အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထားများကို လာမည့်ဇန်နဝါရီလ နောက်ဆုံးထား၍ အစိုးရထံ တင်ပြနိုင်ရန် လုပ်ဆောင်သွားမည်ဟုဆို

အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထားများကို လာမည့်ဇန်နဝါရီလ နောက်ဆုံးထား၍ အစိုးရထံ တင်ပြနိုင်ရန် လုပ်ဆောင်သွားမည်ဟုဆို
Published 4 September 2017

အလုပ်သမား အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသူများအား တွေ့ရစဉ်

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရန်အတွက် အဆိုပြုနှုန်းထားများကို လာမည့် ဇန်နဝါရီလ နောက်ဆုံးထား၍ နိုင်ငံတော်အစိုးရထံ တင်ပြနိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာ ၃ ရက်က ရန်ကင်းမြို့နယ်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်း၌ ပြုလုပ်သော အလုပ်သမား အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် အမြဲတမ်း အတွင်းဝန်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အနည်းဆုံး အခကြေးငွေကိစ္စနဲ့ ပတ်သက်ရင်  ကျွန်တော်တို့ အမြဲတမ်းပဲ ပြောခဲ့ပါတယ်။ ဒီကိစ္စသည် တကယ့်ကို သိမ်မွေ့ပါတယ်။ ပြဿနာ ရှိပါတယ်။ ဒါကြောင့် အချိန်ယူသင့်ပါတယ်လို့ ကျွန်တော်တို့ ပြောခဲ့ပါတယ်။ ၃၆၀၀ သတ်မှတ်တဲ့ အခါမှာလည်း အခက်အခဲ နည်းနည်းလေး ရှိခဲ့တယ်။ အနည်းဆုံး အခကြေးငွေကို သတ်မှတ်မယ်ဆိုရင် ဥပဒေမှာပါတဲ့ လုပ်ငန်းစဉ်အရ အဆိုပြု အနည်းဆုံး အခကြေးငွေဆိုတာ ဖွဲ့ရတယ်။ အဆိုပြု အနည်းဆုံး အခကြေးငွေကို အလုပ်သမား၊ အလုပ်ရှင် အကုန်လုံးသိအောင် ပြန်ပြီးတော့ ချပြကြေညာရတယ်။ ကြေညာတဲ့အခါမှာ ကန့်ကွက်ချက်တွေ လိုက်ရှင်းရတယ်။ ထောက်ခံတာလည်းပါတယ်။ အစိုးရသစ် ပြောင်းလာတယ်။ အကုန်လုံး အပြောင်းအလဲတွေ ဖြစ်လာတယ်။ ဝန်ကြီးဌာန နာမည်တွေကအစ။ အဲဒီတော့ ဒါကိုပြန်ပြီး အဆိုပြန်တင်ပြရတယ်။ တင်ပြတဲ့အခါမှာ ပြည်ထောင်စု အစိုးရအဖွဲ့က ၂၀၁၇ ခုနှစ် နှစ်လပိုင်း ၁၆ ရက်မှာ ဒါကို အတည်ပြုပေးတယ်။ အဲဒီတော့ ကျွန် တော်တို့ သုံးလပိုင်း ၈ ရက်နေ့မှာပဲ ပထမဆုံး အမျိုးသားကော်မတီကို ခေါ်ပါတယ်။ ဆွေး နွေးပြီးတော့ မူချတယ်။ ပြီးတော့ ကျွန်တော်တို့ ရဲ့ လုပ်ငန်းစဉ် ငါးရပ်ချတယ်။ ပြည်နယ်နဲ့ တိုင်းအနည်းဆုံး အခကြေးငွေ ကော်မတီကို ဖွဲ့စည်းပြီးတော့ ဒုတိယအကြိမ် အစည်းအဝေး ခေါ်ပြီးတော့ လာမယ့်စက်တင်ဘာလထဲမှာ တတ်နိုင်သမျှ အနည်းဆုံး အခကြေးငွေနဲ့ ပတ်သက်တဲ့ အဆိုပြုနှုန်းထားတွေရလာအောင် ကြိုးစားနေပါတယ်။  အနည်းဆုံးအခကြေးငွေ အဆိုပြုတာကို ဇန်နဝါရီ နောက်ဆုံးထားပြီးတော့ နိုင်ငံတော်အစိုးရကို တင်ပြနိုင်အောင် လုပ်မယ်။ မေလမှာ ထုတ်ပြန်ကြေညာ နိုင်အောင်လုပ်မယ်။ ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ သဘောတူညီချက်လိုတယ်။ ကျွန်တော်တို့လည်း သတ်မှတ်လို့မရဘူး” ဟု အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောကြားသည်။

