အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ သြဂုတ်လအထိ တိုင်ကြားစာ ၃၈၀၀ ကျော် ရောက်ရှိပြီး ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးမှ တိုင်ကြားမှု အများဆုံးဖြစ်

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ သြဂုတ်လအထိ တိုင်ကြားစာ ၃၈၀၀ ကျော် ရောက်ရှိပြီး ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးမှ တိုင်ကြားမှု အများဆုံးဖြစ်
Published 7 September 2017

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ သြဂုတ်လကုန်အထိ တိုင်ကြားစာ ၃၈၀၀ ကျော် ရောက်ရှိပြီး ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ အများဆုံး တိုင်ကြားခဲ့ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး စတင်ဖွင့်လှစ်သည့် ၂၀၁၄ ခုနှစ် မတ် ၁၀ ရက်မှ ၂၀၁၇ ခုနှစ် သြဂုတ် ၃၁ ရက်အထိ ကော်မရှင်အဖွဲ့ထံ လိပ်မူပေးပို့သည့် တိုင်ကြားစာနှင့် မိတ္တူပေးပို့သည့် တိုင်ကြားစာ စုစုပေါင်း ၃၈၈၈ စောင် လက်ခံရရှိခဲ့ကြောင်း ကော်မရှင်က ထုတ်ပြန်ခဲ့သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တွင် လက်ခံရရှိသည့် တိုင်ကြားစာများတွင် အဂတိလိုက်စားကြောင်း ဖော်ပြတိုင်ကြားခြင်း၊ စီမံခန့်ခွဲရေး/အုပ်ချုပ်ရေးဆိုင်ရာ လွဲမှားဆောင်ရွက်ခြင်း၊ မြေယာကိစ္စ (လယ်ယာမြေ စီမံခန့်ခွဲရေးကိစ္စ)၊ မြေသိမ်းဆည်းမှုကိစ္စ၊ တရားမမှု၊ ပြစ်မှု၊ တရားစီရင်ရေးနှင့် သက်ဆိုင်သည့်ကိစ္စ၊ ဌာနဆိုင်ရာကိစ္စ၊ အလွဲသုံးစား၊ ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စ၊ ပြန်လည်ရုပ်သိမ်းသော တိုင်ကြားစာ အစရှိသည့် အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။

ကော်မရှင်မှ လက်ခံရရှိသည့် တိုင်ကြားစာများတွင် ဌာနဆိုင်ရာကိစ္စ ၁၁၃၂ စောင်ဖြင့် အများဆုံးဖြစ်ပြီး မြေယာကိစ္စ တိုင်ကြားစာ ၅၇၃ စောင်၊ စီမံခန့်ခွဲရေး/အုပ်ချုပ်ရေးဆိုင်ရာ လွဲမှားဆောင်ရွက်ခြင်း တိုင်ကြားစာ ၈၂၁ စောင်နှင့် တရားစီရင်ရေးနှင့် သက်ဆိုင်သည့်ကိစ္စ တိုင်ကြားစာအစောင် ၅၈၀ ပါဝင်ကြောင်း သိရသည်။

အဆိုပါ တိုင်ကြားစာများအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ အရေးယူဆောင်ရွက်မှုမှာ စုံစမ်းစစ်ဆေးခြင်း ဆောင်ရွက်သည့် တိုင်ကြားစာ ၅၄ စောင်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးပို့သည့်တိုင်စာ အစောင် ၉၅၀၊ မှတ်တမ်းတွဲခြင်း ဆောင်ရွက်သည့်တိုင်စာ ၂၈၇၅ စောင်နှင့် စိစစ်ဆဲ ကိုးစောင်တို့ဖြစ်ကြောင်း ကော်မရှင်က ထုတ်ပြန်ထားသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးသည့် တိုင်ကြားစာ ၅၄ စောင်တွင် အရေးယူ ဆောင်ရွက်ခဲ့သည့် တိုင်ကြားစာ အစောင် ၄၀ ရှိပြီး ဥပဒေနှင့် ငြိစွန်းသည့် အထောက်အထား စစ်ဆေးပေါ်ပေါက်ခြင်း မရှိသည့် တိုင်ကြားစာငါးစောင်၊ အရေးယူဆောင်ရွက်ပြီး ကိစ္စဖြစ်၍ ထပ်မံအရေးယူ ဆောင်ရွက်ခြင်း မရှိသည့် တိုင်ကြားစာနှစ်စောင်နှင့် စစ်ဆေးဆောင်ရွက်ဆဲ တိုင်ကြားစာ ခုနစ်စောင် ပါဝင်ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တိုင်ကြားမှု အရေအတွက်မှာ နေပြည်တော်မှ ၁၄၁ စောင်၊ ကချင်ပြည်နယ်မှ ၄၃ စောင်၊ ကယားပြည်နယ်မှ ခုနစ်စောင်၊ ကရင်ပြည် နယ်မှ ၄၈ စောင်၊ ချင်းပြည်နယ်မှ ၂၄ စောင်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၃၉၅ စောင်၊ တန င်္သာရီတိုင်းဒေသကြီးမှ ၂၈ စောင်၊ ပဲခူးတိုင်း ဒေသကြီးမှ ၄၂၃ စောင်၊ မကွေးတိုင်းဒေသကြီးမှ ၁၄၇ စောင်၊ မန္တလေးတိုင်းဒေသကြီး မှ ၆၉၇ စောင်၊ မွန်ပြည်နယ်မှ ၁၈၈ စောင်၊ ရန်ကုန်တိုင်းဒေသကြီးမှ ၁၀၁၅ စောင်၊ ရခိုင် ပြည်နယ်မှ ၅၆ စောင်၊ ရှမ်းပြည်နယ်မှ ၂၅၄ စောင်၊ ဧရာဝတီတိုင်းဒေသကြီးမှ ၄၂၂ စောင် ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent