မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် ဘင်္ဂါလီများအား ကူညီရန် မြေထဲပင်လယ် ကယ်ဆယ်ရေးသင်္ဘော အာရှသို့ နေရာပြောင်းရွှေ့

မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် ဘင်္ဂါလီများအား ကူညီရန် မြေထဲပင်လယ် ကယ်ဆယ်ရေးသင်္ဘော အာရှသို့ နေရာပြောင်းရွှေ့
Published 6 September 2017

၂၀၁၆ ခုနှစ် အောက်တိုဘာ ၈ ရက်က ဖီးနစ်သင်္ဘောကို အီတလီနိုင်ငံ Corigliano တွင် ကမ်းကပ်ထားမှုကို တွေ့ရစဉ် (Photo – KONTROLAB/LightRocket/Getty Images)

မြေထဲပင်လယ်ကို ဖြတ်ကျော်ရန် ကြိုးစားသည့် အာဖရိက ရွှေ့ပြောင်းသူများအား ကယ်ဆယ်ရန် အာရုံစိုက်ထားသည့် ကယ်ဆယ်ရေး သင်္ဘောသည် မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် ဘင်္ဂါလီများ (မူရင်းသတင်းတွင် ရိုဟင်ဂျာဟု သုံးနှုန်းထား) အား ကူညီရန်အတွက် အာရှဘက်သို့ ယခုအခါ ပြောင်းရွှေ့လာကြောင်း သိရသည်။

မော်လ်တာနိုင်ငံ အခြေစိုက်ရွှေ့ပြောင်း သွားလာသူများ ကူညီကယ်ဆယ်ရေး အဖွဲ့အစည်း MOAS က ၎င်းတို့အနေဖြင့် ဘင်္ဂါလီများအား ကူညီမှုများ ဆောင်ရွက်ပေးနိုင်ရန် ယခုအခါ ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။ အဆိုပါ အဖွဲ့အစည်းသည် ၂၀၁၄ ခုနှစ်ကစပြီး ပင်လယ်ဖြတ်ကျော်ရင်း ဒုက္ခကြုံတွေ့ခဲ့ရသည့် လူပေါင်း ၄၀၀၀၀ ကျော်အား ကူညီကယ်ဆယ်မှုများ ပြုလုပ်ခဲ့သည်။

ယင်းအဖွဲ့အစည်း၏ အဓိကကယ်ဆယ်ရေးသင်္ဘော ဖီးနစ်သည် ကူညီမှုများ ဆောင်ရွက်နိုင်ရန် မြေထဲပင်လယ်မှ ဘင်္ဂလားပင်လယ်အော်သို့ မောင်းနှင်လာမည်ဖြစ်သည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသ၌ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများက သြဂုတ် ၂၅ ရက် နံနက် ၁ နာရီမှ စတင်ပြီး တပ်ဌာနချုပ်တစ်ခု အပါအဝင် လုံခြုံရေးစခန်း ၃၀ ခုအား နေရာ ဖြန့်ခွဲ၍ တစ်ချိန်တည်း တစ်ပြိုင်တည်း အင်အားသုံး တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက်မှုကို ကြိုတင်ပြင်ဆင်၍ လုပ်ဆောင်ခဲ့ကြောင်း၊ အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ လုံခြံုံရေး တပ်ဖွဲ့ဝင်များအား အင်အားသုံး တိုက်ခိုက်မှု၊ တံတားများ အပါအဝင် မိုင်းထောင်ဖောက်ခွဲမှုများ၊ မီးရှို့ဖျက်ဆီးမှုများကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး၊ တပ်မတော်သား နှစ်ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ဝန်ထမ်းတစ်ဦး၊ ကျန်းမာရေး ဝန်ထမ်းတစ်ဦး၊ ဒေသခံတိုင်းရင်းသား ပြည်သူ ၁၄ ဦး အသက်ဆုံးရှုံးခဲ့ပြီး ပျောက်ဆုံးနေသူ တိုင်းရင်းသားနှစ်ဦး ရှိကြောင်းနှင့် တံတားရှစ်စင်း မိုင်းခွဲဖျက်ဆီးခံရပြီး ကျေးရွာများရှိ အိမ်ခြေ ၂၇၀၇ လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း သက်ဆိုင်ရာ၏ စက်တင်ဘာ ၁ ရက်တွင် ထုတ်ပြန်ထားချက်အရ သိရသည်။

ထိုဖြစ်စဉ်ကြောင့် မောင်တောမြို့နှင့် မြို့ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ တိုင်းရင်းသားများမှာ ဘူးသီးတောင်မြို့နှင့် စစ်တွေမြို့များသို့ ထွက်ပြေးတိမ်းရှောင် လျက်ရှိသည်။

ထို့အတူ ဘင်္ဂါလီများလည်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်မှုများ ရှိသည်။

ရခိုင်ပြည်နယ်၌ သြဂုတ် ၂၅ ရက်မှ စတင်ဖြစ်ပွားလျက်ရှိသော အကြမ်းဖက် ဖြစ်စဉ်များကြောင့် ပြည်နယ်တွင်း နေထိုင်သူများသည် နေရပ်စွန့်ခွာ၍ နယ်စပ်ဧရိယာ အပါအဝင် လုံခြုံရာနေရာများတွင် ခိုလှုံနေထိုင်ရလျက်ရှိကြောင်း၊ အဆိုပါ အခြေအနေမျိုးတွင် နိုင်ငံတော် အစိုးရအနေဖြင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုများကို ပေးအပ်ရန် တာဝန်ရှိသည့်အလျောက် ထိရောက်သော အစီအမံများချမှတ်၍ ကူညီထောက်ပံ့မှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရသည် ကြက်ခြေနီလှုပ်ရှားမှုနှင့် အတူတကွ လုပ်ဆောင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

 

Most Read

Most Recent