သြဂုတ် ၂၅ မှစ၍ လုံခြုံရေးတပ်ဖွဲ့များနှင့် ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့တို့ ထိတွေ့မှု ၉၇ ကြိမ် ဖြစ်ပွားခဲ့ပြီး အိမ် ၆၈၄၂ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရ

သြဂုတ် ၂၅ မှစ၍ လုံခြုံရေးတပ်ဖွဲ့များနှင့် ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့တို့ ထိတွေ့မှု ၉၇ ကြိမ် ဖြစ်ပွားခဲ့ပြီး အိမ် ၆၈၄၂ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရ
Published 6 September 2017

သြဂုတ်လ ၂၅ ရက်နေ့မှ စက်တင်ဘာ ၅ ရက်နေ့ထိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့များ ထိတွေ့တိုက်ခိုက်မှုပေါင်း ၉၇ ကြိမ် ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်၊ နိုင်ငံ့ဝန်ထမ်းနှင့် ဒေသခံတိုင်းရင်းသား စုစုပေါင်း ၃၆ ဦးနှင့် အကြမ်းဖက်သမား ၃၇၁ ဦး သေဆုံးခဲ့ပြီး အိမ်အလုံးရေ ၆၈၄၂ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး သတင်းထုတ်ပြန်ရေး ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်တွင် သြဂုတ် ၂၅ ရက် နံနက်စောစောအချိန်တွင် မောင်တောခရိုင်အတွင်းရှိ နယ်ခြားစောင့် ရဲစခန်း ၃၀ ကျော်အား ARSA အစွန်းရောက်အကြမ်းဖက်သမားများက တစ်ချိန်တည်း တစ်ပြိုင်တည်း အင်အားသုံး၍ အလစ်အငိုက် တိုက်ခိုက်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ အပြစ်မဲ့ပြည်သူများ အသက် ဆုံးရှုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ခဲ့ရကြောင်း သိရသည်။

ထို့ပြင် လူဦးရေနည်းပါးသော တိုင်းရင်းသားကျေးရွာများအား အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်ခြင်း၊ ကျေးရွာ ဝင်လမ်း၊ ထွက်လမ်းများတွင် မိုင်းထောင်ခြင်း၊ နေအိမ်အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း များကိုလည်း ဆက်တိုက် လုပ်ဆောင်လာခဲ့သဖြင့် အပြစ်မဲ့ပြည်သူများမှာ ပုန်းအောင်းခြင်း၊ ထွက်ပြေး တိမ်းရှောင်ခြင်းများ လုပ်ဆောင်နေကြရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တပ်မတော် အဆင့်မြင့်အရာရှိကြီးများနှင့် တွေ့ဆုံဆွေးနွေးပြီး မောင်တောဒေသအား စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ခြင်းနှင့် ညမထွက်ရအမိန့် ပုဒ်မ-၁၄၄ ထုတ်ပြန်ခြင်းတို့ဖြင့် အပြစ်မဲ့ပြည်သူများ ဘေးကင်း လုံခြုံရေးနှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြာင်း သိရသည်။

လုံလောက်သော အင်အားဖြင့် ပြန်လည်ခုခံနိုင်ရန်နှင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံ ပြည်သူများ ဘေးကင်းလုံခြုံစေရန်တို့အတွက် ရဲစခန်းငယ်များကို စုပေါင်းခဲ့ရကြောင်း၊ လုံခြုံရေးတပ်ဖွဲ့များက ARSA အစွန်းရောက် အကြမ်းဖက်သမားများကို ရှာဖွေဖော်ထုတ် နှိမ်နင်း နေချိန်နှင့် တစ်ချိန်တည်းမှာပင် ဒေသခံတိုင်းရင်းသားများကို ဘေးကင်းရာသို့ ပို့ဆောင်ခြင်း၊ စားနပ်ရိက္ခာ များ ထောက်ပံ့ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သတိပေး နှိုးဆော်ချက်များ ထုတ်ပြန်ခြင်း၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် ဒေသတွင်း နေထိုင်မှုများ ပူးပေါင်းဆောင်ရွက် လာစေရန် စည်းရုံးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်ဖျက်ဆီးမှုကြောင့် ၂၅-၈-၂၀၁၇ ရက်နေ့ မှ ၅-၉-၂၀၁၇ ရက်နေ့အထိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ARSA အစွန်းရောက်အကြမ်းဖက် အဖွဲ့များ ထိတွေ့ တိုက်ခိုက်မှုပေါင်း (၉၇) ကြိမ် ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် (၁၃) ဦး ၊ နိုင်ငံ့ဝန်ထမ်း (၂) ဦး၊ ဒေသခံတိုင်းရင်းသား (၂၁) ဦး၊ စုစုပေါင်း (၃၆) ဦး နှင့် ARSA အစွန်းရောက်အကြမ်းဖက်သမား (၃၇၁) ဦး (ဇစ်မြစ်- တပ်မတော်) သေဆုံးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် (၁၅ ) ဦး ၊ နိုင်ငံ့ဝန်ထမ်း(၃) ၊ ဒေသခံတိုင်းရင်းသား (၄) ဦး၊ စုစုပေါင်း (၂၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် ကျေးရွာပေါင်း (၅၉) ရွာ၊ အိမ်အလုံးရေ ( ၆၈၄၂) လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး တံတား (၈ ) စင်း မိုင်းထောင် ဖျက်ဆီးခြင်းခံခဲ့ရကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့အပြင် အကြမ်းဖက်မှုများကြောင့် ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် နေထိုင်သူများသည် နေရပ်စွန့်ခွာ၍ နယ်စပ်ဧရိယာ အပါအဝင် လုံခြုံရာနေရာများတွင် ခိုလှုံနေထိုင်ရလျက်ရှိသည်။ ယနေ့အထိ အကြမ်းဖက်မှုကြောင့် ပြည်တွင်းနေရပ်စွန့်ခွာရသူ တိုင်းရင်းသား (၂၆၇၄၇) ဦး ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခြေအနေမျိုးတွင် နိုင်ငံတော်အစိုးရအနေဖြင့် လူသားခြင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုများကို ပေးအပ်ရန် တာဝန်ရှိသည့်အလျောက် ထိရောက်သော အစီအမံများ ချမှတ်၍ ကူညီထောက်ပံ့များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော် အစိုးရသည် ကြက်ခြေနီ လှုပ်ရှားမှု (Red Cross Movement) နှင့် အတူအကွ လုပ်ဆောင်သွားမည် ဖြစ်သည်။ နေရပ်စွန့်ခွာရသူများအား ကူညီထောက်ပံ့မှုများပေးအပ်ရာတွင် လူသားချင်း စာနာထောက် ထားမှု အကူအညီပေးအပ်ခြင်းဆိုင်ရာ အခြေခံမူများနှင့်အညီ ခွဲခြားမှုမရှိဘဲ ပြည်တွင်း ပြည်ပ အလှူရှင် များမှ ပူးပေါင်းပါဝင် ကူညီထောက်ပံ့နိုင်ရေးအတွက် ထိရောက်စွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent