ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ အမေရိကန် လွှတ်တော်အမတ်များ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ စာပေးပို့

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ အမေရိကန် လွှတ်တော်အမတ်များ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ စာပေးပို့
Published 8 September 2017

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ (မူရင်းပေးစာတွင် ရိုဟင်ဂျာဟု သုံးနှုန်းထား) အရေးနှင့် ပတ်သက်ပြီး အမေရိကန် လွှတ်တော်အမတ်များက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ စက်တင်ဘာ ၅ ရက် ရက်စွဲဖြင့် စာရေးသား ပေးပို့ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ စာရေးသား ပေးပို့ခဲ့သည့် အမေရိကန်လွှတ်တော် အမတ်များမှာ အမေရိကန်နိုင်ငံရေးတွင် သြဇာကြီးမားသည့် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းနှင့် အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ အက်ဒ်ရွိုက်စ်တို့ ဖြစ်ကြသည်။

ဘင်္ဂါလီများအား ကျူးလွန်သည့် ရက်စက်မှုများကို တုံ့ပြန်ရာတွင် လူ့အခွင့်အရေး ဝတ္တရားများကို လိုက်နာရန် တောင်းဆိုခဲ့ပြီး ဘင်္ဂါလီများသည် မြန်မာနိုင်ငံသားများကဲ့သို့ တူညီသည့် အခွင့်အရေးနှင့် ကာကွယ်မှုကို ရရှိထိုက်တန်ကြောင်း၊ ၎င်းတို့နှင့် ပိုမိုပူးပေါင်း ဆောင်ရွက်သော ဆက်ဆံရေးဆီသို့ ဆောင်ရွက်လိမ့်မည်ဟု မျှော်လင့်ကြောင်း အထက်လွှတ်တော် လက်နက်ကိုင်တပ်များဆိုင်ရာကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သူ ဂျွန်မက်ကိန်းက ပြောကြားခဲ့သည်။

ထို့ပြင် ကုလသမဂ္ဂနှင့် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့ပြီး မြန်မာအစိုးရ၏ လက်ရှိ ဆောင်ရွက်နေသော နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဆက်လက် ထောက်ခံနေပါကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

အလားတူ အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီဥက္ကဋ္ဌ အက်ဒ်ရွိုက်စ်က မြန်မာနိုင်ငံတွင် ဘင်္ဂါလီများအား အကြမ်းဖက်မှုနှင့် ပတ်သက်ပြီး စိုးရိမ်ကြောင်း ပြောကြားခဲ့ပြီး လူမျိုးဘာသာမရွေး မြန်မာပြည်သူများကို ကာကွယ်ပေးရန် မြန်မာအစိုးရနှင့် တပ်မတော်တွင် တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ဘင်္ဂါလီများအား အကြမ်းဖက်နေမှုများကို ရပ်ဆိုင်းရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ တင်ပြချက်အရ ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက် ဖျက်ဆီးမှုကြောင့် သြဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၅ ရက်အထိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့များ ထိတွေ့တိုက်ခိုက်မှုပေါင်း ၉၇ ကြိမ် ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃ ဦး ၊ နိုင်ငံ့ဝန်ထမ်း နှစ်ဦး၊ စုစုပေါင်း ၁၅ ဦး ကျဆုံးခဲ့ရကြောင်း၊ အလားတူ ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဒေသခံ တိုင်းရင်းသား ၁၄ ဦး၊ ဒေသခံ ဟိန္ဒူဘာသာဝင် ခုနစ်ဦး၊ ဘင်္ဂါလီ ခုနစ်ဦး၊ စုစုပေါင်း ၂၈ ဦး သေဆုံးခဲ့ရကြောင်း၊ ARSA အစွန်းရောက် အကြမ်းဖက်သမား ၃၇၁ ဦး (ဇာစ်မြစ်- တပ်မတော်) အသေရရှိခဲ့ကာ ၃၈ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက စက်တင်ဘာ ၅ ရက်က ထုတ်ပြန်သည်။

ထို့ပြင် ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅ ဦး ၊ နိုင်ငံ့ဝန်ထမ်း သုံးဦး ၊ ဒေသခံ တိုင်းရင်းသားလေး ဦး၊ စုစုပေါင်း ၂၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် ကျေးရွာပေါင်း ၅၉ ရွာ၊ အိမ်အလုံးရေ ၆၈၄၂ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး တံတားရှစ်စင်း မိုင်းထောင် ဖျက်ဆီးခြင်း ခံခဲ့ရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ အကြမ်းဖက်မှုများကြောင့် ရခိုင်ပြည်နယ် မောင်တောဒေသတွင် နေထိုင်သူများသည် နေရပ်စွန့်ခွာ၍ နယ်စပ်ဧရိယာ အပါအဝင် လုံခြုံရာနေရာများတွင် ခိုလှုံနေထိုင်ရလျက် ရှိကြောင်းနှင့် အကြမ်းဖက်မှုကြောင့် ပြည်တွင်းနေရပ် စွန့်ခွာရသူ တိုင်းရင်းသား ၂၆၇၄၇ ဦး ရှိနေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ထို့အတူ ဘင်္ဂါလီများလည်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်မှုများ ရှိသည်။

ထို့ပြင် ရခိုင်ပြည်နယ်၌ သြဂုတ် ၂၅ ရက်မှ စတင်ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပြည်နယ်တွင်း နေထိုင်သူများသည် နေရပ်စွန့်ခွာ၍ နယ်စပ်ဧရိယာ အပါအဝင် လုံခြုံရာနေရာများတွင် ခိုလှုံနေထိုင်ရလျက် ရှိကြောင်း၊ အဆိုပါ အခြေအနေမျိုးတွင် နိုင်ငံတော်အစိုးရ အနေဖြင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုများကို ပေးအပ်ရန် တာဝန်ရှိသည့်အလျောက် ထိရောက်သော အစီအမံများ ချမှတ်၍ ကူညီထောက်ပံ့မှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရသည် ကြက်ခြေနီလှုပ်ရှားမှု (Red Cross Movement) နှင့် အတူတကွ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent