H1N1 ဖြင့် စက်တင်ဘာ ၆ ရက်တွင် လူနာတစ်ဦး ထပ်မံသေဆုံးပြီး တစ်နိုင်ငံလုံး၌ သေဆုံးသူ စုစုပေါင်း ၃၇ ဦး ရှိပြီဖြစ်

H1N1 ဖြင့် စက်တင်ဘာ ၆ ရက်တွင် လူနာတစ်ဦး ထပ်မံသေဆုံးပြီး တစ်နိုင်ငံလုံး၌ သေဆုံးသူ စုစုပေါင်း ၃၇ ဦး ရှိပြီဖြစ်
Published 8 September 2017

ရန်ကုန်မြို့လယ်တွင် နှာခေါင်းစည်းတပ်လျက် သွားလာနေကြသူများအား တွေ့ရစဉ်

စက်တင်ဘာ ၆ ရက်က H1N1 ဖြင့် လူနာတစ်ဦး ထပ်မံသေဆုံးပြီး တစ်နိုင်ငံလုံး၌ သေဆုံးသူ စုစုပေါင်း ၃၇ ဦးအထိရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

စက်တင်ဘာ ၅ ရက်မှ ၆ ရက်အထိ သံသယလူနာ ၁၀ ဦးအား ဓာတ်ခွဲစစ်ဆေးရာ H1N1 ပိုးတွေ့လူနာနှစ်ဦး ထပ်မံတွေ့ရှိပြီး စက်တင်ဘာ ၆ ရက်က H1N1 ဖြင့် လူနာတစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်းနှင့် စက်တင်ဘာ ၆ ရက်အထိ H1N1 ပိုးတွေ့ လူနာအဖြစ် တိုင်းဒေသကြီး/ပြည်နယ် ဆေးရုံကြီးများတွင် အတွင်းလူနာစုစုပေါင်း ၁၈ ဦး ဆက်လက် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ချင်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ နေပြည်တော်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် H1N1 ဖြင့် ဆေးရုံတက်ရောက် ကုသသူများရှိသော်လည်း သေဆုံးသူ မတွေ့ရှိရကြောင်းနှင့် ကယားပြည်နယ်တွင် ရောဂါဖြစ်ပွားမှု မရှိကြောင်း သိရသည်။

Seasonal Influence A (H1N1) pdm 2009 ပိုးတွေ့ရှိသော်လည်း ရာသီတုပ်ကွေးရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးကြောင့် သေဆုံးခြင်းမဟုတ်ဘဲ အခြားရောဂါအခံများကြောင့် သေဆုံးသူ စက်တင်ဘာ ၂ ရက်အထိ စုစုပေါင်း ၂၂ ဦးရှိကြောင်း၊ လက်ရှိအချိန်တွင် အခြားတိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံကြီးများ၌ အတွင်းလူနာစုစုပေါင်း ၂၃ ဦး ဆေးကုသလျက်ရှိပြီး ဆေးရုံတက်ရောက်သူဦးရေ သိသိသာသာ ကျဆင်းလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

စာသင်ကျောင်း၊ လုပ်ငန်းခွင်၊ ဟိုတယ်၊ လူမှုရေးရိပ်သာနှင့် ဂေဟာများ၊ အခြားလူစု လူဝေးရှိသောနေရာများတွင် တုပ်ကွေးဆန်သော ရောဂါလက္ခဏာများ ထပ်ပေါင်းဖြစ်ပွားမှု အခြေအနေ လျော့နည်းသွားသဖြင့် ကူးစက်မှုနှုန်း ကျဆင်းလာကြောင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးကို မဖြစ်မနေ ထိုးရမည်ဟု သတ်မှတ်ထားခြင်း မရှိသော်လည်း လူနာနှင့်ထိတွေ့ရသည့် ကျန်းမာရေးဝန်ထမ်းများအား ကာကွယ်ဆေးထိုးပေးလျက်ရှိပြီး ကမ္ဘာ့နိုင်ငံအများစုတွင်လည်း ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း အစီအစဉ်တွင် ထိုးနှံပေးခြင်းမရှိကြောင်း သိရသည်။

Most Read

Most Recent