<

စစ်တောင်းမြစ်ရေသည် တောင်ငူမြို့၌ စိုးရိမ်ရေမှတ် ကျော်လွန်မြင့်တက်လာပြီးနောက် ရွာတန်းရှည်ကျေးရွာ အနီးရှိ ရေကာတမံ ကျိုးကျမည်ကို ဒေသခံများစိုးရိမ်နေ

ရွာတန်းရှည်ကျေးရွာအနီး စစ်တောင်းမြစ် ရေကာတမံအား စက်တင်ဘာ ၃ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ- ဇောဝင်းချစ်)

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၌ စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် ၆၀၀ စင်တီမီတာအထက်သို့ ကျော်လွန်ရောက်ရှိကာ မြစ်ရေများ ထပ်မံမြင့်တက်လာပြီးနောက် အနောက်ဆင်ကျေးရွာအုပ်စု ရွာတန်းရှည်ကျေးရွာ အနီးရှိ ရေကာတမံ ကျိုးကျမည်ကို ဒေသခံများ စိုးရိမ်လျက်ရှိကြောင်း သိရသည်။

“ဒီတမံကျိုးသွားရင် နောက်မှာ နိုင်ငံတော်က လုပ်ပေးထားတဲ့ ပန်းတမံဆိုတာရှိတယ်။ အဲဒီတာကို စိတ်မချတဲ့အတွက် ကျိုးသွားခဲ့လို့ရှိရင် အနောက်ဆင်ကွေ့က လယ်စိုက်ဧက ၁၆၀၀ ကျော်၊ နောက်ပြီး မဟင်၊ သဖန်းပင်၊ နောက်ဆုံး နိုင်ငံတော် ကာကွယ်ရေးနဲ့ပတ်သက်တဲ့ စစ်တပ်၊ လေတပ် အဲဒီအထိ ဆိုက်သွားနိုင်တယ်။ Main က ဒီတမံပဲ။ ဟိုဘက်ပန်းတမံကတော့ အာမမခံဘူး။ သူကအသစ် ဖြစ်နေတဲ့အတွက် မြေပွတယ်။ အခုသွားပြီးနင်းကြည့်ရင် လူကျွံတယ်။ အဲဒီတော့ ရေတိုက်စားရင် တမံကပေါက်သွားမှာ။ ပေါက်သွားရင် ပန်းတမံကိုအားပြုလို့မရဘူး။ ဒီတော့ တမံကို အဓိကလုပ်ဖို့လိုတယ်။ ကျွန်တော်တို့ အနောက်ဆင်အုပ်စု ရွာတန်းရှည်ကျေးရွာရဲ့ရေဘေးအန္တရာယ်ကို နိုင်ငံတော်ကနေပြီးတော့ ထိထိရောက်ရောက် အကူအညီ ပေးစေချင်ပါတယ်” ဟု ရွာတန်းရှည်ကျေးရွာ ရာအိမ်မှူး ဦးစိုးမြင့်ဦးက ပြောကြားသည်။

တောင်ငူမြို့နယ် စစ်တောင်းမြစ်နံဘေး၌ တည်ဆောက်ထားသည့် ရွာတန်းရှည် ရေကာတမံမှာ လွန်ခဲ့သော နှစ်ပေါင်း ၆၄ နှစ် ၀န်းကျင်ခန့်က စစ်တောင်းမြစ်ရေကြီးမှုကို ကာကွယ်ရန် ကျေးရွာသူ၊ ရွာသားများ၏ စုပေါင်းလုပ်အားဖြင့် ကိုယ်ထူကိုယ်ထ တည်ဆောက်ခဲ့ပြီး အရှည်လေးမိုင်ခွဲခန့် ရှည်လျားသော ရေကာတမံ ဖြစ်ကြောင်း၊ အဆိုပါ ရေကာတမံမှာ ရွာတန်းရှည်ကျေးရွာ အနီးဝန်းကျင်နေရာ၌ ၂၀၁၁ ခုနှစ်ခန့်မှစတင်၍ စစ်တောင်းမြစ်ရေ တိုက်စားမှုဒဏ်ကို ခံခဲ့ရပြီး လူနေအိမ်များ ရွှေ့ပြောင်းရခြင်းနှင့် မြစ်ရေကြောင့် တမံကျိုးကျမည့် အခြေအနေများ ကြုံတွေ့ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီတာတမံက ရွာရဲ့ကျက်သရေဆောင်လို ဖြစ်နေတာ။ ဒီတာတမံ တစ်ခုခု ဖြစ်သွားရင် အကုန်လုံးပျက်စီး ယိုယွင်းကုန်မှာ။ လယ်ယာချောင်းမြောင်းတွေလည်း ဘာမှလုပ်စားလို့ရမှာ မဟုတ်ဘူး။ ခြောက်နှစ် ကာလပတ်လုံး ဒီကမ်းပါးကြီးပြိုပြီး ခံစားနေရတာ။ အခုအချိန်အထိပဲ။ ဒီတာတမံကြီးကလည်း ၆၄ နှစ်ရှိနေပြီ။ တို့ဘိုးဘွား လက်ထက်ကတည်းက ဆိုပါတော့။ ဒီတာတမံကြီး ကောင်းစေချင်တယ်။ မြစ်ချောင်းကြီးလည်း အဆင်ချောချော ဖြစ်စေချင်တယ်။ လူနေမှုကလည်း အကုန်လုံး သိုက်သိုက်မြိုက်မြိုက်နဲ့။ အရင်တုန်းကဆိုရင် လျှပ်စစ်မီးတောင် မရှိဘူး။ အခုလျှပ်စစ်မီးနဲ့ဘာနဲ့ဆိုတော့ နေရာရွှေ့ပြောင်းဖို့လည်း မစဉ်းစားဘူး။ ဒီဟာပဲ ကောင်းစေချင်တယ်” ဟု ရွာတန်းရှည်ကျေးရွာနေ ဒေါ်ခလေးပုက ပြောကြားသည်။

