ကားငှားစီးလာသူသုံးဦးက ယာဉ်မောင်းအား ဓားဖြင့်ထောက်ကာ ငွေများလုယက်မှု ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဖြစ်ပွား

ကားငှားစီးလာသူသုံးဦးက ယာဉ်မောင်းအား ဓားဖြင့်ထောက်ကာ ငွေများလုယက်မှု ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဖြစ်ပွား
Published 6 September 2017

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ကားငှားစီးလာသူသုံးဦးက အငှားယာဉ်မောင်းအား ဓားဖြင့်ထောက်ကာ ငွေများလုယက်မှု စက်တင်ဘာ ၅ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

စက်တင်ဘာ ၅ ရက် နံနက် ၁ နာရီခန့်က ဒဂုံတောင်မြို့နယ်နေ အငှားယာဉ်မောင်း ဦး... (၄၈ နှစ်) သည် ကယ်ရီးနားအမျိုးအစား အငှားယာဉ်အား မောင်းနှင်ကာ ရန်ကုန်မြို့တွင်းဘက်မှ ၎င်း၏နေအိမ်သို့ ပြန်လာစဉ် ဒဂုံမြောက်မြို့နယ် မန္တလေးမှတ်တိုင်အရောက် အမည်မသိ အမျိုးသားသုံးဦးက ဒဂုံဆိပ်ကမ်းမြို့နယ် မုခ်ဦးမှတ်တိုင်သို့ ကျပ် ၄၀၀၀ ဖြင့်ငှားရမ်းသဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ပို့ဆောင်စဉ် ဒဂုံဆိပ်ကမ်းမြို့နယ် ပဲခူးမြစ်လမ်း ရတနာလမ်းဆုံအကျော်အရောက် အဆိုပါအမျိုးသားသုံးဦးအနက် တစ်ဦးက ဦး... (၄၈ နှစ်) ၏လည်ပင်းအား ဓားဖြင့်ထောက်ကာ ကျန်တစ်ဦးက အိတ်ကပ်အတွင်းမှ ကျပ် ၁၃၀၀၀ အား ခြိမ်းခြောက်လုယူခဲ့ပြီးနောက် ယာဉ်အားနောက်သို့ ပြန်လည်မောင်းနှင်ခိုင်းခဲ့ကြောင်း သိရသည်။

ထိုသို့မောင်းနှင်လာပြီး ရတနာလမ်းဆုံအရောက် ယင်းအမျိုးသားသုံးဦးက ကားအားလမ်း၏ ယာဘက်ခြမ်းရှိ မှောင်ရိပ်ကျသော လမ်းအတွင်းသို့ ဆက်၍မောင်းနှင်ခိုင်းစဉ် လှည့်ကင်းဆောင်ရွက်နေသည့် ရဲတာဝန်ရှိသူများကို တွေ့ရှိခဲ့သဖြင့် ဦ... (၄၈ နှစ်) က အကူအညီတောင်းခံခဲ့ပြီး တာဝန်ရှိသူများမှ ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးပြီးစစ်ဆေးခဲ့ရာ ဓားထောက်ငွေလုယက်သည့် အမျိုးသားသုံးဦးမှာ တောင်ဥက္ကလာပမြို့နယ်နေ ချစ်ဦး (၂၇ နှစ်)၊ ဒဂုံအရှေ့မြို့နယ်နေ သက်ကိုနိုင် (ခ) ငရဲ (၁၈ နှစ်) နှင့် ဒဂုံမြောက်မြို့နယ်နေ မျိုးမင်းချစ် (ခ) ဖိုးလပြည့် (၁၇ နှစ်) ဆိုသူတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ ဓားထောက်ကာ ငွေလုယက်ခဲ့သည့် အမျိုးသားသုံးဦးအား ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းက (ပ) ၁၀၀၈/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့်အမှုဖွင့်ထားပြီး ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent