မြစ်ဆုံစီမံကိန်း အပြီးသတ်ရပ်ဆိုင်းခြင်းသည်သာ …

မြစ်ဆုံဆည်စီမံကိန်း ပြန်လည်စတင်ခြင်းက မြန်မာနိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံသူများ ၏ယုံကြည်မှုရရှိစေနိုင်သည်ဟု တရုတ်အစိုးရ အာဘော်သတင်းစာ  Global Times ၏ ၀က်ဘ်ဆိုက်တွင် ဇွန်၁၄ ရက်က ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ဇွန် ၁၄ ရက်တွင် ထိုင်းနိုင်ငံသို့ ခရီးစဉ်စတင်ခဲ့ပြီး ယင်းတွင် ကျင်းပမည့် ရှစ်ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖယား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲ (ACMECS) ကို တက်ရောက်မည့်အချိန်၌ Global Times က ယင်းကဲ့သို့ ဖော်ပြခဲ့ခြင်းဖြစ်သည်။ အဆိုပါထိပ်သီးဆွေးနွေးပွဲသည် ကမ္ဘောဒီယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်တို့အကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းအောင် ပြုလုပ်ခြင်းအားဖြင့် ဒေသတွင်းစီးပွားရေး ခိုင်မာမှုကို တိုးမြှင့်ရန်ရည်ရွယ်သည်။၂၀၁၅ ခုနှစ်က ခြောက်ကြိမ်မြောက် ACMECS ထိပ်သီးဆွေးနွေးပွဲကို မြန်မာနိုင်ငံ၌ ကျင်းပခဲ့ရာတွင် ထိုစဉ်က သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံ၌ရင်းနှီးမြှုပ်နှံရန် နိုင်ငံခြားကုမ္ပဏီများကို ဖိတ်ခေါ်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများအတွက် (အထူးသဖြင့် ရေအားလျှပ်စစ်အခြေခံ အဆောက်အအုံကဏ္ဍ၌) ဆွဲဆောင်မှုရှိသော နေရာတစ်ခုဖြစ်အောင် ပြုလုပ်ရန် လိုလားပါက မူဝါဒအဆက်မပြတ်ရေးနှင့် တစ်သမတ်တည်းဖြစ်ရေးကို ထိန်းသိမ်းမှုအပေါ် ပိုမို အာရုံစိုက်ရမည်ဖြစ်ကြောင်း  Global Times သတင်းစာက ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံရှိ အုပ်စုအမျိုးမျိုးက ရေရှည်ရပ်ဆိုင်းထားခဲ့သည့် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ အမြင်အမျိုးမျိုး ရှိကြသော်လည်း ယင်းသည် တရုတ်နှင့် မြန်မာနိုင်ငံတို့သဘော တူညီထားခဲ့သည့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်ဖြစ်ကြောင်းနှင့် အပြည့်အစုံ အတည်ပြုပြီးသား စီမံကိန်းကို ရပ်ဆိုင်းလိုက်သည့်အခါ မြန်မာနိုင်ငံအနေဖြင့် အစဉ်အလာကို ဆန့်ကျင်သည့်တစ်စုံတစ်ရာကို  ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း Global Times သတင်းစာက စွပ်စွဲဖော်ပြခဲ့သည်။ စီမံကိန်းကို ရေရှည်ရပ်ဆိုင်းလိုက်ခြင်းသည် မြန်မာနိုင်ငံ၏စီးပွားရေး မူဝါဒနှင့်ပတ်သက်၍ မရေရာမှုအပေါ်စိုးရိမ်ရမှုများအကြား ရင်းနှီးမြှုပ်နှံသူများ၏ယုံကြည်မှုကို ကျဆင်းအောင်လုပ်ခဲ့သကဲ့သို့ ရှိသည်ဟုလည်း  Global Times က ရေးသားခဲ့သည်။ စီမံကိန်းနှင့်ပတ်သက်၍ ရှုပ်ထွေးသော ပြည်သူတို့၏သဘောထား ရှိနေသောကြောင့် ဦးဝင်းမြင့်၏ခရီးစဉ်မှနေ၍ထူးခြားသော သတင်းကို မျှော်လင့်ခြင်းသည် လက်တွေ့မကျကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့် ရပ်ဆိုင်းထားသည့် စီမံကိန်းကိစ္စအား မြန်မာနိုင်ငံနှင့် ဆက်လက်ဆွေးနွေးကာ အပြန်အလှန်အကျိုးရှိသည့် ပူးပေါင်းဆောင်ရွက်မှုအပေါ် အခြေခံလျက် စီမံကိန်းပြန်လည်စတင်ရန် လက်တွေ့ကျသော နည်းလမ်းတစ်ရပ်ကို ရှာဖွေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း တရုတ်အစိုးရအာဘော်သတင်းစာဖြစ်သည့် Global Times က ဖော်ပြခဲ့သည်။

အမှန်တကယ်တွင်  Global Times က ဖော်ပြခဲ့သကဲ့သို့ မြန်မာနိုင်ငံရှိ အုပ်စုအမျိုးမျိုးက ရေရှည်ရပ်ဆိုင်းထားခဲ့သည့် မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ အမြင်အမျိုးမျိုး ရှိနေသည်ဆိုခြင်းမှာ မှန်ကန်ခြင်းမရှိပါ။ သန်း ၅၀ ရှိသော မြန်မာပြည်သူများအနက် ပြည်ထောင်စု စိတ်ဓာတ်ရှိသော နိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားသော နိုင်ငံသားတိုင်းသည် မြစ်ဆုံစီမံကိန်းကို လုံးဝ လိုလားမှု မရှိခြင်းသည်သာ မှန်ကန်သည့်အချက်ဖြစ်သည်။ ထို့ပြင် မြစ်ဆုံစီမံကိန်းကိစ္စသည် စီးပွားရေး အကျိုးစီးပွားကိစ္စသက်သက် မဟုတ်ပေ။ မြန်မာပြည်သူပြည်သားများက မြစ်ဆုံသည် မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်ပြီး အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနှင့် ပြည်ထောင်စုတည်တံ့ခိုင်မြဲမှု၏ သင်္ကေတဖြစ်သည်ဟုလည်း ယုံကြည်ထားကြသည်။ ထို့ကြောင့် မြစ်ဆုံစီမံကိန်းအား အတင်းအဓမ္မ ပြန်လည်စတင်လာပါက ယင်းကို မြန်မာပြည်သူပြည်သားများအနေဖြင့် ကျူးကျော်မှုဟု မှတ်ယူကြမည် ဖြစ်သည်။

တရုတ်နှင့် မြန်မာနိုင်ငံတို့သည် ခိုင်မြဲသည့် ရေရှည်ဆက်ဆံရေး နှစ်ပေါင်းများစွာရှိခဲ့သည့် မိတ်ဆွေကောင်းများဖြစ်သည်။ ယခုအချိန်သည် မြန်မာနိုင်ငံအနေဖြင့် အခက်အခဲ အကျပ်အတည်းနှင့် ကြုံတွေ့နေရချိန် ဖြစ်သည်။ ယင်းကဲ့သို့သောအချိန်၌ တရုတ်နိုင်ငံအနေဖြင့် မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် အကျပ်ကိုင်လာခြင်းကို မိတ်ဆွေကောင်းမပီသမှုဟု ယူဆရဖွယ်ရှိနေသည်။  မိတ်ဆွေကောင်းတို့မည်သည် တစ်ဦး၏ အခက်အခဲကို တစ်ဦးက အပြန်အလှန်ကူညီလျက် လိုက်လျောခြင်း၊ အလျှော့ပေးခြင်းတို့ ပြုလုပ်၍သာ ရေရှည်ဆက်ဆံရေးကိုတည်ဆောက်ကြရသည်။ မြန်မာနိုင်ငံအနေဖြင့်  အခက်ကြုံတွေ့ နေရချိန်၌ ယခုကဲ့သို့ အကျပ်ကိုင်သည့်သဘော ဆောင်လာခြင်းက နှစ်ပေါင်းများစွာ တည်တံ့ခိုင်မြဲခဲ့သည့် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေနိုင်သည်။ တရုတ်စီပွားရေး လုပ်ငန်းများ အားလုံးကိုလည်း မလုံခြုံသောစိတ်  ဖြစ်စေပေလိမ့်မည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းအပါအ၀င်  တရုတ်နှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်နေကြသည့် အခြားစီမံကိန်းပေါင်းများစွာ ရှိသည်။ ယင်းစီမံကိန်းတို့အနက် များစွာကို အထူးတလည် ကန့်ကွက်ရန် မရှိသော်လည်း မြစ်ဆုံစီမံကိန်းကိစ္စသည် မြန်မာပြည်သူပြည်သားများအနေဖြင့် မဖြစ်မနေ ကန့်ကွက်ရမည့်ကိစ္စဖြစ်သည်။ ထို့ပြင် မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် သဘောတူညီမည့် မည်သည့်အစိုးရ၊ မည်သည့်ခေါင်းဆောင်မှုနှင့် မည်သူမဆို ပြည်ထောင်စုနှင့် ပြည်ထောင်စုစိတ်ဓာတ်ကို ဖျက်ဆီးသည့် သမိုင်းတရားခံအဖြစ် နာမည်ဆိုး ကျန်ရစ်ခဲ့မည်ဖြစ်သည်။

ထို့ကြောင့် တရုတ်နိုင်ငံအနေဖြင့် မိတ်ဆွေကောင်းပီသမှုကို ပြသလိုပါက  မြစ်ဆုံစီမံကိန်းအား အပြီးတိုင်ဖျက်သိမ်းနိုင်မည့် နည်းလမ်းမျိုးကိုသာ ရှာဖွေရမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဇွန်လ ၁၇ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

တာဝန်ယူခြင်းနှင့်ပတ်သက်သော စိတ်ထားများ

အဖွဲ့အစည်းအများစု၌ လေ့လာတွေ့ရှိရသည့် အတွေ့ရအများဆုံး တာဝန်ယူခြင်း နှင့် ပတ်သက်သော စိတ်ထားသုံးမျိုးကို ရှောင်လွှဲတတ်သော၊ တွက်ချက်တတ်သောနှင့် ပြေးတွေ့တတ်သောဟူ၍ သုံးမျိုးခွဲခြားလေ့ရှိကြသည်။ ယင်းအမျိုးအစား အသီးသီးတို့သည် တာဝန်ယူခြင်းနှင့်ပတ်သက်၍ ရှုမြင်ရာတွင်လည်းကောင်း၊ တုံ့ပြန်ရာတွင်လည်းကောင်း ကွဲပြားခြားနားကြသည်။

သို့သော် လူအချို့သည် အခြေအနေတစ်ရပ်၌ ပြေးတွေ့တတ်သော စိတ်ထားရှိသော်လည်း အခြားအခြေအနေတစ်ရပ်၌မူ ရှောင်လွှဲတတ်သော သို့မဟုတ် တွက်ချက်တတ်သော စိတ်ထားမျိုး ရှိသည်ကိုလည်း တွေ့ရှိရသည်။ အချို့မှာမူ အလုပ်ခွင်၌ စိတ်ထားတစ်မျိုး၊ အိမ်၌ စိတ်ထားတစ်မျိုးနှင့် မိမိ ပိုမိုနှစ်သက်သော လုပ်ဆောင်ချက်များ၌ ပါဝင်ရသည့်အခါ စိတ်ထားတစ်မျိုး ဖြစ်တတ်သည်။ ထို့ကြောင့် လူတစ်ဦးအား အမျိုးအစားတစ်ရပ်အတွင်း၌ အသေသတ်မှတ်ထား၍ မရပါ။ အဖွဲ့အစည်းတစ်ရပ်အတွင်း လူတို့၏ တွေးပုံနှင့် ပြုမူပုံ၌ ယင်းစိတ်ထားသုံးမျိုးနှင့်ပတ်သက်၍ အလျင်အမြန် ပြောင်းလဲနိုင်သည်ကို နားလည်ထားရမည် ဖြစ်သည်။

ရှောင်လွှဲတတ်သော စိတ်ထား – ကျရှုံးနိုင်ခြေရှိသည့် စွန့်စားမှုမျိုးကို ရှောင်ရှားသည်။ အမြဲတစေ သားကောင်တစ်ဦးကဲ့သို့ ခံစားနေတတ်သည်။ “ဘာလုပ်ရမလဲ ပြောပါဦး” ဟူသော စိတ်အခြေအနေ၌သာ ရှိနေတတ်သည်။ အမှားအယွင်းများ ဖြစ်ပေါ်သည့်အခါ အကာအကွယ်ရှာတတ်ပြီး တာဝန်ခံရမှုကို ငြင်းပယ်တတ်သည်။ အလုပ်ကို ရပ်ဆိုင်းပစ်ရန်အတွက် အခက်အခဲမှန်သမျှကို အကြောင်းပြချက်အဖြစ် ရှုမြင်တတ်သည်။

တွက်ချက်တတ်သော စိတ်ထား – မည်သည့်စွန့်စားမှုမျိုး ပြုလုပ်မည်ကို သေချာစွာ ဆုံးဖြတ်တတ်သည်။ အနေအထားပေါ်မူတည်လျက် ဖြစ်နိုင်ခြေလျော့နည်းသော အရာများကို အလျင်အမြန်လွှတ်ချတတ်သည်။ တစ်သမတ်တည်းမရှိ၊ သာမန်ထက် ထူးကဲမှုမှသည် စိတ်မပါလက်မပါ အားထုတ်မှုမျိုးသို့ ပြောင်းလဲသွားတတ်သည်။ အမှားအယွင်းများ ဖြစ်ပေါ်သည့်အခါ အားနည်းချက်ကို ဆင်ခြေပေးရန်အတွက် အသေအချာဖန်တီးထားသော အကြောင်းအရာများကို ပြောတတ်သည်။ အကျိုးအမြတ်အပေါ် မူတည်လျက် အခက်အခဲများကို အတားအဆီးများ သို့မဟုတ် စိန်ခေါ်မှုများဟု ရှုမြင်တတ်သည်။

ပြေးတွေ့တတ်သော စိတ်ထား – ကျရှုံးမည်ကို ကြောက်ရွံ့ခြင်း မရှိသောကြောင့် စွန့်စားမှုကို စိတ်ပါလက်ပါ ပြုလုပ်တတ်သည်။ အနေအထား အရပ်အရပ်အတွက် တာဝန်ယူတတ်ပြီး တိုးတက်မှု မရှိခြင်းအတွက် စိတ်ထဲရှိသည်ကို ထုတ်ဖော်ပြခဲသည်။ အရင်းအမြစ်များ ရှိမှုနှင့်ပတ်သက်၍ လှုံ့ဆော်ပေးခြင်းနှင့် သရုပ်ပြခြင်းတို့ ပြုလုပ်တတ်သည်။  အမှားအယွင်းများ ဖြစ်ပေါ်သည့်အခါ မိမိအမှားကို ၀န်ခံတတ်သည်။ အခက်အခဲများကို ဖန်တီးမှုရှိစွာ တိုက်ခိုက်ရမည့် စိန်ခေါ်မှုများဟု ရှုမြင်သည်။

မည်သို့ပင်ဆိုစေကာမူ အဖွဲ့အစည်းတစ်ရပ်အတွင်း လူတစ်ဦးအား သက်ဆိုင်ရာ တာဝန်တစ်ရပ်ရပ်ကို ပေးမည်ဆိုပါက ထိုသူ၏ တွေးပုံနှင့် ပြုမူပုံအရ တာဝန်ယူခြင်းနှင့် ပတ်သက်၍ မည်သည့်စိတ်ထား အမျိုးအစား၌ရှိသည်ကို မှန်ကန်စွာအကဲဖြတ်နိုင်ခြင်းသည် လုပ်ငန်းအောင်မြင်ရေး၌ အရေးကြီးသည့် အချက်တစ်ချက်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဇွန်လ ၁၆ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

အများပြည်သူဝန်ဆောင်မှုများ

အစိုးရက သူ၏ စီရင်ပိုင်ခွင့်အတွင်း ပြည်သူများ နေထိုင်မှုအတွက် တိုက်ရိုက် (ပြည်သူ့ရေးရာ ဌာနများမှတစ်ဆင့်) သော်လည်းကောင်း၊ ၀န်ဆောင်မှုများကို ရန်ပုံငွေထောက်ပံ့ကာ ကြီးကြပ်ခြင်းဖြင့်သော်လည်းကောင်း ဆောင်ရွက်ပေးသည့် ၀န်ဆောင်မှုများကို အများပြည်သူ ၀န်ဆောင်မှုများဟု ခေါ်သည်။ အဆိုပါ စကားရပ်သည် (ဒီမိုကရေစီ ရွေးကောက်ပွဲများမှတစ်ဆင့် ကတိပေးလေ့ရှိသော) လူမှုရေးဆိုင်ရာ အများဆန္ဒနှင့် ပတ်သက်နေပြီး အချို့သော ၀န်ဆောင်မှုများသည် ၀င်ငွေ၊ ရုပ်ပိုင်းဆိုင်ရာစွမ်းရည်၊ စိတ်ပိုင်းဆိုင်ရာအရ ချို့တဲ့မှုတို့နှင့်မဆိုင်ဘဲ အားလုံးအတွက် ရရှိနိုင်ရမည်ဖြစ်သည်။ အများပြည်သူဝန်ဆောင်မှုများအား လူသိရှင်ကြား ထောက်ပံ့ပေးခြင်း သို့မဟုတ် လူသိရှင်ကြား ရန်ပုံငွေထုတ်ပေးခြင်း မရှိသည့်နေရာများ၌ပင်လျှင် လူမှုရေးဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ အကြောင်းတရားများအတွက် စီးပွားရေးကဏ္ဍအများစု၌ ကျင့်သုံးနေမှုများကို ကျော်လွန်လျက် အစိုးရက အများပြည်သူ ၀န်ဆောင်မှုများကို ကြီးကြပ်လေ့ရှိသည်။ ပြည်သူတို့၏ အကျိုးစီးပွားနှင့် ပြည်သူတို့အား စေ့ဆော်မှုပေးရေးတို့အတွက် အများပြည်သူဝန်ဆောင်မှုများကို ထောက်ပံ့ရန် ပြည်သူ့ရေးရာ မူဝါဒများ ချမှတ်နိုင်သည်။ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့နှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့သည် အများပြည်သူဝန်ဆောင်မှုအတွက် နမူနာများ ဖြစ်ကြသည်။