နိုင်ငံတော်သမ္မတက အတည်ပြုလက်မှတ်ရေးထိုးထားပြီး ပြည်ထောင်စု လွှတ်တော်ဆိုင် ရာနည်းဥပဒေ ၁၁၁ အရ ထုတ်ပြန်ကြေညာခဲ့သည့် ၂၀၁၃ ခုနှစ် အနည်းဆုံးအခကြေးငွေ ဥပဒေ၏ ပုဒ်မ ၅ (ဇ) အရ သတ်မှတ်ထားသော အနည်းဆုံး အခကြေးငွေနှုန်းထားကို ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း အမျိုးအစားအလိုက် သော်လည်းကောင်း၊ ဒေသအလိုက် သော်လည်းကောင်း အလုပ်ကျွမ်းကျင်မှုနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ရှိနိုင်မှုတို့ကို ခွဲခြား၍ ပြောင်းလဲလာသော အခြေအနေ အရပ်ရပ်တို့နှင့်အညီ စိစစ်ပြီး နှစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် ပြင်ဆင်သတ်မှတ်သည့် အမိန့်ကြော်ငြာစာကို ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အမျိုးသားကော်မတီက ကြေညာရမည် ဖြစ်သော်လည်း အနည်းဆုံးအခကြေးငွေ ကျပ် ၃၆၀၀ သတ်မှတ်ကျင့်သုံးခဲ့သည့် ၂၀၁၅ ခုနှစ် စက်တင်ဘာ ၁ ရက်မှ လက်ရှိအချိန်ထိ နှစ်နှစ်ကျော်လာသော်လည်း ထပ်မံသတ်မှတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

အနည်းဆုံး အခကြေးငွေနှင့် ပတ်သက်ပြီး ၂၀၁၃ ခုနှစ်တွင် အနည်းဆုံးအခကြေးငွေဥပဒေနှင့် နည်းဥပဒေများကို ပြဋ္ဌာန်း၍ ၂၀၁၅ ခုနှစ်တွင် သြဂုတ်လတွင် အနည်းဆုံး အခကြေးငွေ သတ်မှတ်နှုန်းထားကို ထုတ်ပြန်နိုင်ခဲ့ကာ စက်တင်ဘာ ၁ ရက်တွင် အနည်းဆုံး အခကြေးငွေ ၃၆၀၀ အဖြစ် စတင်ကျင့်သုံး ခဲ့ခြင်းဖြစ်သည်။

ယနေ့ ဆွေးနွေးပွဲတွင် တက်ရောက်လာသော အလုပ်သမား အဖွဲ့အစည်းများက အနည်းဆုံး အခကြေးငွေ တစ်ရက်လျှင် ကျပ် ၅၆၀၀ အမြန်ဆုံး သတ်မှတ်ပေးရေး၊ အနည်းဆုံး အခကြေးငွေ ထုတ်ပြန်သည့် ၂၀၁၅ ခုနှစ် သြဂုတ် ၂၅ ရက်မှ နှစ်နှစ်အတွင်း ပြင်ဆင်သတ်မှတ်ပေးရေး၊ အလုပ်သမားများအတွက် လူမှုဖူလုံရေး အိမ်ရာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရေး၊ ခုံသမာဓိကောင်စီ ဆုံးဖြတ်ချက်ကို မလိုက်နာလျှင် ထောင်ဒဏ်ချမှတ်ရန် ဥပဒေပြင်ဆင်ရေးနှင့် အလုပ်သမား အဖွဲ့အစည်း မှတ်ပုံတင်ရာတွင် အလုပ်ရှင်၏ လက်မှတ်တောင်းဆိုခြင်းအား ပယ်ဖျက်ပေးရေးအတွက် တင်ပြခဲ့ကြပြီး အမြဲတမ်းအတွင်းဝန် ဦးဆောင်သော အဖွဲ့က ပြန်လည်ဆွေးနွေး ခဲ့ကြသော်လည်း အပြည့်အစုံ အာမခံချက် မရရှိခဲ့ကြောင်း အလုပ်သမား အဖွဲ့အစည်းများထံမှ သိရသည်။

လက်ရှိသတ်မှတ်ထားသော အနည်းဆုံး အခကြေးငွေ ကျပ် ၃၆၀၀ သည် လုံလောက်မှု မရှိသောကြောင့် အနည်းဆုံး အခကြေးငွေ ကျပ် ၅၆၀၀ သတ်မှတ်ပေးရန်အတွက် အလုပ်သမားထောင်ချီကာ မကြာခင်အချိန်က ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြသေးသည်။

 

Most Read

Most Recent