မာန်အောင်မြို့နယ် ကအိကျေးရွာအနီး ပင်လယ်ကမ်းခြေတွင် ဝေလငါးတစ်ကောင် သေဆုံးလျက်တွေ့ရှိ

မာန်အောင်မြို့နယ် ကအိကျေးရွာအနီး ပင်လယ်ကမ်းခြေတွင် ဝေလငါးတစ်ကောင် သေဆုံးလျက်တွေ့ရှိ
Published 3 September 2017

သောင်ပြင်တွင် သေဆုံးလျက်တွေ့ရှိရသော ဝေလငါးကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာအောင်)

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် မာန်အောင်ကျွန်းအနောက် တောင်ဘက်အခြမ်း ကအိကျေးရွာအနီး အရှည် ၂၈ ပေရှိ သေဆုံးနေသော ဝေလငါးတစ်ကောင် သောင်တင်တွေ့ရှိကြောင်း သတင်းရရှိသည်။

သေဆုံးလျက် ပုပ်ပွသောင်တင်နေသည့် ဝေလငါးအား မာန်အောင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးကြည်ဝင်းနှင့် ဝန်ထမ်းများက သွားရောက်စစ်ဆေးရာတွင် အရှည် ၂၈ ပေ လုံးပတ် ၁၄ ပေရှိ ဝေလငါးမှာ ဦးခေါင်းနှင့် အမြီးပိုင်းတို့ ပျက်စီးကာ သောင်တင်နေခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့က ည ၇ နာရီလောက်မှာ ရွာကလူတွေ သတင်းပို့တယ်။ ဒီနေ့မနက်က ကျွန်တော်တို့ သွားကြတယ်။ အဲဒီကို ရောက်တဲ့အခါ စစ်ဆေးကြည့်ကြတယ်။ အရှည်က ၂၈ ပေ။ ခေါင်းမပါတော့ဘူး။ အမြီးနဲ့ ခေါင်းကတော့ ပျက်စီးသွားပြီ။ လုံး ပတ်ကတော့ ၁၄ ပေရှိတယ်။ အဲဒါကို ပြည်နယ်မှူးကတော့ မြေမြှုပ် သိမ်းဆည်းထားပြီးတော့ အသားတွေ ပျော်ကျသွားတဲ့အခါ အရိုးတွေကို ပြန်ယူဖို့သဘောရှိတယ်” ဟု မာန်အောင်မြို့ ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

အဆိုပါ ဝေလငါးမှာ စက်တင် ဘာ ၁ ရက် ည ၇ နာရီခန့်က ကအိကျေးရွာအနီး ပင်လယ်ကမ်းခြေတွင်  သောင်တင်နေခြင်းဖြစ်ပြီး စက်တင် ဘာ ၂ ရက် နေ့လယ်ပိုင်းက ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး၏ ညွှန်ကြားချက်ဖြင့် ဝေလငါးအား မြေဖို့ သိမ်းဆည်းဆောင်ရွက်ခဲ့ကြောင်း မာန်အောင်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

မြန်မာ့ပင်လယ်၌ သဘာ၀ သယံဇာတများထိန်းသိမ်းရေး၊ ရခိုင်ကမ်းရိုးတန်းဒေသ ပင်လယ်ပြင်သယံဇာတ ဇီဝမျိုးကွဲများလုံခြုံမှု ရရှိစေရေးအတွက် သက်ဆိုင်ရာငါးလုပ်ငန်းဦးစီးဌာနများက စောင့်ကြပ်မှု၊ ပင်လယ်ပြင် စိုးမိုးမှုအားနည်းနေခြင်းကြောင့် မကြာခဏဆိုသလို ရှားပါးငါးမျိုးစိတ်များ သေဆုံးမှုဖြစ်ပေါ်လျက်ရှိပြီး ၂၀၁၆ ခု နှစ် စက်တင်ဘာလအတွင်း မာန်အောင်မြို့နယ် ခအုန်းမော်ကမ်းခြေတွင် ဝေလငါးတစ်ကောင် သေဆုံးလျက်သောင်တင်မှု ဖြစ်ပေါ်ခဲ့ပြီး ယခုနှစ် ဧပြီ ၉ ရက်က ဂွမြို့နယ် စေတီတောင်ကွင်း  ကျေးရွာအုပ်စု ကျောက်ခေါင်းကျေးရွာအနီး ပင်လယ်လိပ်ထိန်းသိမ်းရေးကမ်းခြေတွင် အရှည် ပေ ၄၀ ကျော်ရှိ သေဆုံးနေသော ဝေလငါးတစ်ကောင်နှင့် ဧပြီ ၁၉ ရက်က မာန်အောင်ရေလက်ကြားတွင် အရှည် ခြောက်ပေခန့်ရှိ လင်းပိုင်တစ်ကောင် သေဆုံးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent