ဒေသခံတိုင်းရင်းသားကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများ ဘုရားဆင်းတုတော်များ၊ စာသင်ဆောင်များနှင့်နေအိမ်များအား ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး

ဒေသခံတိုင်းရင်းသားကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများ ဘုရားဆင်းတုတော်များ၊ စာသင်ဆောင်များနှင့်နေအိမ်များအား ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး
Published 3 September 2017

နေရပ်စွန့်ခွာသွားသည့် ဒေသခံတိုင်းရင်းသားကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားဆင်းတုတော်များ၊ စာသင်ဆောင်များနှင့် နေအိမ်များအား ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသအတွင်း ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်ခြိမ်းခြောက် တိုက်ခိုက်သတ်ဖြတ်မှုများ၊ ဒေသခံတိုင်းရင်းသားများ၊ ဟိန္ဒူနှင့် ကသည်းကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းနှင့် လမ်းတံတားများအား မိုင်းခွဲဖျက်ဆီးတိုက်ခိုက်သည့် ဖြစ်စဉ်များကြောင့် ဒေသခံတိုင်းရင်းသား ပြည်သူများသည် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အန္တရာယ်မှ ကင်းလွတ်သည့်နေရာများသို့ နေရပ်စွန့်ခွာပြောင်းရွှေ့ နေထိုင်လျက်ရှိကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

ထိုသို့ နေရပ်စွန့်ခွာသွားသည့် ဒေသခံ တိုင်းရင်းသားကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားဆင်းတုတော်များ၊ စာသင်ကျောင်းဆောင်များနှင့် နေအိမ်များအား ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့ရာ နံ့သာ တောင်ကျေးရွာရှိ နေအိမ် ၄၂ လုံး၊ ဈေးဆိုင် ၁၃ ဆိုင်၊ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း၊ အခမဲ့ပညာဒါန ပရဟိတကျောင်းဆောင် တစ်ဆောင်နှင့် ကျောင်းသား၊ ကျောင်းသူများ နေထိုင်သည့် အဆောက်အအုံများ၊ ကသည်း ကျေးရွာရှိ အိမ်ခြေ ၄၉ လုံး၊ ခုံတိုင်ကျေးရွာရှိ နေအိမ် ၄၀၊ အထက်ပြူးမကျေးရွာရှိ နေအိမ် ၃၄ လုံး၊ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း၊ သိမ်တစ်လုံးနှင့် ဓမ္မာရုံတစ်ဆောင်၊ လင်္ဘောဝကျေးရွာရှိ နေအိမ်ခုနစ်လုံး၊ ဒေဝါနာလီ ကျေးရွာရှိ နေအိမ် ၁၅ လုံးတို့ မီးလောင်ပျက် စီးခဲ့ကြောင်း တွေ့ရှိရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းခြင်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။