ကမ္ဘာ့အင်အားကြီးနိုင်ငံများဖြစ်သည့် အမေရိကန်နှင့် တရုတ်တို့၏ စီးပွားရေးဆိုင်ရာပြိုင်ဆိုင်မှုပြင်းထန်မှု၊ အကျိုးစီးပွားကာကွယ်သည့် လုပ်ငန်းစဉ်နှင့် မူဝါဒများကြောင့် မြန်မာအပါအ၀င် အာဆီယံနိုင်ငံများသို့ ရင်းနှီးမြှုပ်နှံမှုစီးဝင်မှု တုံ့ဆိုင်းလျက်ရှိ

ကမ္ဘာ့အင်အားကြီး နိုင်ငံများဖြစ်သည့် အမေရိကန်နှင့် တရုတ်နိုင်ငံတို့၏ စီးပွားရေးဆိုင်ရာ ပြိုင်ဆိုင်မှုပြင်းထန်မှု၊ အကျိုးစီးပွား ကာကွယ်သည့် လုပ်ငန်းစဉ်များနှင့် မူဝါဒများကြောင့် မြန်မာအပါအ၀င် အိမ်နီးချင်းအာ ဆီယံနိုင်ငံများသို့ ရင်းနှီးမြှုပ်နှံမှုစီးဝင်မှု တုံ့ဆိုင်းလျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံသို့ အဓိကအားဖြင့် တရုတ်နိုင်ငံ၊ ဟောင်ကောင်၊ ကိုရီးယား၊ ဂျပန်နိုင်ငံနှင့် အာဆီယံနိုင်ငံများဖြစ်သည့် စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှားစသည့်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်ခြင်း ဖြစ်သည်။

ယခုနှစ်တွင် ကမ္ဘာ့အင်အားကြီးနိုင်ငံများဖြစ်သည့် အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံကြား၌ စီးပွားရေးဆိုင်ရာပြိုင်ဆိုင်မှုပြင်း ထန်သောဖြစ်စဉ် (Economic Tension ) များဖြစ်ပေါ်လျက်ရှိပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားကာကွယ်သည့် အယူအဆများနှင့် လုပ်ငန်းစဉ်များဆောင်ရွက်နေသဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဓိကဆောင်ရွက်လျက်ရှိသော ယင်းနိုင်ငံများ၏မူဝါဒများကြောင့် မြန်မာနိုင်ငံအပါအ၀င် အာဆီယံနိုင်ငံများ၌ပါ ရင်းနှီးမြှုပ်နှံမှု စီးဝင်မှုတွင် တုံ့ဆိုင်းမှုအခြေအနေများ ကြုံတွေ့လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှုနှင့် ပတ်သက်၍ အမှန်စာရင်းများ ရရှိရေး IMF ၏နည်းပညာ အကူအညီဖြင့် FDI Survey များပြုလုပ်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား စိစစ်ခွင့်ပြုရုံ သာမက အမှန်ဝင်ရောက်မှုနှင့် ပတ်သက်၍ လက်ရှိအချိန်တွင် ခွင့်ပြုထားသော လုပ်ငန်းများ၏ သုံးလတစ်ကြိမ်တင် ပြသည့်အစီရင်ခံစာများအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမှန်စာရင်းများ ပြုစုလျက်ရှိရာ ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ်အတွက် ဒေါ်လာ ၄၃၃၄ ဒသမ ၇၇၉ သန်းဝင်ရောက်ခဲ့သည်။

၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလအထိ ကြားကာလခြောက်လအတွင်း ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုပေးလျက်ရှိရာတွင် ဧပြီနှင့် မေနှစ်လအတွင်း သီလ၀ါအထူးစီးပွားရေးဇုန်တွင် ၀င်ရောက်ရင်းနှီးမြှုပ်နှံမှု၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအ၀င် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၉၃ ဒသမ ၃၅၆ သန်းအထိ ၀င်ရောက်မြှုပ်နှံထားသည်။

၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလ ခြောက်လအတွင်း မေလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြုပေးခဲ့မှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၅ ခု၊ ရင်းနှီးမြှုပ်နှံမှု ပမာဏဒေါ်လာ ၉၇ ဒသမ ၁၃၆ သန်း ဖြစ်ကြောင်းဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအ၀င် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၁၄၈ ဒသမ ၀၅၆ သန်းဖြစ်ကြောင်း သိရသည်။

နှစ်ပေါင်း ၃၀ နီးပါးအတွင်း တိုင်းနှင့်ပြည်နယ်အလိုက် ခွင့်ပြုပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအနက် ရပ်ဆိုင်း၊ ပိတ်သိမ်းခဲ့သည့် လုပ်ငန်းများ နုတ်ပယ်ပါက လက်ရှိလုပ်ငန်း ဆောင်ရွက်နေသည့် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆၂ ဘီလျံကျော် ရှိနေ

သီလ၀ါ အထူးစီးပွားရေးဇုန်တွင် လုပ်ကိုင်နေသည့် ကုမ္ပဏီတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)

နှစ်ပေါင်း ၃၀ နီးပါးအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခွင့်ပြုပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအနက် ရပ်ဆိုင်းခြင်း၊ ပိတ်သိမ်းခြင်း စသည်ဖြင့် ပြုလုပ်ခဲ့သည့် လုပ်ငန်းများ နုတ်ပယ်ပါက လက်ရှိ လုပ်ငန်းဆောင်ရွက်နေသည့် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၆၂ ဘီလျံကျော်အထိ ရှိနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အထိ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် လက်ရှိ လုပ်ငန်းဆောင်ရွက်နေသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် ရန်ကုန်တိုင်းဒေသကြီး၌ ဒေါ်လာဘီလျံ ၂၀ ကျော်၊ ကချင်ပြည်နယ်တွင် ၁၂ ဘီလျံကျော်၊ ရခိုင်ပြည်နယ်တွင် ၁၀ ဘီလျံကျော်၊ မွန်ပြည်နယ်တွင် ခြောက်ဘီလျံကျော်၊ မန္တလေးတိုင်းဒေသကြီးတွင် သုံးဘီလျံကျော်၊ တနင်္သာရီတိုင်း ဒေသကြီးတွင် ၂ ဒ သမ ၅ ဘီလျံကျော်၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ဒေါ်လာ ၂ ဒသမ ၅ ဘီလျံကျော်၊ ပဲခူးတိုင်းဒေသကြီးတွင် ၁ ဒသမ ၄ ဘီလျံကျော်၊ ရှမ်းပြည်နယ်တွင် ဒေါ်လာသန်း ၈၀၀ ကျော်၊ မကွေးတိုင်းဒေသကြီးတွင် ဒေါ်လာ သန်း ၇၀၀ ကျော်၊ ဧရာဝတီတိုင်း ဒေသကြီးတွင် ဒေါ်လာသန်း ၄၂၀ ကျော်၊ ကရင်ပြည်နယ်တွင် ဒေါ်လာ ၂၂၈ သန်းကျော်၊ နေပြည်တော်ကောင်စီတွင် ဒေါ်လာသန်း ၆၀ ကျော်နှင့် ကယားပြည်နယ်တွင် ဒေါ်လာနှစ်သန်းကျော် ၀င်ရောက် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရသည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်အထိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ပေးပြီး လုပ်ငန်းများမှ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လက်ရှိလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း ၁၁၇၆ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်းပေါင်း ၆၂၃၂၃ ဒ သမ ၂၁၂ ရှိပြီး ချင်းပြည်နယ်မှလွဲ၍ နေပြည်တော်ကောင်စီ အပါအ၀င် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်ထားသည်။

၂၀၁၈ ခုနှစ် မေလတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၀၂ သန်းကျော်သာ ၀င်ရောက်ခဲ့ပြီး ကုန်ထုတ်လုပ်ငန်း ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုအများဆုံး ၀င်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်  ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာရင်းများအရ သိရသည်။

၂၀၁၇ ခုနှစ် မေလတွင်မူ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ သန်း ၂၀၀ ကျော် ၀င်ရောက်ခဲ့သဖြင့် ၂၀၁၈ ခုနှစ် မေလတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှု ပမာဏမှာ ယခင်နှစ် ကာလတူထက် လျော့ကျခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဧပြီနှင့်မေလတွင် စိုက်ပျိုးရေးကဏ္ဍသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၅ ဒသမ ၆၅၀ သန်း၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄ ဒသမ ၆၃၅ သန်း၊ အိမ်ရာအဆောက်အအုံ ကဏ္ဍသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂ ဒသမ ၈၈၀ သန်း၊ စက်မှုဇုန် တည်ဆောက်မှု ကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆ ဒသမ ၄၈၁ သန်း၊ ကုန်ထုတ်လုပ်ငန်းကဏ္ဍသို့ ဒေါ်လာ ၁၀၃ ဒသမ ၂၈၈ သန်း၊ အခြားဝန်ဆောင်မှုကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၆ ဒသမ ၂၇၃ သန်း၊ စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၄၉ ဒသမ ၂၀၇ သန်း ၀င်ရောက်ခဲ့သည်။

၂၀၁၈ ခုနှစ် ဧပြီလအထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခွင့်ပြုထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်း ဒေါ်လာ ၇၆၀၇၄ ဒသ မ ၃၇၇ သန်းရှိပြီး မေလကုန်တွင် မြန်မာနိုင်ငံရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်း ဒေါ်လာ ၇၆၁၇၆ ဒသမ ၄၈၅ သန်းရှိသဖြင့် မေလတစ်လတည်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၀၂ ဒသမ ၁၀၈ သန်း ၀င်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

နွေစပါး ကုန်သလောက်ဖြစ်နေပြီး သိုလှောင်ထားသော ဆန်များသာ ကျန်ရှိ၍ ပြည်တွင်းဆန်ဈေး အနည်းငယ် မြင့်တက်နိုင်ဟုဆို

၂၀၁၈ ဇန်န၀ါရီလအတွင်းက ဘုရင့်နောင်ကုန်ပွဲရုံအတွင်း ဆန်အရောင်းအ၀ယ်ပြုလုပ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)

ယခုနှစ်ထွက်ရှိထားသည့် နွေစပါး ကုန်သလောက်ဖြစ်နေပြီး သိုလှောင်ထားသော ဆန်များသာကျန်ရှိနေ၍ ပြည်တွင်းဆန်ဈေး လက်ရှိ ဈေးနှုန်းထက် အနည်းငယ် မြင့်တက်နိုင်ကြောင်း ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်မှ သိရသည်။

“လောလောဆယ်တော့ နွေစပါးတွေက ကုန်သလောက် ဖြစ်သွားတယ်။ လက်ရှိအသစ်ပေါ်တဲ့ အောက်ဧရာဝတီတိုင်း၊ ပဲခူးတိုင်းက ကုန်သလောက် ဖြစ်သွားပြီးတော့ ရှိလည်း သိုလှောင်ထားတဲ့ဟာတွေကို ထုတ်ရောင်းဖို့ပဲ ကျန်တော့တယ်၊။ အဲဒါကျတော့ သူက ဈေးနည်းနည်း စောင့်ချင်သေးတာပေါ့။ ဆန်က အခုထွက်တဲ့ ဆန်တွေက ရွှေဘိုဘက် ရောင်းသွားပြီလေ။ ရွှေဘိုပေါ်နေပြီလေ။ အောက်ပိုင်း ဧရာဝတီ၊ ပဲခူးတိုင်းက အခုလက်ရှိပေါ်နေတာက ကုန်သလောက်ဖြစ်သွားတယ်။ ကုန်သလောက်ဖြစ်သွားတော့ ဒီဟာတွေ ကုန်သွားလို့ ၀ယ်လိုအားက ရှိနေသေးတယ်။ ၀ယ်လိုအား ပြန်ကောင်းလာပြီဆိုရင် ဈေးတက်ဖို့ ရှိတာပေါ့။ ဈေးတက်ပြီးမှ ၀ယ်လို့ရမှာလေ” ဟု ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ပြောကြားသည်။

လက်ရှိ ပြည်တွင်းဆန်ဈေးနှုန်းများမှာ ၂၅ မှတ် ဆန်အမျိုးအစား တစ်အိတ် ကျပ် ၁၉၀၀၀ နှင့် ၂၀၀၀၀ အကြား၊  ၁၅ မှတ်ဆန် တစ်အိတ်ကို ကျပ် ၂၁၅၀၀ နှင့် ၅ မှတ်ဆန်ရှယ် တစ်အိတ်ကို ကျပ်၂၂၅၀၀ ၀န်းကျင်အထိ ရှိကြောင်း သိရသည်။

လက်ရှိဆန်ဈေးနှုန်း တည်ငြိမ်နေခြင်းသည် တရုတ်နိုင်ငံမှ ဘဏ်အကောင့်များ ပိတ်သိမ်းထားခြင်းကြောင့် မြန်မာ့ဆန်ကို နယ်စပ်မှ တရုတ်ဆန်ကုန်သည်များက ၀ယ်ယူမှု ရပ်တန့်ထားခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

“အခုက တရုတ်လည်း မ၀ယ်ဘူး။ တရုတ်မ၀ယ်လို့ ဈေးက ဒီအခြေအနေဖြစ်တာ။ တရုတ်ဝယ်ရင် တအားမြင့်သွားမယ်” ဟု ဦးသန်းဦးက ပြောကြားသည်။

ဇန်န၀ါရီ ၁ ရက် ၂၅ မှတ်ဆန် ဇီယာတစ်အိတ် ကျပ် ၁၈၅၀၀ ၀န်း ကျင်၊ ၂၅ မှတ်ဆန် ဧည့်မထ တစ်အိတ် ကျပ် ၁၈၅၀၀ ၀န်းကျင်၊ ငစိန် ဆန်တစ်အိတ် ကျပ် ၁၈၇၀၀ ရှိခဲ့ပြီး ဇန်န၀ါရီ ၆ ရက်က ၂၅ မှတ်ဆန်ဇီ ယာ တစ်အိတ် ကျပ် ၁၈၆၀၀ နှင့် ကျပ် ၁၈၇၀၀ ကြား၊၂၅ မှတ်ဆန် ဧည့်မထ တစ်အိတ် ကျပ် ၁၈၀၀၀ နှင့်  ကျပ် ၁၈၇၀၀၊ ငစိန်ဆန် တစ်အိတ် ကျပ် ၁၈၇၀၀ ဈေးအသီးသီး ရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှတစ်ဆင့် ဆန်တင်ပို့နေခြင်းဖြစ်သည်။

အဆိုပါ တင်ပို့မှုများအနက် တရုတ်နိုင်ငံဘက်မှ အများဆုံးဝယ်ယူသည့် ဆန်အမျိုးအစားများသည် ပြည်တွင်း၌ အဓိက စားသုံးနေသော ဆန်အမျိုးအစားကို ၀ယ်ယူနေခြင်းဖြစ်ကြောင်း ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်မှ သိရသည်။

လက်ရှိတွင် မြန်မာ-တရုတ် နယ်စပ်၌ တရုတ်ဘက်မှ နယ်စပ်အရောင်းအ၀ယ် ပြုလုပ်နေသူများ ငွေပေးငွေယူ ပြုလုပ်ရာ၌ ပြဿနာအချို့ ဖြစ်ပေါ်နေသဖြင့် ဇွန် ၁၂  ရက်မှစ၍ ငွေပေးငွေယူငွေလွှဲလုပ်ငန်းများ ခေတ္တ ရပ်နားမည်ဖြစ်ကြောင်း ကုန်သည်များနှင့် စီးပွားရေး လုပ်ငန်းရှင်ကြီးများသို့ ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူများက  အသိပေးထားကြောင်း၊ ဘဏ်အကောင့် ပိတ်သိမ်းမှုများ ပြန်လည်ခွင့်ပြုပြီး ဆန်အရောင်းအ၀ယ် ပုံမှန်ဖြစ်လာပါလည်း ပြည်တွင်းဆန်ဈေးနှုန်း ပြန်လည် မြင့်တက်နိုင်မည်ဖြစ်ကြောင်း သိရသည်။    

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် စပါး၊ ပဲမျိုးစုံနှင့် ပြောင်းအပါအ၀င် သီးနှံများကို GAP စနစ်ဖြင့် စိုက်ပျိုးပြီး ပြည်ပတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိ

ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ပဲခင်းအချို့အား တွေ့ရစဉ် (ဓာတ်ပုံ-မောင်အေး)

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် စပါး၊ ပဲမျိုးစုံနှင့် ပြောင်း အပါအ၀င် သီးနှံများကို GAP (Good Agricultural Pratice) စိုက်နည်းစနစ်ဖြင့် စိုက်ပျိုးကာ ပြည်ပတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

ပြည်တွင်း၌ GAP (Good Agricultural Pratice) စနစ်ဖြင့် စိုက်ပျိုးထားသော ကော်ဖီများသည် နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက်နိုင်နေပြီဖြစ်ပြီး အရည်သွေးမြင့် ထုတ်ကုန်များ ထုတ်လုပ်ရန်အတွက် ကုန်ထုတ်လုပ်နိုင်မှုစွမ်းအား (Productivity) ကိုသာ ဆောင်ရွက်ရန် လိုအပ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

လက်ရှိအချိန်တွင် ကယားပြည်နယ်အတွင်း ဘေးအန္တရယ်ကင်းရှင်းပြီး အရည်အသွေး ကောင်းမွန်သည့် နှမ်းများကို GAP နည်းစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ကာ ပြည်ပဈေးကွက်သို့ ပိုမိုတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အများဆုံးစားသုံးသီးနှံနှင့် ပြည်ပပို့ကုန် အများဆုံး သီးနှံ ၁၅ မျိုးအား စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများကျင့်စဉ် (GAP) နှင့်အညီ စိုက်ပျိုးထုတ်လုပ်သွားရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများဖြင့် အန္တရာယ်ကင်းရှင်းပြီး အရည်အသွေး ပြည့်ဝကောင်းမွန်သော သီးနှံများ စိုက်ပျိုးထုတ်လုပ်ပြီး ဈေးကွက်တင်ပို့ ရောင်းချနိုင်ရေးအတွက် မြန်မာ GAP နည်းပညာလက်စွဲ (GAP Protocol) အား အစားအစာများ ဘေးအန္တရာယ်ကင်းရှင်းရေးကဏ္ဍ၊ ထုတ်ကုန်အရည်အသွေး ပြည့်ဝကောင်းမွန်ရေးကဏ္ဍ၊ ပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းရေးကဏ္ဍနှင့် လုပ်သားများ၏ ကျန်းမာရေးနှင့် လူမှုဘ၀ သာယာဝပြောရေးကဏ္ဍ စသည့် ကဏ္ဍကြီးလေးရပ်ပေါ် မူတည်၍ ပြုစုရေးဆွဲခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အများဆုံး စားသုံးသီးနှံနှင့် ပြည်ပပို့ကုန် အများဆုံးသီးနှံများ ဖြစ်သည့် သရက်၊ ကျွဲကော၊ သခွားမွှေး၊ ဖရဲ၊ ထောပတ်သီး၊ ငရုတ်၊ ခရမ်းချဉ်၊ ကြက်သွန်နီ၊ ဂေါ်ဖီထုပ်၊ အစေ့ထုတ်ပြောင်း၊ ပဲမျိုးစုံ (ပဲတီစိမ်း၊ မတ်ပဲ၊ ပဲလွမ်း)၊ နှမ်း၊ မြေပဲ၊ စပါးနှင့် ကော်ဖီစသည့် သီးနှံ ၁၅ မျိုးတို့၏ GAP ကျင့်စဉ်များအား ထုတ်ပြန်ဆောင်ရွက် ထားရှိပြီးဖြစ်ကြောင်း သိရသည်။

အများပြည်သူ ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရပြည့်ဝသော သီးနှံများ စားသုံးနိုင်ရန်နှင့် ပြည်တွင်း/ပြည်ပ ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရန်အတွက် တောင်သူလယ်သမားများ အပါအ၀င် စိုက်ပျိုးထုတ်လုပ် ရောင်းချသူများ အနေဖြင့် မြန်မာစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ကျင့်စဉ်နှင့်အညီ စိုက်ပျိုးထုတ်လုပ်သွားရန် လိုအပ်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ပြည်သူများ ဘေးကင်းလုံခြုံသော စားနပ်ရိက္ခာများ ဖူလုံစွာ ရရှိရေးအတွက် ကျေးလက်နေ တောင်သူလယ်သမားများအား ပြည်ထောင်စုအစိုးရက အသိပညာ၊ နည်းပညာများ အထောက်အပံ့ အကူအညီပေးပြီး GAP (Good Agricultural Pratice) နည်းစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်ရေး အဆိုကို အမျိုးသားလွှတ်တော်က မေလအတွင်းက အတည်ပြုခဲ့ကြောင်း သိရသည်။

 

၂၀၁၈ ခုနှစ် မေတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၀၂ သန်းကျော် ၀င်ရောက်ခဲ့ပြီး ကုန်ထုတ်လုပ်ငန်းကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နေသည့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကုန်ထုတ်စက်ရုံတစ်ရုံအား တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)

၂၀၁၈ ခုနှစ် မေလတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၀၂ သန်း ကျော်သာဝင်ရောက်ခဲ့ပြီး ကုန်ထုတ်လုပ်ငန်း ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံး ၀င်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာနမှထုတ်ပြန်ထားသည့် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာစာရင်းများအရ သိ ရသည်။ ၂၀၁၇ ခုနှစ် မေလတွင်မူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ သန်း ၂၀၀ ကျော် ၀င်ရောက်ခဲ့သဖြင့် ၂၀၁၈ ခုနှစ် မေလတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှု ပမာဏမှာ ယခင်နှစ်ကာလတူထက် လျော့ကျခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဧပြီနှင့် မေလတို့တွင် စိုက်ပျိုးရေးကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ် လာ ၅ ဒသမ ၆၅၀ သန်း၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ် လာ ၄ ဒသမ ၆၃၅ သန်း၊ အိမ်ရာအဆောက် အအုံကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂ ဒသမ ၈၈၀ သန်း၊  စက်မှုဇုန် တည်ဆောက်မှုကဏ္ဍသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆ ဒသမ ၄၈၁ သန်း၊ ကုန်ထုတ်လုပ်ငန်းကဏ္ဍသို့ ဒေါ်လာ ၁၀၃ ဒသမ ၂၈၈ သန်း၊ အခြားဝန်ဆောင်မှုကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၆ ဒသမ ၂၇၃ သန်း၊ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ် နှံမှု ဒေါ်လာ ၁၄၉ ဒသမ ၂၀၇ သန်း ၀င်ရောက်ခဲ့သည်။

၂၀၁၈ ခုနှစ် ဧပြီလအထိ မြန်မာနိုင်ငံ တွင် ရင်းနှီးမြှုပ်နှံခွင့်ပြုထားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်းမှာ ဒေါ်လာ ၇၆၀၇၄ ဒသမ ၃၇၇ သန်းရှိပြီး မေလကုန်တွင် မြန်မာနိုင်ငံရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်းမှာ ဒေါ်လာ ၇၆၁၇၆ ဒသမ ၄၈၅ သန်းရှိသဖြင့် မေလတစ်လတည်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၀၂ ဒသမ ၁၀၈ သန်းဝင်ရောက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

