<

အမြန်လမ်းမကြီးပေါ်တွင် အောက်တိုဘာလအတွင်း ယာဉ်မတော်တဆမှုဖြစ်စဉ်ကြောင့် သေဆုံးသူ ၂၀ အထိရှိခဲ့ရာ ပြီးခဲ့သောကိုးလအတွင်း တစ်လတာသေဆုံးစာရင်းထက် ပိုများ

အောက်တိုဘာ ၁၀ ရက် ညပိုင်းက အမြန်လမ်းမကြီး ၁၄၈ မိုင်အနီးတွင် ကျွန်းသစ်များတင်ဆောင်လာသော Hilux Surf ယာဉ်တစ်စီး တိမ်းမှောက်နေစဉ်

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် အောက်တိုဘာလ ၁ ရက်မှ ၁၀ ရက်အထိ စာရင်းအရ ယာဉ်မတော်တဆမှုပေါင်း ၂၁ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူဦးရေ ၂၀ ဦးအထိရှိခဲ့ရာ ပြီးခဲ့သည့် ကိုးလအတွင်း လတစ်လ၏ တစ်လလုံးစာ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူဦးရေထက် ပိုများခဲ့ကြောင်း နေပြည်တော် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး၏ မှတ်တမ်းများအရ သိရသည်။

မှတ်တမ်းများအရ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၁၀ ရက် အထိ ယာဉ်မတော်တဆမှုပေါင်း ၂၁ ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူ ကျား ၁၁ ဦး၊ မ ကိုးဦး စုစုပေါင်း၂၀ ဦးရှိ၍ ထိခိုက်ဒဏ်ရာရရှိသူ ကျား ၂၉ ဦး၊ မ ၃၅ ဦး စုစုပေါင်း ၆၄ ဦးအထိရှိခဲ့ကြောင်း သိရသည်။

နှိုင်းယှဉ်ချက်အရ ၂၀၁၈ ခုနှစ် ဇန်န၀ါရီတွင် ယာဉ်မတော်တဆမှုပေါင်း ၄၁ ကြိမ် ဖြစ်ပွားခဲ့ရာ သေဆုံးသူ ကိုးဦး၊ ဖေဖော်ဝါရီတွင် ယာဉ်မတော်တဆမှု ၃၆ ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူ  ၁၁ ဦး၊ မတ်လတွင် ယာဉ် မတော်တဆမှု ၃၃ ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူ လေးဦး၊ ဧပြီတွင် ယာဉ်မတော်တဆမှု  ၄၄ ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူ ၁၂ ဦး၊ မေတွင် ယာဉ်မတော်တဆမှု ၃၇ ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူရှစ်ဦး၊ ဇွန်တွင် ယာဉ်မတော် တဆမှု ၄၀ ဖြစ်ပွားခဲ့ရာ သေဆုံးသူခြောက်ဦး၊ ဇူလိုင်တွင် ယာဉ်မတော်တဆမှု ၂၈ ကြိမ် ဖြစ်ပွားခဲ့ရာ သေဆုံးသူ လေးဦး၊ သြဂုတ် တွင် ယာဉ်မတော်တဆမှု ၃၈ ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူခြောက်ဦးနှင့် စက်တင်ဘာ လတွင် ယာဉ်မတော်တဆမှု ၄၄ ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူ ငါးဦးသာရှိခဲ့သော်လည်း ယခုအောက်တိုဘာ ၁၀ ရက်အထိ စာရင်းအရ ယာဉ်မတော်တဆမှုပေါင်း၂၁ ကြိမ် ဖြစ်ပွားခဲ့ရာတွင် သေဆုံး ၂၀ ဦး အထိရှိနေကာ ပြီးခဲ့သောလများက တစ်လလုံးစာ သေဆုံးစာရင်းထက် ပိုများနေခဲ့ကြောင်း သိရသည်။

ယခု အောက်တိုဘာလတွင် ၁၀ ရက်တာ ကာလအတွင်း၌ လူသေဆုံးမှု ၂၀ ဦး စာရင်းတွင် အောက်တိုဘာ ၁ ရက် ည ၁၁ နာရီခန့်က အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၂၉ မိုင်အနီးတွင် လေအိတ်ပေါက်၍ ရပ် နားနေသော ကျေးဇူးရှင် ခရီးသည်တင်မှန်လုံယာဉ်အား အရိန္ဒမာခရီးသည်တင် မှန်လုံယာဉ်က နောက်က ၀င်တိုက်မိရာမှခရီးသည် ၁၅ ဦးအထိ သေဆုံးခဲ့သောဖြစ်စဉ်မှ စာရင်းများ ပါဝင်ခဲ့ခြင်းကြောင့် အောက်တိုဘာလ အတွင်း လူသေဆုံးမှု များပြားခဲ့ခြင်းဖြစ်သည်။

အမြန်လမ်းတွင် ယာဉ်မတော်တဆ ဖြစ်ပွားမှုများ လျော့နည်းစေရန် အမြန်လမ်း တာဝန်ရှိသူများပူးပေါင်း၍ သတ်မှတ်အရှိန် နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်များ၊ ခါးပတ်မပတ်ယာဉ်များအား စစ်ဆေးဖမ်းဆီးလျက်ရှိပြီး စက်တင်ဘာ ၁၇ ရက်မှ ၂၉) ရက်အထိ တိုင်းတာ စိစစ်ရရှိသော ယာဉ်ပေါင်း ၇၆၈ စီးရှိခဲ့ကြောင်း၊ အဆိုပါယာဉ်များအနက် စည်းကမ်းနှင့်မညီညွတ်၍ ဖမ်းဆီး အရေးယူထားသော ယာဉ် ၅၁၇ စီးရှိပြီး သတ်မှတ်အရှိန်နှုန်းအား စည်းကမ်းဖောက်ဖျက် ကျူးလွန်သောယာဉ်မှာ တစ်ရက်ပျမ်းမျှ  ၅၉ စီးအထိရှိခဲ့ကြောင်း၊ သတ်မှတ်အရှိန်ကျော်လွန်၍ ဖမ်းဆီးရမိသော ယာဉ်များအား မော်တော်ယာဉ်ဥပဒေအရ ဒဏ်ကြေး ကျပ် ၅၀၀၀၀ အား သက်ဆိုင်ရာ အမှုဖွင့်ထားသည့် မြို့နယ်တရားသူကြီးရှိရာရုံးများတွင် တရားစီရင် အရေးယူမှုခံရကြောင်း၊  နေပြည်တော်အမြန်လမ်းမကြီးရုံး မှတ်တမ်းများအရသိရသည်။

October 12, 2018














Copy Protected by Chetan's WP-Copyprotect.