စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်းရေ ကြီးမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွား

စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်းရေ ကြီးမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွား
Published 7 September 2017

စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ကျေးရွာတွင် တောင်ကျချောင်းရေကြီးမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ် (ဓာတ်ပုံ -နေပိုင်ဝင်း)

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ကျေးရွာတွင် စက်တင်ဘာ ၆ ရက် နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး တောင်ကျချောင်းရေကြီးမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကာ နေအိမ်အချို့ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက် ကျေးရွာတွင် စက်တင်ဘာ ၆ ရက် နံနက် ၅ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် တောင်ကျချောင်းရေများ တစ်ဟုန်ထိုး စီးဆင်းခဲ့ကာ ကျေးရွာအတွင်းရှိ နေအိမ်များအတွင်း  ရေဝင်ရောက်ခဲ့ပြီး အသုံးအဆောင် ပစ္စည်းများ လူနေအိမ်များ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်အပြင် မန္တလေး-မိုးကုတ်သွား ကားလမ်းမှာလည်း မွန်းလွဲပိုင်းအထိ လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“မိုးက မနက် ၅ နာရီကျော်လောက် မှာရွာတာ။ ရွာပြီးမကြာဘူးရေတွေက ဝင်လာတယ်။ ရေစီးလည်း အရမ်းသန်တယ်။ ခါတိုင်းဆိုရင် မိုးရွာပြီးမှ ရေကတဖြည်းဖြည်းချင်း တက်လာတာ။ အခုက မိုးရွာပြီး မကြာဘူး ချက်ချင်းတက်လာတယ်။ ဘာမှပြင်ဆင်ချိန် မရှိတော့ တချို့အိမ်တွေ ပျက်စီးတယ်။ အိမ်ထဲမှာရှိတဲ့ ပစ္စည်းတွေ ရေထဲမျောပါတယ်။ အခုရေကြီးတဲ့ ပုံစံကိုတော့ ကျွန်တော်တော့ မကြုံဖူးသေးဘူး။ ရေက ချက်ချင်း တက်လာပြီးတော့ ရေစီးလည်း အရမ်းသန်တယ်။ ကားလမ်းလည်း ရေကျော်သွားတော့ ဘယ်ကားမှ သွားလို့မရတော့ဘူး။ နေ့လယ်ရေပြန်ကျသွားမှ ဖြတ်လို့ရတာ။ အခုဆိုရင် နေအိမ်ပျက်စီးသွားတဲ့သူတွေ ပစ္စည်းတွေ ဆုံးရှုံးသွားတဲ့သူတွေ အခက်အခဲတွေ ဖြစ်နေတယ်။ အကူအညီတော့ လိုပါတယ်” ဟု ကျည်တောက်ပေါက် ကျေးရွာမှ ကိုနေပိုင်ဝင်းက ပြောကြားသည်။

စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက် ကျေးရွာအပြင် အနီးဝန်းကျင် ကျေးရွာများတွင်လည်း တောင်ကျချောင်းရေများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ တောင်ကျချောင်းရေ ကြီးမှုကြောင့် ကျေးရွာအတွင်းရှိ လူနေရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့်အပြင် အနိမ့်ပိုင်းရပ်ကွက်များတွင် ခြောက်ပေကျော်ခန့်အထိ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့ပြင် တောင်ကျရေကြီးမှုကြောင့် နေအိမ်များအတွင်းရှိ အသုံးအဆောင်ပစ္စည်းများ မျောပါပျက်စီးခြင်း အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ရေဘေးသင့် အိမ်ထောင်စုများမှာ အခက်အခဲများ ဖြစ်ပေါ်ခဲ့ကာ အကူအညီများ လိုအပ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

 

Most Read

Most Recent