ဒဂုံဆိပ်ကမ်းနှင့် လှိုင်သာယာမြို့နယ်ရှိ တန်ဖိုးနည်းအိမ်ရာများကို အရစ်ကျစနစ်ဖြင့် ဝယ်ယူခွင့်ရရှိသူ ၄၈၆ ဦးအား အခန်းနံပါတ်များမဲနှိုက်

ဒဂုံဆိပ်ကမ်းနှင့် လှိုင်သာယာမြို့နယ်ရှိ တန်ဖိုးနည်းအိမ်ရာများကို အရစ်ကျစနစ်ဖြင့် ဝယ်ယူခွင့်ရရှိသူ ၄၈၆ ဦးအား အခန်းနံပါတ်များမဲနှိုက်
Published 3 September 2017

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ကနောင်တန်ဖိုးနည်း အိမ်ရာအား စက်တင်ဘာ ၁ ရက် တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)

ဒဂုံဆိပ်ကမ်းနှင့် လှိုင်သာယာမြို့နယ်ရှိ ကျပ်သိန်း ၁၀၀မှ ၁၃၅ သိန်းကြားရှိ တန်ဖိုးနည်းအိမ်ရာများကို အရစ်ကျစနစ်ဖြင့် ဝယ်ယူခွင့်ရရှိသူ ၄၈၆ ဦးကို ရန်ကုန်မြို့၊ ဗိုလ်ချုပ်လမ်းရှိမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရုံး ၌ စက်တင်ဘာ ၂ ရက်နံနက်ပိုင်းတွင် အခန်းနံပါတ်များ မဲနှိုက်ပေးခဲ့သည်။

CHD ဘဏ်တွင် ငွေစုဆောင်းထားပြီး တန်ဖိုးနည်းအိမ်ရာ၏ ရာခိုင်နှုန်း ၃၀ ပြည့်မီ သူ ၄၈၆ ဦးအား ယုဇနတန်ဖိုးနည်းအိမ်ရာ(၁)၊ ယုဇနတန်ဖိုးနည်း(၂)၊ ကနောင်တန်ဖိုးနည်းအိမ်ရာ၊ ရွှေလင်ပန်းတန်ဖိုးနည်းအိမ်ရာ အပိုင်း (၂)၊ (၃)စသည့်အိမ်ရာများရှိ အခန်းပေါင်း ၄၈၆ ခန်းအတွက် စက်တင်ဘာ ၂ ရက်နှင့် ၄ ရက်တွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနတွင် အခန်းနံပါတ်များကို မဲနှိုက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ပထမအကြိမ်တုန်းက ဝယ်ခွင့်မရလိုက်ဘူး။ သည်းခံပြီးစောင့်နေရတာပေါ့။ အခုက ဒုတိယအကြိမ်မှာတော့ မြေညီထပ်ကို လိုချင်နေတာ မဲနှိုက်လိုက်တော့ မြေညီထပ်ပေါက်သွားတော့ ဝမ်းသာတာပေါ့။ ခုချက်ချင်းတော့ သွားမနေဖြစ်သေးဘူး။ ရေ၊ မီးအားလုံး ရပြီလားဆိုတာ သွားစစ်လိုက်ဦးမယ်”ဟု မဲနှိုက်ရာတွင် မြေညီထပ်အခန်း မဲပေါက်ခဲ့သည့် အမျိုးသမီးတစ်ဦးက ပြောကြားသည်။

ယခုရောင်းချပေးသည့် တန်ဖိုးနည်း တိုက်ခန်းများကို ၄၈၆ ဦးသာ ဝယ်ယူခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး CHD ဘဏ်တွင် စုဆောင်းထားပြီး မိမိဝယ်ယူလိုသည့် တန်ဖိုးနည်းတိုက်ခန်း၏ ရာခိုင်နှုန်း ၃၀ ပြည့်မီသော်လည်း တိုက် ခန်းဝယ်ယူခွင့် မရရှိသူများလည်းရှိပြီး ၎င်းတို့အနေဖြင့် ထပ်မံရောင်းချပေးမည့် တန်ဖိုးနည်းအိမ်ရာများတွင် ဝယ်ယူခွင့်ရမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

“မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက CHD ဘဏ်မှာ ၃၀ ရာခိုင်နှုန်းပြည့်မီတဲ့ တန်ဖိုးနည်းအိမ်ရာများကို ဒုတိယအကြိမ်မြောက် ရောင်းချပေးခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ အခန်းပေါင်း ၅၀၀ နီးပါးကို ရောင်းချပေးတာပါ။ CHD ဘဏ်မှာငွေစုဆောင်းထားတဲ့ တန်ဖိုးနည်းအိမ်ရာရဲ့ ၃၀ ရာခိုင်နှုန်းပြည့်မီတဲ့လူတွေကို အမှတ်စဉ်နဲ့ စီထားပြီးသား ဖြစ်ပါတယ်။ ကျန်ခဲ့တဲ့လူတွေအနေနဲ့လည်း ကျွန်တော်တို့က အိမ်ရာ ကဏ္ဍတွေ ဆက်လက်အ ကောင်အထည်ဖော်မှာဖြစ်တဲ့အတွက် လာရောက်စုဆောင်းသူတွေ တစ်ချိန်မဟုတ် တစ်ချိန်အိမ်ရာပိုင်ဆိုင်နိုင်မှာပါ”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်လွင်က ပြောကြားသည်။ ရောင်းချပေးသည့် တန်ဖိုးနည်းအိမ်ရာများသည်သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ဦးမောင်မောင်လွင်က ဆက်လက်ပြောကြားသည်။

“Myanmar National Building Code အရ ဘိလပ်မြေ၊ သံချောင်းအစရှိတဲ့ ပစ္စည်းတွေ ကွာလတီကို စစ်ဆေးပါတယ်။ တည်ဆောက်တဲ့နည်းပညာတွေ အဆင့်တိုင်း အဆင့်တိုင်းမှာ သက်ဆိုင်ရာ အင်ဂျင်နီယာရော Third Party ရော ဝင်ရောက်စစ်ဆေးပါတယ်။ Third Party ကိုယ်တိုင်ကလည်း ပစ္စည်းတွေရဲ့ နမူနာတွေယူပြီးတော့ ဓာတ်ခွဲခန်းတွေမှာ သွားရောက်စမ်းသပ်ပြီး အောင်မြင်မှ ပစ္စည်းတွေကို သုံးတာပါ။ ဒါကြောင့်မို့ ကျွန်တော်တို့ရဲ့ အဆောက်အအုံတွေဟာ National Building Code နဲ့ အညီ သတ်မှတ်စံချိန်စံညွှန်းနဲ့အညီ အားလုံးဆောင်ရွက်ထားခြင်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် အခြား တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် တန်ဖိုးနည်းအိမ်ရာများ ဆက်လက်ဆောက်လုပ်သွားမည်ဖြစ်ပြီး လာမည့်နှစ်နှစ်အတွင်း တန်ဖိုးနည်းအခန်းပေါင်း ၈၀၀၀ ခန့် ရောင်းချပေးသွားမည်ဖြစ်သည်။

 

 

Most Read

Most Recent