ရခိုင်ပြည်နယ်မှ အကြမ်းဖက်ဘေးသင့် တိုင်းရင်းသားများနှင့် ဝန်ထမ်းမိသားစုများအား ကူညီထောက်ပံ့ရန် မန္တလေး သဘင်ပညာရှင်များ အနုပညာဖြင့် အလှူခံ

ရခိုင်ပြည်နယ်မှ အကြမ်းဖက်ဘေးသင့် တိုင်းရင်းသားများနှင့် ဝန်ထမ်းမိသားစုများအား ကူညီထောက်ပံ့ရန် မန္တလေး သဘင်ပညာရှင်များ အနုပညာဖြင့် အလှူခံ
Published 7 September 2017

ရခိုင်ပြည်နယ်မှ အကြမ်းဖက်ဘေးသင့် ပြည်ထောင်စုနွယ်ဖွား တိုင်းရင်းသား သွေးချင်းများနှင့် အသက်ပေး တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းမိသားစုများအား ကူညီထောက်ပံ့ရန်အတွက် ယနေ့ (စက်တင်ဘာ ၆ ရက်) နေ့ နံနက် ၉ နာရီမှစ၍ မန္တလေးမြို့ ဒိုင်းမွန်းပလာဇာရှေ့တွင် မန္တလေးမြို့ သဘင်ပညာရှင်များ စုပေါင်းပြီး အနုပညာဖြင့် အလှူခံခဲ့ကြကြောင်း သိရသည်။

“ဘဘတို့ အရင်ကလည်း ရေဘေးသင့် ပြည်သူတွေအတွက် အခုလိုပဲ အလှူခံပြီး ပရဟိတ လုပ်ခဲ့ပါတယ်။ ဒီနေ့မှာလည်း ဒုက္ခရောက်နေသူတွေကို ကူညီပေးချင်တယ်။ အားနည်းနေသူကို အားပေးချင်တယ်။ ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ လုပ်အားဒါန၊ အနပညာတွေနဲ့ အလှူခံတာပါ။ ရရှိတဲ့ အလှူငွေတွေ အားလုံးကိုလည်း ပရဟိတ ကွန်ယက်တွေနဲ့ ချိတ်ဆက်လှူဒါန်းသွားမှာပါ။ စစ်ဘေးရှောင် ပြည်သူတွေကိုလည်း ဘဘတို့နဲ့ တစ်သွေးထဲ တစ်သားထဲလို့ သတ်မှတ်ပြီး ၂ ရက်ကြာ အလှူခံရတဲ့ အလှူငွေတွေအားလုံး လှူဒါန်းသွားမှာပါ။ သဘင်ပညာရှင်များ အစည်းအရုံး ဗဟိုရဲ့ လက်အောက်ခံ မန္တလေးတိုင်း သဘင်ပညာရှင်များ အစည်းအရုံးကနေ ဦးဆောင်ပြီး မန္တလေးတိုင်းဒေသကြီး အတွင်းက သဘင်ပညာရှင်၊ ဂီတပညာရှင်တွေ စုပေါင်းပြီး လုပ်ဆောင်ခဲ့တာပါ” ဟု မန္တလေးတိုင်းဒေသကြီး သဘင်ပညာရှင်များ အစည်းအရုံး အတွင်းရေးမှုး ဦးမောင်မောင်သစ်က ပြောကြားသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်းမှ သဘင်ပညာရှင်များ၊ အငြိမ့်နှင့်ဇာတ်မှ မင်းသား၊ မင်းသမီးများ၊ ဆိုင်းအဖွဲ့များ၊ ဂီတကွန်ယက်အဖွဲ့မှ မောင်နှမများ စုပေါင်းပြီး မန္တလေးမြို့ ဒိုင်းမွန်းပလာဇာ ရှေ့တွင် စက်တင်ဘာလ ၆ ရက်နေ့ မနက် ၉ နာရီမှ စတင်ကာ အလှူခံခဲ့ပြီး ည ၈ နာရီအထိ အလှူခံသွားမည် ဖြစ်ကြောင်း၊ စက်တင်ဘာလ ၇ ရက်နေ့တွင်လည်း ဆက်လက်အလှူခံမည် ဖြစ်ကြောင်းနှင့် အလှူခံရငွေ အားလုံးကို ပရဟိတအဖွဲ့များနှင့် ချိတ်ဆက်ကာ ရခိုင်ပြည်နယ်အတွက် လှူဒါန်းသွားမည် ဖြစ်ကြောင်း၊ ပရဟိတရွှေလက်များအဖွဲ့၊ ဂီတကွန်ယက်အဖွဲ့၊ မြန်မာ့သဘင် အလှဆင်သူများအဖွဲ့ နှင့် ဆိုင်းပညာရှင်များ၊ အောင်လေးအောင် အငြိမ့်အဖွဲ့၊ မင်းသား၊ မင်းသမီးများ၊ လူရွှင်တော်အဖွဲ့များမှ တေးသီချင်းများ၊ အငြိမ့်အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent