<

ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများက နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင် အပါအ၀င် အခြားမြို့ကြီးများ၌ အကြမ်းဖက်ဖောက်ခွဲမှုများ လုပ်ဆောင်ရန် ပြင်ဆင်နေ

ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများက မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးများဖြစ်သည့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင် အပါအ၀င် အခြားမြို့ကြီးများ၌ အကြမ်းဖက် ဖောက်ခွဲမှုများ လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတိပေးချက် ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် သမားများက အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်နေချိန်နှင့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကျင်းပရန်ရှိသည့် စက်တင်ဘာလအတွင်း အချိန်ကိုက်လျက် မြန်မာနိုင်ငံအတွင်းပိုင်း ဒေသများတွင် အကြမ်းဖက်ဖောက်ခွဲ တိုက်ခိုက်မှုများ လုပ်ဆောင်ရန် အကြမ်းဖက်မှုများကို အားပေးထောက်ခံသည့် ပြည်ပနိုင်ငံတစ်ခု၌ စီစဉ်နေကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သိရသည်။

အဆိုပါနိုင်ငံတို့၌ မြန်မာနိုင်ငံမှ သွားရောက် အလုပ်လုပ်နေကြသည့် အလုပ်သမား အချို့အား လွန်ခဲ့သည့် ၄ လခန့်ကပင် အခြားနိုင်ငံ တစ်နိုင်ငံတွင် အကြမ်းဖက်သင်တန်းများ စေလွှတ်သင်ကြားစေခဲ့ပြီး အဆိုပါ အဖွဲ့များသည် ဒေသန္တရပစ္စည်းများနှင့် မိုင်းလုပ်နည်းများကို ကျွမ်းကျင်ကြသူများ ဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်-မောင်တောဒေသကို ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ ကမ္ဘာက ပိုမိုအာရုံစိုက်လာစေရန်နှင့် ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုကို ထောက်ခံမှု ရရှိစေရန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးများဖြစ်သည့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင် အပါအ၀င် အခြားမြို့ကြီးများ၌ အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်မှုများ လုပ်ဆောင်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံတ၀ှမ်းရှိ မြို့နယ်၊ ကျေးရွာများအလိုက် ပြည်သူလူထု တစ်ရပ်လုံးမှ ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ မသင်္ကာဖွယ်ရာ လှုပ်ရှားမှုသတင်းများ၊ ဖောက်ခွဲရေးသုံး ပစ္စည်းများ အထူးသဖြင့် အမိုနီယမ်နိုက်ထရိတ်(ပုလဲဓာတ်မြေသြဇာ) တရားမ၀င် စုဆောင်းနေမှုများကို သိရှိရပါက နီးစပ်ရာ တပ်စခန်း၊ ရဲစခန်းများနှင့် တပ်ဌာနချုပ်များသို့ အကြောင်းကြား သွားကြပါရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အသိပေး နှိုးဆော်ထားသည်။

September 5, 2017














Copy Protected by Chetan's WP-Copyprotect.