှင့် ပြည့်စုံသော ခေါင်းဆောင်ဟူသည် မိမိ၏ အရည်အသွေးကို အခြားသူများအား ဦးဆောင်နိုင်ခြင်းနှင့် အခြားသူများထံမှ လေ့လာသင်ယူနိုင်ခြင်းတို့နှင့် ပေါင်းစပ်ထားခြင်း ဖြစ်သည်။

မည်သည့်အဖွဲ့အစည်းမဆို ဆုံးဖြတ်ချက်ပြတ်သားသော ခေါင်းဆောင်မှုမျိုး မရှိပါက ကျရှုံးမှုဆီသို့သာ ဦးတည်သွားလိမ့်မည် ဖြစ်ပါကြောင်း The Daiy Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဒီဇင်ဘာ ၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘော်)

တရုတ်စီမံကိန်းများနှင့် ပွင့်လင်းမြင်သာမှု

ပွင့်ပွင့်လင်းလင်းရှိခြင်း၊ တာဝန်ခံမှုရှိခြင်းနှင့် ရိုးသားမှုရှိခြင်းတို့က အစိုးရ၏ပွင့်လင်းမြင်သာမှုကို သတ်မှတ်သည်။ လွတ်လပ်သော လူ့အဖွဲ့အစည်းတစ်ရပ်၌ ပွင့်လင်းမြင်သာမှုဟူသည် အစိုးရအနေဖြင့် သူ၏နိုင်ငံသားများနှင့်အတူ သတင်းအချက်အလက်များကို အပြန်အလှန်ဖလှယ်မျှဝေခြင်းဖြစ်သည်။ ပွင့်လင်းမြင်သာမှုသည် နိုင်ငံသားများက အစိုးရအရာရှိများ၏ တာဝန်ခံမှုကို ထိန်းသိမ်းထားပုံ၏ အချက်အချာဖြစ်သည်။ အစိုးရအဖွဲ့များသည် ပြည်သူများအတွက် ထမ်းဆောင်ပေးရန် တည်ရှိခြင်းဖြစ်သည်။ အစိုးရအဖွဲ့တာဝန်ရှိသူများက အများပြည်သူနှင့်ဆိုင်သောလုပ်ငန်းများကို ဆောင်ရွက်ကြပုံနှင့် ပတ်သက်၍လည်းကောင်း၊ အခွန်ထမ်းပြည်သူတို့ထံမှ ရရှိသောငွေများကို မည်သို့မည်ပုံ သုံးစွဲကြသနည်းဟူသည်နှင့် ပတ်သက်၍လည်းကောင်း သတင်းအချက်အလက်များသည် အဆင်သင့်ရရှိနိုင်ရမည့်အပြင် အလွယ်တကူလည်း နားလည်နိုင်ရမည်ဖြစ်သည်။ ပွင့်လင်းမြင်သာမှုသည် ကောင်းမွန်ပြီး တရားမျှတသော အုပ်ချုပ်ရေးကို ဖြစ်စေသည်။

တရုတ်နိုင်ငံသို့ ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတ ရှီကျင်ပင်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် ဒီဇင်ဘာလ ၁ ရက်တွင် နှစ်နိုင်ငံထိပ်သီးအစည်းအဝေး ကျင်းပခဲ့ကြောင်းနှင့် ရှီကျင်ပင်းသည် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံခဲ့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ယင်းကဲ့သို့ တွေ့ဆုံစဉ် နှစ်နိုင်ငံအကြားရှိပြီးဖြစ်သည့် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို အခြေခံပြီး ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင်ရေး၊ အပြည်ပြည်ဆိုင်ရာ မျက်နှာစာတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်ဖက်အဆင့်မြင့် ခေါင်းဆောင်များအကြား ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်သွားလာရေး၊ နှစ်နိုင်ငံပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ဖော်ဆောင်ရေးနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေးတို့တွင် နှစ်နိုင်ငံအကြား အကောင်အထည်ဖော် ဆောင်ရွက်မည့်စီမံကိန်းကြီးများနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား တရုတ်နိုင်ငံမှ အကူအညီပေးမည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။ သို့သော် မြန်မာနိုင်ငံတွင် ပြုလုပ်နေသော သို့မဟုတ် ပြုလုပ်မည့် တရုတ်နိုင်ငံ၏ စီမံကိန်းများနှင့်ပတ်သက်၍ မည်သည့်သဘောတူညီချက်များ ပြုလုပ်ခဲ့သည်ကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

အငြင်းပွားဖွယ်ရာဖြစ်နေပြီး ရှင်းရှင်းလင်းလင်း သိရှိရခြင်းမရှိသေးသည့် စီမံကိန်းများထဲတွင် မြစ်ဆုံစီမံကိန်းနှင့် ကျောက်ဖြူ-ကူမင်းရထားလမ်း စီမံကိန်းများကဲ့သို့ တရုတ်၏စီမံကိန်းများ ပါဝင်နေသည်။ ကျောက်ဖြူ-ကူမင်းရထားလမ်းစီမံကိန်းကို ယခင်ရထားပို့ဆောင်ရေး ၀န်ကြီးဟောင်းဖြစ်သည့် ဦးအောင်မင်းနှင့် တာဝန်မှအနားယူသွားခဲ့သော ဒုတိယသမ္မတဟောင်း သီဟသူရဦးတင်အောင်မြင့်ဦးတို့ ဦးဆောင်ကာ တရုတ်နိုင်ငံဘက်မှ CREC ကုမ္ပဏီနှင့် ၂၀၁၁ ခုနှစ် ဧပြီလအတွင်း MoU ရေးထိုးခဲ့ခြင်းဖြစ်သည်။ စာချုပ်ရေးထိုးခဲ့စဉ်က တရုတ်ဘက်မှ သုံးနှစ်အတွင်း ယင်းစီမံကိန်းကို အပြီးသတ်လုပ်ဆောင်မည်ဟု ကြေညာမှုများရှိခဲ့သော်လည်း မြန်မာနိုင်ငံနှင့် လုပ်ငန်းလုပ်ဆောင်ရန် သဘောတူညီချက် MoU ရေးထိုးမှုမပြုရသေးမီ သက်တမ်းကုန်ဆုံးသွားသောကြောင့် ရပ်ဆိုင်းထားခဲ့ရသည်။ အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်း၊ သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေး၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းများရှိနေသည့်အပြင် ကျောက်ဖြူနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် မြို့တော်ကူမင်းသို့ချိတ်ဆက်မည့် ရထားလမ်းစီမံကိန်းသည် ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့်အပြိုင်ဖြစ်ပြီး ၈၆၈ ကီလိုမီတာ (၅၃၉ မိုင်) ရှည်လျားမည်ဖြစ်သည်။ ယင်းစီမံကိန်းသည် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကိုအသုံးချပြီး စစ်ရေး၊ နိုင်ငံရေးနှင့် စီးပွားရေးအာဏာများ တိုးချဲ့နိုင်မည့်အပြင် တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် သမုဒ္ဒရာနှစ်စင်းပိုင်ဆိုင်ရေး အိပ်မက်ဖြစ်သော အိန္ဒိယသမုဒ္ဒရာထွက်ပေါက်နှင့် ပစိဖိတ်သမုဒ္ဒရာ ထွက်ပေါက်ရရှိရေးတို့အတွက်လည်း အရေးပါသည်။ အမှန်တကယ်၌ ယင်းစီမံကိန်းကို မြန်မာပြည်သူတို့အနေဖြင့် မနှစ်မြို့နိုင်ကြပေ။ ယင်းစီမံကိန်းသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးစေသည်ဟုလည်းကောင်း၊ ရခိုင်ပြည်နယ်ရှိ ရှေးဟောင်းအမွေအနှစ်များကို ထိခိုက်စေသည်ဟုလည်းကောင်း ရှုမြင်ကြသည်။ ၎င်းအပြင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများ ရှိလာနိုင်သည့်အပြင် မြေသိမ်းခြင်းနှင့် သိမ်းသည့်မြေအတွက် မျှတသည့်လျော်ကြေးမရရှိခြင်း ပြဿနာများလည်းရှိလာနိုင်သည်။ ယင်းကဲ့သို့ အငြင်းပွားဖွယ်ရာအချက်များရှိနေပြီး အများပြည်သူ၏ အကျိုးစီးပွားနှင့်သက်ဆိုင်နေသော စီမံကိန်းမျိုးနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာစွာချပြန်ရန်လိုသည်။ အလားတူပင် မြန်မာပြည်သူလူထုအနေဖြင့် လက်မခံသော မြစ်ဆုံစီမံကိန်းကို လက်ရှိအစိုးရအနေဖြင့် တရုတ်နှင့် မည်သို့မည်ပုံ ညှိနှိုင်းကာ မည်ကဲ့သို့သော သဘောတူညီချက်များရရှိခဲ့သည်ကို ပြည်သူလူထုအား ပွင့်လင်းမြင်သာစွာချပြရန် လိုအပ်သည်။

ထို့ကြောင့် လွတ်လပ်သော လူ့အဖွဲ့အစည်းတစ်ရပ်၌ ပွင့်လင်းမြင်သာမှုဟူသည် အစိုးရအနေဖြင့် သူ၏နိုင်ငံသားများနှင့်အတူ သတင်းအချက်အလက်များကို အပြန်အလှန်ဖလှယ်မျှဝေခြင်းမှာ အချက်အချာအကျဆုံးဖြစ်သောကြောင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားနှင့်သက်ဆိုင်သော မည်သည့်စီမံကိန်းများကိုမဆို မီဒီယာများမှတစ်ဆင့်သော်လည်းကောင်း၊ လွှတ်တော်မှတစ်ဆင့်သော်လည်းကောင်း နိုင်ငံသားများအားလုံးကို တရားဝင်အသိပေး ချပြသင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဒီဇင်ဘာ (၃) ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်)

ဆင်းရဲမွဲတေမှုနှင့် အလုပ်လက်မဲ့ဖြစ်မှု

ဆင်းရဲမွဲတေမှုနှင့် အလုပ်လက်မဲ့ဖြစ်မှုသည် ကမ္ဘာ့စီးပွားရေးအနေဖြင့် လက်ရှိအချိန်၌ ရင်ဆိုင်နေရသော အဓိကစိန်ခေါ်မှုကြီးနှစ်ရပ်ဖြစ်သည်။ အလုပ်လက်မဲ့ဖြစ်ခြင်းသည် စီးပွားရေးအကျပ်အတည်းတစ်ရပ်ဆီသို့ ဦးတည်သွားပြီး နိုင်ငံတစ်နိုင်ငံ၏ အထွေထွေဝယ်ယူနိုင်မှုစွမ်းရည်ကို ကျဆင်းစေသည်။ ထို့ကြောင့် အကျိုးရလဒ်အနေဖြင့် ဆင်းရဲမွဲတေမှုဖြစ်ပေါ်လာပြီး နောက်ဆက်တွဲအနေဖြင့် အကြွေးဝန်ပိမှုများပြားလာသည်။ ဆင်းရဲမွဲတေမှုကို နည်းလမ်းအမျိုးမျိုးဖြင့် သတ်မှတ်ဖော်ပြနိုင်သည်။ ကမ္ဘာ့ဘဏ်၏ အဓိပ္ပာယ်သတ်မှတ်ချက်အရ လူများအနေဖြင့် အနိမ့်ဆုံးလူနေမှုအဆင့်အတန်းကို ဆက်လက်ထိန်းသိမ်းနိုင်စွမ်းမရှိတော့သည့် စီးပွားရေးအခြေအနေတစ်ရပ်ကို ဆင်းရဲမွဲတေမှုဟု ရည်ညွှန်းသည်။

လုံးဝဆင်းရဲမွဲတေမှုနှင့် နှိုင်းရဆင်းရဲမွဲတေမှု ကဲ့သို့သော ဆင်းရဲမွဲတေမှုအမျိုးအစား ကွဲပြားမှုများရှိနိုင်သည်။ မြို့ပြဆင်းရဲမွဲတေမှု၊ ကျေးလက်ဆင်းရဲမွဲတေမှု၊ အခြေခံဆင်းရဲမွဲတေမှုနှင့် တစ်ဆင့်ခံ ဆင်းရဲမွဲတေမှုအစရှိသည်ဖြင့် အခြားအမျိုးအစားများစွာအဖြစ်လည်း ခွဲခြားသတ်မှတ်နိုင်သည်။ မည်သည့်ဆင်းရဲမွဲတေမှု အမျိုးအစားဖြစ်စေ အခြေခံအကြောင်းတရားမှာ လုံလောက်သော ၀င်ငွေမရှိခြင်းပင်ဖြစ်သည်။ ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုအောက် စီးပွားရေးအများစု၌ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်းနှင့် ၀င်ငွေကွာဟချက်ကြီးမားခြင်းတို့သည် လူများအစုလိုက်အပြုံလိုက် ဆင်းရဲမွဲတေမှုကို ဖြစ်စေသည်။

ထိရောက်သည့် လုပ်အားလိုအပ်ချက် အစုအဝေးနည်းပါးခြင်းသည် အလုပ်လက်မဲ့ပေါများခြင်း၏ အခြေခံအကြောင်းတရားတစ်ရပ်ဖြစ်သည်။ ဖွံ့ဖြိုးမှုနည်းပါးသော စီးပွားရေးများတွင် စုစုပေါင်းလုပ်အားအင်အားစု၏ အစိတ်အပိုင်းတစ်ရပ်သည် အမြဲမပြတ် ပိုလျှံလုပ်အားများဖြစ်နေသည်။ ယင်းပြဿနာသည် အထူးသဖြင့် စိုက်ပျိုးရေးကဏ္ဍ၌ လွှမ်းမိုးနေတတ်သည်။ လုပ်အားပိုလျှံမှုကြောင့် လုပ်အားအင်အားစု၏ ဘေးထွက်ထုတ်လုပ်မှုစွမ်းအားသည် သုည သို့မဟုတ် အနုတ်လက္ခဏာပင် ပြနေသည်။ ယင်းပိုလျှံနေသော လုပ်အားအင်အားစုသည် စီးပွားရေး သို့မဟုတ် လူမှုရေးအကျပ်အတည်းတစ်ရပ် ကျရောက်စဉ်အတွင်း ပထမဆုံး အလုပ်လက်မဲ့များဖြစ်လာသည်။

အရင်းရှင် စီးပွားရေးစနစ်တစ်ရပ်သည် အဖွဲ့အစည်း ဖွဲ့စည်းပုံအရရွေ့လျားသော အပြောင်းအလဲအချို့ ဖြစ်ပွားသည့်အခါ ဖွဲ့စည်းပုံဆိုင်ရာ အလုပ်လက်မဲ့ဖြစ်မှုဖြစ်ပေါ်သည်။ ယင်းအလုပ်လုပ်မဲ့ဖြစ်မှု အမျိုးအစားသည် ကာလရှည်ကြာသော ဆက်တိုက်ဖြစ်ပေါ်နေသည့် အချိန်အပိုင်းအခြားတစ်ရပ်အတွင်း စုစုပေါင်း လိုအပ်ချက်လျော့နည်းမှု ဆက်လက်ဖြစ်ပေါ်နေပါကလည်း ထွက်ပေါ်လာနိုင်သည်။ အချိုးအစားအလိုက် အလုပ်လက်မဲ့ဖြစ်မှု၌ လုပ်သားတို့သည် ယာယီအလုပ်လက်မဲ့ဖြစ်ကြရသည်။ သင့်တော်သော အထောက်အပံ့များချို့တဲ့မှုကြောင့် လုပ်သားများကိုယ်တိုင်က အလုပ်လုပ်ရန်ရှောင်ရှားခြင်းသည်လည်း ပုန်းလျှိုးနေသော အလုပ်လက်မဲ့ဖြစ်မှုပြဿနာဖြစ်သည်။ ဖွံ့ဖြိုးမှုနည်းပါးသော စီးပွားရေးများ၌ အလုပ်လက်မဲ့ဖြစ်ခြင်းနှင့် ဆင်းရဲမွဲတေခြင်းတို့သည် အတွေ့ရအများဆုံးဖြစ်သည်မှာ မှန်ကန်သည်။ သို့သော် ကမ္ဘာ့စီးပွားရေးပျက်ကပ်များကြောင့် ဖွံ့ဖြိုးပြီး စီးပွားရေးများမှာလည်း ယင်းစိန်ခေါ်မှုများနှင့် ရင်ဆိုင်ဖူးကြသည်။

မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့ဖြစ်မှုနှင့် ဆင်းရဲမွဲတေမှုတို့သည် စီးပွားရေးဖွံ့ဖြိုးမှုအတွက် အဓိကအဟန့်အတားများအဖြစ် အမြဲတစေတည်ရှိလျက်ရှိပြီး ယင်းတို့က မြန်မာ့စီးပွားရေးကို တစ်ချိန်လုံးချည့်နဲ့အောင် ပြုလုပ်နေခြင်းဖြစ်သည်ကို သတိပြုရန်လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဒီဇင်ဘာ (၂) ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

ဆေးပညာမဟာသိပံ္ပ၀င်ခွင့်နှင့် ပညာရပ်ဆိုင်ရာ လွတ်လပ်ခွင့်

ပညာရပ်ဆိုင်ရာ လွတ်လပ်ခွင့်ဟူသည် တက္ကသိုလ်တစ်ခု၏ ဌာနမှ ဆရာ၊ ဆရာမ များအနေဖြင့် တက္ကသိုလ်၏ ပညာသင်ကြားရေး လုပ်ငန်းစဉ်များကိုသာမက ပညာသင်ကြားရေး အ၀န်းအ၀ိုင်းအတွင်းမှ သဘောထားစည်းမျဉ်းများကို လွတ်လပ်စွာ စူးစမ်းရှာဖွေပိုင်ခွင့်သည် မရှိမဖြစ်အရေးပါသည်ဟု ဆုံးဖြတ်ခြင်းနှင့် ပညာရှင်များအနေဖြင့် (ပြင်ပနိုင်ငံရေးအဖွဲ့များ သို့မဟုတ် အာဏာပိုင်များ မကြိုက်သည့် သဘောထားများ၊ အချက်အလက်များ အပါအ၀င်) မည်သည့် သဘောထားများကိုမဆို၊ မည်သည့်အချက်အလက်များကိုမဆို ပစ်မှတ်ထားဖိနှိပ်ခံရခြင်း၊ အလုပ်မှ ထုတ်ပယ်ခံရခြင်းနှင့် ထောင်ဒဏ်အပြစ်ပေးခံရခြင်းတို့ မရှိဘဲ သင်ကြားနိုင်ခြင်း ဖြစ်သည်။ ထို့အတူ ပညာရပ်ဆိုင်ရာ ကိစ္စများတွင် သက်ဆိုင်ရာ တက္ကသိုလ်များအလိုက် သက်ဆိုင်ရာ ပညာရပ်ဌာနများအလိုက် ပြင်ပနိုင်ငံရေးအဖွဲ့များ သို့မဟုတ် အာဏာပိုင်များ၏ သြဇာသက်ရောက်မှုမပါဘဲ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။

ဆေးပညာမဟာသိပ္ပံဝင်ခွင့် အောင်စာရင်းနှင့်ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လုပ်ရပ်များကို ရှုတ်ချကြောင်း ဆေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ သုံးခုက သဘောထား ထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ အဆိုပါ သဘောထားထုတ်ပြန်ချက်ကို နိုဝင်ဘာ ၂၉ ရက်တွင် ဆေးတက္ကသိုလ် မန္တလေးကျောင်းသားများသမဂ္ဂ၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်ကျောင်းသားများသမဂ္ဂ၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်ကျောင်းသားများသမဂ္ဂတို့က ပူးပေါင်းကာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ဆေးပညာ မဟာသိပ္ပံဝင်ခွင့်ဖြေဆိုသည့် ဆရာဝန်များသည် နိုင်ငံတော်မှ နေရာချပေးထားသော ဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေသူများဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်း ဆရာဝန်များ ဖြေဆိုသည့် ဆေးပညာမဟာသိပ္ပံဝင်ခွင့် စာမေးပွဲအောင်စာရင်းတွင် တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှုမရှိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ အဆိုပါ သမဂ္ဂများက တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှုမရှိခြင်းကို အချက်နှစ်ချက်ဖြင့် ဝေဖန်ထောက်ပြထားသည်ကို ယင်းကြေညာချက်တွင် တွေ့ရသည်။ အဆိုပါ အချက်နှစ်ချက်မှာ ဆေးပညာ မဟာသိပ္ပံဝင်ခွင့် အောင်စာရင်းများ ထုတ်ပြန်ရာတွင် သက်ဆိုင်ရာ တက္ကသိုလ်များ၏ ပါမောက္ခချုပ်များနှင့် ပါမောက္ခဌာနမှူးများ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်မရရှိခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပွင့်လင်းမြင်သာမှုမရှိသော ဗဟိုချုပ်ကိုင်မှု အာဏာရှင်စနစ်ကို အသုံးပြု၍ ဆေးပညာမဟာသိပ္ပံဝင်ခွင့် အောင်စာရင်းကို ထုတ်ပြန်ခဲ့ခြင်းဟူ၍ သုံးသပ်ရေးသားထားသည်။

ယင်းအချက်အလက်များကြောင့် ၀င်ခွင့်အောင်စာရင်းနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ လုပ်ရပ်များကို ရှုတ်ချကြောင်း၊ ယင်းလုပ်ရပ်များသည် ဆေးပညာသင်ကြားနေသော ကျောင်းသားကျောင်းသူများ၏ နိုင်ငံ့ဝန်ထမ်းကောင်းအဖြစ် တာဝန်ထမ်းဆောင်လိုသည့် ရည်မှန်းချက်များကို မှေးမှိန်စိတ်ပျက်စေကြောင်း၊ နောင်တွင်ထုတ်ပြန်မည့် ဆေးပညာမဟာသိပ္ပံဝင်ခွင့် အောင်စာရင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာတက္ကသိုလ် အသီးသီးကို လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် အပြည့်အ၀ပေးရန် အလေးအနက် တောင်းဆိုကြောင်း သဘောထား ကြေညာချက်တွင် ဖော်ပြထားသည်။ နိုဝင်ဘာ ၂၈ ရက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည့် ဆေးပညာမဟာသိပ္ပံဝင်ခွင့်နှင့် ပတ်သက်၍ မြန်မာနိုင်ငံဆေးပညာလောကတွင် ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။ “နှစ်ပေါင်းများစွာ လွဲခဲ့တဲ့အလွဲတွေက မြန်မာပြည်မှာဆရာဝန်ဖြစ်ပြီး အစိုးရအလုပ်မလုပ်ရင် ဆေးပညာဆက်သင်ခွင့် မရှိတော့ဘူးဆိုတဲ့ မူဝါဒအလွဲကြီးက နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ အစိုးရအလုပ်လုပ်ပြန်တော့ ဝေးလံတဲ့နေရာအပို့ခံရ၊ လစာက မလောက်၊ မြို့ကြီးတွေပြန်ရောက်ပြီး ဘ၀အဆင်ပြေဖို့ ဘွဲ့လွန်တက်နိုင်မှ။ ပြောရင်တော့ ဆုံးမှာမဟုတ်ပါဘူး။ ရွေးချယ်တဲ့စနစ် ပွင့်လင်းမြင်သာမှု မရှိတာက အဓိကပဲ။ အဲဒီလောက်ပဲ ပြောချင်တယ်” ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆရာဝန်တစ်ဦးက အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်ပြောကြားသည်။

မည်သို့ပင်ဆိုစေကာမူ ပညာရပ်ဆိုင်ရာ လွတ်လပ်ခွင့်သည် စစ်မှန်သည့် အသိပညာ အတတ်ပညာများ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန်အတွက် အခြေခံအကျဆုံး လိုအပ်ချက်တစ်ရပ် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဒီဇင်ဘာ ၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘော်)