တောင်ဘဇား နယ်မြေရဲစခန်းအား ဝင်ရောက်တိုက်ခိုက်သည့် ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်အဖွဲ့တွင် INGOs လေးခုမှ ပြည်တွင်းဝန်ထမ်းအချို့ ပါဝင်နေသည်ဆိုသော သတင်းများနှင့် ပတ်သက်၍ စိစစ်နေပြီး မှန်ကန်ပါက အရေးယူမည် ဖြစ်ကြောင်း သိရ

တောင်ဘဇား နယ်မြေရဲစခန်းအား ဝင်ရောက်တိုက်ခိုက်သည့် ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်အဖွဲ့တွင် INGOs လေးခုမှ ပြည်တွင်းဝန်ထမ်းအချို့ ပါဝင်နေသည်ဆိုသော သတင်းများနှင့် ပတ်သက်၍ စိစစ်နေပြီး မှန်ကန်ပါက အရေးယူမည် ဖြစ်ကြောင်း သိရ
Published 7 September 2017

ရခိုင်ပြည်နယ် အခြေအနေဆိုင်ရာ သတင်းစာရှင်းလင်းပွဲအား တွေ့ရစဉ်

တောင်ဘဇား နယ်မြေရဲစခန်းအား ဝင်ရောက်တိုက်ခိုက်သည့် ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်အဖွဲ့တွင် INGOs လေးခုမှ ပြည်တွင်းဝန်ထမ်းအချို့ ပါဝင်နေသည်ဆိုသော သတင်းများနှင့် ပတ်သက်ပြီး စိစစ်နေကြောင်း၊ မှန်ကန်ပါက အရေးယူမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

စက်တင်ဘာ ၆ ရက်တွင် နေပြည်တော်ရှိ အတိုင်ပင်ခံရုံး ဝန်ကြီးဌာနတွင် ရခိုင်ပြည်နယ် အရေးဆိုင်ရာများနှင့် ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲပြုလုပ်စဉ် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

“INGO တွေမှာ တောင်ဘဇားကို ဝင်တိုက်တဲ့ အချိန်တုန်းက ရခိုင်ပြည်နယ်အစိုးရရဲ့ တင်ပြချက်ပေါ့နော်။ INGOs လေးခုက Local Staff တွေပါတယ်။ မှန် မမှန် ပြန်စစ်နေတယ်။ မှန်တယ်ဆိုရင် အဲဒီအဖွဲ့တွေကို သူတို့နဲ့ လက်မှတ်ရေးထိုးထားတဲ့ ဝန်ကြီးဌာနတွေနဲ့ လုပ်သင့်လုပ်ထိုက်တာလုပ်မယ်။ ဒီလူတွေကိုလည်း ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

ရခိုင်ပြည်နယ်ဖြစ်စဉ်တွင် ပါဝင်သည့် အကြမ်းဖက်သမား ၃၈ ဦး ဖမ်းမိထားပြီး အကြမ်းဖက်သမား ၃၇၁ ဦးအား အသေဖမ်းမိကာ ဖမ်းမိသူများအား စစ်ဆေးလျက်ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆက်လက်ပြောကြားသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ယခုဖြစ်စဉ်များကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ပြေးသူ ၁၂၀၀၀၀ ခန့်ရှိသည်ဟု သိရကြောင်း၊ ယခုဖြစ်စဉ်များ ပြီးဆုံးပြီး ယင်းဘင်္ဂါလီများ ပြန်လာမည်ဆိုပါက မည်သို့ဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့သည်။

အဆိုပါ မေးမြန်းမှုအား အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက “ယခင် ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတာတွေ ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ မိမိတို့နိုင်ငံသား ဖြစ်တယ်လို့ အထောက်အထား ပြနိုင်ရင်သော်လည်းကောင်း၊ ဒီဘက်နိုင်ငံမှာ ဘယ်နှနှစ်နေခဲ့ဖူးတယ်လို့ အထောက်အထား ပြနိုင်ရင်သော်လည်းကောင်း အဲဒါကို စိစစ်ပါတယ်။ အဲဒီစိစစ်မှုပြီးတော့မှ တစ်ဦးချင်း စိစစ်ပြီးတော့မှ မှန်ကန်တယ် ဆိုရင်တော့ ပြန်ခေါ်ခဲ့တဲ့ သာဓကတွေ ရှိပါတယ်။ အဲဒီအတိုင်း လုပ်ဖို့ရှိပါတယ်။ သူတို့အနေနဲ့ သာဓကပြနိုင်ရင် မြန်မာနိုင်ငံသားလား၊ မြန်မာနိုင်ငံသား မဟုတ်ဘူး ဆိုရင်တော့လည်း ပြန်ခေါ်ဖို့ ဆိုတာကတော့ မဖြစ်နိုင်ဘူးပေါ့” ဟု သတင်းထောက်များအား ပြောကြားသည်။

ထို့ပြင် သတင်းထောက်တစ်ဦးက ကိုဖီအာနန်၏ အစီရင်ခံစာတွင် ၁၉၈၂ ခုနှစ်ဥပဒေကို ပြင်ဆင်ရန် အကြံပြုထားကြောင်း၊ ထို့အတွက် မည်သို့ဆောင်ရွက်သွားမည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းအား ဦးသောင်းထွန်းက “ကိုဖီအာနန်၏ ကော်မရှင်အား နိုင်ငံတော်အစိုးရကနေ မေတ္တာရပ်ခံပြီး ဖွဲ့စည်းထားတဲ့ ကော်မရှင် ဖြစ်ပါတယ်။ ရခိုင်အရေးနဲ့ပတ်သက်ပြီး အကြံဉာဏ်ပေးဖို့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ကော်မရှင်ရဲ့ အစီရင်ခံစာပါ အကြံပြုချက်တွေကို ဘယ်ဟာတွေက ဆောင်ရွက်သင့်တယ်။ ဆောင်ရွက်သင့်တာမှာလည်း ဘယ်ဟာကို အရင်လုပ်မယ် စသဖြင့်ပေါ့။ မြေပြင်အခြေအနေကို ကြည့်ပြီး လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်နေပါတယ်။ အစီရင်ခံစာမှာပါတဲ့ မီဒီယာတွေကို ခေါ်သင့်တယ်ဆိုတဲ့  အကြံပြုချက်ကို စတင်အကောင်အထည် ဖော်နေပါတယ်။ အချိန်ပေးပြီးတော့ ဦးစားပေးစနစ်နဲ့ လုပ်သွားမှာ ဖြစ်ပါတယ်။ ၁၉၈၂ ဥပဒေက တည်ဆဲဥပဒေ ဖြစ်ပါတယ်။ အဲဒီဥပဒေအတိုင်း လုပ်ရပါတယ်။ အဲဒီဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီဥပဒေကို ပြောင်းမယ်ဆိုရင် လွှတ်တော်ကနေပဲ ပြောင်းလို့ရပါတယ်” ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်ဖြစ်စဉ်သည် IS အဖွဲ့နှင့် ဆက်နွှယ်မှုရှိ မရှိ ဖြေကြားပေးရန်နှင့် အင်အားမည်မျှ ရှိသည်ကို သိရှိလိုကြောင်း ဧရာဝတီသတင်းဌာနမှ သတင်းထောက်က ဆက်လက်မေးမြန်းခဲ့သည်။

ဦးသောင်းထွန်းက “အားလုံးသိတဲ့ အတိုင်းပဲ မနေ့က မဇ္ဈိမသတင်းမှာလည်း ပါ ပါတယ်။ ဒီအဖွဲ့တွေဟာ ပြည်ပအားကိုးနဲ့ လုပ်တယ်ဆိုတာ အားလုံးပေါ်လွင် နေပါတယ်။ မဇ္ဈိမသတင်းမှာပါတဲ့ အချက်အလက် တွေကိုလည်း စိစစ်နေပါတယ်” ဟု ပြောကြား သည်။

ထို့ပြင် အကြမ်းဖက်သမားများက လမ်းများတွင် မိုင်းထောင်ထားခြင်းများ ရှိသည့်အတွက် ကူညီကယ်ဆယ်ရာတွင် နှောင့်နှေးခြင်းအား ရဟတ်ယာဉ်များ အသုံးပြုရခြင်းဖြစ်ကြောင်း၊ ပြည်ပတွင် ရခိုင်အရေးနှင့် ပတ်သက်ပြီး ထိန်းထိန်းသိမ်းသိမ်းနှင့် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ပြည်ပမှာ ဖြစ်နေတဲ့ကိစ္စနဲ့ ပတ်သက်လို့ကတော့ ကုလသမဂ္ဂကို အရင်ဆုံး ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ ညီလာခံက မကြာမီ ကျင်းပတော့မှာ ဆိုတော့လေ။ အဲဒီမှာလည်း လုံခြုံရေးကောင်စီ တက်မယ်ဆိုရင် လုံခြုံရေးကောင်စီမှာ မတက်နိုင်အောင် မိတ်ဆွေနိုင်ငံတွေနဲ့ ထိတွေ့ပြီး ညှိနှိုင်းဆွေးနွေးနေတာ ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင် သွားပြောနေတာတွေ ရှိပါတယ်။ စည်းရုံးနေတာ ရှိပါတယ်။ တကယ်လို့ လုံခြုံရေးကောင်စီမှာ တက်လာမယ်၊ ဆုံးဖြတ်ချက်ချမယ်၊ မြန်မာပြည်နဲ့ ပတ်သက်လို့ ကြေညာချက်တစ်ခု ထုတ်မယ်ဆိုလို့ ရှိရင်တော့ မဲခွဲရပါတယ်။ အဲဒီလိုမဲခွဲတဲ့အခါကျရင် လုံခြုံရေးကောင်စီက ၁၅ နိုင်ငံရှိတယ်။ ၁၅ နိုင်ငံကို အမြဲတမ်း လုံခြုံရေးကောင်စီအဖွဲ့ဝင်က ငါးနိုင်ငံ၊ အဲဒီငါးနိုင်ငံထဲမှာ တရုတ်နဲ့ ရုရှားပါတယ်။ တရုတ်နဲ့ ရှရှားက သဘောမတူဘူးဆိုရင် သူတို့ဆက်လုပ်လို့မရဘူး။ အဲဒီတော့ ကျွန်တော်တို့နဲ့ကတော့ တရုတ်နဲ့ကလည်း ရင်းနှီးတဲ့ မိတ်ဆွေနိုင်ငံဖြစ်တယ်။ ရုရှားနဲ့လည်း အလားတူ ရင်းနှီးမှု ရှိတဲ့အတွက် ဒီဟာကတော့ ရှေ့တိုးဖို့ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့က အတိုက်ခံရတဲ့လူပါ။ ကျွန်တော်တို့က လိုက်တိုက်နေတာ မဟုတ်ဘူး။ ဒီစခန်း ၃၀ ကို လာတိုက်တယ်ဆိုတာ သူတို့က လာတိုက်တာ။ ဒီဟာကို ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်နေပါတယ်။ ကိုယ့်ကိုလာတိုက်တဲ့အခါ ပြန်တိုက်ခွင့်ဆိုတာ နိုင်ငံတကာမှာလည်း ရှိပါတယ်။ ရှိပြီးသားပါ။ ကုလသမဂ္ဂမှာလည်းရှိတယ်။ နိုင်ငံတကာ ဥပဒေမှာလည်း ရှိတယ်။ သို့သော် တိုက်တဲ့အခါမှာ ဗုန်းပေါလအော လက်နက်တွေကိုင်ပြီး တိုက်နေတာ မဟုတ်ဘူး။ ကျွန်တော်တို့က စနစ်တကျ လုပ်နေတယ်။ ဒါကြောင့် ဒီဥစ္စာကို အလွန်အကြူး အားသုံးပြီး လုပ်တယ်လို့ ပြောနေတာ မဟုတ်ပါဘူး။ အခုဆို လူမှုရေး အကူအညီပေးဖို့ဘက်ကို ပိုပြီးတော့ ဦးတည်ပြီးတော့ လုပ်နေပါတယ်” ဟု ဦးသောင်းထွန်းက ပြောကြားသည်။

သြဂုတ် ၂၇ ရက်တွင် နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်ခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်တွင် အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများနှင့် ARSA အကြမ်းဖက်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်သော ပြည်ပနိုင်ငံများမှ ငွေကြေးထောက်ပံ့မှုများ၊ ဆက်သွယ်ဆောင်ရွက်နေသော လူပုဂ္ဂိုလ်များ၊ အားပေးကူညီမှုများကို လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးရန် နိုင်ငံတကာ ရဲတပ်ဖွဲ့မှတစ်ဆင့် နိုင်ငံတကာ အစိုးရများထံသို့ အသိပေး အကြောင်းကြားနိုင်ရေး တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ကိုဖီအာနန်အဖွဲ့၏ ရခိုင်အရေးနှင့် ပတ်သက်ပြီး အစီရင်ခံ ထုတ်ပြန်အပြီး သြဂုတ် ၂၅ ရက်တွင် မောင်တောမြို့ရှိ ရဲကင်း ၃၀ အား ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများက တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တောင်ဘဇား နယ်မြေရဲစခန်းမှာ အတိုက်ခံခဲ့ရသည့် ရဲကင်းစခန်း တစ်ခုဖြစ်သည်။

Most Read

Most Recent