အများပြည်သူ ၀န်ဆောင်မှုပေးရေးသည် အခြေခံ လူ့အခွင့်အရေးနှင့်လည်း ပတ်သက်နေသည်။ စေတနာ့ဝန်ထမ်း မီးသတ်ဌာနနှင့် အရေးပေါ် လူနာတင်ယာဉ်အဖွဲ့ အစရှိသည် တို့သည် လူ့အဖွဲ့အစည်းအတွက် ၀န်ဆောင်မှုပေးသော အင်စတီကျူးရှင်းများ ဖြစ်ကြသည်။ အဆိုပါ ၀န်ဆောင်မှု လုပ်ငန်းများသည် တစ်ခု၏ လိုအပ်ချက် သို့မဟုတ် လိုလားချက်ကို အခြားတစ်ခုက အကူအညီပေးရသည်။ ခေတ်သစ်နိုင်ငံများ၌ အများပြည်သူဝန်ဆောင်မှု လုပ်ငန်းများအဖြစ် တရားရုံးများ၊ လျှပ်စစ်၊ ပညာရေး၊ အရေးပေါ်ဌာနများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဌာနများ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စစ်တပ်၊ စာတိုက်နှင့် ကြေးနန်းလုပ်ငန်း၊ အများပြည်သူသုံးဘဏ်၊ ပြည်သူ့အသံလွှင့်ဌာန၊ ပြည်သူ့စာကြည့်တိုက်၊ ပြည်သူ့လုံခြုံရေး၊ သယ်ယူပို့ဆောင်ရေး၊ လူမှုရေးဌာနများ၊ တယ်လီဖုန်းဆက်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေး အခြေခံ အဆောက်အအုံများ၊ အမှိုက်သိမ်းစနစ် စီမံခန့်ခွဲမှုနှင့် ရေထောက်ပံ့မှုကွန်ရက် အစရှိသည်တို့ ပါဝင်သည်။

ခေတ်သစ်ဒီမိုကရေစီနိုင်ငံများတွင် အများပြည်သူ ၀န်ဆောင်မှုလုပ်ငန်းများကို အစိုးရ၀န်ထမ်းဟုခေါ်သည့် ရွေးကောက်တင်မြှောက်ခံ အရာရှိများမှနေ၍ ငှားရမ်းခန့်ထားသူများက ဆောင်ရွက်လေ့ရှိကြသည်။ အစိုးရဌာနများ အနေဖြင့် အမြတ်အစွန်းရရေးကို ဦးတည်ရခြင်းမရှိဘဲ ပြည်သူများအား ၀န်ဆောင်မှုပေးရေးကိုသာ အဓိကထားရသည်။ အစိုးရ၀န်ထမ်းများသည် ပြင်ပလုပ်ငန်းများ၌ လုပ်ကိုင်သူများထက်စာလျှင် လစာနည်းလေ့ ရှိသောကြောင့် အလုပ်ချိန်နှင့် အခြားအကျိုးအမြတ်များပေးခြင်းအားဖြင့် ကာမိအောင် ပြုလုပ်ရသည်။ အစိုးရ၀န်ထမ်းများအား အလုပ်မဆုံးရှုံးရရေး အာမခံချက် ပိုမိုရှိအောင်လည်း ဆောင်ရွက်ပေးရသည်။

ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ အမှိုက်သိမ်းစနစ်နှင့် ရာဇ၀တ်မှု တရားစီရင်ရေးကဲ့သို့သော အများပြည်သူဝန်ဆောင်မှုများကို ထောက်ပံ့စီမံပေးရခြင်းသည် အစိုးရ၏ အဓိကတာဝန်တစ်ရပ်ဖြစ်သည်။ ပြည်သူများသည် အများပြည်သူ ၀န်ဆောင်မှုများနှင့် ပတ်သက်၍ ဂရုပြုကြပြီး ယင်းတို့အပေါ် တည်မှီလျက် ကောင်းစွာနေထိုင် လှုပ်ရှားနေရခြင်းဖြစ်သည်။ အများပြည်သူဝန်ဆောင်မှုများသည် ပြည်သူများနှင့် နိုင်ငံတော်အကြား ပေါင်းကူးဆက်သွယ်ပေးမှုများအနက် အထင်ရှားဆုံးလည်းဖြစ်သည်။ အများပြည်သူဝန်ဆောင်မှုများ၏ လုပ်ငန်းဆောင်ရွက်ပုံများက ပြည်သူများ၏ အစိုးရအပေါ် ယုံကြည်မှု သို့မဟုတ် မျှော်လင့်မှုကို ပုံသွင်းပုံဖော်ပေးသည်။ နိုင်ငံအဆင့်၌ အများပြည်သူဝန်ဆောင်မှုများသည် ပြည်သူတို့၏ လူမှုဖူလုံရေးနှင့် စီးပွားရေးကြီးထွားမှုကို ကျောထောက်နောက်ခံပြုပေးထားခြင်း ဖြစ်သည်။ အစိုးရအဖွဲ့တစ်ရပ်၏ စီမံခန့်ခွဲနိုင်မှု စွမ်းဆောင်ရည်နှင့်ပတ်သက်၍ အမြင်သာဆုံးမှာလည်း အများပြည်သူဝန်ဆောင်မှုများ၏ လုပ်ငန်းဆောင်ရွက်ပုံများ ဖြစ်သည်။

ထို့ကြောင့် အများပြည်သူဝန်ဆောင်မှု လုပ်ငန်းများနှင့်ပတ်သက်၍ အစိုးရတစ်ရပ် အနေဖြင့် ကောင်းမွန်သော တာဝန်ခံမှုနှင့် တာဝန်ယူမှုရှိရန် လိုအပ်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇွန်လ ၁၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

သဘာဝဘေးနှင့် အစိုးရ၏ အထောက်အပံ့

မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ယခင်ကထက် ပိုမိုလာကာ ဘေးအန္တရာယ် ကျရောက်မှုခပ်စိပ်စိပ်ဖြစ်လာသည်ကိုလည်း တွေ့ရသည်။ ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှုနှင့်အတူ မြန်မာနိုင်ငံ၏ ရာသီဥတုအခြေအနေသည်လည်း လာမည့်ဆယ်စုနှစ်များအတွင်း သိသိသာသာ ပြောင်းလဲလာနိုင်သည်ဟု ပညာရှင်များကလည်း ခန့်မှန်းသတိပေးမှုများ ပြုလုပ်ခဲ့ကြသည်။ အပူချိန်သိသာစွာ မြင့်တက်မှု၊ ငလျင်ဘေး၊ မုန်တိုင်းစသော ဘေးအန္တရာယ်များကိုလည်း ယခုနှစ်ပိုင်းအတွင်း သိသိသာသာတိုးမြှင့် ကြုံတွေ့ခံစားလာရသည်မှာလည်း အမှန်ပင်ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်း ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ခန့်မှန်းတွက်ချက်မှုများ အရ ၂၁ ရာစုအလယ်၌ မြန်မာနိုင်ငံရှိ နေရာဒေသများ၌ အပူချိန် ၁ ဒသမ ၃ စင်တီဂရိတ်မှ  ၂ ဒသမ ၇ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်နိုင်ခြင်း၊ နိုင်ငံအရှေ့ပိုင်းနှင့် မြောက်ပိုင်းရှိ တောင်ပေါ်ဒေသများတွင် ပူနွေးလာမှုမှာ အသိသာဆုံးဖြစ်ပြီး နွေရာသီတွင် ပျမ်းမျှအပူချိန် ၃ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာနိုင်ခြင်း၊ အနာဂတ်တွင် တစ်နိုင်ငံလုံး၏ လစဉ်ပြင်းထန်သော အပူချိန်ခံစားရနိုင်သည့်ရက်မှာ လေးရက်မှ ၁၇ ရက်အထိ ရှိနိုင်ခြင်း၊ မိုးရွာသွန်းမှု ပုံစံပြောင်းလဲမှုများသည် ဒေသအလိုက်နှင့် ရာသီဥတုအလိုက် အမျိုးမျိုးဖြစ်နိုင်ပြီး မုတ်သုံရာသီကာလအတွင်း မိုးရွာသွန်းမှုများခြင်း၊ လျော့နည်းခြင်း အခြေအနေများ ဖြစ်လာနိုင်ပေသည်။

နှစ်စဉ်နှင့်အမျှ ရေကြီးရေလျှံမှုပြဿနာသည်လည်း နိုင်ငံအနှံ့နှင့် ပြည်သူများအပေါ် ကြီးမားသော စိန်ခေါ်ထိုးနှက်မှုအဖြစ် ရင်ဆိုင်နေကြရပြီ ဖြစ်သည်။ မိုးသည်းထန်စွာရွာ သွန်းမှုနှင့်အတူ ပြည်နယ်နှင့်တိုင်းဒေသကြီး အများစုတွင် ကြီးမားသောသက်ရောက်မှု ကြုံတွေ့ခံစားနေရသည်။ လမ်းများပျက်စီးပြတ်တောက်ခြင်း၊ တံတားများကျိုးကျခြင်း၊ ဆည်ရေကြီးခြင်း၊ တောင်ကျရေမြင့်တက်ခြင်းကြောင့် တာပေါင်ကျိုးခြင်း၊ လူနေအိမ်များ၊ ကျောင်းများ ရေ၀င်နစ်မြုပ်ပျက်စီးခြင်းတို့ကြောင့် နောက်ဆက်တွဲလူမှုဘ၀ပြဿနာ အမျိုးမျိုးနှင့် ရင်ဆိုင်နေကြရသည်။ ရေကြီးရေလျှံမှုကြောင့် လူသေဆုံးမှုအချို့ရှိနေသည့်အပြင် သီးနှံစိုက်ခင်းဧကပေါင်းများစွာ ရေ၀င်နစ်မြုပ်ပျက်စီးမှုကြောင့် နိုင်ငံအတွက် ကြီးမားသော ဆုံးရှုံးမှုနှင့်လည်း ရင်ဆိုင်ရလျက်ရှိသည်။

ထိုသို့သော သဘာဝဘေးအန္တရာယ်တို့၏ နှစ်စဉ်ခပ်စိပ်စိပ် ထိုးနှက်မှုများအပေါ် တာဝန်ရှိသူများအနေဖြင့် လျင်မြန်စွာတုန့်ပြန် ကာကွယ်ဖြေရှင်းနိုင်မှုများပြုလုပ်ရန် အထူးလိုအပ်နေပေသည်။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအတွင်း သဘာဝဘေးဒဏ်ခံနိုင်ရန် အဆင်သင့်ဖြစ်မှုတွင် အောက်ပိုင်းသို့ ရောက်နေပြီး သဘာဝဘေးရင်ဆိုင်ကြုံတွေ့ရမှုတွင်မူ ထိပ်ပိုင်းတွင် ရှိနေသောနိုင်ငံလည်း ဖြစ်နေသည်။ ထို့ပြင် ဆင်းရဲ၍ နည်းပညာချို့တဲ့ အားနည်းသော နိုင်ငံတစ်နိုင်ငံဖြစ်နေရာ သဘာဝဘေးအန္တရာယ် ကြုံတွေ့ရပါက အခြားသောနိုင်ငံများထက်လည်း သက်ရောက်မှုဆိုးကျိုးကြီးသည်မှာ အမှန်ပင်ဖြစ်သည်။ ထိုသို့ဆိုလျှင် အစိုးရတာဝန်ရှိသူများအနေဖြင့် ဘေးအန္တရာယ်ဆိုင်ရာတုန့် ပြန်နိုင်စွမ်းကို အထူးအလေးထားရပေလိမ့်မည်။ ဒေသအများစုတွင် လမ်းပန်းဆက်သွယ်ရေး အဆင့်နိမ့်မှုကြောင့် ရေကြီးရေလျှံမှုကဲ့သို့သော သဘာဝဘေးနှင့် ကြုံလျှင် အဆက်အသွယ်များလည်း ပြတ်တောက်ခြင်း၊ လုံခြုံမှုမရှိခြင်းနှင့် ကူညီကယ်ဆယ်မှုများအချိန်နှင့် တစ်ပြေးညီ လုပ်ဆောင်နိုင်စွမ်းမရှိခြင်းသည် အဓိကထိုးနှက်ချက်လည်း ဖြစ်သည်။

ရာသီဥတုဖောက်ပြန်မှုဒဏ်ကို ဆက်တိုက်ခံစားနေရပြီး စီးပွားရေးအကျပ်အတည်း နှင့် ရင်ဆိုင်နေရသည့် ပြည်သူများအတွက် အစိုးရ၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုစွမ်းရည်ပိုင်းသည် များစွာစကားပြောပေလိမ့်မည်။ သို့ဖြစ်ရာ ကြုံတွေ့ခံစားနေရကြရသည့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ အစိုးရအနေဖြင့် ဘေးအန္တရာယ် မဖြစ်ပွားမီနှင့် ဖြစ်ပွားပြီး အခြေအနေနှစ်ရပ်စလုံးအတွက် ကောင်းမွန်သောစီမံချက်၊ အထောက်အပံ့များပေးနိုင်မှုသည် ပြည်သူများအတွက် များစွာအရေးကြီးပါကြောင်း  The Daily Eleven  သတင်းစာက ရေးသားအပ်ပါသည်။

(ဇွန်လ ၁၄ ရက်နေ့ ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘော်)

နိုင်ငံရေး ပြိုကွဲမှု

နိုင်ငံရေးပြိုကွဲမှုဟူသည့် စကားရပ်ကို အနည်းဆုံး စုစည်းညီညွတ်သည်ဟု ဆိုနိုင်ခဲ့သည့် နိုင်ငံရေးအဆောက်အအုံတစ်ရပ်က ပို၍သေးငယ်သော အစိတ်အပိုင်းများအဖြစ် ပြိုကွဲသွားသည့် အနေအထားကို ဖော်ပြရာ၌ အသုံးများသည်။ ဥပမာအားဖြင့် ကွန်မြူနစ် ၀ါဒပြိုလဲသွားပြီးနောက် ကွန်မြူနစ်နိုင်ငံအများအပြား၌ ဖြစ်ပေါ်ခဲ့သည့် တစ်စုံတစ်ရာ သောအနေအထားကို ရည်ညွှန်းသည်။ ယင်းကဲ့သို့သော အနေအထားသည် ဥရောပ သမဂ္ဂအတွင်း၌ ဗြိတိန်နုတ်ထွက်မှုနှင့်အတူ ဖြစ်ပေါ်လာနိုင်ခြေလည်း ရှိနေသည်။

နိုင်ငံရေးပြိုကွဲမှုအတွင်း ဖြစ်ပေါ်သည့်အရာမှာ နိုင်ငံရေးအဆောက်အအုံတစ်ရပ်၏ အစိတ်အပိုင်းအမျိုးမျိုးအနေဖြင့် ၎င်းတို့၏ ကွဲလွဲချက်များသည် ပြင်းထန်လွန်းသောကြောင့် ၎င်းင်းတို့အနေဖြင့် တူညီသည်ဟု ခံစားရသောအချက်များကို အသုံးပြုလျက် ကျော်လွှားရန်မဖြစ်နိုင်ဟု ယူဆလာကြသည့် အနေအထားဖြစ်သည်။ နိုင်ငံတစ်နိုင်ငံကို ကွဲပြားခြားနားသော တိုင်းရင်းသားလူမျိုးစုများဖြင့် ဖွဲ့စည်းထားသည့်အခါ ယင်းကဲ့သို့သော နိုင်ငံရေး ပြိုကွဲမှုမျိုးသည် ဖြစ်ပျက်တတ်သော သဘောရှိသည်။ ဥပမာအားဖြင့် ဥရောပ သမဂ္ဂသည် သမိုင်းကြောင်းအရ၊ တိုင်းရင်းသားလူမျိုးစုအရနှင့် ယဉ်ကျေးမှုအရများစွာ ကွာခြားသော အချုပ်အခြာအာဏာပိုင်နိုင်ငံများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သောကြောင့် ယင်းကဲ့သို့ ဖြစ်ပျက်တတ်သောသဘောရှိခြင်း ဖြစ်သည်။

တတိယကမ္ဘာ၌ တည်ရှိနေဆဲနိုင်ငံများ၏ နိုင်ငံရေးအရနှင့် နယ်မြေအရ ခိုင်မာမှုအပေါ် ခြိမ်းခြောက်မှုသည် မြင့်တက်၍လာနေသည်။ အာရှဒေသ၊ အာဖရိကဒေသနှင့် ပစိဖိတ်ဒေသတို့မှ အထောက်အထားများက နိုင်ငံများစွာသည် နှစ်ခု သို့မဟုတ် နှစ်ခု ထက်ပိုသော နိုင်ငံများအဖြစ်သို့ ပြိုကွဲသွားနိုင်ဖွယ်ရှိကြောင်း ညွှန်ပြနေသည်။

အထူးသဖြင့် တတိယကမ္ဘာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အရှိန်အဟုန် နှင့် အပြန်အလှန် မှီခိုနေရမှုက ဆက်လက်ဖြစ်ပေါ်နေသည့်တိုင် တိုင်းရင်းသားလူမျိုးစု အလိုက်ကို အခြေခံသော အမျိုးသားရေးဝါဒသည် နိုင်ငံရေးအရ အစိတ်စိတ်အမွှာမွှာဖြစ်စေသည့် လမ်းကြောင်းများဆီသို့  အတင်းအကျပ် တွန်းပို့နိုင်သည်ဟု ပညာရှင်တို့က ဆိုကြသည်။ ယင်းကဲ့သို့သော ပြိုကွဲမှုများဖြစ်ပေါ်ရန် ခြိမ်းခြောက်ခံနေရသည့် တိုင်းရင်းသား လူမျိုးပေါင်းစုံရှိသော နိုင်ငံများအတွက် နိုင်ငံရေး ပြိုကွဲနိုင်ခြေရှိခြင်းကို အထူးသတိပြုရန်လိုသည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံရှိသော လူ့အဖွဲ့အစည်းများအကြား အစိုးရ၏ စည်းရုံးရေးစွမ်းဆောင်ရည်က အရေးပါသည်။ လေ့လာချက်များမှရရှိသော အချက်အလက်များအပေါ် သုံးသပ်မှုများအရ နိုင်ငံရေးအရ ခွဲခြားဆက်ဆံမှုကို စနစ်တကျ အဆက်မပြတ်ပြုလုပ်ခြင်း မပါဝင်ဘဲ တိုင်းရင်းသားလူမျိုးစုဆိုင်ရာ အက်ကြောင်းများ သက်သက်က နိုင်ငံရေးပြိုကွဲမှုကို ဖြစ်စေနိုင်ခြင်းမရှိကြောင်း တွေ့ရှိရသည်။

၎င်းအပြင် ဆိုဗီယက်ပြည်ထောင်စု အစိတ်စိတ်အမွှာမွှာ ပြိုကွဲခဲ့ခြင်းနှင့်ပတ်သက်၍  ၎င်း၏ ပြဿနာရပ်များကို လေ့လာကြည့်နိုင်သည်။ လေ့လာသူများက နိုင်ငံရေးပြိုကွဲရ ခြင်းနှင့်ပတ်သက်၍ (၁) ဗျူရိုကရက်နှင့် အာဏာရှင်စနစ်တို့၏ အားနည်းချက် (၂) ဒီမို ကရေစီနည်းပါးမှု (၃) လွတ်လပ်စွာ ပြောဆိုခွင့်မရှိမှု (၄) ပြည်သူကို တာဝန်မခံသည့် တစ်ပါတီစနစ် (၅) ရုရှားကသာ လွှမ်းမိုးပြီး အခြားနိုင်ငံများ၏ အကျိုးစီးပွားကို လျစ်လျူရှူပြုထားခြင်း (၆) ကာကွယ်ရေးအသုံးစရိတ်မြင့်မားပြီး အခြေခံအဆောက်အအုံနှင့် နည်းပညာဆိုင်ရာ အသုံးစရိတ်နည်းပါးခြင်းစသည့် ပြဿနာရပ်များကို တွေ့ရှိခဲ့သည်။

