တစ်နေ့လျှင် ပျမ်းမျှ H1N1 သံသယလူနာ ၂၀ ဝန်းကျင် တွေ့ရှိနေဆဲဖြစ်ပြီး စက်တင်ဘာ ၃ ရက်မှ ၄ ရက်အထိ တစ်ရက်အတွင်း H1N1 ပိုးတွေ့လူနာကိုးဦး ထပ်မံတွေ့ရှိ

တစ်နေ့လျှင် ပျမ်းမျှ H1N1 သံသယလူနာ ၂၀ ဝန်းကျင် တွေ့ရှိနေဆဲဖြစ်ပြီး စက်တင်ဘာ ၃ ရက်မှ ၄ ရက်အထိ တစ်ရက်အတွင်း H1N1 ပိုးတွေ့လူနာကိုးဦး ထပ်မံတွေ့ရှိ
Published 6 September 2017

ရန်ကုန်မြို့အတွင်း နှာခေါင်းစည်းတပ်ဆင်၍ သွားလာနေသူအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

တစ်နေ့လျှင်ပျမ်းမျှ H1N1 သံသယ လူနာဦးရေ ၂၀ ဝန်းကျင်ခန့် တွေ့ရှိနေဆဲဖြစ်ပြီး စက်တင်ဘာ ၃ ရက်မှ ၄ ရက်အထိ တစ်ရက်အတွင်း တစ်နိုင်ငံလုံး၌ H1N1 ပိုးတွေ့ လူနာကိုးဦး ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

စက်တင်ဘာ ၃ ရက်မှ ၄ ရက်အထိ  သံသယလူနာ၂၀ အား ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုတွင် H1N1 ပိုးတွေ့ လူနာကိုးဦး တွေ့ ရှိခဲ့ကြောင်း၊ စက်တင်ဘာ ၄ ရက်အထိ H1N1 ပိုးတွေ့လူနာအဖြစ် တိုင်းဒေသကြီး/ပြည် နယ်ဆေးရုံကြီးများတွင် အတွင်းလူနာ စုစုပေါင်း ၂၇ ဦး ဆက်လက် ဆေးကုသမှု ခံယူနေဆဲ ဖြစ်ကြောင်းနှင့်  တစ်နိုင်ငံလုံး၌ သေဆုံးသူ စုစုပေါင်း ၃၆ ဦးအထိရှိကြောင်း သိရသည်။

ရာသီတုပ်ကွေးရောဂါ Seasonal Influenza A (H1N1) pdm 2009 ဗိုင်းရပ်စ်ပိုးနှင့် ပတ်သက်၍ တစ်ကမ္ဘာလုံးနှင့် မြန်မာနိုင်ငံမှ အချက်အလက်များအား လေ့လာချက်အရ လူထုအတွင်း ရောဂါဖြစ်ပွား၊ သေဆုံးနှုန်း မမြင့်မားသော်လည်း နာတာရှည်ရောဂါအခံရှိသူများ၊ ကိုယ်ဝန်ဆောင်များ၊ ကလေးများတွင် ရောဂါပြင်းထန်ပြီး သေဆုံးမှုနှုန်း မြင့်မားနေကြောင်းနှင့် အထူးသဖြင့် ပိုးတွေ့လူနာများအနက်  အသက်ခုနစ်နှစ်အောက် ကလေးများတွင် စုစုပေါင်း ဖြစ်ပွားမှုနှုန်း ရာခိုင်နှုန်း ၃၀ နှင့် သေဆုံးမှုနှုန်း ရာခိုင်နှုန်း   ၄၀ ခန့်ရှိနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ H1N1 ဖြစ်စဉ်နှင့်ပတ်သက်၍ သုံးသပ်ချက်တွင် ဖော်ပြချက်အရ သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စာရင်းများအရ Influenza A (H3N2), (H1N1), A (H1N1) pdm 2009, Influenza B ရာသီတုပ်ကွေးရောဂါပိုး အမျိုးအစားများသည် မြန်မာနိုင်ငံ အပါအဝင် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ဖြစ်ပွားလျက်ရှိကြောင်း၊ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် နှစ်စဉ်ရာသီတုပ်ကွေးရောဂါ ပြင်းထန်စွာခံစားရသူ သုံးသန်းမှ ငါးသန်းအထိရှိပြီး သေဆုံးသူနှစ် သိန်းခွဲမှ ငါးသိန်းရှိသဖြင့် ရောဂါပြင်းထန် သူများတွင် သေဆုံးမှုနှုန်း ၁၀ ရာခိုင်နှုန်းခန့် ရှိကြောင်း၊ ရာသီတုပ်ကွေး ရောဂါသည် အထူးသဖြင့် ငါးနှစ်အောက် ကလေးများ၊ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များ၊ ဆီးချိုရောဂါ အစရှိသည့် နာတာရှည်ရောဂါ ရှိသူများ၊ ကိုယ်ခံအား ကျဆင်းသူများတွင် ရောဂါပိုမို ပြင်းထန်တတ်ပြီး အသက်သေဆုံး တတ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။

ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနနှင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနတို့ပူးပေါင်း၍ တုပ်ကွေးရောဂါပိုးများအား ဓာတ်ခွဲစမ်းသပ် စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းအား ၂၀၀၅ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အသိအမှတ်ပြု အမျိုးသားအဆင့် တုပ်ကွေးရောဂါလုပ်ငန်း ဗဟိုဌာန (National Influenza Centre) အဖြစ်၂၀၀၈ ခုနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း တုပ်ကွေးရောဂါ ဖြစ်ပွားမှု အခြေအနေ၊ ပျံ့နှံ့လျက်ရှိသည့် ရောဂါပိုး အမျိုးအစား၊ ရောဂါပိုးများ၏ ကူးစက်နိုင်စွမ်း သတ္တိ၊ ရာသီအလိုက် တုပ်ကွေးရောဂါ ဖြစ်ပွားမှုအခြေအနေ၊ ကပ်ရောဂါအသွင် ဖြစ်ပွားမှု အခြေအနေနှင့် ကမ္ဘာတစ်ဝန်းရှိ ဓာတ်ခွဲခန်းများနှင့် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများအား လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Influenza A (H1N1) pdm 2009 တုပ်ကွေးရောဂါပိုးသည် ဗိုင်းရပ်စ်ရောဂါပိုးအသစ် (Novel Virus) အနေဖြင့် မြောက်အမေရိကတိုက်၌ ၂၀၀၉ ခုနှစ်၊ ဧပြီလမှစတင်ပြီး တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့ခဲ့ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာ့ကပ်ရောဂါ (Pandemic) အဖြစ်သတ်မှတ်၍ တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ Influenza A (H1N1) pdm 2009 ဗိုင်းရပ်စ် ရောဂါပိုး၏ ဖြစ်ပွားသေဆုံးမှုနှင့် ပျံ့နှံ့မှုလက္ခဏာများအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သုံးသပ်ပြီး ၂၀၁၀ ခုနှစ် သြဂုတ် ၁၀ ရက်တွင် ကမ္ဘာ့ကပ်ရောဂါအသွင်မှ ရာသီတုပ်ကွေးရောဂါ (Seasonal Influenza) ဖြစ်ပွားကူး စက်မှုအဖြစ်သို့ ပြောင်းလဲသတ်မှတ်ခဲ့ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် ရာသီတုပ်ကွေး ရောဂါပိုး တွေ့ရှိမှု အခြေအနေအရ ၂၀၁၀  ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင် Seasonal Influenza A (H1N1) pdm 2009 ပိုး ကူးစက်မှု အဓိကဖြစ်ပွားခဲ့သော နှစ်များအဖြစ်  တွေ့ရှိရကြောင်း သိရသည်။

 

Most Read

Most Recent