နိုင်ငံတော်အနေဖြင့် ပဋိပက္ခဖြစ်ပွားခဲ့သည့် ဒေသများတွင် သင့်လျော်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး လုပ်ငန်းများ ခွင့်ပြုပေးရန် အစီအစဉ်ရှိဟု သိရ

နိုင်ငံတော်အနေဖြင့် ပဋိပက္ခဖြစ်ပွားခဲ့သည့် ဒေသများတွင် သင့်လျော်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး လုပ်ငန်းများ ခွင့်ပြုပေးရန် အစီအစဉ်ရှိဟု သိရ
Published 3 September 2017

ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ၊ ဟိုတယ်လုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် ငပလီကမ်းခြေ တစ်နေရာကို တွေ့ရစဉ်

ရခိုင်ပြည်နယ်တွင် လက်ရှိပဋိပက္ခ ဖြစ်ပွားနေသည့် နေရာများသည် ယခင်ကတည်းက ရင်းနှီးမြှုပ်နှံမှု နည်းပါးသည့် ဒေသများ ဖြစ်သဖြင့် ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအပေါ် ထိခိုက်နိုင်စရာ မရှိကြောင်းနှင့် နိုင်ငံတော်အနေဖြင့် ရခိုင်အပြင် ပဋိပက္ခဖြစ်ပွားခဲ့သည့် ဒေသများတွင် သင့်လျော်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းများ ခွင့်ပြုပေးရန် အစီအစဉ်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

“အစကတည်းက ရခိုင်ဒေသမှာ အဓိကရင်းနှီးမြှုပ်နှံမှုတွေက သံတွဲတို့မှာ ဟိုတယ်လုပ်ငန်းတွေ အတွက်ပဲ အဓိက ရှိတာလေ။ အခု ပဋိပက္ခဖြစ်နေတဲ့ နေရာတွေမှာ မရှိဘူး။ အစကတည်းက အခုပဋိပက္ခ ဖြစ်နေတဲ့ နေရာတွေမှာ ရင်းနှီးမြှုပ်နှံမှုက ထူးထူးခြားခြား မရှိတဲ့အတွက် သိပ်ထိခိုက်နိုင်စရာ အကြောင်းမရှိဘူး။ ဒါပေမဲ့ နိုင်ငံတော် အနေနဲ့ကတော့ ဒီဒေသတွေမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရင် လူတွေအလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ရလာပြီးတော့ စီးပွားရေးမှာ စိတ်ဝင်စားလာမယ်။ နေ့တိုင်းအလုပ်ရှိလာမယ်။ ဝင်ငွေကောင်းလာမယ်။ အဲဒီအတွက် အဲဒီဒေသတွေမှာ သင့်လျော်တဲ့ ရင်းနှီးမြှုပ်နှံမှု ပုံသဏ္ဌာန်တွေနဲ့ စီးပွားရေး လုပ်ငန်းတွေကို ခွင့်ပြုပေးဖို့ အနာဂတ်မှာ အစီအစဉ် ရှိပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောကြားသည်။

“ဆိုလိုတာက နိုင်ငံရေးနည်းနဲ့ ရှင်းတဲ့အပြင် စီးပွားရေးအရ ဒီဒေသတွေကို ဖွံ့ဖြိုးအောင် လုပ်တာက ပဋိပက္ခတွေကို ငြိမ်းချမ်းအောင် လုပ်တာလည်း နည်းတစ်နည်း အနေနဲ့ စဉ်းစားနေပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနရုံးအား စက်တင်ဘာ လလယ်ခန့်တွင် ဖွင့်လှစ်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

“ပြည်နယ်တာဝန်ခံ အဲဒီကို ရောက်နေပြီ။ ရုံးခန်းနေရာလည်းပေးပြီ။ ပြောချင်တာက ဝန်ကြီးချုပ် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၊ ဒီရုံးရဲ့ ညွှန်ကြားရေးမှူးက အတွင်းရေးမှူးပေါ့။ အဲဒီအဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေကို မကြာခင်မှာ စတော့မယ်” ဟု ဦးသန်းအောင်ကျော်က ပြောကြားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် သြဂုတ်လကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၃ ဒသမ ၈၈ ဘီလျံကျော် ဝင်ရောက်လျက်ရှိပြီး စင်ကာပူနိုင်ငံက အများဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ သတင်းထုတ်ပြန်ချက် အမှတ်စဉ် (၁၀/၂၀၁၇) အရ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးခဲ့မှုတွင် ၂၀၁၇ ခုနှစ် သြဂုတ်လကုန်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၂၀၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၃ ဒသမ  ၁ ဘီလျံကျော် (ဒေါ်လာ ၃၁၄၃ ဒသမ ၅၀၇သန်း) ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၃ ဒသမ ၇ ဘီလျံ နီးပါး (ဒေါ်လာ ၃၆၉၆ ဒသမ ၄၄၂ သန်း) စီးဝင်ခြင်းဖြစ်ကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း အထူးစီးပွားရေးဇုန် ဥပဒေအရ သီလဝါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၁၈၉ ဒသမ ၆၀၀ သန်း ခွင့်ပြုခဲ့ခြင်း ဖြစ်သဖြင့် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃ ဒသမ ၈၈ ဘီလျံ (၃၈၈၆ ဒသမ ၀၄၃သန်း) စီးဝင်ခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာခြောက်ဘီလျံရရှိရန် မျှော်မှန်းထားပြီး လက်ရှိအချိန်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအား ကောင်းစွာဖြင့် ဝင်ရောက်လျက်ရှိကြောင်း သိရသည်။                နီလာ

Most Read

Most Recent