ထို့ကြောင့် တိုင်းရင်းသားလူမျိုးပေါင်းစုံရှိနေသော နိုင်ငံများအနေဖြင့် နိုင်ငံရေးပြိုကွဲ မှုဆီသို့ ဦးတည်သွားနိုင်သည့် ပြဿနာရပ်များကို အထူးသတိထားရန် လိုအပ်မည်ဖြစ်ပါကြောင်း The Daily Eleven  သတင်းစာက ရေးသားအပ်ပါသည်။

(ဇွန်လ ၁၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘော်)

ပြည်တွင်းရေးမူဝါဒ

နိုင်ငံတစ်နိုင်ငံ၏ နယ်နိမိတ်အတွင်းရှိ အားလုံးသော အကြောင်းအရာ၊ လုပ်ဆောင်ချက်တို့နှင့် တိုက်ရိုက်ပတ်သက်သော အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို ပြည်တွင်းရေးမူဝါဒဟု ခေါ်သည်။ ပြည်တွင်းရေးမူဝါဒသည် ကမ္ဘာ့နိုင်ငံရေး၌ နိုင်ငံတစ်နိုင်ငံ၏ အစိုးရက နိုင်ငံ၏ အကျိုးစီးပွားဆီသို့ ချဉ်းကပ်ရာ နည်းလမ်းဖြစ်သည့် နိုင်ငံခြားရေးမူဝါဒနှင့် ကွဲပြားခြားနားသည်။ ပြည်တွင်းရေးမူဝါဒသည် လုပ်ငန်းများ၊ ပညာရေး၊ စွမ်းအင်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဥပဒေထိန်းသိမ်းရေး၊ ငွေကြေးနှင့် အကောက်ခွန်၊ သဘာဝရင်းမြစ်များ၊ လူမှုဖူလုံရေးနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များဟူ၍ အတိုင်းအတာ ကျယ်ပြောလှသည်။ ပြည်တွင်းရေးမူဝါဒများစွာတို့သည် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များ၌ အစိုးရက မည်သည့်အတိုင်းအတာအထိ ပါဝင်မည်နည်းဟူသည်နှင့် ပတ်သက်၍ အငြင်းအခုံ ဖြစ်ကြရသည်။

အစဉ်အလာအရ ကွန်ဆာဗေးတစ်ဖြစ်သူများက လုပ်ငန်းများကို ထိန်းချုပ်ကွပ်ကဲခြင်းနှင့် စီးပွားရေးစီမံမှု၌ အစိုးရသည် အဓိကအခန်းကဏ္ဍမှ မပါဝင်သင့်ဟု ယုံကြည်ကြသည်။ ပို၍ကွန်ဆာဗေးတစ်ဖြစ်သူများကမူ အစိုးရ၏ လုပ်ဆောင်ချက်များသည် ဆင်းရဲမွဲတေမှု၊ စီးပွားရေးအရ တန်းတူညီမျှခြင်း မရှိမှုတို့နှင့် ပတ်သက်သော ပြဿနာများကို မဖြေရှင်းနိုင်ဟု ယုံကြည်ကြသည်။ သို့သော် လစ်ဘရယ်အကျဆုံးသူများက စီးပွားရေး လုံခြုံမှုရှိရေး၊ လူမှုဒုက္ခများ လျော့ပါးသက်သာစေရေးနှင့် မညီမျှမှုများကို လျှော့ချရေးတို့ အတွက် ကြိုးပမ်းသည့် အစိုးရ၏ အစီအစဉ်များကို ထောက်ခံကြသည်။ လစ်ဘရယ်ကျသူ အများအပြားသည် ဘေးကင်းလုံခြုံ၍ မျှတသော လုပ်ငန်းခွင် အခြေအနေရပ်များအား အာမခံရန်နှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ကန့်သတ်ရန် လုပ်ငန်းများအား အစိုးရက ထိန်းချုပ်ကွပ်ကဲသင့်သည်ဟူသည်ကို ယုံကြည်ကြသည်။ ယဉ်ကျေးမှုအရ၊ ဘာသာရေးအရနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ယုံကြည်ချက်များအရ အချို့သော ပြည်တွင်းရေးမူဝါဒများမှာ အငြင်းပွားဖွယ် ဖြစ်ရသည်လည်း ရှိသည်။

နိုင်ငံတစ်နိုင်ငံ၏ အစိုးရပုံစံသည် ယင်း၏ ပြည်တွင်းရေးမူဝါဒ ဖွဲ့စည်းပုံနှင့် အကောင်အထည်ဖော်ပုံကို အကြီးအကျယ် အဆုံးအဖြတ်ပေးနိုင်သည်။ အာဏာရှင်အစိုးရများ လက်အောက်၌ အုပ်စိုးသူတစ်စုသည် အအုပ်ချုပ်ခံ ပြည်သူတို့၏ ပါဝင်မှု သို့မဟုတ် သဘောတူမှု မပါဘဲ ပြည်တွင်းရေးမူဝါဒများကို ချမှတ်အကောင်အထည်ဖော်ကြသည်။ သို့သော် ဒီမိုကရေစီ လူ့အဖွဲ့အစည်းများ၌ ပြည်သူတို့၏ဆန္ဒသည် ပြည်တွင်းရေးမူဝါဒများအပေါ် အကြီးအကျယ် သက်ရောက်မှုရှိသည်။

ဒီမိုကရေစီနိုင်ငံတွင် ပြည်တွင်းရေးမူဝါဒ၏ တရားဝင်ပုံစံသည် ရွေးကောက်တင်မြှောက်ခံခေါင်းဆောင်များ၊ ဥပဒေပြုအဖွဲ့များနှင့် အစိုးရ၏ အထူးပြုအေဂျင်စီများ၏ တာဝန်ယူမှုအပေါ်၌ အဓိကမူတည်သည်။ သို့သော် အခြားအကြောင်းခြင်းရာများလည်း လုပ်ငန်းစဉ်၌ ပါဝင်သည်။ ဥပမာအားဖြင့် မဲဆန္ဒရှင်ပြည်သူများက မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်နိုင်ငံရေးပါတီက မူဝါဒကို ဆုံးဖြတ်နိုင်သည့် အာဏာရှိရမည်ဟု အဆုံးအဖြတ် ပေးနိုင်သည်။ လူထုမီဒီယာများက ပြည်တွင်းရေး အကြောင်းအရာများနှင့် ပတ်သက်၍ သတင်းအချက်အလက်များကို ဖြန့်ဝေပေးပြီး လူများ၏ ယုံကြည်မှုနှင့် ထင်မြင်ချက်အပေါ် သက်ရောက်မှုရှိသည်။

ပြည်တွင်းရေးမူဝါဒ၏ ထိရောက်မှုသည် အစိုးရ၏ ဗျူရိုကရေစီယန္တရားအပေါ်၌ မူတည်နေပြီး ဥပဒေများနှင့် အစီအစဉ်များကို လုပ်ဆောင်ချက်အဖြစ် အကောင်အထည် ဖော်ရသည်။ အချို့ကိစ္စရပ်များတွင် ဗျူရိုကရေစီယန္တရားသည် နှေးကွေးခြင်း သို့မဟုတ် ထိရောက်မှုမရှိခြင်း ဖြစ်ပေါ်နိုင်သကဲ့သို့ မူလက ရည်ရွယ်ထားသည့်အတိုင်း မူဝါဒများကို ကျင့်သုံးအကောင်အထည်ဖော်နိုင်မှု မအောင်မမြင် ဖြစ်ရသည်လည်း ရှိသည်။ ပြည်တွင်းရေးမူဝါဒများ အနေဖြင့် တရားရုံးများ၌ စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်ရနိုင်သည်။ နိုင်ငံများစွာတို့တွင် တရားရုံးတို့သည် တရားစီရင်မှုဆိုင်ရာ ပြန်လည်သုံးသပ်နိုင်သည့် အခွင့်အာဏာရှိပြီး နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ကြောင်း တွေ့ရှိရသည့် မည်သည့်ဥပဒေမဆိုနှင့် မည်သည့်သမ္မတ/၀န်ကြီးချုပ်တို့၏ အမိန့်/လုပ်ဆောင်ချက်ကို မဆို ပယ်ချပိုင်ခွင့်ရှိသည်။

မည်သို့ပင်ဆိုစေကာမူ ပြည်တွင်းရေးမူဝါဒ မှန်သမျှသည် ပြည်သူတို့၏ နေ့စဉ်ဘ၀ ကံကြမ္မာများနှင့် ပတ်သက်နေသောကြောင့် ပြည်သူအများစု၏ အကျိုးစီးပွားနှင့် ဆန္ဒတို့မှနေ၍ သွေဖည်ရန် မသင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇွန်လ ၁၂ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်များ

ကမ္ဘာပေါ်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (ACA) များသည် အဂတိ လိုက်စားမှုများကို စုံစမ်းစစ်ဆေးရပြီး လွတ်လပ်သောအဖွဲ့အစည်းများဟု ယူဆထားကြသည်။ အဂတိလိုက်စားမှုများကို ဥပဒေအရ အရေးယူရန် တရားစီရင်ရေးအဖွဲ့အတွက် သက်သေအထောက်အထားများ ထောက်ပံ့ပေးရသောကြောင့် ယင်းအေဂျင်စီများသည် အဂတိလိုက်စားမှုများအတွက် အဟန့်အတားအဖြစ် အကောင်းဆုံးဆောင်ရွက်သည်။ သို့သော် ယင်းကဲ့သို့ ဆောင်ရွက်နိုင်ရန် ၎င်းအဖွဲ့များအနေဖြင့် လွတ်လပ်မှုရှိရန်၊ လူသိရှင်ကြား တာဝန်ခံမှုရှိရန်နှင့် ရန်ပုံငွေကောင်းစွာရှိလျက် ပါဝင်သူများဖြင့် ကောင်းစွာ ဖွဲ့စည်းထားရန် လိုအပ်သည်။

ACA တွင် ပါဝင်သော ခေါင်းဆောင်မှုနှင့် ၀န်ထမ်းများကို ရွေးချယ်ခြင်းနှင့် ခန့်အပ်ခြင်းတို့၌ လွတ်လပ်မှုရှိရန် အစိုးရအဖွဲ့များနှင့် နိုင်ငံရေးပါတီများက အာမခံချက်ပေးထားရသည်။ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန်၊ ဖမ်းဆီးရန်နှင့် တရားစွဲဆိုရန် ACA ၏ ကြီးမားသော လုပ်ပိုင်ခွင့်များကို ဥပဒေက အာမခံထားပေးရသည်။ မည်သူ သို့မဟုတ် မည်သည့်အဖွဲ့ အစည်းကမျှ ကြားဝင်စွက်ဖက်ခြင်း မပြုဘဲ ၎င်းတို့၏ ဥပဒေအရလုပ်ပိုင်ခွင့်များကို သမာသမတ်ကျကျ ထုတ်ပြန်ရန် ACA များကို အပြည့်အ၀ လွတ်လပ်ခွင့် ပေးထားရသည်။ ACA ၏ လုပ်ငန်းဆောင်တာများနှင့် ကျင့်သုံးဆောင်ရွက်မှုများကို ထိန်းချုပ်စောင့်ကြည့်ရန်အတွက် လွတ်လပ်သည့် ကြီးကြပ်ရေးလုပ်ငန်းစဉ်တစ်ရပ်လည်း ရှိရမည်ဖြစ်သည်။  ဥပမာအားဖြင့် လွှတ်တော်ကော်မတီတစ်ရပ် သို့မဟုတ် ပရော်ဖက်ရှင်နယ်အဖွဲ့များနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသော ကော်မတီတစ်ရပ်က ကြီးကြပ်နိုင်သည်။

ACA အဖွဲ့များသည် ‘ငါးကြီးများ’ ဟုခေါ်သော အဂတိလိုက်စားမှုကြီးများ၌ ပါဝင်ပတ်သက်သူများကို စုံစမ်းစစ်ဆေးရန်နှင့် တရားစွဲဆိုရန် ၎င်းတို့၏စွမ်းဆောင်ရည်နှင့် ဆန္ဒရှိမှုများကို ဖော်ထုတ်ပြသရမည်ဖြစ်သည်။ ACA ၌ ပါဝင်သူများသည် ပိုင်ဆိုင်မှုများ ကြိုတင်ထုတ်ဖော်ထားရန်၊ ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ ပြည်သူကို အစီရင်ခံရန်နှင့် ပြည်သူတို့၏ သတင်းသိပိုင်ခွင့်ကို အာမခံရန်တို့ကို ကျင့်သုံးရသည်။ အဂတိ လိုက်စားမှု၏ မကောင်းသော အကျိုးဆက်များကို ပြည်သူများ သိရှိကြစေရန်နှင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးလုပ်ဆောင်ချက်များ၌ ပြည်သူများ ပူးပေါင်းပါဝင်လာကြစေရန်  ပြည်သူ့ဆက်ဆံရေး အစီအစဉ်များမှတစ်ဆင့် ACA အနေဖြင့် နိုင်ငံသားများကို ပညာပေးခြင်းနှင့် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ ပြုရန်လိုသည်။

အဂတိလိုက်စားမှုများသည် ကမ္ဘာတစ်လွှား၌ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးမှုများအတွက် ကြီးစွာသော အဟန့်အတားဖြစ်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ မကောင်းသော ရိုက်ခတ်ချက်ရှိသည်။ အထူးသဖြင့် ဆင်းရဲသော လူ့အဖွဲ့အစည်းများ အပေါ် သက်ရောက်မှုကြီးမားသည်။ ကုမ္ပဏီများအတွက်လည်း အဂတိလိုက်စားမှုက လုပ်ငန်းကြီးထွားမှုကို အဟန့်အတားဖြစ်စေကာ ကုန်ကျစရိတ်ကြီးမားစေရုံသာမက ဥပဒေကြောင်းအရနှင့် ဂုဏ်သတင်း ကျော်စောမှုအရလည်း ကြီးမားသော အန္တရာယ်ရှိစေသည်။  အဂတိလိုက်စားမှုသည် ညှိနှိုင်းစရိတ်များ တက်စေလျက် မျှတသောယှဉ်ပြိုင်မှု ယုတ်လျော့စေကာ ပြည်တွင်းပြည်ပ ရေရှည်ရင်းနှီးမြှုပ်နှံမှုများကို အဟန့်အတားဖြစ်စေပြီး ဖွံ့ဖြိုးရေး ဦးစားပေးအစီအစဉ်ကို ပုံပျက်စေသည်။

ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အဂတိလိုက်စားမှုကော်မရှင်၏ စွမ်းဆောင်ရည်အပေါ် အကြီးအကျယ် မူတည်နေပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(ဇွန်လ ၁၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

စာသင်ခန်းထဲမှ အပြုအမူအချို့

ဆရာများအနေဖြင့် စာသင်ခန်းအတွင်း စိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်ရတတ်သည်။ ယင်းတို့အနက် နှောင့်ယှက်သော လေးစားမှုကင်းမဲ့သော သည်းမခံနိုင်ဖွယ်ရာ အပြုအမူများ ပါတတ်သည်။ အပြုအမူဆိုင်ရာ သိပ္ပံပညာရှင်တို့က စာသင်ခန်းအတွင်း ရင်ဆိုင်ရသည့် အပြုအမူအချို့ကို ဖော်ပြခဲ့သည်။

လေအိုး – သင်ခန်းစာတစ်ခု သင်ကြားနေစဉ် စကားများနေခြင်းသည် ဆရာကိုသာမက အခြားကျောင်းသားများအပေါ်ပါ လေးစားမှုကင်းမဲ့သည့် အပြုအမူဖြစ်သည်။ ကျောင်းသားများအနေဖြင့် ယင်းအပြုအမူသည် လက်ခံနိုင်ဖွယ်မရှိသည့် ရိုင်းပျသော အပြုအမူဖြစ်သည်ကို နားလည်ရန် အရေးကြီးသည်။ စကားများနေခြင်းကို ရပ်တန့်ပစ်ရန်  နည်းလမ်းများစွာ ရှိသော်လည်း အဆိုပါကျောင်းသားကို သီးသန့်ခွဲထုတ်လိုက်ခြင်း သို့မဟုတ် ရပ်တန့်ရန် အမိန့်ပေးလိုက်ခြင်းသည် နားကျည်းဖွယ်ရာများကိုသာ ဖြစ်စေနိုင်သည်။ ယင်းကဲ့သို့ အနုတ်လက္ခဏာသဘောဆောင်သော နည်းလမ်းများကို အသုံးပြုမည့်အစား သင်ကြားနေခြင်းကို ရပ်၍ အဆိုပါကျောင်းသား စကားပြောရပ်သွားသည်အထိ စောင့်နေရန်လိုသည်။ ထိုအခါ သူက သင့်အား ကျေးဇူးတင်မည်ဖြစ်ပြီး ပြုံးပြလိုက်ရန်သာ လို သည်။

ပုန်ကန်သူ –  မည်သည့်အရာကိုမျှ မလုပ်ဘဲ ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်သည့် ကျောင်းသားများ၏ အာဏာဖီဆန်မှုကို ကြုံတွေ့ရနိုင်သည်။ သူနှင့် အာဏာလွန်ဆွဲမှုထဲသို့ ၀င်ရောက်ခြင်း မပြုပါနှင့်။ လုပ်မည်လား၊ မလုပ်ဘဲ အကျိုးဆက်ကို ရင်ဆိုင်မည်လား  ရွေးချယ်ခွင့်ပေးရန်သာ လိုသည်။ ယင်း၌ အားလပ်ချိန် မပေးတော့ခြင်းသည် နည်းလမ်းတစ်ရပ်အဖြစ် ပါဝင်နိုင်သည်။ သူ့အနေဖြင့် ပူပေါင်းဆောင်ရွက်ပါက သူ၏ ကောင်းမွန်လာသော အပြုအမူကို အသိအမှတ်ပြုကာ အပြုံးဖြင့် အားပေးရန် လိုသည်။

အငြင်းသန်သူ – ကျောင်းသားတစ်ဦးအနေဖြင့် ဆရာအား ဆန့်ကျင်ငြင်းခုံခြင်းသည်  ချက်ချင်းဖြေရှင်းရမည့် အာဏာဖီဆန်မှုတစ်မျိုးဖြစ်နိုင်သည်။ ကျောင်းသား၏ ထင်မြင်ချက်နှင့် လုံးဝမသက်ဆိုင်ဘဲ သူနှင့် ငြင်းခုံပွဲအတွင်းသို့ ၀င်ရောက်ရန် မကြိုးစားပါနှင့်။  သူ့အား ဆန့်ကျင်ဘက်ပြောပါက အာခံနေသူ ကျောင်းသားအနေဖြင့် သူမှန်ကန်ကြောင်း  ပြောရန်လိုအပ်သည်ဟု ပို၍ပင် ခံစားလာရနိုင်သည်။ ယခုအချိန်သည် ဆွေးနွေးရမည့် အချိန်မဟုတ်ကြောင်း တည်ငြိမ်စွာ ရှင်းပြလျက် မိမိအလုပ်ကို ဆက်လုပ်ရန်လိုသည်။  ကျောင်းသားက ဆက်လက်ငြင်းခုံနေပါက စာသင်ချိန်ပြီးမှ ဆွေးနွေးရန် အကြံပြုပါ။ စာသင်ခန်းကို ထိန်းထားရင်း ကျောင်းသားများ၏ သိလိုစိတ်နှင့် မေးခွန်းထုတ်မှုကိုမူ အားပေးရမည်သာဖြစ်သည်။

စိတ်ဓာတ်ကျနေသူ – စိတ်ဂနာမငြိမ်သော သို့မဟုတ် စိတ်ဓာတ်ကျနေသော ကျောင်းသားတစ်ဦးသည် ဆရာတစ်ဦးအတွက် အာရုံထွေပြားဖွယ်ရာဖြစ်သည်။ ယင်းအပြုအမူကို သတိထားမိလျှင်ထားမိချင်း ဆွေးနွေးမှုပြုလုပ်ရန် အရေးကြီးသည်။ အထူးသဖြင့် အဆိုပါ ကျောင်းသားသည် ရုတ်တရက် ပြောင်းလဲသွားခြင်း သို့မဟုတ် စာရိတ္တပျက်ပြားသွားခြင်း ဖြစ်ပေါ်သည့်အခါ၌ ဖြစ်သည်။ စာသင်ချိန်ပြီးနောက် ကျောင်းသားနှင့် အသေအချာ ဆွေးနွေးရင်း ပြဿနာ၏ အရင်းအမြစ်ကိုသိရရန် ကြိုးပမ်းပါ။ ယင်းသည်  အိမ်၌ဖြစ်ပွား သောကိစ္စ သို့မဟုတ် ကျောင်း၌ အနိုင်ကျင့်ခံရခြင်းကဲ့သို့သော ပြဿနာမျိုးဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေကာမူ မိဘများကို အသိပေးရမည်သာဖြစ်သည်။

တွယ်ကပ်နေသူ – ဆရာ၏အကူအညီကို အဆက်မပြတ် တောင်းခံနေသည့် ကျောင်းသားတစ်ဦးသည်လည်း စာသင်ချိန်၌ အနှောင့်အယှက်ဖြစ်စေနိုင်သည်။ ဆရာအနေဖြင့် အနေအထားကို မှန်မှန်ကန်ကန် အကဲဖြတ်နိုင်ရန်လိုပြီး ကျောင်းသား၌ သင်ယူရခက်ခဲသည့် ချွတ်ယွင်းချက် ရှိနေသလားဟူသည်ကို သုံးသပ်နိုင်ရန်လိုသည်။ ဆရာအနေဖြင့် အဆိုပါကျောင်းသားအား မိမိကိုယ်မိမိ အားကိုးလာအောင် လေ့ကျင့်ပေးရမည်ဖြစ်သည်။  ကျောင်းသားတစ်ဦးအနေဖြင့် ဒုတိယအကြိမ်မြောက် ထပ်မံရှင်းပြရန် တောင်းခံလာပါက ၎င်း၏ဘေးမှ ကျောင်းသားအား မေးမြန်းနိုင်သည်ဟု ပြောပါ။

ယခုဖော်ပြချက်များသည် ဆရာများအတွက် အထွေထွေ သဘောလမ်းညွှန်ချက်များသာဖြစ်ပြီး မည်သည့်ပရော်ဖက်ရှင်နယ်အတွက်မဆို အရာရာသည် မိမိတို့၏ ကိုယ်ပိုင် အတွေ့အကြုံပေါ်၌သာ အမြဲတမ်း မူတည်နေမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(ဇွန်လ ၉ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

ငြိမ်းချမ်းရေးဟူသည် . . .

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ အခြေစိုက် စီးပွားရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာဌာန (IEP) က ထုတ်ပြန်သော ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးအညွှန်းကိန်း (GPI) အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် အဆင့် ၁၅ ဆင့် ကျဆင်းသွားခဲ့ပြီး အဆင့် ၁၂၂ အဖြစ် သတ်မှတ်ခြင်းခံရကြောင်း သိရသည်။ မြန်မာနိုင်ငံသည် အာရှ-ပစိဖိတ်ဒေသတွင်း၌ နိုင်ငံပေါင်း ၁၉ နိုင်ငံအနက် မြောက်ကိုရီးယား (အဆင့် ၁၅၀) နှင့် ဖိလစ်ပိုင် (အဆင့် ၁၃၇ ) တို့ပြီးပါက တတိယမြောက် အဆင့်အနိမ့်ဆုံးနိုင်ငံဖြစ်ကြောင်း သိရသည်။ အာရှ-ပစိဖိတ်ဒေသတွင်း၌ အဆင့်အကြီးအကျယ် ကျဆင်းသွားသောနိုင်ငံမှာ မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ဖြစ်ပြီး မြန်မာနိုင်ငံသည် ဘင်္ဂါလီမွတ်စလင်များ (မူရင်း၌ ရိုဟင်ဂျာဟုဖော်ပြ) တို့အပေါ် လုပ်ဆောင်နေဆဲ စစ်ဆင်ရေးများကြောင့် ယင်းကဲ့သို့ ကျဆင်းရခြင်းဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ် ရွေးကောက်ပွဲများ နီးကပ်လာချိန်၌ ၀န်ကြီးချုပ်ဟွန်ဆန်၏ အတိုက်အခံများအပေါ် ဖိနှိပ်ရန် ကြိုးပမ်းမှုကြောင့် ကျဆင်းရခြင်းဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော တောင်အာရှဒေသမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်လည်း နိုင်ငံရေး မတည်ငြိမ်မှုများနှင့် အကြမ်းဖက်မှုများ ရိုက်ခတ်မှုကြောင့် အဆင့် ၁၀ ဆင့် ကျဆင်းသွားပြီး အဆင့် ၉၃ အဖြစ် သတ်မှတ်ခံရကြောင်း သိရသည်။ ယင်းမှာ မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင်ဒုက္ခသည် ၇၀၀,၀၀၀ ရုတ်တရက် ၀င်ရောက်လာခြင်းနှင့် ပတ်သက်နေသည်ဟု ဆိုသည်။

ယခု ၁၂ ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးအညွှန်းကိန်း အစီရင်ခံစာကို ပြင်ဆင်ခဲ့သည့် IEP သည် အကျိုးအမြတ် ရယူခြင်းမရှိသည့် အကြံပေးအဖွဲ့ဖြစ်ပြီး လွတ်လပ်သောနိုင်ငံများနှင့် နယ်မြေများ စုစုပေါင်း ၁၆၃ ခုကို ၎င်းတို့၏ ငြိမ်းချမ်းမှု အဆင့်အလိုက် အမှတ်ပေးကာ ထုတ်ပြန်ခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ် GPI အစီရင်ခံစာတွင် တင်းမာမှုများ၊ ပဋိပက္ခများနှင့် အကျပ်အတည်းများအတွင်း ကျရောက်နေသည့် ကမ္ဘာကြီးကို ဖော်ပြခဲ့သည်။ အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသတွင် လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း မဖြေရှင်းနိုင်သည့် ပြဿနာများကြောင့် ယင်းကဲ့သို့ ဖြစ်ပွားရခြင်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စုနှင့် အခြားကမ္ဘာ့အင်အားကြီးနိုင်ငံများသည်လည်း နိုင်ငံရေး မတည်ငြိမ်မှုများနှင့် ရင်ဆိုင်ရသောကြောင့် ငြိမ်းချမ်းမှု ဖြည်းဖြည်းချင်း ကျဆင်းလာရသည်ဟု ဆိုသည်။ ယခု အစီရင်ခံစာအရ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အကြားတွင် နိုင်ငံပေါင်း ၉၂ နိုင်ငံသည် ငြိမ်းချမ်းမှု ကျဆင်းသွားပြီး ၇၁ နိုင်ငံသည် ငြိမ်းချမ်းမှု တိုးတက်လာကြောင်း သိရသည်။ ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ တောင်ဆူဒန်၊ အီရတ်နှင့် ဆိုမာလီယာတို့သည် ကမ္ဘာပေါ်တွင် ငြိမ်းချမ်းမှု အနည်းဆုံးနိုင်ငံများဖြစ်ကြပြီး အိုက်စလန်၊ နယူးဇီလန်၊ သြစတြီးယား၊ ပေါ်တူဂီနှင့် ဒိန်းမတ်နိုင်ငံတို့သည် အငြိမ်းချမ်းဆုံးနိုင်ငံများဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်းရေးဟူသည် အဘယ်နည်း။ ငြိမ်းချမ်းရေးကို လူများအနေဖြင့် အကြမ်းဖက်မှုမရှိဘဲ ၎င်းတို့၏ ပဋိပက္ခများကို ဖြေရှင်းနိုင်ပြီး ၎င်းတို့၏ ဘ၀အရည်အသွေးများ တိုးတက်လာအောင် အတူတကွ လုပ်ဆောင်နိုင်သည့်အခါ ရရှိခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးကို လူတိုင်းအနေဖြင့် အကြမ်းဖက်မှုများကို ကြောက်လန့်ရခြင်း၊ ခြိမ်းခြောက်ခံရခြင်းတို့ မရှိဘဲ ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်သည့်အခါ ရရှိသည်။ ငြိမ်းချမ်းရေးကို လူတိုင်းအနေဖြင့် ဥပဒေ၏ရှေ့မှောက်၌ မည်မျှစွာရှိခြင်း၊ တရားရေးစနစ်များ ယုံကြည်ရခြင်းနှင့် လူတို့၏ အခွင့်အရေးများကို မျှတပြီး ထိရောက်သည့် ဥပဒေများက ကာကွယ်ပေးထားခြင်းတို့ ရှိသည့်အခါ ရရှိသည်။ ငြိမ်းချမ်းရေးကို လူတိုင်းအနေဖြင့် နိုင်ငံရေး ဆုံးဖြတ်ချက်များကို ပုံဖော်ရာ၌ ပါဝင်နိုင်စွမ်းရှိပြီး အစိုးရက ပြည်သူများအပေါ် တာဝန်ခံမှုရှိသည့်အခါ ရရှိသည်။ ငြိမ်းချမ်းရေးကို လူတိုင်းအနေဖြင့် စားနပ်ရိက္ခာ၊ သန့်ရှင်းသောရေ၊ နေစရာ၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် နေချင်စရာ ၀န်းကျင်တို့အား မျှတညီမျှစွာ ရရှိသည့်အခါ ရရှိသည်။ ငြိမ်းချမ်းရေးကို ကျား/မ၊ လူမျိုး သို့မဟုတ် မည်သည့် အမျိုးအမည် ခွဲခြားမှုနှင့်မျှမဆိုင်ဘဲ အလုပ်လုပ်ရန် ညီမျှသော အခွင့်အရေး ရရှိကာ အသက်မွေးဝမ်းကျောင်း ပြုနိုင်သည့်အခါ ရရှိသည်။

မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေး အညွှန်းကိန်း ပြန်လည်မြင့်တက်လျက် မြန်မာနိုင်ငံသူနိုင်ငံသားများ ငြိမ်းချမ်းရေး ရရှိပါစေကြောင်း The Daily Eleven သတင်းစာက ဆုမွန်ကောင်း တောင်းအပ်ပါသည်။

ဇွန်လ ၈ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

အချက်အလက်များကပြောသည့် ပညာရေး နိမ့်ပါးမှု

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ကြေညာခဲ့ရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အောင်ချက် ၃၂ ဒသမ ၈၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ ယခုနှစ် အောင်ချက်ရာခိုင်နှုန်း ယမန်နှစ်အောင်ချက် ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက သိသာစွာ ကျဆင်းခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ၀င်ရောက်ဖြေဆိုသူ ၇၁၆၁၈၈ ဦးရှိသည့်အနက် ၂၄၂၇၃၆ ဦးအောင်မြင်ခဲ့ရာ အောင်ချက်ရာခိုင်နှုန်း ၃၃ ဒသမ ၈၉ ရာခိုင်နှုန်းရှိခဲ့သည်။ ယခု ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ ၇၈၉၈၄၅ ဦး ဖြေဆိုသည့်အနက် ၂၅၉၁၉၁ ဦးသာ အောင်မြင်ခဲ့ရာ အောင်ချက် ၃၂ ဒသမ ၈၂ ရာခိုင်နှုန်းရှိခဲ့ပြီး ယခင်နှစ်ထက် အောင်ချက်ရာခိုင်နှုန်း ၁ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု ကိန်းဂဏန်း အချက်အလက် ထွက်ပေါ်လာခဲ့သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အောင်ချက်ရာခိုင်နှုန်းများကိုကြည့်လျှင် ချင်းပြည်နယ်တွင် ၁၀၁၆၈ ဦး ဖြေဆိုသည့်အနက် ၁၆၉၂ ဦးသာ အောင်မြင်ပြီး အောင်ချက် ၁၈ ဒသမ ၆၄ ရာခိုင်နှုန်းဖြင့် အောင်ချက်အနိမ့်ဆုံး ဖြစ်ခဲ့သည်။ အောင်ချက်အကောင်းဆုံးမှာ မန္တလေးတိုင်းနှင့် ရန်ကုန်တိုင်းတို့ဖြစ်သည်။

ယခုနှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ကျဆင်းခဲ့သည်ဟု ဆိုသော်လည်း ဖွံ့ဖြိုးတိုးတက်မှုရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တို့၏ အောင်ချက်ရာခိုင်နှုန်း အပြောင်းအလဲထက် ဝေးလံခေါင်သီသော၊ ပဋိပက္ခများနှင့် ဖွံ့ဖြိုးမှုနိမ့်သော ပြည်နယ်များ၏ အောင်ချက်ရာခိုင်နှုန်း ကျဆင်းမှုသည် ပညာရေးကဏ္ဍအတွက် စိုးရိမ်ရမည့်အချက် ဖြစ်နေပေသည်။ နှစ်စဉ် ရန်ကုန်နှင့် မန္တလေးတိုင်းအတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှု မြင့်မားနေသည်ဆိုသည့်အချက်ထက် အဘက်ဘက်က ပြည့်စုံမှုမရှိသော ပြည်နယ်များအတွင်း ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ အောင်မြင်တိုးတက်ရေးသည် တိုင်းပြည်အတွက် ပို၍အရေးကြီးပေသည်။ ချင်းပြည်နယ်ပြီးလျှင် အောင်ချက်ဒုတိယ အနိမ့်ဆုံးပြည်နယ်မှာ ရခိုင်ပြည်နယ်ဟု ဆိုရမည်ဖြစ်ပြီး ယင်းပြည်နယ်အတွင်းမှ တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်ယောက်မျှမအောင်သည့် ကျောင်းပေါင်း ၂၅ ကျောင်း ရှိနေသည်ဆိုသည့် အချက်အလက်များသည် ပညာရေးပြုပြင်ပြောင်းလဲမှုကဏ္ဍအတွက် သတိပြုရမည့် အချက်အလက်များလည်း ဖြစ်နေသည်။ ရခိုင်ပြည်နယ်အတွင်းမှ တစ်ယောက်မျှ မအောင်မြင်သည့် ကျောင်းအရေအတွက် စုစုပေါင်းကိုကြည့်လျှင် ၂၀၁၅ တွင် ခုနစ်ကျောင်း၊ ၂၀၁၆ တွင် ၁၀ ကျောင်း၊ ၂၀၁၇ တွင် ၂၄ ကျောင်းနှင့် ၂၀၁၈ တွင် ၂၅ ကျောင်းအထိ မြင့်လာသည့်အချက်ကို တွေ့ရသည်။ ယင်းကဲ့သို့ ကျဆင်းသွားရခြင်း၏ အကြောင်းရင်းများတွင် အဓိကအချက်မှာ ဒေသတွင်း စီးပွားရေးနိမ့်ကျမှုကြောင့် ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ ထို့ပြင် ပညာရေးဆိုင်ရာ ဘတ်ဂျက်လိုအပ်မှု၊ အစိုးရ၏ ပံ့ပိုးပေးနိုင်မှု အတိုင်းအတာနှင့် အမျိုးမျိုးသော လိုအပ်ချက်များကြောင့်လည်း ဖြစ်သည်။ ရခိုင်ပြည်နယ်တွင် အခြေခံပညာကျောင်းများ ထပ်တိုးဖွင့်လှစ်နေသည် ဆိုသော်လည်း အထက်တန်းပညာ သင်ကြားပေးမည့် ဆရာ၊ ဆရာမ ၄၀၀ ခန့် လိုအပ်နေကြောင်းလည်း သိရသည်။ ရခိုင်ပြည်နယ်တွင် တစ်နှစ်လျှင် B.Ed ဆင်း ဆရာ၊ ဆရာမ ၃၀ လောက်သာ ထွက်ရှိသောကြောင့် ပြည်နယ်တစ်ခုအတွက် လုံလောက်သော အခြေအနေတွေ မရှိသည်မှာ သေချာနေသည်။ တိုင်းပြည်ဆင်းရဲသည့်အတွက် အချို့သော ပြည်နယ်နှင့် တိုင်းဒေသကြီးတွင် ပညာရေးကဏ္ဍနှင့် ပတ်သက်လျှင် များစွာခေတ်နောက်ကျ နိမ့်ကျနေဆဲ ဖြစ်နေသည်မှာ စိတ်မကောင်းစရာပင်ဖြစ်သည်။

ထိုသို့သော အခြေအနေမျိုးတွင် ပြည်သူတို့အတွက် ပညာရေးကဏ္ဍ၌ အစိုးရ၏ စီမံခန့်ခွဲမှုသည် များစွာအရေးကြီးပါသည်။ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရာတွင် တစ်နိုင်ငံလုံး ခြုံငုံနိုင်သည့် တစ်ပြေးညီ ပြုပြင်ပြောင်းလဲမှုနှင့် တိုးတက်မှု ရလဒ်ထွက်ရှိလာရန် အခြေခံမူများနှင့် ရေတိုရေရှည် မဟာဗျူဟာချမှတ် အကောင်အထည် ဖော်သင့်ပေသည်။ NLD အစိုးရ၏ သက်တမ်းနှစ်နှစ်ကျော်ကာလအတွင်း ပညာရေးကဏ္ဍနှင့် ပတ်သက်လျှင် တစ်မုဟုတ်ချင်း တိုးတက်မှုရလဒ်များ ချပြနိုင်ရန် မလိုသော်လည်း ဝေးလံခေါင်သီသော ဒေသများနှင့် ဖွံ့ဖြိုးမှုနောက်ကျသော ပြည်နယ်များအတွက် အခြေခံကောင်းများ ချထားပေးနိုင်ရေးအတွက်မူ သိသာစွာ လုပ်ဆောင်ပေးရန်လိုမည်ဖြစ်သည်။ အထူးသဖြင့် ပညာရေးကဏ္ဍ တိုးတက်မြင့်မားလာရေးအတွက် ဆင်းရဲချမ်းသာ ကွာဟချက်များအပေါ် ဂရုပြုကာ တစ်ပြေးညီ တိုးတက်မှု ရှိစေရေးအတွက် ပုံစံဟောင်းများမှ ခွဲထွက်လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇွန်လ ၇ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်