ကနေဒါနိုင်ငံ၌ ကျင်းပသည့် ဖက်ဒရယ်စနစ် လေ့လာရေးနှင့် ဆွေးနွေးပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

ကနေဒါနိုင်ငံ၌ ကျင်းပသည့် ဖက်ဒရယ်စနစ် လေ့လာရေးနှင့် ဆွေးနွေးပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
Published 10 July 2017

ကနေဒါနိုင်ငံတွင် တရားဝင်ခရီးရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန် ၆ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲမှ ညနေ ၅ နာရီခွဲအထိ အော်တာဝါမြို့ Andaz Ottawa Market Hotel ၌ Forum of Federations မှ စီစဉ်သည့် ကနေဒါနိုင်ငံတွင် ကျင့်သုံးလျက်ရှိသော ဖက်ဒရယ်စနစ် လေ့လာရေးနှင့် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်း ဇွန် ၇ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဆိုပါဆွေးနွေးပွဲ၏ ကနေဒါနိုင်ငံ တရားရေးမဏ္ဍိုင်၏ အခန်းကဏ္ဍနှင့် အစိုးရအဖွဲ့အစည်းများအကြား ဆက်ဆံရေးမှတစ်ဆင့် ဖက်ဒရယ်စနစ်၊ လူမှုရေးဆိုင်ရာ မူဝါဒများနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် အကျိုးသက်ရောက်မှုများနှင့်စပ်လျဉ်းပြီး ကနေဒါနိုင်ငံမှ ဘာသာရပ်ကျွမ်းကျင်ပညာရှင်များ၏ ပို့ချဆွေးနွေးမှုသို့ ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်အရ သိရသည်။
ဆွေးနွေးပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ယခုဆွေးနွေးပွဲသည် ကနေဒါနိုင်ငံ၏ ဖက်ဒရယ်စနစ်ဆိုင်ရာ အတွေ့အကြုံများကို မျှဝေပေးသည့်အတွက် မြန်မာနိုင်ငံ၏ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး လုပ်ငန်းစဉ်များအတွက် များစွာအထောက်အကူပြုပါကြောင်း ကျေးဇူးတင်စကား ပြောကြားခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်း ထုတ်ပြန်သည်။

Most Read

Most Recent