ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သော ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့အား ရသေ့တောင်မြို့မှ ဒေသခံများက ကန့်ကွက် ဆန္ဒထုတ်ဖော်မှုတစ်ရပ်ကို စက်တင်ဘာ ၇ ရက် နံနက်က ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ယင်းသို့ ဆန္ဒထုတ်ဖော် ကန့်ကွက်ရခြင်းမှာ အတူယှဉ်တွဲနေထိုင်ရေး ဆွေးနွေးပွဲတစ်ရပ်ကို ဘင်္ဂါလီ အမျိုးသားနှစ်ဦးတို့နှင့်အတူ လာရောက် ဆွေးနွေးမည်ဟု ဆိုသဖြင့် ထိုသို့ ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်ကာ ဒေသခံများက ဘင်္ဂလီများနှင့် လက်ခံတွေဆုံ ဆွေးနွေးလိုခြင်း မရှိသည့်အတွက် ထိုသို့ ကန့်ကွက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
“ဒီလောက်ကြီးမားတဲ့ ပြဿနာဖြစ်နေတဲ့အချိန်မှာ ဘာသာပေါင်းစုံ ချစ်ကြည်ရေး၊ အတူယှဉ်တွဲ နေထိုင်ရေး ဆိုတာမျိုးနဲ့ ကျွန်တော်တို့ ဒေသခံတွေကို ဆွေးနွေးဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ကိစ္စ တစ်ခုဆိုတာ လူတိုင်း နားလည်ကြမှာဘဲ။ အဲဒါကို ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်ပြီး ဘင်္ဂလီနှစ်ဦးကို ခေါ်လာတယ်။ ဆွေးနွေးပွဲ လုပ်ဖို့အတွက်ဆိုပြီး မြို့က လူကြီးဆိုတဲ့ လေး၊ ငါးယောက်ကို ခေါ်ထားတယ်။ ဘယ်လို ဘင်္ဂလီတွေနဲ့မှ ကျွန်တော်တို့မဆွေးနွေးချင်ဘူး။ ငြိမ်းချမ်းရေးစကား လာပြောတာကိုလည်း လက်မခံလို ယုံလည်း မယုံဘူး။ ဒါကြောင့် ပြည်သူတစ်ရပ်လုံးက စကောတွေကို တီးခတ်ကြတယ်။ ထွက်သွား၊ အလိုမရှိလို့ အော်ကြတယ်။ သံပုံးတွေ၊ လင်ဘမ်းတွေကို တီးခတ်ပြီး ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ” ဟု ရသေ့တောင်မြို့မှ ဦးကျော်မြင့်စိုးက ပြောကြားသည်။
ထို့ပြင် ယခုဖြစ်နေသော ကိစ္စသည် ဘာသာရေးကိစ္စ မဟုတ်ကြောင်း၊ ဒေသခံ ပြည်သူများကို အကြောင်းမဲ့ သတ်ဖြတ်ကာ နယ်မြေလု ကျူးကျော်လာခြင်း ဖြစ်သည့်အတွက် အတူယှဉ်တွဲနေထိုင်ရေး ဆိုသည့် စကားကို လက်မခံကြောင်း၊ မည်သည့် ဘင်္ဂါလီလူမျိုးကိုမှ ဒေသခံများ အနေဖြင့် ယုံကြည်လက်ခံမည် မဟုတ်ကြောင်း၊ ထိုသို့သော ကာလမျိုးတွင် ဘင်္ဂါလီနှစ်ဦးမှ ရသေ့တောင်သို့ လာရောက်ကာ ဘာသာပေါင်းစုံ ချစ်ကြည်ရေးနှင့်အတူ ယှဉ်တွဲနေထိုင်ရေးကို လာရောက် ဆွေးနွေးခြင်းသည် စော်ကားခြင်း တစ်မျိုးဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီများ ရှိနေသရွေ့ ငြိမ်းချမ်းမှုကို ရရှိနိုင်မည် မဟုတ်ဟု ခံယူထားကြောင်း ဦးလှမြင့်က ပြောကြားသည်။
အဆိုပါအဖွဲ့သည် နံနက် ၁၀ နာရီခန့်တွင် ရသေ့တောင်မြို့နယ် အထွေအထွေ အုပ်ချုပ်ရေးရုံးသို့ ရောက်ရှိလာခဲ့ရာ ဦးဥတ္တမ လမ်းတစ်လျှောက်တွင် လူထောင်နှင့်ချီသော ဒေသခံတို့က စည်ပုံးများ တီးခတ်ခဲ့ခြင်းများကို မလိုလားကြောင်းကို ပြခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိနစ် ၄၀ ခန့် အထွေထွေအုပ်ချုပ်မှူးရုံးတွင် စကားပြောဆိုခဲ့ပြီးနောက် ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း၊ ဒေသခံ ရခိုင်လူမျိုးများက လက်ခံဆွေးနွေးခဲ့ခြင်း မရှိကြောင်း သိရသည်။