၁၉၈၈-၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၈ ခုနှစ် မေလအထိ ခွင့်ပြုပေးခဲ့သည့် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၇၆ ဘီလျံကျော် တွင် တရုတ်နိုင်ငံက ပမာဏအများဆုံးရင်းနှီးမြှုပ်နှံထားပြီး စင်ကာပူက ဒုတိယအများ ဆုံးရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။ ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် အများဆုံးဖြစ် ပြီး စွမ်းအင်ကဏ္ဍတွင် ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံကြကြောင်း သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ ဆောင်ရွက်မည့် အ မျိုးသားဖွံ့ဖြိုးတိုးတက်မှု ဒုတိယကာလတို ငါးနှစ်စီမံကိန်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖြင့်တွန်းအားပေး၍ ပို့ကုန်မြှင့်တင်ရေး၊ ပုဂ္ဂလိကကဏ္ဍ မြှင့်တင်ရေး၊ ဒေသဖွံ့ဖြိုးရေး စီမံချက်များအား စီးပွားဖြစ် ပူးပေါင်းဆောင်ရွက်မှု အဖြစ်သို့  ကူးပြောင်းစေရေး၊ ပုဂ္ဂလိကရင်း နှီးမြှုပ်နှံမှုအား ပြည်သူများ အကျိုးကျေးဇူး ဖြစ်ထွန်းစေရန်အတွက် ညှိနှိုင်းခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်ရန်အတွက် ကန့်သတ်နေသည့် ပြဋ္ဌာန်းချက်များကို ပြန်လည်စိစစ်နိုင်ရေး၊ လုပ်ငန်းထူထောင်ရာတွင် ကုန်ကျစရိတ် များပြားစေသော မြေယာဈေးနှုန်းနှင့် လုပ်ငန်းလည်ပတ်မှု အခက်အခဲများ လျှော့ချနိုင်ရေး၊ ပြည်တွင်းစီးပွားရေး လုပ်ငန်းများမှ ဆက်စပ်လုပ်ငန်းများနှင့် ဈေးကွက်သုတေသနဆိုင်ရာ အချက်အလက်များ အထောက်အပံ့နည်းပါးခြင်း၊ နိုင်ငံတော်၏ စာရင်းဇယား အချက်အလက်များကို ခိုင်မာစွာ ထုတ်ပြန်ပေးနိုင်ရေး၊ တန်ဖိုးမြှင့်ကုန်ထုတ် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် စက်မှုဖွံ့ဖြိုးမှုမူဝါဒများ လိုအပ်ခြင်း၊ အခြေခံ လိုအပ်ချက်ဖြစ်သော လျှပ်စစ်ဓာတ်အား ရရှိနိုင်မှု၊ ပို့ဆောင်ရေး အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးလာစေရန် ဆောင်ရွက်ခြင်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွင် ဖော်ပြထားသည်။

ထို့ပြင် ပြည်တွင်းဘဏ္ဍာရေးစနစ် တိုးတက်လာအောင် ဆောင်ရွက်ခြင်းနှင့် နိုင်ငံတကာနှင့် ချိတ်ဆက် လုပ်ကိုင်နိုင်ရန် ဆောင်ရွက်ခြင်း၊ ငွေကြေးမူဝါဒများ ခိုင်မာအားကောင်းစေရေး၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဖော်ထုတ်ပေးခြင်း၊ နိုင်ငံပိုင်လုပ်ငန်းများကို ဖက်စပ်လုပ်ကိုင်ခွင့်ပေးခြင်း (JV)၊ စီးပွား ရေးကတိစာချုပ်များဖြင့် ခွင့်ပေးခြင်း (BCC)၊ တည်ဆောက်လုပ်ကိုင်လွှဲပြောင်း (BOT) လုပ်ငန်းများကို အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းလုပ်ကိုင်ခြင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံခွင့်ပေးခြင်း စသည့် နည်းလမ်းအမျိုးမျိုးဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာစေရန် ဆောင်ရွက်သွားရန် ရှိကြောင်း သိရသည်။

အာဆီယံနိုင်ငံများ ထုတ်လုပ်မှု PMI ညွှန်းကိန်းတွင် နှစ်လဆက်တိုက် ထိပ်ဆုံး၌ ရပ်တည်ခဲ့သော မြန်မာနိုင်ငံ စီးပွားရေးအရှိန် ပျော့လာခြင်းကြောင့် မေလညွှန်းကိန်းတွင် အဆင့်လေးနေရာအထိ ကျဆင်း

ရန်ကုန်မြို့ရှိ စားသောက်ကုန် ထုတ်လုပ်သော စက်ရုံတစ်ရုံကို တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)

၂၀၁၈ ခုနှစ် မတ်၊ ဧပြီ အာဆီယံနိုင်ငံများ ထုတ်လုပ်မှု PMI (Manufacturing Purchasing Manager’s Index – ၀ယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း) ညွှန်းကိန်းတွင် နှစ်လဆက်တိုက် ထိပ်ဆုံး၌ ရပ်တည်ခဲ့သော မြန်မာနိုင်ငံသည် စီးပွားရေးအရှိန် ပျော့လာခြင်းကြောင့် မေလညွှန်းကိန်းတွင် အဆင့်လေးနေရာအထိ ကျဆင်းခဲ့ကြောင်း Nikkei ၏ ပံ့ပိုးမှုဖြင့် ပြုလုပ်သော IHS Markit စစ်တမ်းတွင် ဖော်ပြချက်အရ သိရသည်။

၂၀၁၈ ခုနှစ် မေလ အာဆီယံထုတ်လုပ်မှု PMI ညွှန်းကိန်းတွင် ဗီယက်နမ်နိုင်ငံက ၅၃ ဒသမ ၉၊ ဖိလစ်ပိုင်နိုင်ငံက ၅၃ ဒသမ ၇၊ စင်ကာပူနိုင်ငံက ၅၂ ဒသမ ၈၊ မြန်မာနိုင်ငံက  ၅၂ ဒသမ ၆၊ အင်ဒိုနီးရှားနိုင်ငံက ၅၁ ဒသမ ၇၊ ထိုင်းနိုင်ငံက ၅၁ ဒသမ ၁၊ မလေးရှားနိုင်ငံ က ၄၇ ဒသမ ၆ ရရှိခဲ့ပြီး စစ်တမ်းကောက်ယူသည့် အာဆီယံနိုင်ငံ ခုနစ်နိုင်ငံတွင် မြန်မာနိုင်ငံက အဆင့်လေးသာ ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထုတ်လုပ်ရေး PMI အလိုက် နိုင်ငံများ၏ ထိပ်သီးအဆင့်ကို ဗီယက်နမ်က ထုတ်လုပ်ရေးကဏ္ဍ မေလတွင် အရှိန်ပိုရလာခဲ့ခြင်းဖြင့် မြန်မာနိုင်ငံထံမှ ရယူလိုက်သည်။ ဖိလစ်ပိုင်သည် လုပ်ကိုင်မှု အခြေအနေများ လျင်မြန်စွာ တိုးတက်လာနေကြောင်း မှတ်တမ်းတင်နိုင်ခဲ့လျက် ကပ်ပြီးလိုက်နိုင်ခဲ့သည်။ မြန်မာနိုင်ငံ၏ စီးပွားရေးသည် အားကောင်းနေဆဲ ဖြစ်သော်လည်း ဧပြီနှင့် နှိုင်းယှဉ်လျှင်  စီးပွားရေးအရှိန် ပျော့လာခဲ့သောကြောင့် အဆင့်သတ်မှတ်မှုတွင် စတုတ္ထနေရာသို့ ဆင်းပေးလိုက်ရခြင်းဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ ၀ယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်းသည် ၂၀၁၇ ခုနှစ် မတ်လတွင် ၅၃ ဒသမ ၁ အထိရှိခဲ့ရာမှ ဧပြီ လတွင် ၅၂ ဒသမ ၉၊ မေလတွင် ၅၂ ဒသမ ၀၀ ရှိခဲ့ကာ ဇွန်လတွင် ၄၉ ဒသမ ၄၊ ဇူလိုင် လတွင် ၄၉ ဒသမ ၁ အထိ ဆက်တိုက်ပြန်လည် ကျဆင်းခဲ့သည်။ ထို့နောက် သြဂုတ်လတွင် ၄၉ ဒသမ ၃၊ စက်တင်ဘာလတွင် ၄၉ ဒသမ ၄၊ အောက်တိုဘာလတွင် ၅၁ ဒသမ ၁ အထိ၊ နိုဝင်ဘာလတွင် ၅၁ ဒသမ ၆ အထိ ပြန်လည် မြင့်တက်ခဲ့သော်လည်း ဒီဇင်ဘာလတွင် ၅၁ ဒသမ ၁ အထိ ကျဆင်းခဲ့သည်။ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလတွင် ၅၁ ဒသမ ၇၊ ဖေဖော်ဝါရီ လတွင် ၅၂ ဒသမ ၆ အထိ၊ မတ်လတွင် ၅၃ ဒသမ ၇၊ ဧပြီလတွင် ၅၅ ဒသမ ၅ (၂၀၁၅ ခုနှစ် ဒီဇင်ဘာတွင် စတင်ခဲ့သည့် စစ်တမ်းကာလအတွင်း အမြင့်ဆုံး) အထိ မြင့်တက်ခဲ့ကာ မေလတွင် ၅၂ ဒသမ ၆ အထိ လျှောဆင်းခဲ့ခြင်းဖြစ်သည်။