တောင်ငူမြို့တွင် စစ်တောင်းမြစ်ရေမှာ သြဂုတ် ၂၉ ရက်ခန့်မှ စတင်၍ တဖြည်းဖြည်း မြင့်တက်လာခဲ့ရာ စက်တင်ဘာ ၂ ရက်တွင် စိုးရိမ်ရေအမှတ် ၆၀၀ စင်တီမီတာသို့ ရောက်ရှိလာခဲ့ပြီး စက်တင်ဘာ ၃ ရက် မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ  ၆၁၈ စင်တီမီတာသို့ ထပ်မံမြင့်တက် လာခဲ့ခြင်းဖြစ်သည်။ ထိုသို့မြစ်ရေများ မြင့်တက်လာခြင်းကြောင့် ရွာတန်းရှည်အနီးရှိ ရေကာတမံမှာ အောက်ခြေ၌ ရေယိုစိမ့်မှု အနည်းငယ် ရှိလာခဲ့သည့်အပြင် မြစ်ရေတိုက်စားမှုမှာလည်း တမံနှင့် အနီးကပ်ဆုံးသို့ ရောက်ရှိလာသောကြောင့်  ရေကာတမံကြီး ရုတ်တရက် ကျိုးကျကာ လူနေအိမ်များနှင့် လယ်မြေများ ရေနစ်မြုပ်မည် ကိုစိုးရိမ်နေကြသောကြောင့် မြစ်ရေတိုက်စားသော နေရာတွင် ရေကာတာ အခိုင်အမာ တည်ဆောက်ပေးစေ လိုခြင်းဖြစ်ကြောင်း ရွာတန်းရှည်ကျေးရွာမှ ဒေသခံများက ပြောကြားသည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ တောင်ငူမြို့နယ် ဆည်မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသောင်းတင်က “ဒီတမံက မြစ်ကမ်းဘေးမှာ တည်ရှိတဲ့အတွက်ကြောင့် ကမ်းနားသစ်ပင်လိုပဲပေါ့။ သတိထားရမယ့်အထဲမှာ ပါပါတယ်။ သတိထားရမယ့်အထဲမှာ ပါတဲ့အတွက်ကြောင့် ကျွန်တော်တို့က ပန်းတာအသစ်တစ်ခု တည်ဆောက်ပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိအနေအထားမှာ ဒီတာအနေအထားက စိုးရိမ်စရာ မရှိသေးပါဘူး။ ကျွန်တော်တို့ အနေနဲ့ကတော့ ကာကွယ်မှုတွေ လုပ်ထားပါတယ်။ ရေကျော်ဖို့အတွက် ပီနံအိတ်နဲ့ မျောတိုင်တွေ အဆင်သင့် ဆောင်ထားတယ်။ ကာကွယ်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုပေါ့။ ပြိုကျမှု မဖြစ်အောင်လို့ တုတ်တွေဘာတွေ ရိုက်ပြီးတော့ သဲနုန်းထုတ်အောင် ဆောင်ရွက် ပေးတယ်။ ၂၀၁၃-၂၀၁၄ ခုနှစ်က ရေကြီးသလို ထူးပေါက်တွေ အများကြီးပေါက်ပြီး တာမပြိုဖို့အတွက် အကာအကွယ် ပေးနေတယ်။ ရေကင်းစောင့်တာတို့ တစ်နေကုန်လုံး စောင့်ကြည့်တာတို့ကို ဆောင်ရွက်ပေးနေပါတယ်” ဟု ဆိုသည်။

ရွာတန်းရှည်ကျေးရွာအနီးရှိ စစ်တောင်း မြစ်ရေကာတမံမှာ ၂၀၁၃ ခုနှစ်အတွင်းက တာတမံတစ်လျှောက် တမံကျိုးပေါက်မှု နှစ်နေရာ ဖြစ်ပွားခဲ့ပြီး ကျေးရွာအုပ်စု သုံးခုခန့်မှ လယ်မြေဧက သောင်းဂဏန်းနှင့်အထက် ရေ၀င်နစ်မြုပ်မှု ဖြစ်ပွားခဲ့ပြီး လယ်ဧက ၅၀၀၀ ကျော်ပျက်စီးဆုံးရှုံးခဲ့ရသည်။

 

September 3, 2017














Copy Protected by Chetan's WP-Copyprotect.