ထိုင်းနိုင်ငံ ရနောင်းလူသတ်မှုတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားလေးဦးအား ပြည်ထောင်စုအစိုးရက အကာအကွယ်ပေးရေး သတင်းစာ ရှင်းလင်း

ထိုင်းနိုင်ငံ ရနောင်းလူသတ်မှုတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားလေးဦးအား ပြည်ထောင်စုအစိုးရက အကာအကွယ်ပေးရေး သတင်းစာ ရှင်းလင်း
Published 8 September 2017

ရနောင်းလူသတ်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ စက်တင်ဘာ ၇ ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)

ထိုင်းနိုင်ငံ ရနောင်းလူသတ်မှုဖြစ်စဉ်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားလေးဦးအား ပြည်ထောင်စုအစိုးရက အကာအကွယ်ပေးပါရန် စက်တင်ဘာ ၇ ရက်တွင် ရန်ကုန်မြို့ အနော်ရထာလမ်းရှိ Orchid Hotel တွင် သတင်းစာ ရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။

ရနောင်းလူသတ်မှုမတိုင်မီ ဖြစ်ပွားခဲ့သည့် လိပ်ကျွန်းလူသတ်မှုဖြစ်စဉ်အား နိုင်ငံတကာက စိတ်ဝင်စားမှု မြင့်တက်ခဲ့ပြီး ပြီးခဲ့သည့်အစိုးရလက်ထက်တွင် တာဝန်ရှိသူများ၏ ကူညီဆောင်ရွက်မှုများ ရရှိခဲ့သော်လည်း ရနောင်းလူသတ်မှုဖြစ်စဉ်ကိုမူ စိတ်ဝင်စားမှု နည်းပါးကြကြောင်း၊ ရနောင်းလူသတ်မှုဖြစ်စဉ်သည် အမေ့လျော့ခံဖြစ်နေပြီး အစိုးရ အပါအဝင် မြန်မာ့လူ့အဖွဲ့အစည်းက ကူညီဆောင်ရွက်မှုများ အားနည်းလျက်ရှိကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (ထိုင်းနိုင်ငံ) ၏ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောကြားသည်။

“လိပ်ကျွန်းလူသတ်မှုတုန်းက ပြီးခဲ့တဲ့ အစိုးရအနေနဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့၊ ကာကွယ်ရေးဦးစီးချုပ်တို့က ဒီအမှုကို စိတ်ဝင်စားမှုပြတယ်။ ထိုင်းအစိုးရခေါင်းဆောင်တွေနဲ့တွေ့တိုင်း ဒီကိစ္စကို ပြောပေးတယ်။ နောက်တစ်ခုက လိပ်ကျွန်းလူသတ်မှုအတွက် အသုံးပြုလို့ရအောင် ကာကွယ်ရေးဦးစီးချုပ်က ရန်ပုံငွေထည့်ပေးတာတွေ ရှိတယ်။ လက်ရှိအစိုးရအနေနဲ့ ရနောင်း လူသတ်မှုဖြစ်တာ ဒီလထဲမှာ နှစ်နှစ်ပြည့်ပြီ။ ပြည်ထောင်စုအစိုးရက ကျွန်တော်တို့နဲ့ တိုက်ရိုက်ထိတွေ့ ဆောင်ရွက်ခဲ့တာ တစ်ခါမှ မရှိဘူး။ မြန်မာသံရုံးကတော့ ရှိပါတယ်။ သံရုံးက ရံဖန်ရံခါ ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်တာမျိုးရှိတယ်။ ဒီကိစ္စသည် ပြည်ထောင်စုအစိုးရက ကိုင်တွယ်သင့်တဲ့ ကိစ္စလို့ ကျွန်တော်ယုံကြည်တယ်။ ဒါကြောင့် ပြည်ထောင်စုအစိုးရအနေနဲ့ တတ်နိုင်တဲ့ဘက်က ကိုယ့်လူမျိုးတွေကို ကာကွယ်ပေးပါလို့ မေတ္တာရပ်ခံပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (ထိုင်းနိုင်ငံ) ၏ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ပြောကြားသည်။

၂၀၁၅ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်၊ စွိုင်လုံကျင်းရပ်ကွက်တွင် နေထိုင်သည့် အသက် ၁၆ နှစ်အရွယ် ထိုင်း-မြန်မာကပြား မအက်ပဲလ် (ခ) အိပုတ် အသတ်ခံခဲ့ရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့က ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၀ ရက်တွင် မြန်မာရွှေ့ပြောင်းလုပ်သားများဖြစ်သည့် မိုးဇင်အောင် (၁၅ နှစ်)၊ ကျော်ရဲဦး (၁၆ နှစ်)၊ ကျော်စိုးဝင်း (၁၅ နှစ်) နှင့် ဝေလင်း (၂၁ နှစ်) တို့ လေးဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရနောင်းလူသတ်မှုဖြစ်စဉ်သည် နှစ်နှစ်ကြာမြင့်နေပြီဖြစ်ပြီး ရုံးချိန်း ၂၀ ကျော်သည်အထိ အမိန့်ချမှတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Most Read

Most Recent