မေလစစ်တမ်းဒေတာသည် မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေးကဏ္ဍ တစ်ဝန်း၌ တိုးတက်မှုအရှိန် ကျဆင်းလာမှုကို အချက်ပြနေပြီး သုံးလတာအတွက် အားအပျော့ဆုံး ဖြစ်ခဲ့သည်။ ထုတ်လုပ်မှုနှင့် အော်ဒါသစ်များ ဦးမော့လာမှုမှာ ခြုံပြောရလျှင် တိုးတက်မှုနှုန်း အမြင့်ပိုင်းတွင် ရှိသော်လည်း အားပျော့လာခဲ့သည်။ လက်ကျန် အလုပ်များမှာ သိသာသည့်အရှိန်ဖြင့် ကျဆင်းလာခဲ့ပြီး အလုပ်နေရာ တိုးတက်ခန့်ထားမှုမှာ လွန်ခဲ့သည့် နိုဝင်ဘာမှစပြီး အနှေးဆုံးသို့ အားပျော့သွားခဲ့သည်။ ယင်းအတောအတွင်း ထည့်သွင်းကုန်ဈေးနှုန်း ဖောင်းပွမှုသည် အရှိန်ရလာပြီး ကုန်ကျစရိတ်များမှာ လေးလအတွင်း အမြန်ဆုံးနှုန်းဖြင့် မြင့်တက်ခဲ့သည်။

ထို့အတူ ထုတ်လုပ်ရေး တိုးတက်မှု မသိမသာ နှေးလာခဲ့သည်နှင့်အမျှ အလုပ်နေရာ တိုးခန့်မှုလည်း အနည်းငယ် အားပျော့ခဲ့ရာ အလုပ်နေရာသစ် ဖန်တီးနှုန်းသည် ၂၀၁၇ ခုနှစ် နိုဝင်ဘာမှစပြီး အနှေးဆုံး ဖြစ်ခဲ့သည်။ ထုတ်လုပ်ရေး စွမ်းအားများအပေါ် ဖိအားပေးမှု နည်းလာခြင်း၏ ရောင်ပြန်ဟပ်မှုကို လက်ကျန်အလုပ်များ သိသာစွာ ကျဆင်းလာမှုတွင်ပါ တွေ့မြင်နိုင်ခဲ့သည်။ လုပ်ငန်းများတွင် အကောင်းမြင်စိတ် မသိမသာ မြင့်တက်ခဲ့သော်လည်း လုပ်ငန်းဆိုင်ရာ ယုံကြည်မှုမှာ အားနည်းလျက်ရှိသည်။

နှစ်လနီးပါးအတွင်း ပြည်ပသို့ လက်ခစားစနစ် CMP ချုပ်ပြီးအထည် တင်ပို့မှုမှ ဒေါ်လာ ၄၈၂ သန်းကျော် ရရှိထားပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာ ၂၃၈ သန်းကျော် ပိုမိုရရှိ

ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံ လုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)

၂၀၁၈ ခုနှစ် ဧပြီမှ မေလကုန်ပိုင်းအထိ နှစ်လနီးပါးအတွင်း ပြည်ပသို့ လက်ခစားစနစ် CMP ချုပ်ပြီးအထည် တင်ပို့မှုမှ ဒေါ်လာ ၄၈၂ သန်းကျော်ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၂၃၈ သန်းကျော် ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ အထည်ချုပ်နှင့် ဖိနပ်စက်မှုလုပ်ငန်းများမှ ငါးနှစ်အတွင်း ပို့ကုန်သုံးဆခန့်အထိ မြင့်တက်လာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်ထူးက ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်တွင် ကျင်းပသည့် Myanmar Buyer’s Forum – Stakeholders Conference တွင် ပြောကြားခဲ့သည်။

အထည်ချုပ်ကဏ္ဍ တိုးတက်လာသည်နှင့်အမျှ စက်ရုံများတွင် တာဝန်ယူမှု၊ လုံခြုံမှုနှင့် နိုင်ငံတကာတွင် ကျင့်သုံးနေသည့် အလေ့အကျင့်များနှင့်အညီ လုပ်ဆောင်နိုင်ရန် ကြိုးပမ်းနေကြကြောင်း၊ လွန်ခဲ့သော ငါးနှစ်အတွင်း အထည်ချုပ်နှင့် ဖိနပ်စက်ရုံများ ၂၅၀ ခန့် တည်ဆောက်နိုင်ခဲ့သည်ကိုလည်း တွေ့ရကြောင်း၊ ၂၀၁၂ ခုနှစ်တွင် တင်ပို့ကုန်မှာ ဒေါ်လာတစ်သန်းခန့်သာ ရှိခဲ့ရာမှ ၂၀၁၇ ခုနှစ် ပို့ကုန်စာရင်းများအရ အထည်ချုပ်နှင့် ဖိနပ်စက်မှုလုပ်ငန်းမှ ဒေါ်လာသုံးသန်းကျော် တန်ဖိုးရှိ ထုတ်ကုန်များ တင်ပို့နိုင်ခဲ့ရာ ငါးနှစ်အတွင်း ပို့ကုန်သည် သုံးဆခန့် တိုးတက်မြင့်မားလာသည်ကို တွေ့ရကြောင်း ဒုတိယ၀န်ကြီး ဦးအောင်ထူးက ပြောကြားသည်။

မြန်မာနိုင်ငံ၏ CMP လက်ခစားစနစ်ဖြင့် အထည်ချုပ် လုပ်ငန်းများကို ပြည်ပနိုင်ငံများမှ အော်ဒါမှာယူမှု မြင့်တက်နေပြီး အီးယူနိုင်ငံများနှင့် ဂျပန်နိုင်ငံတို့မှ အများဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ သိရသည်။

“အထည်ချုပ် လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေကလည်း ၀င်လာနေတယ်။ စက်ရုံအလုပ်ရုံတွေမှာ အော်ဒါအပ်တဲ့ သူတွေကလည်း ရှိနေပါတယ်။ အော်ဒါမှာယူမှု အနေနဲ့ဆိုရင် ၂၀၁၇ မှာ ဂျပန်ကို အီးယူက အများကြီး ကျော်တက်သွားတယ်။ ဒါပေမဲ့ ဂျပန်ကလည်း လျော့မသွားဘူး။ ဂျပန်ကလည်း တက်နေတယ်။ အီးယူကတော့ ထိပ်ဆုံးက အော်ဒါမှာနေတယ်” ဟု မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။

၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ အထည်ချုပ် တင်ပို့မှုမှ ဒေါ်လာ ၂ ဒသမ ၇ သန်းနီးပါး ရရှိခဲ့ကြောင်း၊ သို့သော်လည်း မြန်မာနိုင်ငံသည် လက်ခစား CMP စနစ်ဖြင့် အထည်ချုပ် တင်ပို့ခြင်း ဖြစ်သဖြင့် ယင်းပမာဏ၏ ၁၀ ရာခိုင်နှုန်းသာ ရရှိခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံက ချုပ်ခအနေဖြင့် ၁၀ ရာ ခိုင်နှုန်းသာ ရရှိခြင်းအပေါ် “အဲဒါက မြန်မာနိုင်ငံက ချုပ်ခကို ၀င်ငွေအနေနဲ့ရတာ။ ဒါက ပျမ်းမျှအနေနဲ့ ပြောတာပါ။ တချို့ဆို ရှစ်ရာခိုင်နှုန်းလောက်ပဲ ရတဲ့သူတွေရှိတယ်။ တချို့ဆို ၁၂ အထိ ရတဲ့သူတွေရှိတယ်။ High Value Price ဆို နည်းနည်းပိုရတာပေါ့။ အရည်အသွေးကောင်းပြီး သေချာချုပ်ထားတာကတော့ ၁၂ ရာခိုင်နှုန်းလောက်ရတယ်။ အရမ်းပေါပေါလောလောကြီးနဲ့ သိန်းနဲ့ချီပြီးအပ်ပြီး ချုပ်ခအရမ်းနည်းတဲ့ ဟာတွေက ၈ ရာခိုင်နှုန်းလောက်ပဲရတယ်။ ဒါကြောင့်မို့ ပျမ်းမျှကို ၁၀ ရာခိုင်နှုန်းလို့ ပြောတာ” ဟု မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ရှင်းပြခဲ့သည်။

မြန်မာနိုင်ငံ အနေဖြင့် ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုကို လေ့လာကြည့်ပါက ၂၀၁၀ ပြည့်နှစ်တွင် အထည်ချုပ် တင်ပို့မှုတွင် အမေရိကန်ဒေါ်လာ ၃၃၇ သန်း ရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် သုံးဆအထိ မြင့်တက်လာခဲ့ပြီး ဒေါ်လာတစ်ဘီလျံနီးပါးခန့်အထိ ရောက်ရှိလာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

အိန္ဒိယအစိုးရက ပဲတင်သွင်းခွင့်လိုင်စင် ထုတ်ပေးလိုက်ခြင်းကြောင့် ပြည်တွင်းဈေးကွက်အတွင်း မတ်ပဲနှင့် ပဲစင်းငုံ ဈေးနှုန်းများ ဆက်တက်ပြီး မေလဆန်းနှင့် နှိုင်းယှဉ်ပါက တစ်တန်လျှင် ကျပ်နှစ်သိန်းနီးပါး မြင့်တက်

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်ရှိ မတ်ပဲစိုက်ခင်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ဇော်ဝင်းချစ်)

အိန္ဒိယအစိုးရက ပဲတန်ချိန်ငါးသိန်း တင်သွင်းခွင့်လိုင်စင် ထုတ်ပေးလိုက်ခြင်းကြောင့် ပြည်တွင်း ဈေးကွက်အတွင်း မတ်ပဲနှင့် ပဲစင်းငုံ ဈေးနှုန်းများ ဆက်လက်မြင့်တက်ခဲ့ပြီး မေလဆန်းနှင့် နှိုင်းယှဉ်ပါက တစ်တန်လျှင် နှစ်သိန်းနီးပါးအထိ မြင့်တက်ခဲ့ကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်ရှိ ကုန်သည်များထံမှ သိရသည်။

အိန္ဒိယက မတ်ပဲနှင့် ပဲတီစိမ်းတန်ချိန် သုံးသိန်းအပြင် ပဲစင်းငုံတန်ချိန်နှစ်သိန်း ထပ်မံတင်သွင်းခွင့် ပြုထားပြီး ဇွန်လဆန်းတွင် လိုင်စင်များ စတင်ထုတ်ပေးပြီး သြဂုတ် ၃၁ ရက် နောက်ဆုံးထား တင်သွင်းရမည် ဖြစ်ကြောင်း အိန္ဒိယ အစိုးရဌာနက ထုတ်ပြန်ကြေညာထားသည်။

ရန်ကုန်ဈေးကွက်အတွင်း နေ့စဉ်ပဲအရောင်းအ၀ယ်ဖြစ်မှု ကုန်သေတ္တာ ၁၀၀- ၁၅၀ ၀န်းကျင်ရှိလာပြီး အိန္ဒိယမှ ပဲတင်သွင်းခွင့် ပြန်ပေးပြီးနောက်ပိုင်း ဇွန် ၅ ရက်အထိ မတ်ပဲတစ်တန် ကျပ် ၁၇၀၀၀၀ ကျော်၊ ပဲစင်းငုံတစ်တန် ကျပ် ၁၉၀၀၀၀ ကျော်မြင့်တက်လာကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်ရှိ ကုန်သည်များထံမှ သိရသည်။

မြန်မာဈေးကွက်တွင်၂၀၁၇ နှစ်စ၌ မတ်ပဲတစ်တန်ကျပ် ၁၂ သိန်းဝန်းကျင်၊ ပဲစင်းငုံအနီတစ်တန် ကျပ်ရှစ်သိန်းခွဲဝန်းကျင် ရှိခဲ့ပြီး အိန္ဒိယ၏ ပဲတင်သွင်းမှု ကန့်သတ်ချက်စတင်ပြီး နောက်ပိုင်း ဈေးနှုန်းများ ထိုးဆင်းခဲ့ခြင်းဖြစ်သည်။ မတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်းများသည် တစ်တန်လျှင် ကျပ်သုံးသိန်းကျော်အထိ ကျဆင်းခဲ့ပြီး ယခုအိန္ဒိယမှ ပြန်လည်ဝယ်ယူမည့် ကြေညာချက်များ ထွက်ပေါ်ချိန်နောက်ပိုင်း ဈေးနှုန်းများ ပြန်လည်မြင့်တက်ခဲ့သည်။

အိန္ဒိယ၏ မတ်ပဲနှင့် ပဲတိစိမ်းတန်ချိန် သုံးသိန်းတင်သွင်းခွင့်မပြုမီ မေ ၄ ရက်တွင် ဖြစ်ပေါ်သော ပဲဈေးနှုန်းများမှာ မတ်ပဲ (FAQ/RC) တစ်တန်လျှင် ကျပ် ၃၈၂၀၀၀၊ မတ်ပဲ (SQ/RC) တစ်တန်လျှင် ကျပ် ၅၂၀၀၀၀၊ ပဲစင်းငုံနီ (RC) တစ်တန်လျှင် ကျပ် ၃၄၀၀၀၀ တို့ဖြစ်ပြီး ကြေညာချက်ထွက်ပြီး တစ်လ၀န်းကျင်အကြာ ဇွန် ၅ ရက်တွင် မတ်ပဲ (FAQ/RC) တစ်တန်လျှင် ကျပ် ၅၄၃၀၀၀၊ မတ်ပဲ (SQ/RC)  တစ်တန်လျှင် ကျပ် ၆၉၃၀၀၀၊ ပဲစင်းငုံနီ (RC) တစ်တန်လျှင် ကျပ် ၅၃၀၀၀၀ အထိ မြင့်တက်ခဲ့သည်။ မေ ၄ ရက်နှင့် ဇွန် ၅ ရက်တွင် ဖြစ်ပေါ်သော ဈေးနှုန်းများကို နှိုင်းယှဉ်ပါက မတ်ပဲ (FAQ/RC) တစ်တန်လျှင် ကျပ် ၁၆၁၀၀၀၊ မတ်ပဲ (SQ/RC) တစ်တန်လျှင် ကျပ် ၁၇၃၀၀၀၊ ပဲစင်းငုံနီ (RC) တစ်တန်လျှင် ကျပ် ၁၉၀၀၀၀ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံ၏ သီးနှံဈေးကွက်ဆိုင်ရာ သုတေသနလုပ်ငန်း တစ်ခုက ၂၀၁၈ ခုနှစ် အတွင်း မြန်မာနိုင်ငံတွင် မတ်ပဲတန်ချိန် လေးသိန်းခွဲ၊ ပဲစင်းငုံတန်ချိန် တစ်သိန်းခွဲ ထွက်ရှိမည်ဟု မျှော်မှန်းထားပြီး ၂၀၁၇ ခုနှစ် သြဂုတ် နောက်ပိုင်းမှ ၂၀၁၈ ခုနှစ်အတွင်း မြန်မာ့ပဲဈေးကွက် ဈေးနှုန်းကျဆင်းမှုကြောင့် ၂၀၁၉ ခုနှစ်တွင် ပဲစိုက်ပျိုးမှု လျော့နည်းနိုင်ကာ မတ်ပဲတန်ချိန် နှစ်သိန်းနှင့် ပဲစင်းငုံတန်ချိန် ငါးသောင်းခန့်သာ ထွက်ရှိမည်ဟု ခန့်မှန်းထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှု ကန့်သတ်ခံခဲ့ရခြင်းကြောင့် တင်ပို့မှုပမာဏ လျော့နည်းခဲ့ပြီး နိုင်ငံတကာ ပဲဈေးများ ကျဆင်းမှုကြောင့် တင်ပို့မှုမှ ရငွေလည်း သိသိသာသာ ကျဆင်းခဲ့သည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁၃ သိန်းကျော် တင်ပို့ခဲ့ပြီး ဒေါ်လာ ၈၈၃ သန်းကျော် ရရှိခဲ့ကာ ယခင်ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက တန်ချိန် တစ်သိန်းကျော်၊ ရငွေဒေါ်လာသန်း ၅၀၀ ကျော် လျော့နည်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ထုတ်ပြန်သော ကုန်သွယ်ရေး စာရင်းများအရ သိရသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ အစပြု၍ မန္တလေးမြို့သို့ ချဲ့ထွင်ပြီး ရန်ကုန်နှင့်ရခိုင်ရှိ အထူးစီးပွားရေးဇုန်များနှင့် ချိတ်ဆက်မည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ထူထောင်နိုင်ရေးအတွက် လာမည့်နိုဝင်ဘာတွင် MoU ရေးထိုးနိုင်ရန် တရုတ်ကြိုးပမ်း

တရုတ်-မြန်မာနယ်စပ်ရှိ မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)

တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှအစပြု ၍မန္တလေးမြို့သို့ ချဲ့ထွင်ကာ ရန်ကုန်နှင့် ရခိုင်ရှိ အထူးစီးပွားရေးဇုန်များနှင့် ချိတ်ဆက်မည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ထူထောင်ရေးအတွက် လာမည့်နိုဝင်ဘာတွင် MoU နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်ရန် တရုတ်အစိုးရ ကြိုတင်စီစဉ်နေကြောင်း မြန်မာဘာသာဖြင့် ထုတ်ဝေသည့် တရုတ်အခြေစိုက် သတင်းစာ ပေါက်ဖော် သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

တရုတ်ခေါင်းဆောင်များမှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သို့ တင်သွင်းထားသော တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းနှင့် ပတ်သက်၍ နှစ်နိုင်ငံအစိုးရက သဘောတူညီပြီးဖြစ်ကာ အဆိုပါစီမံကိန်းဆိုင်ရာ ဆွေးနွေးပွဲတစ်ခုကို မေ ၂၈ ရက်က ရန်ကုန်မြို့ Lotte Hotel တွင် ပြုလုပ်ခဲ့ပြီးဖြစ်သည်။

ယင်းဆွေးနွေးပွဲတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ငြိမ်းချမ်းရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အပြင် ဆက်သွယ်ရေး၊ စွမ်းအင်နှင့် နှစ်ဖက်ပြည်သူလူထု ဆက်ဆံရေးဆိုင်ရာ ခေါင်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။

“မြန်မာနိုင်ငံအနေနဲ့ ရင်ဆိုင်နေရတဲ့ ရေရှည်စိန်ခေါ်မှုကြီး နှစ်ခုက ရာသီဥတု ပြောင်းလဲလာခြင်းနဲ့ အိမ်နီးချင်း တရုတ်နိုင်ငံ အင်အားကြီးလာခြင်းတို့ ဖြစ်ပါတယ်။ ပထမတစ်ခုက မကောင်းပေမယ့် ကျန်တစ်ခုက အခွင့်အလမ်းတစ်ခု ဖြစ်ပါတယ်။ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို အလေးထား စီမံခန့်ခွဲတာဟာ အလွန်အရေးကြီးရုံသာမက မြန်မာနိုင်ငံအတွက် အလှည့်အပြောင်း ဖြစ်စေမယ့် ကစားကွက်တစ်ခု ဖြစ်လာနိုင်ပါတယ်။ စစ်တုရင်ကစားပွဲမှာ အနိုင်ရမယ့် အကွက်တစ်ခု ဖြစ်ပါတယ်။ တခြားပြဿနာတွေအတွက် ဖြေရှင်းချက်တွေ ရှာတွေ့နိုင်မယ့် အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ နည်းမှန်လမ်းမှန် ဆောင်ရွက်ဖို့ပဲ လိုပါတယ်” ဟု ဦးသန့်မြင့်ဦးက အဆိုပါ ဆွေးနွေးပွဲတွင် ပြောကြားသည်။

၂၀၁၇ ခုနှစ်နှောင်းပိုင်းတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ်က တရုတ် -မြန်မာ စီးပွားရေးစင်္ကြံလမ်း အဆိုကို တင်သွင်းခဲ့ခြင်း ဖြစ်သည်။ ၎င်းစင်္ကြံလမ်းသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် အစပြု၍ မြန်မာနိုင်ငံ မန္တလေးမြို့ကို တိုးချဲ့ကာ ရန်ကုန်မြို့နှင့် ရခိုင်အထူးစီးပွားရေးဇုန်များသို့ ဆက်သွယ်ထားသည့် မဏ္ဍိုင်သုံးရပ်ပါ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းအဖြစ် ရည်ရွယ်ထားခြင်း ဖြစ်သည်။

၂၀၁၈ ခုနှစ် ဧပြီ ၂ ရက်တွင် ကုန်သည်စက်မှုအသင်းချုပ်၌ ပြုလုပ်သည့် ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေ၊ ပြည်ထောင်စု ၀န်ကြီးများနှင့် ပုဂ္ဂလိကကဏ္ဍ ကိုယ်စားလှယ်များ ပုံမှန်တွေ့ဆုံပွဲတွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း စီမံကိန်းတွင် အတူတကွ ရင်းနှီးမြှုပ်နှံလိုသော လုပ်ငန်းရှင်များကို ဖိတ်ခေါ်ထားကြောင်း သိရသည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းသည် တရုတ်အစိုးရက ချမှတ်ထားသော One Belt One Road စီမံကိန်း၏ မြန်မာနိုင်ငံဆိုင်ရာ အဓိကစီမံကိန်း တစ်ခုဖြစ်ပြီး မြို့ပြအိမ်ရာများ၊ စက်မှုဇုန်များ၊ စိုက်ပျိုးရေးဇုန်များ၊ ဆိပ်ကမ်းများ၊ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အခြေခံ အဆောက်အအုံများ၊ အိုင်တီလုပ်ငန်းများ၊ ကုန်သွယ်ရေး အခြေခံကဏ္ဍများ၊ နယ်စပ်ကုန်သွယ်ရေး၊ ခရီးသွားကဏ္ဍ စသည့်ဘက်စုံ စီမံကိန်းများ ပါဝင်မည့် စီးပွားရေးစင်္ကြံလမ်း စီမံကိန်းဖြစ်သည်။

တရုတ်-မြန်မာ စီးပွားစင်္ကြံလမ်း၏ မြန်မာဘက်ခြမ်း စီမံကိန်းများတွင် စက်မှုဥယျာဉ်ဇုန်များ တည်ထောင်ခြင်း၊ ကားလမ်း၊ ရထားလမ်း၊ လေကြောင်း၊ ပိုက်လိုင်းနှင့် အင်တာနက် အခြေခံ အဆောက်အအုံ ကွန်ရက်များ တည်ဆောက်ခြင်း၊ တရုတ်ရွှေလီ၊ ကျန်းဖုန်းမှ မြန်မာဗန်းမော်ဆိပ်ကမ်း ချိတ်ဆက်နိုင်မည့် တရုတ်-မြန်မာ ဧရာဝတီမြစ် ကုန်းကြောင်း  ရေကြောင်း ပူးတွဲပို့ဆောင်ရေး ကားလမ်းမ စီမံကိန်း၊ ရွှေလီ-မန္တလေးကားလမ်း အဆင့်မြှင့်တင်မှု စီမံကိန်း၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏ ရထားလမ်း၊ အမြန်လမ်း တည်ဆောက်မှုစီမံကိန်း၊ စွမ်းအင်နှင့် ဆက်သွယ်ရေး အခြေခံ အဆောက်အအုံ စီမံကိန်းများ ပါဝင်ကြောင်း ပေါက်ဖော်သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

တရုတ်-မြန်မာ စီးပွားရေး စင်္ကြံလမ်း၏ စီမံကိန်းများကို တရုတ်နိုင်ငံ တစ်နိုင်ငံတည်းက ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည် မဟုတ်ဘဲ မြန်မာနိုင်ငံသားများ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများလည်း ပါဝင်နိုင်ကြောင်း မြန်မာအစိုးရ ၀န်ကြီးဌာနမှ အကြီးတန်း တာဝန်ရှိသူများက ပြောကြားထားသည်။

ယခင်နှစ်က ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံး ငါးနိုင်ငံစာရင်း၌ မြန်မာနိုင်ငံ ပါဝင်ခဲ့သော်လည်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်မူ တရုတ်သို့ နယ်စပ်မှ ဆန်တင်ပို့မှု အခြေအနေ ကောင်းမွန်မှသာ ပြည်ပသို့ စံချိန်တင် ဆန်တင်ပို့နိုင်မည်ဟုဆို

ဘုရင့်နောင်ရှိ ဆန်ပွဲရုံတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)

ပြီးခဲ့သည့်နှစ်က ကမ္ဘာ့ဆန်တင်ပို့ အများဆုံး ငါးနိုင်ငံစာရင်းတွင် မြန်မာနိုင်ငံ ပါဝင်ခဲ့သော်လည်း ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင်မူ တရုတ်နိုင်ငံသို့ နယ်စပ်မှ ဆန်တင်ပို့မှု အခြေအနေ ကောင်းမွန်မှသာ ပြည်ပသို့ စံချိန်တင် ဆန်တင်ပို့နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

“အဓိကတော့ ပင်လယ်ရေကြောင်းက တင်ပို့မှုက ပုံမှန်ပဲ။ လျော့သွားမှာ မဟုတ်ဘူး။ နယ်စပ်ကိုတော့ နည်းနည်းစိုးရိမ်တယ်။ တရုတ်ပြည်ရဲ့အခြေအနေရော သူ့နိုင်ငံရဲ့ Minimum Support Price ပေါ်မှာ မူတည်ပြီးတော့ နည်းနည်းလေး လျော့နိုင်မလား တိုးနိုင်မလား။ အဲဒီအပေါ်မှာ အခြေခံနေတဲ့အတွက် နယ်စပ်ကိုတော့ အရမ်းကြီးပြောလို့ မရသေးဘူး။ ပင်လယ်ရေကြောင်းကတော့ ဒီအတိုင်းကို ဆက်လက်ပြီး သွားမှာပါ” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးလူမော်မြင့်မောင်က ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဈေးကွက်သစ်များ တိုးချဲ့တင်ပို့နိုင်ခြင်းကြောင့် ပြည်ပသို့ မြန်မာ့ဆန် တန်ချိန် ၃ ဒသမ ၆ သန်းနီးပါး တင်ပို့နိုင်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း စံချိန်တင် တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ပြည်ပဆန်တင်ပို့မှု ပမာဏသည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှစ၍ နှစ်စဉ်တိုးတက်လာခဲ့ပြီး ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်ကုန်တွင် ပြည်ပသို့ ဆန်တန်ချိန် ၃ ဒသမ ၅၈ သန်းကျော်အထိ စံချိန်တင်ပို့နိုင်မှုမှဝင်ငွေ ဒေါ်လာ ၁ ဒသမ ၁၃၇ ဘီလျံ ရရှိခဲ့သည်။ ယင်းတင်ပို့မှုအရ မြန်မာနိုင်ငံသည် ကမ္ဘာ့ဆန်တင်ပို့ နိုင်ငံများ၏ အဆင့် (၁) မှ အဆင့် (၅) အတွင်း စာရင်းဝင်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ  သိရသည်။

တရုတ်နိုင်ငံအနေဖြင့် MSP (Minimum Support Price) ကို လျှော့ချလိုက်သောကြောင့် ဧပြီနှင့် မေ နှစ်လအတွင်း မြန်မာနိုင်ငံ၏ နယ်စပ်ဆန်တင်ပို့မှု ကျဆင်းခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးလူမော်မြင့်မောင်က ပြောကြားသည်။

“ပင်လယ်ရေကြောင်းကတော့ ပုံမှန်ပါပဲ။ သင်္ဘောနဲ့ တင်ပို့မှု၊ ကုန်တိန်နာနဲ့ တင်ပို့မှုကတော့ ပုံမှန်ရှိပါတယ်။ ဒီဧပြီနဲ့မေ နှစ်လ နယ်စပ်ကနေ တင်ပို့မှု နည်းနည်းလေး လျော့သွားတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်ပြည်မှာ သူရဲ့ Minimum Support Price ကို လျှော့ချလိုက်တဲ့အတွက် နောက်ပြီး သူ့ရဲ့အရန်ဆန်တွေလည်း အများကြီးရှိတယ်။ ဒါတွေကို ရောင်းချင်တယ်။ Minimum Support Price ကိုလည်း လျှော့ချလိုက်တဲ့အတွက် မြန်မာပြည်ကနေ ဆန်တွေဝယ်တာ တော်တော်လေး လျော့သွားတယ်” ဟု ဦးလူမော်မြင့်မောင်က ပြောကြားသည်။

ဇူလိုင်လအတွင်း မြန်မာနိုင်ငံမှ ဆန်တန်ချိန် တစ်သိန်း (သို့မဟုတ်) တန်ချိန်နှစ်သိန်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့် အစိုးရချင်း သဘောတူညီမှု (GtoG) စာချုပ် ချုပ်ဆိုပြီး ထပ်မံဝယ်ယူမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မေ ၁၁ ရက်အထိ ဆန်နှင့် ဆန်ကွဲ ပြည်ပတင်ပို့မှု တန်ချိန် ၂ ဒသမ ၇ သိန်း ကျော် (တန် ၂၇၈၉၆၃ ဒသမ ၁၆၀) ရှိပြီး တန်ဖိုးဒေါ်လာ ၉၆ သန်းကျော် (၉၆ ဒသမ ၇၅၂  သန်း) ရရှိခဲ့ကြောင်း  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

လက်ရှိဘဏ္ဍာနှစ် တစ်လကျော် ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁၁၄၄၀၀ ကျော်၊ နယ်စပ်ကုန်သွယ်မှုမှ ဆန်နှင့် ဆန်ကွဲတန်ချိန် ၁၆၄၅၀၀ ကျော် တင်ပို့ခဲ့ခြင်းဖြစ်သည်။